← Chapters

အက်ရှလွန်၏အင်အား

Vol. 74 Ch. 1033

အက်ရှလွန်၏အင်အား

Vol. 74 Ch. 1033

ထိုအလင်းတန်းနှစ်တန်းအနက် တစ်တန်းထဲတွင် အသားဂျယ်လီခေါင်းလောင်း ခြေထောက်၌ ချိတ်နေသော ရောင်စုံကြက်တူရွေးတစ်ကောင် ပါသည်။ ခေါင်းလောင်းက အဆက်မပြတ် တချွင်ချွင် မြည်နေ၏။

ကျန်အလင်းတန်းထဲတွင် … မိန်းကလေးတစ်ဦးပါသည်။ တင်းမာခက်ထန်သောအမူအရာက သူမမျက်နှာကို ဖုံးလွှမ်းနေပြီး သွေးကြောများက သူမနဖူးတွင် ဖောင်းကြွနေသည်။ သူမမှာ ရူးလောက်အောင် စိတ်ညစ်နေသည့်အလား မျက်တွင်းများချောင်ကျနေသည်။ ၎င်းက … လီလင်းအာပင်။

ကြက်တူရွေးမှာလည်း အတော်လေး ပိန်လှီမောပန်းနေသည်။ ၎င်းအနောက်တွင် အဆုံးစွန်အထိ ကြောက်စရာကောင်းသော မီတာထောင်ပေါင်းများစွာ ကြီးမားသည့် ဧရာမသတ္တဝါကြီးတစ်ကောင် ရှိလေသည်။

၎င်းက လွင့်မျောနေသော အမွှေးဖားဖား စက်လုံးကြီးတစ်လုံးအလားပင်။ ၎င်းတွင် သွေးအေးအေး စိုက်ကြည့်နေသော မျက်လုံးတစ်လုံးတည်းရှိသည်။ ရံဖန်ရံခါ သတ္တဝါကြီးကို ဖုံးနေသောအမွှေးများက လက်တံများအသွင်ပြောင်းကာ ထိတွေ့သမျှအရာရာတိုင်းကို ဖျက်စီးရင်း လွှဲရမ်းနေတတ်၏။ လောလောဆယ်တွင် ဤထူးဆန်းသောသတ္တဝါကြီးက ကြက်တူရွေးနှင့် အသားဂျယ်လီနောက် လိုက်နေ၏။

သတ္တဝါကြီးတွင် ကြောက်မက်ဖွယ်အရှိန်အဝါနှင့် ပုံပန်းသွင်ပြင်ရှိသော်လည်း သွက်သွက်လက်လက် မရွေ့လျားနေပေ။ ၎င်းက အင်မော်တယ်အပျက်အစီးများနယ်၌ တည်ရှိသော သဘာဝနိယာမနှင့် ကတောက်ကဆဖြစ်နေ၍ ဖိအားတစ်ရပ်အား သူ့အပေါ် သက်ရောက်နေစေသည့်အလားပင်။ ထို့ကြောင့် ရွေ့လျားနေစဉ် ၎င်းအား ဝိုးတိုးဝါးတား လင်းလက်နေသောအလင်းရောင် ခြံရံထားသည်။

“ငါ မင်းကို စနေတာပါကွ” ကြက်တူရွေးက ဒေါသတကြီး အော်သည်။ “ဘာအတွက် ဒီလောက်အငြိုးထားနေရတာတုန်း”

“ဟုတ်တယ် အမှန်ပဲ။ ဒီကောင်ကြီး အကျင့်ပျက်နေတာ။ ဒီလိုမဖြစ်သင့်ဘူး။ သခင်သုံး အစွမ်းနည်းနည်းထက်လာတဲ့အထိပဲ စောင့်။ မင်းကို သေချာပေါက် ပြောင်းလဲပစ်မယ်”

“တော်တော့၊ တော်တော့၊ တော်ပါတော့” လီလင်းအာက အော်လိုက်သည်။ သူမမှာ ရူးတော့မည့်အလားပင်။ အသားဂျယ်လီနှင့် ကြက်တူ‌ရွေးအနားတွင် နေရခြင်းက သူမကို စိတ်ဖောက်မည့်အလား ဖြစ်စေသည်။

