← Chapters

အသားဂျယ်လီက မိုးကြိုးဧကရာဇ်လော

Vol. 75 Ch. 1035

အသားဂျယ်လီက မိုးကြိုးဧကရာဇ်လော

Vol. 75 Ch. 1035

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက အတိတ်ကို ပြန်ပြောင်းတွေးတောနေသည့်အလား တွေဝေရှုပ်ထွေးနေသောအမူအရာဖြင့် အသားဂျယ်လီကို ကြည့်ရင်း တခဏတိတ်ဆိတ်နေသည်။ မန်ဟိုမှာ ဘာကြောင့်မှန်း မသေချာသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် သူမ၏အမူအရာမှာ ခါးသီးနေသောခံစားချက်ကို ထင်ဟပ်ပြနေသယောင်ပင်။

ရုတ်တရုက် မန်ဟိုမှာ ခေါင်းနပန်းကြီးလာပြီး အသားဂျယ်လီနှင့် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကို တစ်လှည့်စီ ကြည့်မိရက်သား ဖြစ်နေတော့သည်။ သူ့မှာ ထင်ယောင်ထင်မှား မြင်မိနေခြင်းဖြစ်ပြီး အဖြူရောင်ဝတ်ရုံနှင့် ပါရာဂွန်တွင် ခါးသီးစွာ ခံစားနေရသောအမူအရာ အမှန်တကယ်မရှိကြောင်း ဆုတောင်းနေသည်။ သို့သော် သူမကို ပြန်ကြည့်လျှင် ထိုအမူအရာမှာ ထင်ရှားနေရာ သူ့အား မျက်တောင်တဖျပ်ဖျပ် ခတ်နေမိစေတော့သည်။

တခဏ တိတ်ဆိတ်နေပြီးသော် အဖြူရောင်ဝတ်ရုံနှင့် ပါရာဂွန်က ဖြေးဖြေးချင်း မေးသည်။ “မမှတ်မိတာလား၊ ဝန်မခံချင်တာလား”

“မမှတ်မိဘူး” အသားဂျယ်လီက လေကြောရှည်မှုတို့ ကင်းမဲ့နေလျက် အက်ကွဲကွဲအသံဖြင့် ခပ်ပြတ်ပြတ် ပြန်ဖြေသည်။

“ဟိုးအရင်နှစ်တွေတုန်းက လဲ့တောက်ဇီဆိုတဲ့ ကျင့်ကြံသူတစ်ယောက် ရှိတယ်။ သူက မိုးကြိုးဧကရာဇ်ဖြစ်ပြီး ဧကရာဇ်ကိုးပါးထဲက တစ်ပါးပဲ။ ဒါကြောင့် မိုးကြိုးဧကရာဇ်လို့ အသိများတယ်။ နင် သူ့ကို သိလား” အသားဂျယ်လီကို ကြည့်နေစဉ် အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီး၏အမူအရာသည် ပို၍တွေဝေလာ၏။ တစ်ခါတရံ သူမ၏မှတ်ဉာဏ်များမှာ ရှင်းလင်းပြတ်သားနေတတ်ပြီး တစ်ခါတရံ ဝေဝါးနေတတ်ပြန်သည်။ သို့သော် မကြာသေးမီက သူမသည် အတိတ်နှင့်ပတ်သက်သော အကြောင်းအရာများစွာကို မှတ်မိလာခဲ့၏။

“တစ်ခါမှ မကြားဖူးဘူး” အသားဂျယ်လီ၏အသံကား ရှေးဆန်မြဲ ရှေးဆန်နေသော်လည်း ယခုတွင် နာကျင်နေသံ အနည်းငယ်ပေါက်နေသည်။

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက အသားဂျယ်လီကို တခဏ ကြည့်ပြီးနောက် သက်ပြင်းချကာ နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “အဲ့ဒီမဟာကပ်ဘေးကြောင့်သာ မဟုတ်ရင် သူက လေးယောက်ပါရာဂွန်ဖြစ်လာနိုင်ခြေ အများဆုံးပဲ။ အဲဒီတုန်းက သူနဲ့ငါ့ကြားမှာ ... သဘောတူညီမှုတစ်ခုရှိခဲ့တယ်”

