စုရန်ကို လိုက်ဖမ်းခြင်း
Vol. 74 Ch. 1032
ယခုတွင် ပြောင်းပြန်ဖြစ်သွားသည်။ စုရန်က ပြေးနေသည်။ မန်ဟိုက လိုက်နေ၏။ ချေးပိုးထိုးအကောင်ငါးရာက အနက်ရောင်လေမုန်တိုင်းကြီးသဖွယ် အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် ပျံသန်းနေသည်။ ၎င်းတို့အားလုံးက အနည်းဆုံး တစ်မီတာထက် အလျားရှိပြီး အကြီးဆုံးအကောင်များက သုံးမီတာကျော်ရှည်လေသည်။
ချေးပိုးထိုးအကောင်ငါးရာက ကောင်းကင်ကို ပိတ်ဖုံးကွယ်ထားသည်ဟု မပြောနိုင်သော်လည်း ၎င်းတို့ စုရန်နောက်လိုက်နေစဉ် အရာရာတိုင်းကို တုန်ခါနေစေပြီး အဆုံးမရှိသောလှိုင်းဂယက်များအား ထုတ်လွှတ်နေသည်။
ချေးပိုးထိုးများကြောင့်သာ ဆိုလျှင် စုရန်တွင် ၎င်းတို့နှင့် ရင်ဆိုင်၍ ထွက်ပြေးနိုင်သည့်နည်းလမ်းပေါင်းများစွာ ရှိလိမ့်မည်။ သို့သော် … သူမမှာ ချေးပိုးထိုး၏လိုက်ခြင်းသာ ခံနေရသည်မဟုတ်။ မန်ဟို၏လိုက်ဖမ်းခြင်းလည်း ခံနေရသည်။
မန်ဟိုက ချေးပိုးထိုးတစ်ကောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးများ အေးစက်စွာ တောက်ပနေသည်။ စုရန်ကို ကြည့်နေစဉ် သူ့အကြည့်သည် အေးစက်သထက်သာ အေးစက်လာ၏။ သူမက ဆေးပင်ခူးမည့် သူ့အကြံအစည်ကို ဖျက်စီးခဲ့သူမဟုတ်ပါလော။
သူမသည် သူ့စီးပွားရေးကို တုတ်နှင့်ထိုးဖို့ လုပ်ခဲ့သည်သာမက သူ ဆေးပင်များ ခူးမရအောင်ပင် လုပ်ခဲ့သည်။ ထို့နောက် သူကို သတ်ဖို့ ချေးပိုးထိုးများကိုပင် အသုံးချခဲ့သည်။ ခွင့်မလွှတ်နိုင်ဆုံးအရာမှာတော့ သူကို ငွေညစ်ရန် ကြံစည်ခဲ့ခြင်းပင်။
မန်ဟိုမှာ ထိုကဲ့သိုငွေအညှစ်ခံသားကောင် မဖြစ်ခဲ့သည်မှာ ကြာလေပြီ။ မြေခွေးအိုကြီး ဖန်ရှုတောက်ပင်လျှင် သူ့ကို ဤမျှခံရခက်အောင် မလုပ်နိုင်ခဲ့။ တချို့က အမျိုးသမီးများကို နူးနူးညံ့ညံ့ ဆက်ဆံတတ်သော်လည်း မန်ဟိုကတော့ ထိုသို့မလုပ်နိုင်။ သူသည် အေးစက်စက် နှာတစ်ချက်မှုတ်ကာ ညာလက်ကို ဆန့်ထုတ်၍ စုရန်ထံသို့ လက်ချောင်းအား ဝှေ့ယမ်းလိုက်၏။
၎င်းက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်မှတစ်ပါး အခြားမဟုတ်ပေ။
စုရန်မှာ ကပျာကယာ ပြေးနေစဉ် ရုတ်တရက် တုန်ရီသွားသည်။ သူမ၏ကျင့်ကြံခြင်းအခြေခံများ လှုပ်ရှားနေခြင်း ရပ်တန့်သွားပြီး သူမမှာ လေလယ်တွင် တန့်သွားတော့သည်။
ထို့နောက် မန်ဟို၏အင်မော်တယ်အကြောတို့က စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ လည်ပတ်လာတော့သည်။ သွေးမိစ္ဆာခေါင်း ၁၂၃ ခေါင်းက ဟိန်းဟောက်ရင်း စုရန်ထံ ပြေးဝင်သွားသည်။