အင်မော်တယ်အပျက်အစီးများနယ်ထဲသို့ မှီခိုရာဂိုဏ်းချုပ်၏ ခါထုတ်ခြင်းခံခဲ့ရပြီးနောက် သူမသည် ကြက်တူရွေးနှင့် အသားဂျယ်လီတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရ၏။ သူတို့က ထွက်လမ်းကို ရှာဖို့ကြိုးစားရင်း အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် သတိကြီးကြီး သွားခဲ့ကြရသည်။

ပထမတော့ အဆင်ပြေချောမွေ့သည်။ အသားဂျယ်လီ၏ အဆက်မပြတ် စကားပြောသံများနှင့် ကြက်တူရွေး၏ ဘဝင်ခေါင်ခိုက်နေမှုကို သူမ သည်းခံနိုင်သည်။ ခွေးတစ်ကောင်ကို မရိုက်ခင် သခင်မည်သူလဲ တွေးရသေးသည်မဟုတ်ပါလော။ မန်ဟိုက သူမကို ကယ်တင်ခဲ့သည့်အတွက် သူမမှာ သူ့အကောင်လေးများနှင့် တည့်အောင် ရွေးချယ်ခဲ့လေသည်။

သို့သော် အကြောင်းတစ်စုံတရာကြောင့် ... ထိုသောက်ငှက်ကား တဏှာကြီးပုံပေါ်နေသည်။ အမွှေးအတောင်ဖားဖားရားရား သတ္တဝါများနှင့် တွေ့တိုင်း ကြက်တူရွေး လူရမ်းကားကြီးသဖွယ် ဖြစ်သွားသော အခြေအနေများစွာကို လီလင်းအာမှာ မျက်လုံးအဝိုင်းသားနှင့်သာ ကြည့်နိုင်ခဲ့သည်။ ကြက်တူရွေး အဆိုပါသတ္တဝါများ မည်မျှအစွမ်းထက်စေကာမူ ပျော်ရွှင်မြူးထူးသွားပြီး စိတ်လှုပ်တရှား ပြေးဝင်သွားတတ်၏။

ထို့နောက် ဖြစ်ပျက်သောအရာက လီလင်းအာ၏မျက်လုံးများအား မုဒိန်းကျင့်လိုက်သည့်အလား ဖြစ်ပြီး သူမမှာ ပါးစပ်အဟောင်းသားမဖြစ်ဘဲ မနေပေ။ သူမမှာ တစ်ခေါင်းလုံး ပေါက်ကွဲတော့မည့်အလား ခံစားရပြီး သူမ အမြဲ ယုံကြည်ခဲ့သောအရာအားလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့သည်။

လောလောလတ်လတ် အဖြစ်အပျက်မှာတော့ ကြက်တူရွေး ဧရာမစက်လုံးကြီးအား မုဒိန်းကျင့်ခဲ့သောဖြစ်ရပ်ပင်။ အစက စက်လုံးကြီးမှာ လှုပ်ပင်မလှုပ်ခဲ့ပေ။ သို့သော် တစ်ကျော့ပြီး တစ်ကျော့များလာသော် ၎င်းမှာ ပျားတစ်ကောင်လို စိတ်တိုသွားတော့သည်။ စက်လုံးသတ္တဝါကြီးမှာ သည်းမခံနိုင်တော့ဘဲ လီလင်းအာ၏ကျင့်ကြံခြင်းအခြေခံကို ပျက်ပြားလုမတတ် ဖြစ်စေခဲ့သော ဟိန်းဟောက်သံကြီးတစ်သံအား ထုတ်လွှတ်ခဲ့၏။

သူတို့မှာ ချက်ချင်း ပျံပြေးခဲ့ကြသော်လည်း စက်လုံးကြီးခမျာ အရှက်ကွဲရသည်ကို အင်မတန် မြိုသိပ်ထားခဲ့ရ၍ သူတို့နောက်သို့ ဒေါသတကြီး လိုက်လာတော့သည်။

သူတို့ ထွက်ပြေးနေကြစဉ် မှော်သိုင်းကွက်လှိုင်းဂယက်များကို အာရုံရခဲ့ကြပြီး လူများထံမှာ လာသည်ဟု ယူဆခဲ့ကြလေသည်။ ကြက်တူရွေးက ထိုလှိုင်းများ လာရာဘက်သို့ သွား၍ အကူအညီတောင်းရန် အဆိုပြုသည်။

