← Chapters

ချေးပိုးထိုးများကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း

Vol. 74 Ch. 1031

ချေးပိုးထိုးများကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း

Vol. 74 Ch. 1031

မန်ဟိုသည် ဦးတည်ရာပြောင်းလိုက်သော အခိုက်အတန့်တွင် စုရန် ကိုယ်ယောင်ပျောက်လာသည်ကို မြင်လိုက်ရ၏။ ချေးပိုးထိုးများက သူမကို လျစ်လျူရှုပြီး သူ့ဘက်လှည့်လာကြသည်။

စုရန်မှာ လုံးလုံးလျားလျား ကိုယ်ယောင်ပျောက်သွားခြင်းတော့ မဟုတ်ပေ။ ကောက်ကြောင်းလေးအား ဝိုးတိုးဝါးတား မြင်ရနိုင်သေးသည်။ သို့သော် သူမက ထွက်ပြေးရန် ဤအခွင့်အရေးကို အသုံးမချဘဲ ပြုံးရင်း ပိုးကောင်အုပ်ကြီးနောက်မှ လိုက်လာသည်။ သူမမျက်နှာထားက မန်ဟို့အတိုင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။

“ငါ ကံဆိုးနေတာကနေ အကျိုးအမြတ်ရနေတာပဲ” မန်ဟို့နှလုံးသားမှာ မုန်းတီးစက်ဆုပ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ ယင်းက သူ့အကြိုက်ဆုံးလုပ်ရပ်ဖြစ်သော်လည်း ယခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေသည်။ သူ့မှာ အခြားသူတစ်ယောက်၏ ကစားခြင်းခံနေရရာ မည်ကဲ့သို့ လက်ခံနိုင်တော့မည်နည်း။

“အဲဒီမိန်းမက ငါ လိုက်ဖမ်းခံနေရတာကနေ ပင်ပန်းမှာကို စောင့်နေတာပဲ။ ပြီးတော့ ငါ့ဆီက ငွေညစ်ဖို့ ကြိုးစားလိမ့်မယ်။ သူ သေချာပေါက် ငါ့ဝိညာဉ်အင်မော်တယ်ကျောက်တုံးတွေကို မျက်စိကျနေတာဖြစ်မယ်” သူ့မှာ ဤအခြင်းအရာကို သဘောပေါက်သောအခါ အေးစက်စက် နှာမှုတ်လိုက်သည်။

“ဝိညာဉ်အင်မော်တယ်ကျောက်တုံးတွေက ဝိညာဉ်ကျောက်တုံးတွေနဲ့ အတူတူပဲ” သူက အံကြိတ်ကာ တွေးသည်။ သူ့ငွေကို တစ်စုံတယောက် လုယူဖို့ ကြိုးစားခြင်းက သူ့အသက်ကို ပစ်မှတ်ထားနေသည်နှင့် ညီမျှရာ မန်ဟို့မျက်လုံးများအား သွေးချင်နီးသွားစေတော့သည်။

သူ ထွက်ပြေးနေစဉ် ပိုးကောင်အုပ်ကြီးက သူ့အနောက်မှ လိုက်နေကြသည်။ ကြည့်ရသရွေ့ ၎င်းတို့ကား လက်လျှော့မည့်အစား အသေသာခံမည့်ပုံပေါ်ပြီး သူ အရှိန်နည်းနည်းလေး လျှော့လိုက်လျှင်ပင် သူ့အား တစစီ ကိုက်ဖြဲ၍ စားသုံးတော့မည့်ပုံပင်။

အထူးသဖြင့် အင်မော်တယ်နယ်ပယ် သို့မဟုတ် ထို့ထက်မြင့်မားသော ချီးပိုးထိုးများပင်။ ၎င်းတို့က မယုံနိုင်လောက်အောင် မြန်ပြီး အင်အားကြီးမားကြရာ မန်ဟို့အား ခေါင်းကိုက်လာစေတော့သည်။ ပို၍ကြောက်စရာကောင်းသည်မှာ ရှေးဟောင်းနယ်ပယ်ချီးပိုးထိုးများပင်။