စုရန်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူမက လျှာထိပ်ကို ကိုက်ချလိုက်၏။ တချွတ်ချွတ်အက်ကွဲသံများနှင့်အတူ သူမသည် မန်ဟို့ ပြုစားခြင်းမန္တန်လက်တွင်းမှ ရုန်းထွက်လိုက်သဖြင့် နာကျင်မှုက သူမကို လွှမ်းမိုးသွားသည်။ ထို့နောက် သူမက ကြောက်စိတ်အစား ပို၍အေးစက်နေသော မျက်ဝန်းများဖြင့် လှည့်လာသည်။
သူမသည် သွေးမိစ္ဆာခေါင်း ၁၂၃ ခေါင်းကို ရှောင်မည့်အစား ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုပ်ယူရင်း အသက်ဝဝရှူသွင်းလိုက်သည်။ ထို့နောက် ညာခြေကို မြှောက်၍ ဆောင့်နင်းချရင်း မန်ဟိုရှိရာသို့ လျှောက်လှမ်းလာသည်။
ထိုပထမခြေလှမ်းက အာကာသကို တုန်ခါသွားစေသည်။ ဒုတိယခြေလှမ်းက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လှုပ်ရမ်းလာစေ၏။ တတိယခြေလှမ်းက အရပ်မျက်နှာတစ်ခွင်သို့ မီတာသုံးထောင်အထိ ဖြာထွက်သွားသော အက်ကွဲကြောင်းများအား မြေကြီးထဲတွင် ပေါ်လာစေသည်။
မန်ဟိုမှာ ပန်းရောင်ဂါဝန်နှင့်မိန်းကလေး၏ နတ်ဘုရားစွမ်းရည်ကြောင့် မျက်လုံးများ ဝိုင်းစက်သွားသည်။ သူမက သုံးလှမ်းသာ လှမ်းရသေးသော်လည်း ထိုသုံးလှမ်းက သူမစွမ်းအားကို မြင့်တက်သွားစေခဲ့သည်။ မန်ဟို့စိတ်မှာ ချာချာလည်သွားတော့သည်။ ခြေလှမ်းတစ်လှမ်းစီက သူ၏ အတွင်းစိတ်အပေါ်သို့ နင်းချနေသည့်အလားဖြစ်ရာ သူ့ကျင့်ကြံခြင်းအခြေခံမှာ ကမောက်ကမဖြစ်သွားပြီး သက်စောင့်မီးတောက်လည်း တဖျပ်ဖျပ် လှုပ်သွားတော့သည်။
ထို့နောက် စုရန်က ရေခဲတမျှ တင်းမာခက်ထန်နေသော မျက်နှာထားဖြင့် လေးလှမ်းမြောက်ကို လှမ်းလိုက်သည်။ ထစ်ချုန်းသံများက အရပ်လေးမျက်နှာတွင် ပဲ့တင်သွားသည်။
သူမ ငါးလှမ်းမြောက်ကို လှမ်းလိုက်သည့်အခါ တစ်လောကလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အလားပင်။ ဟိန်းဟောက်သံများအား အဘက်ဘက်မှ ကြားလိုက်ရသည်။ ဤဧရိယာမှာ တခြားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲနေပုံရသည်။
သူမ၏ဆဋ္ဌမခြေလှမ်းက ရှေးကျသောအရှိန်အဝါတစ်ခုနှင့်အတူ မိုးထစ်ချုန်းသံကြီးကို အရပ်မျက်နှာအရပ်ရပ်သို့ မီတာထောင်ချီရောက်သည့်တိုင်အောင် ရိုက်ညောင်းသွားစေသည်။
မန်ဟို့ သွေးမိစ္ဆာခေါင်းအကုန်လုံး တုန်ရီလာပြီး တရိပ်ရိပ် တက်လာနေသော စွမ်းအား၏ တစစီ ဖျက်စီးခြင်း ခံလိုက်ရသည်။
ဤအခိုက်အတန့်တွင် စုရန်က ခုနစ်လှမ်းမြောက်ကို လှမ်းခဲ့လေပြီ။
“ငရဲမင်းရဲ့ခြေခုနစ်လှမ်း” စုရန်က ခုနစ်လှမ်းမြောက်ကို လှမ်းလိုက်စဉ် ဤသို့အော်လိုက်သည်။ ဟင်းလင်းပြင်သည် ကြေမွသွားပြီး ကြောက်ခမန်းလိလိ ထစ်ချုန်းသံများကို ကြားရနိုင်သည်။ ခေါင်းအထက်တွင် ရင်သပ်ရှုမောဖွယ်တန်ခိုးများ ထုတ်လွှတ်နေသော ဧရာမခြေဖဝါးကြီး ပေါ်လာသည်။ ခြေဖဝါးကြီးက သူ့ထံ နင်းချလိုက်သဖြင့် ကြမ်းကြုတ်ခက်ထန်သောအငွေ့အသက်များက မန်ဟို့ကို တိုးဝင်ဆောင့်လာ၏။