သူတို့ အနားကပ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုသည် ကြက်တူရွေးနှင့် အသားဂျယ်လီကို မြင်လိုက်၏။ စုရန်လည်း ထိုနည်းတူပင်။ သို့သော် စုရန်၏အာရုံက သူတို့နောက်မှ လိုက်နေသော ဧရာမစက်လုံးအပေါ် ပိုရောက်နေသည်။

“လ,စားကောင်” သူမက အသက်ပြင်းပြင်းရှူလိုက်သည်။ သူမမှာ မျက်နှာပျက်သွားပြီး ရင်တဒိန်းဒိန်း ခုန်လာတော့၏။ လ,စားကောင် ရုတ်တရက် ပေါ်လာခြင်းက သူမ၏ပြေးပေါက်ကို ပိတ်လိုက်သည်။ အရှေ့တွင် မန်ဟိုနှင့် သူ၏ ချေးပိုးထိုးများ၊ အနောက်တွင်မူ လစားကောင်ကြီး ရှိနေ၏။ သူမမှာ ပြေးပေါက်ပိတ်သွားရာ မျှော်လင့်ချက်အားလုံးနီးပါး ကုန်ခမ်းသလောက် ဖြစ်သွားသည်။

“ချီး ဘယ်လိုလုပ် ဒီလိုဖြစ်နေနိုင်တာလဲ။ အင်မော်တယ်အပျက်အစီးနယ်ထဲမှာ လစားကောင် နည်းနည်းပါးပါးပဲ ရှိတာ။ ပုံမှန်ဆို သူတို့က အိပ်နေကြတာပါ။ မိုးနဲ့မြေပြိုကျရင်တောင်မှ မနိုးဘူး။ နိုးလာရင်တောင်မှ သဘာဝနိယာမတွေ မတူလို့ မရွေ့နိုင်ဘူးလေ... ဘာ .. ဘာတွေ ဖြစ်နေတာလဲ။ ဘယ်လိုလုပ် ဒီလစားကောင်က အဲဒီလူတွေကို လိုက်ဖမ်းနေတာလဲ

“အဲဒီမိန်းမနဲ့ အဲဒီကြက်တူရွေးက လစားကောင်ကြီး သူတို့ကို လိုက်ဖမ်းလောက်တဲ့အထိ ဒေါသထွက်အောင် ဘာလုပ်ခဲ့တာတုန်း” စုရန်မှာ ခေါင်းနပန်းကြီးသွားသည်။ သူမသည် ဒေါသထွက်နေသော လစားကောင်ကြီး မည်မျှကြောက်စရာကောင်းနိုင်သလဲ ကောင်းကောင်းသိ၏။ သူမ ထွက်ပြေးတော့မည့်အချိန် မန်ဟိုက နတ်မီးတောက်အဆီအနှစ်ဖြင့် သူမထံ ပြေးဝင်လာသည်။

စုရန်သည် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ကာ နတ်ဘုရားစွမ်းရည်တစ်ခုဖြင့် မန်ဟို့အား တိုက်ခိုက်၏။ သူတို့နှစ်ယောက် အကြိတ်အနယ် တိုက်ခိုက်ရန် တခဏသာ ကြာလိုက်လေသည်။ သူတို့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြစဉ် စုရန်မှာ အကြိမ်ပေါင်းစွာ ချခံနေရသည်။ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူမမှာ မန်ဟိုနှင့် လက်ရည်တူသော်လည်း ပတ်ဝန်းကျင်ရှိ ချေးပိုးထိုးများ၏ အဆက်မပြတ် နှောင့်ယှက်ခံနေရကြောင်း သဘောပေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လစားကောင်ကြီးက တစတစ ချဉ်းကပ်လာသည်။ ၎င်းမျက်လုံးထဲရှိ အေးစက်မှုကာ မျက်စိရှေ့ ရှိသမျှ သက်ရှိသတ္တဝါတိုင်းကို ဖျက်စီးပစ်နိုင်သည့်အလားပင်။