“ဆိုတော့ မင်းက ငါ ကံဆိုးတာကနေ အမြတ်ထုတ်ချင်တယ်ပေါ့လေ ဟမ် ... ။ ကောင်းပြီလေ အဆုံးသတ်မှာ ဘယ်သူအနိုင်ရမလဲ စောင့်ကြည့်ကြတာပေါ့” သူက မျက်လုံးများ အေးစက်စက် တောက်ပနေလျက် ညာလက်ကို မြှောက်လိုက်ရာ အထဲတွင် ဝိညာဉ်အင်မော်တယ်ကျောက်တုံးတစ်တုံး ပေါ်လာသည်။

ကျောက်တုံး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့အနောက်ရှိ ချီးပိုးထိုးများက ဟိန်းဟောက်ပြီး အရှိန်တင်လိုက်ကြသည်။

မန်ဟိုက ဘယ်လက်ကို မြှောက်လိုက်ပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်စဉ် ထူးဆန်းသောအလင်းရောင်တစ်စသည် သူ၏မျက်ဝန်းများ၌ ဖြတ်ပြေးသွား၏။ မှော်သင်္ကေတများက သူ့ဘယ်လက်ပတ်ပတ်လည်တွင် တစတစ စုဝေးလာသည်။ အဆုံးသတ်တွင် ၎င်းတို့က ဝိညာဉ်အင်မော်တယ်ကျောက်တုံးအား အပြီးတိုင် ချိတ်ပိတ်လိုက်သည်။

ထိုသို့ဖြစ်ပျက်သောအခါ ဝိညာဉ်အင်မော်တယ်ကျောက်တုံးက ထူးဆန်းစွာ တောက်ပသွားသည်။

စုရန်သည် ပိုးကောင်များနောက်မှ တန်းလန်းတန်းလန်း လိုက်ပါလာနေဆဲဖြစ်ပြီး ဤအဖြစ်အပျက်ကို မြင်သောအခါ ပါးစပ်အဟောင်းသားနှင့် ပင့်သက်ရှိုက်မိလိုက်၏။ စိတ်ထဲတွင် သူမမှာ နိုးနိုးကြားကြား ဖြစ်သွားပြီး အရှိန်အနည်းငယ်လျှော့လိုက်သည်။

ဝိညာဉ်အင်မော်တယ်ကျောက်တုံးများက အလွန်ထူးဆန်းသောအရာဖြစ်ကြောင်း သူမ မြင်ထားခဲ့သည်မှာ ကြာလေပြီ။ မန်ဟို ဘာလုပ်နေသလဲ မသိရသဖြင့် ၎င်းက သူမအား အသိနှင့်သတိကပ်သွားစေသည်။

အသက်ရှိုက်စာအနည်းငယ်အတောအတွင်း လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်က မန်ဟို့ဘယ်လက်မှ ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်အင်မော်တယ်ကျောက်တုံးက တုန်ခါလာပြီး ၎င်း၏မျက်နှာပေါ်ရှိ မှော်သင်္ကေတများမှာ လင်းလက်တောက်ပလာ၏။

“မိစ္ဆာချုပ်နှောင်ခြင်း ဆဋ္ဌမမန္တန်” မန်ဟို၏မျက်လုံးများက တောက်ပလင်းလက်သွားသည်။ ထို့နောက် သူက ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို ဖြစ်ညစ်ကာ တောက်ပသောအလင်းတန်းများအား ဖြာထွက်လာစေသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် သူသည် ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ရှင်ခြင်းသေခြင်းမန္တန်ဖြင့် မန်းမှုတ်ခဲ့၏။