ကြယ်တာရာကောင်းကင်လည်း တုန်ခါလာရာ မန်ဟိုက မျက်လုံးအပြူးသားနှင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ ခြေဖဝါးကြီးအား လက်ညှိုးထိုးလိုက်သည်။
“ပါရာဂွန်တံတား” သူ၏ဟိန်းဟောက်သံ ထွက်လာသည်နှင့် သူ၏အင်မော်တယ်အကြော ၁၂၃ ကြောနှင့်အတူ ကောင်းကင်ဘုံ ၃၃ ခုသည် ခြေဖဝါးကြီးထံ ပြေးဝင်သွားသော ပါရာဂွန်တံတားအဖြစ် ပြောင်းလဲသွားသည်။
အုန်းခနဲ တံတားနှင့် ခြေဖဝါးကြီး ဝင်တိုက်သွား၏။ ထိုအခိုက်အတန့်တွင် သူတို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ စုတ်ဖြဲခံလိုက်ပုံရသည်။ ဧရာမခြေဖဝါးကြီးက အလင်းမှုန်များအဖြစ် မှေးမှိန်ပျောက်ကွယ်ရင်း တစ်လွှာပြီးတစ်လွှာပျက်စီးနေသဖြင့် အတောမသပ်နိုင်သော ထစ်ချုန်းသံများကို ကြားနေရသည်။
ပါရာဂွန်တံတားလည်း တုန်ခါပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်။
မန်ဟိုမှာ တုန်ရီသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ ပန်းရောင်ဝတ်ရုံနှင့် စုရန်မှာလည်း မန်ဟို့ကို အလန့်တကြားကြည့်ရင်း မျက်နှာလေးဖြူဆုပ်နေပြီး သူမနှုတ်ခမ်းမှ သွေးများ စီးကျလာသည်။
သူမသည် ရှေးဟောင်းနယ်ပယ်တွင် ဖြစ်ပြီး သာမန်ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူပင် မဟုတ်ပေ။ သူမတွင် ကိုယ်ပိုင်တာအိုရှိသည်။ အင်မော်တယ်နယ်ပယ်၏ အစစ်အမှန်အင်မော်တယ်တစ်ဦးနှင့် အလားတူစွာပင် သူမသည် ရှေးဟောင်းနယ်ပယ်၏ ရွေးချယ်ခံဖြစ်၏။ ဝိညာဉ်မီးအိမ်တစ်လုံးသာ ငြိမ်းရသေးသည့်တိုင် သူမကား အားမနည်းပါချေ။
သူမအမြင်ရင် မန်ဟိုသည် အင်မော်တယ်နယ်ပယ်အဆင့်သာ ဖြစ်ပြီး နယ်ပယ်၏အထွတ်အထိပ်တွင် ဖြစ်လျှင်တောင်မှ သူမထက်ပို၍ များစွာအားနည်းနေသေးသည်။
ယခင်က သူမက သူ၏ချေးပိုးထိုးများနှင့် ထူးဆန်းသော ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကိုသာ ကြောက်ခဲ့၏။ ထို့ကြောင့် အနည်းဆုံး သူ့ကို ဒဏ်ရာရသွားစေရန် မျှော်လင့်ရင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် ချေးပိုးထိုးများလက်မှလည်း လွတ်မြောက်နိုင်သည်။
သို့သော် … သူတို့ပထမဆုံး တိုက်ကွက်ဖလှယ်ရာတွင် နှစ်ယောက်မှာ လက်ရည်တူနေကြောင်း တွေ့လိုက်ရ၏။ ထိုအခြင်းအရာက စုရန်ကို ကြောက်လန့်သွားစေပြီး သူမမှာ ချက်ချင်း နောက်ဆုတ်လိုက်တော့သည်။