“ချီး” သူမက ပါးစပ်မှ သွေးများ ပန်းထွက်လျက် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူမသည် သိပ်ကြာကြာ တောင့်မခံနိုင်တော့ကြောင်း သိ၏။ အလွန်ဆုံး အသက်ဆယ်ရှိုက်သာ ခံမည်။ ထို့နောက် ရှုံးနိမ့်သွားလိမ့်မည်။

သူမသည် ခိုင်မာပြတ်သားသောအမူအရာဖြင့် အံတင်းတင်းကြိတ်လိုက်၏။ သူမက မန်ဟို့နတ်မီးတောက်အဆီအနှစ်တိုက်ကွက်ကို သူမအား ဝင်တိုက်စေလိုက်ရာ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ဒဏ်ရာအပြင်းအထန် ရသွားတော့သည်။ သို့သော် သူမသည် ချေးပိုးထိုးများ အဝိုင်းခံနေရသည့်ဘေးမှ ရုန်းထွက်ရန် တိုက်ကွက်မှအဟုန်ကို ငှားယူလိုက်ပြီးနောက် … လစားကောင်ကြီးထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ထိုသို့ သွားနေစဉ် သူမက ညာလက်ကို ဆန့်တန်းကာ သူမသွေးအကုန်လုံးအား ဆူပွက်လာစေသည်။ အချိန်အနည်းငယ်ကြာသော် ထူးဆန်းသော ချိုမြမြအနံ့လေးက သူမထံမှ ပျံ့လွင့်လာသည်။

ကျင့်ကြံသူတစ်ယောက်မှ ထိုအနံ့အသက်နှင့်ပတ်သက်၍ ထူးထူးခြားခြား သတိထားမိမည်မဟုတ်သော်လည်း ၎င်းက လစားကောင်ကြီးအား ချက်ချင်း လှမ်းကြည့်မိလိုက်စေသည်။ ရုတ်တရက် ပါးစပ်သဖွယ် အပေါက်ကြီးတစ်ပေါက်က ခန္ဓာကိုယ်ပေါ်တွင် ပွင့်လာ၏။

၎င်းက သတ္တဝါကြီး၏ တစ်လုံးတည်းရှိသော မျက်လုံးအလယ်တည့်တည့်တွင် ပွင့်ထွက်လာကာ သတ္တဝါကြီးကို မျက်လုံးနှစ်လုံးရသွားစေသည်။ ပါးစပ်ကြီးက အေးစက်စက် လက်၍ ချွန်မြနေသော အစွယ်ပေါင်းထောင်ချီနှင့် ပြည့်နှက်နေသည်။ သတ္တဝါကြီး၏တစ်ကိုယ်လုံးကား အစွယ်များဖြင့် ဖွဲ့စည်းထားသည့်အလားပင်။

ဧရာမပါးစပ်ကြီးက ရှူသွင်းလိုက်ရာ စုရန်မှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လစားကောင်ကြီးထံ တည့်တည့်ကြီး ပြေးဝင်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း သူမက စောစောက မန်ဟို့ကို မြင်ပြီးနောက် ပါးစပ်အဟောင်းဖြစ်နေဆဲဖြစ်သော လီလင်းအာနှင့် ကြက်တူရွေးဘေးမှ ဖြတ်၍ ပျံသန်းသွားသည်။ ယခုတွင် အသားဂျယ်လီနှင့်အတူ သူတို့နှစ်ယောက်သည် လစားကောင်ကြီး ပါးစပ်ဟနေသည်ကို စောင့်ကြည့်နေ၏။

သူတို့မှာ ၎င်းပါးစပ်ထဲရှိ ကျောချမ်းစရာကောင်းလောက်သော အစက်များကိုမြင်သောအခါ ကြောက်ဒူးတုန်သွားကြသည်။

မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ စုရန်မှာ လစားကောင်ကြီး၏ ဝါးမြိုခြင်း ခံရပေတော့မည်။ သူ သူမနှင့် နေရာလဲရန် မိုးကြိုးဒယ်အိုးကို သုံးလိုက်လျှင်တောင်မှ ကံဆိုးစွာနှင့် သူလဲ ထိုဧရာမသတ္တဝါကြီး၏ ဝါးမြိုခြင်းခံရပေလိမ့်မည်။