အသားဂျယ်လီက စကားတစ်ခွန်းမှ မပြောဘဲ ဆိတ်ဆိတ်သာ နေသည်။

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက မျက်လုံးများကို ခေတ္တမှိတ်လိုက်ပြီး ပြန်ပွင့်လာသောအခါ ကြက်တူရွေးကို ကြည့်နေသည်။ သူမအမူအရာမှာ စက်ဆုပ်ရွံရှာနေသောပုံစံဖြစ်ပြီး ရလဒ်အနေဖြင့် ကြက်တူရွေးမှာ ခေါင်းကို ပို၍ပင် ငုံ့လိုက်ပြီး တောင်ကြည့်မြောက်ကြည့် ကြည့်နေတော့သည်။ မန်ဟို့အမြင်အရ ကြက်တူရွေးသည် အလွန်ပျာယာခတ်နေပြီး ကြောက်ပင် ကြောက်နေသည့်အလားပင်။

နောက်ဆုံးတော့ အမျိုးသမီးက ကြက်တူရွေးထံမှ မန်ဟို့ဘက် လှည့်လာသည်။ ထို့နောက် အေးစက်စက် ပြောသည်။ “နင် ကောင်းကောင်းမွန်မွန် ကြိုးစားနေတာပဲ။ ရှေးဟောင်းနယ်ပယ်ကို ရောက်ရင်တော့ နင်က ငါ့အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်” နောက်ဆုံးတော့ သူမက ပြန်ရန် လှည့်လိုက်၏။

မန်ဟိုသည် ကျင့်ကြံခြင်းလောကသို့ ယခုမှ ရောက်ရှိလာသူမဟုတ်တော့၍ လျှို့ဝှက်အကြံအစည်များနှင့် အကျွမ်းဝင်သည့်အပြင် ပြောသမျှစကားအကုန်လုံးကို အပေါ်ယံသာ မယူသင့်ကြောင့် သိ၏။ ထို့ကြောင့် သူ့အတွက်တော့ ဤနေရာ၏မျက်နှာပြင်အောက်တွင် တစ်ခုခုဖြစ်ပျက်နေကြောင်း သိသာလေသည်။ သူမသည် သူနှင့် ကြက်တူရွေးကို သာမန်ကာသျှံကာသာ အာရုံစိုက်ခဲ့ကြောင်းလည်း ထင်ရှား၏။ သူမ ပေါ်လာခဲ့သည့် အကြောင်းရင်းအစစ်မှာ အသားဂျယ်လီကြောင့်ပင်။

သူမကား ထိုမေးခွန်းတစ်ခွန်းနှစ်ခွန်း မေးဖို့သာ ပေါ်လာခဲ့သည့်အလား ထင်ရသည်။ သူသည် အသားဂျယ်လီနှင့် ကြက်တူရွေး၏နောက်ကြောင်းများက သာမန်မဟုတ်ကြောင်း သိထားခဲ့သော်လည်း ၎င်းတို့က အဖြူရောင်ဝတ်ရုံနှင့် ပါရာဂွန်နှင့် ပတ်သက်နေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ အသားဂျယ်လီမှာမူ ကြည့်ရသရွေ့ ခမ်းနားကြီးကျယ်ပြီး ဝမ်းနည်းဖွယ်ကောင်းသော အတိတ်ဇာတ်လမ်းကို ပိုင်ဆိုင်ထားဟန်တူသည်။

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက ထွက်သွားတော့မည့်အချိန် ရုတ်တရက် တုံ့ခနဲ ရပ်ကာ လီလင်းအာကြည့်ပြီး ပြောသည်။ “ဟင်”

သူမက စူးစူးစိုက်စိုက် ကြည့်နေပြီး မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပလာသည်။

“နင်က ....” သူမက ခပ်တိုးတိုး ရေရွတ်ရင်း လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ လီလင်းအာကို အလိုလို လေပေါ်မြောက်တက်လာစေပြီး သူမအရှေ့တွင် ပျံဝဲစေလိုက်သည်။

“နင် ငါ့လက်အောက်မှာ ကျင့်ကြံအားထုတ်ချင်လား” သူမက လေးနက်စွာ မေးသည်။

လီလင်းအာ၏မျက်ဝန်းလေးများ ဝိုင်းစက်သွားသည်။ မန်ဟို ထိုအမျိုးသမီးအပေါ် ဆက်ဆံပုံနှင့် စကားပြောပုံအရ သူမသည် ထိုအမျိုးသမီးနှင့်ပတ်သက်၍ တစ်စုံတစ်ခုက လျှို့ဝှက်ဆန်းကြယ်နေကြောင်း ပြောနိုင်၏။