မန်ဟိုက ထူးဆန်းစွာ တောက်ပနေသည့် မျက်လုံးများဖြင့် ထွက်ပြေးနေသော စုရန်ကို ကြည့်ရင်း ချေးပိုးထိုးအပေါ်တွင် ထိုင်နေဆဲပင်။ စိတ်ထဲတွင် သူသည် မျှော်လင့်ချက်တို့ဖြင့် ရင်တဒိန်းဒိန်း ခုန်နေ၏။ စုရန်ကြောင့်မဟုတ်…. သူမ၏နတ်ဘုရားစွမ်းရည်ကြောင့်ပင်။
မန်ဟိုသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်တစ်လျှောက်လုံး နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်အမျိုးမျိုးကို ရရှိခဲ့သည်။ အတော်များများက သူ့ကို ရင်ခုန်စိတ်မလှုပ်ရှားစေခဲ့သည့်အပြင် အထူးတလည် အစွမ်းထက်လှသည်ဟုလည်း မခံစားရစေခဲ့ပေ … သို့သော် ဝမ်မုနှင့် ဝမ်တန်ဖေးတို့ဖြင့် တိုက်ခိုက်ခဲ့သည့်အတောအတွင်း ဝမ်မျိုးနွယ်စု၏သိုင်းကွက်များက သူ့ကို တုန်လှုပ်စေခဲ့သည်။ အမှန်တွင် ထိုတိုက်ပွဲများကြောင့် သူသည် သူတို့၏မှော်သိုင်းကွက်တချို့ကို ရယူရန်ပင် စိတ်ကူးခဲ့သေး၏။ ကံဆိုးစွာနှင့် နဝမတောင်ပင်လယ်၏ ဝမ်မျိုးနွယ်မှာ မဟာမျိုးနွယ်စုကြီးများထဲမှ တစ်စုဖြစ်၍ သူတို့၏ တာအိုမှော်သိုင်းကွက်များကို ရယူရန်မှာ အတိုင်းထက်အလွန် ခက်ခဲပေလိမ့်မည်။
စောစောက ဤပန်းရောင်ဝတ်ရုံနှင့် မိန်းကလေး အသုံးပြုခဲ့သော နတ်ဘုရားစွမ်းရည်ကလည်း သူ့ကို အတော်လေး တုန်လှုပ်စေခဲ့သည်။
“အဲ့ဒါ ဘာတာအိုမှော်သိုင်းကွက်လဲ။ သူက ခြေခုနစ်လှမ်းတည်းနဲ့ ငါ့ ပါရာဂွန်တံတားကို ဖျက်စီးခဲ့တယ်။ သဘောတရားအရ သူ့ကျင့်ကြံခြင်းအခြေခံနဲ့ တစ်ခုခု ပတ်သက်ကောင်း ပတ်သက်နေလိမ့်မယ်၊ ဒါမှမဟုတ် ငါ့ရဲ့ ပါရာဂွန်တံတားအပေါ် အသိအမြင်က မပြည့်စုံသေးတော့ အပြည့်အဝ သုံးလို့မရသေးတာ ဖြစ်လိမ့်မယ်
“ဒါပေမဲ့ သူရဲ့ ခြေခုနစ်လှမ်း တာအိုမှော်သိုင်းကွက်မှာလည်း သူမတူတဲ့အချက်တွေ ရှိတယ်ဆိုတာ သက်သေပြနေတယ်” မန်ဟိုသည် စုရန်နောက် လိုက်ရင်း အတွေးထဲ နစ်မြောနေသည်။ နောက်ဆုံးတော့ သူက ညာလက်ကို မြှောက်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ သူမကို လက်ညှိုးထိုးလိုက်၏။
ထိုလက်ချောင်းအဝှေ့က အင်မော်တယ်အကြော ၁၂၃ ကြောကို ရင်သပ်ရှုမောဖွယ် မိုးနဂါးပျံတစ်ကောင်အသွင် ပြောင်းသွားစေသည်။ ၎င်းက ဟိန်းဟောက်ရင်း တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ်ခတ်ကာ သူမနောက် လိုက်သွားတော့သည်။