"ဘယ်လောက် ဖြတ်ထိုးဉာဏ်ကောင်းလိုက်သလဲ" သူက တွေးလိုက်သည်။ သူသည် စုရန်လုပ်ဖို့ ကြိုးစားနေသည့်အရာကို ချက်ချင်း သဘောပေါက်လိုက်စ။ သူမသည် သတ္တဝါကြီး ဝါးမြိုဖို့ကြိုးစားအောင် သိသိသာသာ လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ကြည့်ရသ၍ သူမက ၎င်း သူမကို ဝါးမြိုလျှင်တောင်မှ သတ္တ၀ါ၏ကြီး၏ ပါးစပ်ထဲမှ ထွက်လာနိုင်သည့် နည်းလမ်းရှိသယောင်ပင်။ သူမက ဤသည်ကို ထွက်ပြေးရန်နည်းလမ်းနှင့် မန်ဟို သူ၏ မိုးကြိုးဒယ်အိုးအား အသုံးမပြုနိုင်ရန် သုံးနေသည်။ "အေး ဒါပေမယ့် မင်း လွတ်ဦးမှာမဟုတ်ဘူး"

မန်ဟိုမှာ စုရန်၏ တာအိုမှော်သိုင်းကွက်များကို အင်မတန်မှ မျက်စိကျနေလေသည်။ အခြေအနေ ရုတ်တရက် ပြောင်းလဲနေသည့်တိုင် သူ့မျက်လုံးများက တောက်ပနေဆဲဖြစ်ပြီး သူက သိုလှောင်အိတ်ကိုပုတ်ကာ နိဗ္ဗာနသစ်သီးတစ်လုံးကို ထုတ်လိုက်သည်။

ဤသည်မှာ သူ၏ နိဗ္ဗာနသစ်သီးမဟုတ်ပေ။ ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ သစ်သီးဖြစ်သည်။

မန်ဟိုက တုံ့ဆိုင်းမနေဘဲ သစ်သီးကို သူ၏ နဖူးထဲသို့ ထည့်လိုက်၏။ ၎င်း သူ့နဖူးထဲ နစ်၀င်သွားသည်နှင့်တစ်ပြိုင်နက် ဂျိန်းခနဲ ထစ်ချုန်းသံက သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့ကိုယ်ထဲတွင် တစ်စုံတစ်ခု ထိုးတက်လာသည်ကို ခံစားလိုက်ရ၏။

ဂျိန်း။ မန်ဟိုသည် ခေါင်းမော့လိုက်သည့်အခါ သူ၏ ကျင့်ကြံခြင်းအခြေခံမြင့်တက်လာခြင်းနှင့်အတူ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားတို့ဖြင့် ပေါက်ကွဲလာကြောင်း ခံစားလိုက်ရသည်။

ကောင်းကင်ဘုံ ၃၃ခုသည် မန်ဟို့ကို လွှမ်းမိုးသွားသော အနန္တအင်မော်တယ်အလင်းရောင်အသွင်ပြောင်းရင်း ပြိုကွဲသွားပြီးနောက် အင်မော်တယ်၀တ်ရုံတစ်ခုဖြစ်လာသည်။ မန်ဟိုက ဟင်းလင်းပြင်တွင် ပျံဝဲနေစဉ် အင်မော်တယ်ပါရာဂွန်တစ်ဦးနှင့် မတူတော့ပေ။ ၎င်းအလွန်က အဆင့်တစ်ဆင့်ဖြစ်သော ရှေးခေတ် အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်သွားလေပြီ။

လီလင်းအာ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူမသည် ထိုတူညီသော မြင်ကွင်းမျိုးကို ကြည့်ခဲ့ဖူးသော်လည်း ၎င်းက မှန်သားပြင်မှတစ်ဆင့်သာ ဖြစ်ခဲ့၏။ မန်ဟိုကား ယခုတွင် မီးငြိမ်းဝိညာဉ််မီးအိမ်သုံးလုံးနှင့် ရှေးဟောင်းနယ်ပယ်အဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်လောက်အောင် ကြီးမားသည့် စွမ်းအားတို့ဖြင့် ပြည့်နှက်နေလေပြီ။