သူက စိတ်ပိုင်းဖြတ်ထားသော မျက်နှာထားဖြင့် ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို လွှင့်ပစ်လိုက်သည်။ ၎င်းက ပိုးကောင်အုပ်ကြီးထဲ ပြေးဝင်သွာသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။

သူကား ငါးမျှားနေသည့်အလား၊ ချေးပိုးများကို မျှားနေသည့်အလားပင်။

ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို ရလိုက်သည့် ချေးပိုးထိုးက မန်ဟို့ ရှင်ခြင်းသေခြင်းမန္တန်ကို ဝါးမြိုရလိမ့်မည်။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ချေးပိုးထိုးများက ၎င်းအပေါ် ခုန်အုပ်လိုက်ကြပြီး အသည်းအသန် လုယက်ကြသည်။ မကြာမီ အတော်လေး ထွားသော ချေးပိုးထိုးတစ်ကောင်က ငမ်းငမ်းတက်စွာ စိုက်ကြည့်နေသော ပြိုင်ဘက်အမြောက်အမြား၏ အရှေ့တည့်တည့်တွင် ၎င်းကို မြိုချလိုက်သည်။

များမကြာခင် ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို မြိုချခဲ့သော အနက်‌ရောင်ချေးပိုးထိုးကြီးမှာ တုန်ရီစပြုလာသည်။ အသက်တစ်ရှိုက်ကြာသော် ၎င်းက ဖောင်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။

အဆိုပါမြင်ကွင်းက စုရန်၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။

မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ သို့သော် ရှင်ခြင်းသေခြင်းမန္တန်၏ အောင်မြင်နှုန်းမှာ နည်းသည်သာမက ဝိညာဉ်အင်မော်တယ်ကျောက်တုံးကို ငါးစာအဖြစ် သုံးနေကတည်းက ပို၍ပင် နည်းပေလိမ့်မည်။ သို့သော် သူသည် စိတ်ပျက်အားလျှော့မသွားဘဲ ဆက်လက်ကြိုးစားနေ၏။ သူက ပြေးနေစဉ် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများစွာကို ပစ်ပေါက်နေသည်။ အကြိမ်တိုင်း ချေးပိုးထိုးတစ်ကောင်က ၎င်းကို စားသုံးပြီး ပေါက်ကွဲသွားတတ်သည်။

သို့သော် ချီးပိုးထိုးများမှာ သွေးရူးသွေးတန်း ဖြစ်မြဲဖြစ်နေဆဲပင်။ သေနိုင်ခြေရှိသည့်တိုင် ၎င်းတို့က ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကိုး စားချင်နေသေးသည်။

ပန်းရောင်ဂါဝန်နှင့် စုရန်မှာ မန်ဟို ထူးခြားဆန်းကြယ်သော အနက်ရောင်ကျောက်တုံးများကို သုံးနေသည်ကို မျက်လုံးကလေးကလယ်ကလယ်၊ ပါးစပ်အဟောင်းသားနှင့် ကြည့်ရင်း နောက်မှဆက်လိုက်လာနေသည်။

နှစ်နာရီခန့်ကြာသွားသည်။ ထို့နောက် ချေးပိုးထိုးတစ်ကောင်က မန်ဟို ပစ်ပေါက်လိုက်သော ဝိညာဉ်အင်မော်တယ်ကျောက်တုံးတစ်တုံးကို ဝါးစားလိုက်ပြီး ပေါက်ကွဲမည့်အစား ၎င်း၏ခန္ဓာကိုယ်သည် မှော်သင်္ကေတများဖြင့် တောက်ပလာ၏။ နောက်ဆုံးတွင် မှော်သင်္ကေတတစ်ခုက ပေါ်လာကာ မန်ဟို့ထံ ပြေးဝင်သွားပြီးနောက် သူနှင့်တစ်သားပေါင်းစည်းသွားသည်။ သူ့မျက်နှာသည် ပျော်ရွှင်ဝမ်းမြောက်မှုတို့ဖြင့် ဝင်းပလာ၏။