သူမမှာ ချီတုံချတုံဖြစ်ရင်း လှမ်းကြည့်လိုက်ရာ မန်ဟို၏ အံ့အားသင့်နေသော မျက်နှာကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းပင် ဟွန့်ခနဲ နှာမှုတ်ကာ တုံ့ဆိုင်းမနေတော့ဘဲ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးကို လက်ယှက်အရိုအသေပေးလိုက်သည်။

“ဂျူနီယာ ကျင့်ကြံအားထုတ်ချင်ပါတယ်”

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးက မဆိုစလောက် ခေါင်းညိတ်ပြီး လှည့်လိုက်သည်။ တိမ်တိုက်တစ်ခုက လီလင်းအာ၏ခြေထောက်အောက်တွင် ပေါ်လာကာ သူမအား ထွက်ခွာသွားသော အမျိုးသမီး၏နောက် လိုက်သွားစေသည်။

လီလင်းအာသည် စိုးရိမ်နေသယောင် ရှိသော်လည်း လှည့်ကြည့်၍ မန်ဟို၏ အံ့အားသင့်နေသောမျက်နှာထားကို မြင်လျှင် ရုတ်တရက် အင်မတန်မှ အားရကျေနပ်သွားပြီး သူ့အား မျက်စောင်းထိုးလိုက်သည်။

မန်ဟိုမှာ အမှန်အကန် အံ့အားသင့်နေပြီး ပစ်ပယ်ခံလိုက်ရသလို ခံစားနေရသည်။ အသားဂျယ်လီတွင် လျှို့ဝှက်နက်နဲသောနောက်ကြောင်း ရှိသည်ကား ထား၍ရသေးသည်။ သို့သော် သူသည် အင်မော်တယ်နယ်ပယ်ပါရာဂွန်အဆင့် ရောက်သည့်တိုင်အောင် ကျင့်ကြံအားထုတ်ခဲ့ရသူဖြစ်၏။ နိဗ္ဗာနသစ်သီးကို စုပ်ယူလိုက်လျှင် အင်မော်တယ်ဧကရာဇ်အဆင့်ကိုပင် ရောက်ရှိနိုင်သည်။ သို့ထိတိုင် လီလင်းအာက သူ့ထက်ပို၍ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီး၏အာရုံကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သူ ပြောနိုင်သည်။

ထိုနောက် သူမက သူ့ကို မုန်းမုန်းတီးတီး မျက်စောင်းထိုးရင်း အားရကျေနပ်နေသောဘုရင်မကြီးကဲ့သို့သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူမက သူတို့နောက်တစ်ချိန် ပြန်တွေ့လျှင် သူတို့၏အဆင့်အတန်းများသည် အင်မတန် ကွာခြားနေလိမ့်မည်ဟု ပြောဖို့ကြိုးစားနေသည့်အလားပင်။

မန်ဟိုမှာ မျက်လုံးကစားရင်း လက်နှစ်ဖက်ယှက်၍ မနှစ်သိမ့်ဘဲ မနေနိုင်တော့သည့်အလား တည်ကြည်လေးနက်သောမျက်နှာထားဖြင့် လီလင်းအာကို ခါးကိုင်းအရိုသေပေးလိုက်သည်။

“လင်းအာ ငါ တောင်းပန်ပါတယ်။ မင်းမှာ ပိုပြီးကောင်းမွန်တဲ့အဆင့်အတန်း ရှိသွားရင်တောင်မှ ငါ မင်းကို ဇနီးအဖြစ် မထားနိုင်သေးပါဘူး။ ငါဟာ လက်ထပ်ပြီးသား ယောက်ျားတစ်ယောက်။ ငါတို့နှစ်ယောက်က ဒီအတိုင်း မလိုက်ဖက်ရုံလေးတင်ပါ။ မင်း တစ်နေ့ ပျော်ရွှင်မှုကို ရှာတွေ့ပါစေလို့ ငါ စိတ်ရင်းနဲ့ အကောင်းဆုံးဆုတောင်းပေးနေပါ့မယ်” မန်ဟိုက သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးများက နှစ်သိမ့်ပေးနေသောအရိပ်အယောင်ကို ဖော်ပြနေသည်။

လီလင်းအာမှာ သူ့စကားကို ကြားလျှင်ချင်း တဆတ်ဆတ် တုန်သွားတော့သည်။ “သောက်ပါးစပ်ပေါက် ပိတ်ထားစမ်း မန်ဟို”