စုရန်မှာ မိုးနဂါးပျံကြီး သူမအပေါ် ထိုးဆင်းလာသည်ကို မြင်လျှင် မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူမက အံတင်းတင်းကြိတ်၍ မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ နှစ်ဖက်လုံးအား နားနှစ်ဖက်အပေါ် တင်လိုက်သည်။ ထို့နောက် သူမသည် အမည်မသိတာအိုသိုင်းကွက်တစ်ကွက်ကို သုံးရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ မိုးခြိမ်းသံများအား ပဲ့တင်ထပ်သွားစေ၏။ လေပြင်းတစ်ချက်က ဝေ့တိုက်လိုက်ပြီး စုရန်ကား မိုးနှင့်မြေ၏စွမ်းအားကို လျင်မြန်စွာ စုပ်ယူနေသော ဝဲကြီးပမာ ဖြစ်သွားသယောင်ပင်။
ထို့နောက် …. သူမက ရုတ်တရက် မန်ဟို့ဘက် ခေါင်းလှည့်၍ ဟိန်းဟောက်လိုက်သည်။
ထိုဟိန်းဟောက်သံက ကောင်းကင်ကို စုတ်ဖြဲ၍ မြေပြင်ကို ပြိုကွဲသွားစေနိုင်လောက်အောင် ကျယ်လောင်၏။
အသံက ကမ္ဘာလောကထဲရှိ တခြားအသံအားလုံးကို လွှမ်းမိုးမင်းမူသွားသည်။ ၎င်းက ဟင်းလင်းပြင်ကို စုတ်ဖြဲကာ လေပြင်းများ တိုက်ခတ်လာစေသည်။ မန်ဟိုမှာ တုန်ရီစပြုလာပြီး သူ၏ချေးပိုးထိုးများမှာ ဇကောထဲ ထည့်လှိမ့်ခံနေရသလို ဖြစ်လာသည်။ သွေးများ သူ့နားမှ စီးကျလာပြီး သူ့စိတ်မှာလည်း တစ်ခေါင်းလုံး ပေါက်ကွဲတော့မည့်အလား ခံစားရသည့်တိုင်အောင် အလွန်ပြင်းပြင်းထန်ထန် တုန်ခါနေတော့သည်။
ထိုဟိန်းဟောက်သံသည် စုရန်မဟုတ်ဘဲ ဘီလူးကြီးတစ်ကောင်မှ လာနေသယောင်ပင်။ ၎င်းတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် ကံတရား၏စည်းဘောင်ကို အာခံနိုင်ပုံပေါ်သော အရှိန်အဝါကြီးမားသည့် ပြိုင်ဘက်ကင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေဟန်တူသည်။ ဂရားးးးးးးးးးးး
အသံလှိုင်းက မန်ဟို့ကို ဝင်တိုက်လိုက်သော တိုက်ကွက်တစ်ကွက်အသွင် ပြောင်းသွားသည်။ ရလဒ်အနေဖြင့် သူ့မှာ ကိုင်မြှောက်ခံလိုက်ရပြီး နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။
စုရန်မှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သိသိသာသာပင် ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုဖို့ ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ရ၏။ သူမ ကမန်းကတန်း ပြေးနေစဉ် သူမမျက်နှာလေးမှာ ဖြူဖျော့နေလျက်ရှိသည်။
“ငါ အချိန်နည်းနည်း ထပ်ဆွဲဖို့ပဲလိုတာ” သူမက အရှိန်ထပ်တင်ရင်း တွေးသည်။ “အရှိန်တင်သင့်သလောက် တင်ပြီးရင် ဒီနေရာကနေ ထွက်သွားနိုင်ပြီ”
မန်ဟိုမှာ နောက်ဆုံးတော့ သူ့ကိုယ်သူ ထိန်းလိုက်နိုင်ပြီး နားမှစီးကျလာသော သွေးများကို သုတ်ရင်း စုရန် ထွက်ပြေးသွားသည်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ပို၍စူးရှစွာ တောက်ပလာတော့၏။