သို့သော် ဤသည်မှာ သူမအတွက် သူ့ကို မျက်စိဖြင့် တပ်အပ်မြင်ဖူးခြင်းဖြစ်သဖြင့် သူမ၏ရင်မှာ တဒိန်းဒိန်း ခုန်လာသည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံနှင့် သူမ၏ အင်မော်တယ်အကြောများမှာ မန်ဟိုနှင့် ယှဉ်လျှင် နိမ့်ကျသွားသလို ခံစားလိုက်ရ၏။

စုရန်လည်း ကြောက်လန့်သွားသည်။ မန်ဟို့တွင် ဤကဲ့သို့ ဝှက်ဖဲတစ်ချပ်ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမမှာ လစားကောင်ကြီးထံ ပျံသန်းသွားရန် ရှိသမျှစွမ်းအားအကုန်ထုတ်ရင်း ဦးရေပြားတို့ ထုံကျင်နေတော့သည်။ ၎င်းကသာလျှင် သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ကြောင်း သူမ ကောင်းကောင်းသိ၏။

မယုံကြည်နိုင်ဖွယ်စွမ်းအင်တို့က မန်ဟို့ထံမှ ဖြာထွက်လာသည်။ သူက လစားကောင်ကြီးနှင့် နီးသထက်နီးလာသော စုရန်ကို အေးစက်စက် လှမ်းကြည့်၏။ သူသည် ခံစားချက်မဲ့သော အမူအရာဖြင့် ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။

ထိုရှေ့တစ်လှမ်းက သူ့အား လီလင်းအာနှင့် ကြက်တူရွေးကို ဖြတ်သွားစေသည်။ ထို့နောက် သူက အင်္ကျီလက်စကို ခါလိုက်ရာ လီလင်းအာနှင့်ကြက်တူရွေးအား အသာအယာတွန်းထုတ်လိုက်ရင်း လစားကောင်ကြီးနှင့်ဝေးရာသို့ ရောက်ရှိသွားစေ၏။

သူ၏ ဒုတိယခြေလှမ်းက သူ့ကို ပျောက်ကွယ်သွားစေပြီး စုရန်နှင့်လစားကောင်ကြီး၏ကြားတွင် ပြန်ပေါ်လာစေသည်။

စုရန်မှာ ယခုတွင် ကူကယ်ရာမဲ့နေတော့သည်။ သူမသည် ထုတ်နိုင်သမျှ မှော်အတတ်များနှင့် နတ်ဘုရား၏စွမ်းအင်အကုန်လုံးအား ထုတ်ဖော်လိုက်သည်။ သို့သော် မန်ဟိုလက်က မြွေလိမ်မြွေကောက်ထွက်လာပြီး ၎င်းတို့အားလုံးကို ခြေမွကာ သူမ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

သူ၏လက်က အေးစက်နေပြီး ၎င်း စုရန်ကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ကျင့်ကြံခြင်းအခြေခံမှာ မန်ဟို့အင်မော်တယ်စွမ်းအား၏ ချိတ်ပိတ်ခြင်း ခံလိုက်ရသည်။

"ငါတို့ကြားမှာ မင်းကို သတ်ဖို့လောက်အထိ ကြီးမားတဲ့ ရန်ငြိုးမရှိဘူး" သူက ပြောသည်။ "ဒီတော့ လိမ္မာစမ်းပါ။ ငါ မင်းကို မသတ်ဘူး"

တစ်ဆက်တည်းမှာပင် လစားကောင်ကြီး၏ လက်တံတစ်ခုက သူတို့ထံ ပြေး၀င်လာသည်။ မန်ဟို ရှောင်တော့မည့်အချိန်မှာပင် လက်တံက ရုတ်တရက် ရွေလျားနေခြင်းမှ ရပ်သွား၏။ ၎င်းက မန်ဟို့ခန္ဓာကိုယ်ပေါ်ရှိ တစ်စုံတစ်ခုကို အာရုံရလိုက်သည့်အလား ချက်ချင်း နောက်တွန့်သွားလေသည်။