ထိုအခိုက်အတန့်တွင် သေးငယ်သော ပုံရိပ်ယောင်ချီးပိုးထိုးလေးတစ်ကောင်က သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူသည် သူ့အတွေးလေးတစ်ချက်ဖြင့် ထိုချီးပိုးထိုး၏အသက်ကို နှုတ်နိုင်မည်ဖြစ်ကြောင်း သိလိုက်၏။

“အလုပ်ဖြစ်သားပဲ” သူက နှုတ်ခမ်းပါးနားသပ်ရင်း တွေးလိုက်သည်။ သူ့တွင် ဝိညာဉ်ပိုးကောင်းမျာကို မည်သို့ပျိုးထောင်မွေးမြူရမည်လဲဆိုသည်နှင့် ပတ်သက်၍ အကြမ်းဖျင်းမိတ်ဆက်ပေးထားသော ပိုးမွှားတာအိုသဘောတရား ပထမတွဲသာ ရှိသေးသည်။ မန်ဟိုသည် ထိုနည်းလမ်းများကို အသုံးပြုရာတွင် ယုံကြည်ချက်ရှိနေပြီဖြစ်၏။ ပိုးကောင်များကို မည်သို့ထိန်းချုပ်ရမည်လဲ လေ့လာထားသော်လည်း ပိုးမွှားတာအိုသဘောတရားနှင့် ပတ်သက်လျှင်တော့ သူ့တွင် လိုအပ်ချက်ရှိသေးသည်။

သို့သော် အဆုံးသတ်တွင် ၎င်းက အရေးမကြီးပေ။ သူ့အနေဖြင့် ထိန်းချုပ်နည်းကို တတ်ကျွမ်းရန် မလိုအပ်။ ရှင်ခြင်းသေခြင်းမန္တန်ကို ပိုင်ဆိုင်ထားမှတော့ ၎င်းတို့ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်။

ယခု သူသည် အောင်မြင်သွားပြီဖြစ်၍ ယုံကြည်ချက်ပိုရှိသွားသည်။ သူက အသက်လုပြေးမနေတော့ဘဲ ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို အဆက်မပြတ် ပစ်လွှတ်ရင်း ပိုးကောင်အုပ်ကြီးအား သူ့အနား ကပ်လာစေသည်။

စုရန်သည် ဤအခြင်းအရာကို မြင်သောအခါ ရင်ထဲ၌ အံ့ဩမှုတို့ ပြည့်နှက်သွားသည်။ မန်ဟို ချေးပိုးထိုးများကို ထိန်းချုပ်နိုင်သွားသည်ကို သူမအား သိသွားစေနိုင်သည့် သဲလွန်စတစ်ခုမှ မရှိသော်လည်း သူမမှာ ခံစားချက်မကောင်းတော့ပေ။ အခုချက်ချင်းသာ ထွက်မပြေးပါက အသက်ဘေးကြုံရတော့မည့်အလားပင်။

“အဲဒီကျောက်တုံးတွေက ဘာကျောက်တုံးတွေလဲ။ ထူးဆန်းလိုက်တာ” သူမမှာ ထွက်ပြေးရန် တွေးနေသော်လည်း ထိုသို့မလုပ်နိုင်ပေ။ သို့နှင့် အံတင်းတင်းကြိတ်ရင်း ယခင်ထက်ပို၍ သတိကြီးကြီးထားရင်း ဆက်လိုက်လာသည်။

အချိန်များ ကုန်လွန်သွားသည်။ ရက်အနည်းငယ်ကြာသော် မန်ဟိုသည် ဝိညာဉ်အင်မော်တယ်ကျောက်တုံးသုံးသောင်းကျော်အား ပစ်ပေါက်ခဲ့ပြီးဖြစ်၏။ ဤအခိုက်အတန့်တွင် သူသည် ချီးပိုးထိုးအကောင်သုံးရာခန့်ကို ထိန်းချုပ်ခဲ့ပြီးလေပြီ။ သူက ၎င်းတို့ကို သူ့အနားမခေါ်ထားဘဲ ပိုးကောင်များအကြား၌သာ နေစေသည်။