“မင်း ပြေးမလွှတ်ပါဘူး” သူက ပြောသည်။ “မင်း ဘာပြောပြော ငါ မင်းကို ရအောင် ဖမ်းမယ်” သူ့မျက်လုံးများက အေးစက်စွာ တောက်ပသွားပြီး သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေသည်။ သူ့အတွက် ဤပန်းရောင်ဂါဝန်နှင့် မိန်းကလေးသည် နတ်ဘုရားစွမ်းရည်များနှင့် တာအိုသိုင်းကွက်များ၏ ရတနာသိုက်ကြီးပင်။
ဝမ်မျိုးနွယ်စု၏ နတ်ဘုရားစွမ်းရည်တစ်ခုကို ရယူဖို့ကား အင်မတန် ခက်ခဲလိမ့်မည်။ သို့သော် ဤမိန်းကလေး၏သိုင်းကွက်တချို့ကို ရနိုင်လျှင် ကျေနပ်နိုင်မည်။
လက်တစ်ချက်ဝှေ့ယမ်းမှုက ချေးပိုးထိုးအကောင်ငါးရာကို တစ်ပြိုင်တည်း ဟိန်းဟောက်လိုက်စေသည်။ ၎င်းတို့က မျက်လုံးများ သွေးရူးသွေးတန်း နီရဲနေလျက် ရှေ့တက်လိုက်ကြသည်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာ၏။ သို့သော် စုရန်ကား အလွန်လျင်မြန်စွာ ရွေ့လျားနေသည့်အတွက် အဝေးသို့ပင် ရောက်နေလေပြီ။ မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ပြီး ညာလက်ကို ဆန့်ထုတ်ကာ မိုးကြိုးဒယ်အိုးအား ပေါ်လာစေသည်။ လျှပ်စီးများ ကခုန်နေစဉ် သူ့မျက်လုံးများက မိစ္ဆာအလင်းတို့ဖြင့် တောက်ပသွားပြီး သူကား ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် စုရန်က နောက်ထပ်တာအိုမှော်သိုင်းကွက်ကို ထုတ်လွှတ်ရန် လုံလောက်သောအရှိန်ကို စုဆောင်းခဲ့ပြီးလေပြီ။ သူမခန္ဓာကိုယ်မှာ ဝေဝါးစပြုလာပြီး လှိုင်းများက ဟင်းလင်းပြင်အတွင်း ဖြာထွက်သွားကာ ဥမင်တစ်ခု ပေါ်လာသယောင်ပင်။ သူမက ထိုဥမင်ထဲ ဝင်ပေတော့မည်။
သို့သော် ထိုအခိုက်အတန့်တွင် လျှပ်စီးမီးပွားများက သူမတစ်ကိုယ်လုံးအား ရုတ်တရက် လွှမ်းခြုံသွား၏။ ဤအဖြစ်အပျက်မှာ လွန်စွာ ရုတ်တရက် ဆန်လွန်း၍ သူမသည် ဖြစ်ပျက်နေသောအရာကို ခံစားမိလျှင် မျက်စိမျက်နှာပျက်သွားတော့၏။
ရုတ်တရက် သူမပျောက်ကွယ်သွားပြီး မန်ဟိုက သူမနေရာတွင် ပေါ်လာသည်။ မှန်ပါသည်။ သူတို့အမြန်နှုန်းက မတူသည့်အတွက် မန်ဟိုပေါ်လာသော အခိုက်အတန့်တွင် ဥမင်က ပြန်ပိတ်သွားသည်။
တစ်ချိန်တည်းမှာပင် စုရန်သည် မန်ဟို စောစောလေးက ရှိခဲ့သောနေရာ …. ချေးပိုးထိုးအကောင်ငါးရာ၏အလယ်တည့်တည့်တွင် ပြန်ပေါ်လာ၏။
စုရန် ပေါ်လာသော အခိုက်အတန့်တွင် ချေးပိုးထိုးအကောင်ငါးရာက ချက်ချင်း ဟိန်းဟောက်၍ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များကို ထုတ်လွှတ်ရင်း သူမထံ ပြေးဝင်လာကြသည်။ စုရန်မှာ အမြုတေအထိ တုန်လှုပ်သွားပြီး အံ့ဩမယုံနိုင်သောအမူအရာက သူမမျက်နှာကို ချက်ချင်း စိုးမိုးသွားသည်။
“အဲဒီဒယ်အိုး …. ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ။ နင့်မျိုးရိုးက ဝမ်လား”