သူမသည် သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း အံကြိတ်ကာ ခြေဆောင့်နင်းလိုက်သည်။ ထို့နောက် မန်ဟို့ကို အဖက်မလုပ်တော့ဘဲ အဖြူရောင်ဝတ်ရုံနှင့်အမျိုးသမီးနောက် လိုက်သွားတော့သည်။

သူတို့ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသောအခါ ဟင်းခနဲသက်ပြင်းချသံက အသားဂျယ်လီနှင့် ကြက်တူရွေးတို့ နှစ်ကောင်လုံးထံမှ ထွက်လာသည်။

“ကြောက်စရာကြီးဟ” သခင်ငါးက အော်သည်။ “ဆိုတော့ မိစ္ဆာမကြီးမှတ်ဉာဏ်တချို့ ပြန်ရထားတာပဲ” ၎င်းမှာ ယခုလေးတင် သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာခဲ့သည့်အလား ၎င်းရင်ဘတ်၎င်း တောင်ပံဖြင့် ပွတ်သပ်လိုက်သည်။

“ကံကောင်းထောက်မစွာနဲ့ နည်းနည်းပဲ မှတ်မိသေးတာ အများကြီးမဟုတ်ဘူး” ကြက်တူရွေးက ရေရွတ်သည်။ “မဟုတ်လို့ကတော့ ငါ့ကို မြင်ရင် ရွံတာတင်မဟုတ်ဘူး။ ညစာအတွက် အမွှေးနုတ်ပြီး ကင်ပစ်လိမ့်မယ်” ၎င်းကား အသက်ရှင်နေသေးသည့်အတွက် အံ့ဩမဆုံးဖြစ်နေပုံရသည်။

“ဟားဟားဟား ငါမေ့တော့မလို့ ငါတို့နှစ်ယောက် လောင်းထားတယ်နော်။ အခု သခင်သုံးနိုင်ပြီ။ သခင်သုံးရဲ့ သရုပ်ဆောင်စွမ်းရည်က မယုံနိုင်လောက်အောင်ပဲ။ ဒါပေမဲ့ ဒီလုပ်ရပ်က နည်းနည်းမကောင်းဘူးလားလို့။ မန်ဟိုနဲ့ မင်း ခိုဘိုးတော် မှန်မှန်ပြောစမ်း။ သခင်သုံး သရုပ်ဆောင်တာ တော်လား၊ မတော်ဘူးလား ဟမ်။ ကောင်းလား မကောင်းဘူးလား”

“မင့်သရုပ်ဆောင်တာက ချီးတုံးတစ်တုံးနဲ့ ဆုချရ‌လောက်အောင်ကို ကောင်းတယ်” ကြက်တူ‌ရွေးက အသားဂျယ်လီကို ဖြတ်ရိုက်ရင်း ပြောသည်။ “မင်းကွာ အကုန်လုံးပြောတော့မလိုဖြစ်‌သွားတာ မဟုတ်လား။ မင်းပြောတာ များလွန်းတယ်။ နောက်တစ်ခေါက်ဆို မှတ်ထား။ အဲ့မိစ္ဆာမကြီးနဲ့ စကားပြောရင် တစ်လုံးပဲ ပြောသင့်တယ်”

မန်ဟိုမှာတော့ မျက်လုံးအပြူးသားနှင့် အသားဂျယ်လီကို စိုက်ကြည့်နေသည်။ အသားဂျယ်လီသည် အရင်တိုင်း ပြန်လည်လေပေါနေပြီး ၎င်းတို့နှစ်ကောင်၏စကားအသွားအလာအရ တစ်စုံတစ်ခုကို လောင်းထားခဲ့ပုံပေါ်သည်။

မန်ဟိုမှာ ခေါင်းကိုက်လာပြီး ထိုအရူးနှစ်ကောင်နှင့်ပတ်သက်၍ ဘာပြောရမှန်းမသိ‌တော့‌ပေ။

သို့သော် အဖြူ‌ရောင်ဝတ်ရုံနှင့်အမျိုးသမီး ပြောခဲ့သော ‘မိုးကြိုးဧကရာဇ်’ ကိုတော့ သူ မေ့မရပေ။ သူသည် အသားဂျယ်လီကို တွေးတွေးဆဆကြည့်ပြီး ဘာမှမမေးရန် ဆုံးဖြတ်လိုက်၏။ အတိတ်တုန်းက သူ့မှာ ၎င်းတို့နှစ်ကောင်အကြောင်း အစ်အောက်မေးခဲ့သော်လည်း အကုန်လုံးအချည်းနှီးသာဖြစ်ခဲ့၍ နေသားကျနေလေပြီ။ နောက်ဆုံးတော့ သူက နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်ကာ အနက်ရောင်ချေးပိုးထိုးများကို ရှေ့သို့ ထွက်သွားစေလိုက်သည်။