သို့သော် သူ့ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို ဝါးမြိုခဲ့သော ပိုးကောင်သုံးသောင်းလုံး တစ်ကောင်မကျန်‌ သေကုန်ကြသည်။

တဖြေးဖြေး သူ ထိန်းချုပ်နိုင်သော ချေးပိုးထိုးအရေအတွက်မှာ အကောင်သုံးရာမှ လေးရာသို့ တိုးသွားသည်။ ထို့နောက် ငါးရာ …

မှန်သည်၊ သေဆုံးသွားသော ချေးပိုးထိုးအရေအတွက်လည်း ငါးသောင်းကျော်အထိ တိုးသွားသည်။ နောက်ဆုံးတော့ ဆေးဥယျာဉ်မြေထုရှိရာမှ ဆင့်ခေါ်သံသဖွယ် အော်သံတစ်သံ ဟိန်းထွက်လာသည်။

စောစောက ….

စုရန်သည် ပြီးခဲ့သောရက်ပိုင်းတစ်လျှောက်လုံး မြင်ခဲ့ရသောအရာအားလုံးကို မြင်တွေ့နေရသဖြင့် လုံးလုံးလျားလျား အံ့အားသင့်နေသည်။ သူမမှာ မန်ဟို ချီးပိုးထိုးအကုန်လုံးအား သတ်ဖို့ ကြံစည်နေသလားဟုပင် သံသယဝင်လာသည်။

“ဘယ်လို လူမဟုတ်တဲ့ သတ္တဝါကြီးတုန်း” သူမက ရင်တဒိန်းဒိန်းခုန်နေလျက် တွေးရင်း ဤအတိုင်းသာ ဆက်လိုက်နေပါက အဆုံးသတ်တွင် ဆိုးရွားတော့အရာတစ်ခု ဖြစ်ပျက်သွားမှာ စိုးလာတော့သည်။

နိုးထလာခဲ့စဉ်မှစ၍ ယနေ့ထက်ထိ သူမမှာ သူမကို ကြောက်လန့်စေသော လျှို့ဝှက်နက်နဲပြီး ရှိန်လောက်ဖွယ် မန်ဟို့လို ကျင့်ကြံသူမျိုးအား တစ်ခါမှ မဆုံခဲ့ရဖူးပေ။

သူမ ထွက်သွားရန် ဆုံးဖြတ်လိုက်သည့်အခိုက်အတန့်တွင် ဟိန်းဟောက်သံက ချေးပိုးထိုးအကုန်လုံးအား လှုံ့ဆော်၍ တုံ့ခနဲ ရပ်သွားစေသည်။

မန်ဟို့မျက်လုံးများ တောက်ပသွားသည်။ သူ ထိန်းချုပ်နိုင်သော ချေးပိုးထိုးအကောင်ငါးရာနှင့် ဆက်သွယ်မှုအပေါ် အခြေခံ၍ ၎င်းတို့မှာ ဆေးဥယျာဉ်မြေထုအောက်တွင် တည်ရှိသော ဧရာမချေးပိုးထိုးဘုရင်ကြီး၏ ဆင့်ခေါ်ခြင်းခံနေရကြောင်း ခံစားလိုက်ရသည်။

တခဏသာကြာသေးသည်၊ ပိုးကောင်အကုန်လုံးက မန်ဟို့နောက်လိုက်နေခြင်းကို ရပ်ပြီး မူလနေရာသို့ ပြန်ဆုတ်ကုန်ကြသည်။ ကြည့်ရသရွေ့ ချေးပိုးထိုးအကောင်ငါးသောင်း၏ သေဆုံးမှုကြောင့် သူတို့ဘုရင်မှာ မန်ဟို့ကို သတ်ရန် လက်လျှော့လိုက်သည့်အလားပင်။