မန်ဟို့မျက်လုံးများက မသိသာလင်းလက်သွားသော်လည်း သူက ဘာမှမပြောပေ။ ထိုအစား သူ့ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ လည်ပတ်သွားသည်။ နတ်မီးတောက်အဆီအနှစ်သည် ကောင်းကင်ဘုံ ၃၃ ခု၏ ပေါင်းစည်းထားသောစွမ်းအားဖြင့် ပေါ်လာကာ စုရန်ထံ ပြေးဝင်သွား၏။
ချေးပိုးထိုးအကောင်ငါးရာလည်း အားကုန်တိုက်ခိုက်လိုက်ကြသည်။ တုံ့ပြန်သည့်အနေဖြင့် အံ့အားသင့်နေသော စုရန်က မုဒြာလက်ကွက်တစ်ကွက် ဖော်၍ လက်ကို ဝှေ့ယမ်းကာ နတ်ဘုရားစွမ်းရည်များအား တဟုန်ထိုး ထွက်သွားစေသည်။ သို့သော် ဤချေးပိုးထိုးပေါ်ရှိ သရဲမျက်လုံးများက တောက်ပလာပြီး သူမတိုက်ကွက်အား အလွယ်တကူ တွန်းလှန်နိုင်သည့်အပြင် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာတော့သည်။
မန်ဟို အနားရောက်လာသည့်အခါ နတ်မီးတောက်အဆီအနှစ်က စုယန်၏စိတ်အား ချာချာလည်လာစေသည်။ သူမမှာ အလွန်ပျာယာခတ်လာသော်လည်း ညာလက်ကို မြှောက်လိုက်သည့်အခါ ခိုင်မာပြတ်သားသောအမူအရာက သူမမျက်နှာကို ဖုံးလွှမ်းသွားတော့၏။ ချက်ချင်းပင် သူမလက်ဝါးထဲရှိ လက္ခဏာအရာများမှ အလင်းရောင်တို့ ဖြာထွက်လာကာ တဂျိန်းဂျိန်း ထစ်ချုန်းသံများနှင့်အတူ သူမပတ်ပတ်လည်တွင် လက်ဝါးရာများ ပေါ်လာစေသည်။
သို့သော် လက်ဝါးရာများ ဖြစ်ပေါ်ခြင်းမပြီးဆုံးသေးခင် ပတ်ဝန်းကျင်ရှိ ချေးပိုးထိုးများက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူမကို တိုက်ခိုက်လိုက်သည်။ စုရန်မှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း ယိမ်းယိုင်သွားသည်။
ဤအခိုက်အတန့်တွင် စုရန်၏နောက် ခပ်လှမ်းလှမ်းတွင် အလင်းတန်းနှစ်တန်းက အင်မော်တယ်အပျက်အစီးနယ်ကို ဖြတ်လာသည်ကို မြင်ရနိုင်သည်။ ၎င်းတို့က မှော်လှိုင်းဂယက်များကို ခံစားရသွားပုံပေါ်ပြီး စုရန်နှင့် မန်ဟို့ထံ ဦးတည်လာကြသည်။
ချဉ်းကပ်လာသော ပုံရိပ်များကို မြင်ပင် မမြင်ရခင် အသံတစ်သံအား ၎င်းတို့ထံမှ ကြားရနိုင်သည်။
“ငါ့သခင်က မန်ဟိုကွ။ မင်း ကြားလား။ မန်ဟိုတဲ့ကွ။ အင်မော်တယ်အပျက်အစီးများနယ်ရဲ့ အုပ်ချုပ်သူ၊ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ အရှင်သခင်။ ဟဲဟဲ စနေတာပါကွာ ဟုတ်ပြီလား … မ...မ…မင်းက သိပ်လှနေတာပဲ။ ဘာလို့ ငါတို့ကို သတ်ဖို့ ကြိုးစားနေတာတုန်း။ ငါ့ကို အပြစ်မတင်နဲ့လေ။ ငါ လုပ်သမျှအကုန်လုံးက ငါ့သခင် သင်ပေးထားတာချည်းပဲ။ မင်း သူ့ကို ဘာလို့သွားမရှာတာလဲ ဟင်။ အိုင်းရား ဘယ်လိုလုပ်ပြီး ငါတို့ကို တိုက်ခိုက်ရဲတာတုန်း။ မင်း နေနှင့်ဦး။ ငါ့သခင်က မင်းကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး”
***