မန်ဟို့မျက်လုံးများက လင်းလက်သွားပြီး သူသည် ယခုတွင် မီတာ ၃၀မျှသာ ဝေးတော့သော လစားကောင်ကြီးနှင့် ၎င်း၏ ဟနေသည့် ပါးစပ်ကြီးကို လှည့်ကြည့်လိုက်သည်။ လစားကောင်ကြီးမှာ အလွန်ကြောက်လန့်သွားသဖြင့် တုန်ရီလာပြီး နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားသည်။ တဖြည်းဖြည်း ၎င်း၏ ပါးစပ်ကြီးက ပြန်ပိတ်သွား၏။

၎င်း၏ တစ်လုံးတည်းရှိသော မျက်လုံးထဲတွင် စုရန်ကို အံ့အားသင့်သွားစေသော အကြောက်တရားတို့ တည်ရှိနေသည်။

ထိုအရာကြီးက မန်ဟို့ကို ကြောက်လန့်နေသည့်အလားပင်။ မန်ဟို့မျက်လုံးများ စူးရှတောက်ပသွားသည်။ စောစောက သူသည် ‌ဘေးသို့ရှောင်ရန် ပြင်ခဲ့သော်လည်း သူ့ကိုယ်ထဲရှိ တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းက သူ့ကို အက်ရှလွန် ၁၃ ဖြစ်စေခဲ့သော အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီး သူ့အပေါ်ထားရှိခဲ့သည့် ချိတ်ပိတ်သင်္ကေတဖြစ်သည်။

ထိုသင်္ကေတသည် မန်ဟို့နဖူးတွင် တလက်လက်တောက်ပရင်း ရုတ်တရက် ပေါ်လာ၏။

မန်ဟိုသည် အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီး၏ ပါရာဂွန်အဆင့်အတန်းကို ပြန်တွေးမိပြီး စိတ်နှလုံးတုန်လှုပ်သွားသည်။ သူက ဘယ်လက်ဖြင့် စုရန်ကို ဆုပ်ကိုင်ထားရင်း ညာလက်ကို မြှောက်ကာ လစားကောင်ကြီးအား အရေးမပါသလို လက်ခါပြလိုက်သည်။

"ဒီနေရာက အခုချက်ချင်း ထွက်သွားစမ်း " သူက လိုအပ်ပါက နောက်ဆုတ်ရန် အသင့်ပြင်ရင်း ပြောလိုက်သည်။

ဧရာမလစားကောင်ကြီးမှာ သိသိသာသာ တုန်ရီလာပြီး လီလင်းအာ၊ စုရန်နှင့် ကြက်တူရွေးတို့အားလုံးမှာတော့ မျက်လုံးပြူးလျက် ကြည့်နေကြသည်။ လစားကောင်ကြီးကား မန်ဟိုစကားကြောင့် ခေါင်းညိတ်ပြီး နောက်ဆုတ်ကာ အ‌ဝေးသို့ ပျောက်ကွယ်သွားတော့သည်။

လီလင်းအာက အင်မော်တယ်အလင်းဧကရာဇ်၀တ်ရုံဖြင့် လွှမ်းခြုံလျက်၊ စွမ်းအားတို့ တဟုန်းဟုန်းတောက်လျက် လေလယ်တွင် ပျံဝဲနေသော မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်။ သူ ကြောက်စရာကောင်းသော ဧရာမသတ္တဝါကြီးကို ထွက်သွားခိုင်းရန် လက်ခါလိုက်စဥ် မိုးနှင့်မြေ၏ ပါရာဂွန်ကြီးတစ်ဦးအလားပင်။ ထိုပုံရိပ်က ပန်းချီကားချပ်တစ်ချပ်ပမာဖြစ်ရာ လီလင်းအာမှာ ဘယ်တော့မှ မေ့ရတော့မည်မဟုတ်ပေ။

ကြက်တူရွေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး အသားဂျယ်လီက ပါးစပ်အပြဲသားနှင့် ကြည့်နေသည်။

စုရန်မှာမူ မန်ဟိုနှင့်ပက်သက်၍ ရှုပ်ထွေးနေသော အမူအရာတစ်ခုက သူမမျက်နှာပေါ်တွင် ရုတ်တရက် ပေါ်လာသည်။

"နင်က … အက်ရှလွန်ထဲကလား"

***

All Chapters