ပိုးကောင်များ မန်ဟို့နောက် မလိုက်တော့သည့်အခိုက်အတန့်တွင် မန်ဟို့မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။ သူက ရုတ်တရက် ညာလက်ကို ဆန့်ထုတ်၍ ဝိညာဉ်အင်မော်တယ်ကျောက်တုံးတစ်တုံးပြီးတစ်တုံး ပစ်ပေါက်တော့သည်။

ချေးပိုးထိုးများမှာ ယခုတွင် ချီတုံချတုံ ဖြစ်နေကြသည်။ အခြားတစ်ဖက်တွင် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများက ၎င်းတို့ကို ဆွဲဆောင်နေသည်။ တစ်ဖက်တွင်မူ ချေးပိုးထိုးဘုရင်ကြီးက ပြန်ခေါ်နေသည်။ ချေးပိုးထိုးအုပ်ကြီးနှစ်ခြမ်း ကွဲကုန်သဖြင့် တဝီဝီမြည်သံများ ဆူညံနေတော့သည်။ တစ်ခြမ်းက ခေါ်သံကို နာခံသည်။ တစ်ခြမ်းက ဝိညာဉ်အင်မော်တယ်ကျောက်တုံးများထံသို့ ကမူးရှူးထိုး ပြေးဝင်လာကြသည်။

စုရန်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူမသည် မန်ဟို ပိုးကောင်အုပ်ကြီးအား တမင်တကာ ရန်စလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

သို့သော် တခဏကြာသော် ချေးပိုးထိုးများမှာ ချေးပိုးထိုးဘုရင်ကြီး၏ အဆက်မပြတ် ခေါ်သံများကို လျစ်လျူမရှုနိုင်တော့‌ပေ။ သူတို့ မြေထုကြီးဆီသို့ လှည့်ပြန်မသွားကြခင် မန်ဟိုမှာ ဒါဇင်အနည်းငယ်မျှသာ ထပ်မံထိန်းချုပ်နိုင်လိုက်၏။

ထိုသို့ဖြစ်ပျက်သောအခါ စုရန်မှာ ခေတ္တတွေဝေသွားပြီးနောက် အံတင်းတင်းကြိတ်ကာ လှည့်ပြန်လိုက်သည်။ မန်ဟိုလုပ်ရပ်အားလုံးကို မြင်တွေ့ပြီးနောက် သူမမှာ အလွန်ထူးထူးဆန်းဆန်း ခံစားနေရသည်။ ထို့အပြင် တစ်ခုခုဖြစ်ပျက်တော့မည်ကိုလည်း ပြင်းပြင်းထန်ထန် ခံစားနေရသည်။

ချေးပိုးထိုးများ လှည့်ပြန်သွားသော အခိုက်အတန့်တွင် မန်ဟိုက ရုတ်တရက် အော်လိုက်သည်။ “လာခဲ့”

ချေးပိုးထိုးအကောင်ငါးရာကျော်က တုံ့ခနဲ ရပ်၍ မန်ဟို့ဆီသို့ ပြန်လည်ပျံသန်းလာသည်။ ချေးပိုးထိုးအားလုံး၏ကျောပေါ်တွင် သရဲမျက်လုံးများ ရှိရာ ၎င်းတို့အား အင်မတန် ကြမ်းကြုတ်သည့်ပုံပေါ်စေသည်။

ခပ်လှမ်းလှမ်းသို့ ရောက်နေပြီဖြစ်သော စုရန်က တအံ့တဩ ကြည့်ရင်း ချာချာလည်သွားသည်။ စောစောက သူမသည် ထူးဆန်းသောအရာတစ်ခု ဖြစ်ပွားနေကြောင်း သိသော်လည်း မန်ဟိုက ချေးပိုးထိုးများကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမမှာ ရင်တဒိန်းဒိန်းခုန်နေလျက် အလစ်ထွက်ပြေးရန် ပြင်လိုက်သည်။

မန်ဟို့မျက်လုံးများက အေးစက်စက် တောက်ပသွားသည်။ သူ့မှာ သူ ရက်ပေါင်းများစွာ အသက်လုပြေးနေရသည့်အချိန် ပန်းရောင်ဝတ်ရုံနှင့်မိန်းကလေးက သူ့ကို အခွင့်ကောင်းယူရန် စောင့်ရင်း နောက်မှလိုက်နေခဲ့သည်ကို သည်းခံနေခဲ့ရသည်။ သူ့အနေဖြင့် သူမကို မည်ကဲ့သို အလွယ်တကူ လွတ်ပြေးနိုင်မည်နည်း။

“ကဲ အခု ငါ့အလှည့်ပေါ့” သူက ညာလက်ကို ဝှေ့ယမ်းရင်း ရှင်ခြင်းသေခြင်းမန္တန်ကို သုံးကာ ရက်စက်ကြမ်းကြုတ်သော ချေးပိုးထိုးအကောင်ငါးရာကျော်အား ရုတ်တရက် စုရန်ထံ ပျံသန်းသွားစေသည်။

မန်ဟိုကိုယ်တိုင်လည်း ချေးပိုးထိုးတစ်ကောင်အပေါ် ဆင်းသက်၍ တင်ပျဉ်ခွေထိုင်ကာ ထွက်ပြေးနေသော စုရန်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူမသည် အလွန်လျင်မြန်စွာ ရွေ့လျားနေသော်လည်း ချေးပိုးထိုးအကောင်ငါးရာက လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များသော အရှိန်အဝါများကို ထုတ်လွှတ်နေသာ သရဲမျက်လုံးငါးရာသဖွယ် လေကို ခွင်းသွား၏၊

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စုရန်မှာ ချာချာလည်နေတော့သည်။ “သူက … သူက တကယ်ပဲ သရဲမျက်လုံးတွေကို ထိန်းချုပ်နိုင်တယ်လား

“ဒဏ္ဍာရီတွေအရ ဒီချေးပိုးထိုးတွေက သိမ်းသွင်းဖို့ အင်မတန် ခက်တယ်။ အဲဒီလိုလုပ်နိုင်စေမယ့် တစ်ခုတည်းသော နည်းလမ်းက အကောင်ပေါက်အဆင့်ကတည်းက ကိုယ်တိုင်မွေးရမှာ။ အဲဒါတောင်မှာ အောင်မြင်နိုင်ခြေမြင့်မားဖို့ အထူးနည်းလမ်းတွေကိုလည်း သုံးရတယ်

“ဒါပေမဲ့ ဒီခေတ်မှာ သူတို့ကို မွေးမြူနည်းတွေ ပျောက်ဆုံးသွားခဲ့တာ ကြာပြီ။ ဒါတောင် …. သူက သူတို့ကို တကယ်ကြီး ထိန်းချုပ်နေတယ်တဲ့လား။ အရေးအကြီးဆုံးက အကောင်ပေါက်ကို ထိန်းချုပ်နေတာမဟုတ်ဘူး။ အရွယ်ရောက်ပြီးသားတွေကို ထိန်းချုပ်နေတာ” စုရန်မှာ ကောင်းကောင်းမွန်မွန် မတွေးနိုင်တော့သည့်အပြင် သူမမျက်နှာတွင် မန်ဟို့အပေါ် ကြောက်လန့်မှုတို့ ဖြတ်ပြေးသွားသည်။

သူမ ကြောက်သည်က သူ့ကျင့်ကြံခြင်းအခြေံမဟုတ်ပေ။ သူက အင်မော်တယ်နယ်ပယ်တွင်သာ ဖြစ်သည်။ သူမ ကြောက်သည်ကား သူ့၏ ချေးပိုးထိုးအကောင်ငါးရာကိုပင်။

***

All Chapters