နာရီအနည်းငယ်ကြာသော် ချေးပိုးထိုးငါးရာကျော်နှင့်အတူ မန်ဟိုနှင့် အဆက်မပြတ် ရန်ဖြစ်နေသော ကြက်တူရွေးနှင့် အသားဂျယ်လီတို့ အင်မော်တယ်အပျက်အစီးများနယ်မှ ထွက်လာကြသည်။ သူတို့သည် ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေကြပြီး အရှေ့တွင်တော့ နဝမပင်လယ်က ဆီးကြိုနေ၏။

မန်ဟိုက မကြာသေးမီက ဖြစ်ပျက်ခဲ့သောအရာအားလုံးကို ပြန်တွေးရင်း အင်မော်တယ်အပျက်အစီးများကို လှည့်ကြည့်နေရာမှ အရှေ့အောင်ပွဲဂြိုဟ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူ ချေးပိုးထိုးကို စီးနင်းရင်း နဝမပင်လယ်ရှိရာသို့ လှည့်ထွက်သွားသည့်အခါတွင်တော့ သူ့မျက်လုံးများသည် ခိုင်မာပြတ်သားတို့ဖြင့် ပြည့်နှက်နေလေပြီ။

“နဝမပင်လယ်နတ်လောကက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ နတ်မီးသျှံစမ်းသပ်ပွဲမှာ ငါ ရခဲ့တဲ့ ဆုလာဘ်တွေအကုန်လုံးကို ပေးနိုင်ခြေများတယ်” သူ ၎င်းအကြောင်း စဉ်းစားနေစဉ် အတွေးထဲ နစ်မြောနေသောအရိပ်အယောင်က သူ့မျက်လုံးများတွင် ပေါ်ပေါ်လာသည်။ တာအိုဆရာအစည်းအရုံးသုံးခုလုံးသည် အက်ရှလွန်စာရင်းထဲ၌ သူ ပါဝင်နေသည့်အတွက်ကြောင့် သူ့ကို ဂိုဏ်းသားအဖြစ် လက်ခံရန် သဘောတူခဲ့ပြီး ကံကြမ္မာကောင်းတချို့ပေးမည့် ရည်ရွယ်ချက်များကိုလည်း အရိပ်အမြွက်ပြခဲ့သည်။

သူ့အနေဖြင့် နဝမပင်လယ်နတ်လောကတွင် ကြာကြာနေမည်မဟုတ်ပေ။ ဆုလာဘ်များကို သိမ်းပြီးလျှင် အတန်ကြာ အားထုတ်ပြီးနောက် ကျန်တာအိုဆရာအစည်းအရုံးနှစ်ခုသို့ သွားမည်။

“သူတို့ ငါ့ကို ပေးမယ့် ကံကြမ္မာကောင်းက ရှေးဟောင်းနယ်ပယ်ထဲ တတ်နိုင်သမျှ မြန်မြန်ဝင်ရောက်ဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်” သူ့မျက်လုံးများ တောက်ပသွားသည်။ အဖြူရောင်ဝတ်ရုံနှင့်ပါရာဂွန် ပြောပုံအရ သူ အက်ရှလွန်စာရင်းဝင်တစ်ဦးအဖြစ် ‌ရှေးဟောင်းနယ်ပယ်သို့ မဝင်ရောက်မချင်း သူမအစီအစဉ်များကို သိရမည်မဟုတ်ပေ။

ရှေးဟောင်းနယ်ပယ်နှင့်ပတ်သက်၍မူ သူ့တွင် သူ့ကိုယ်ပိုင်လမ်းကြောင်း ရှိသည်။

“နိဗ္ဗာနသစ်သီးတွေကို စုပ်ယူရမယ်” သူက မျက်မှောင်ကြုတ်ကာ တွေးသည်။ အရှေ့အောင်ပွဲဂြိုဟ်မှ ထွက်ခွာလာပြီးနောက် သူသည် နိဗ္ဗာနသစ်သီးများကို ကြိမ်ဖန်များစွာ စုပ်ယူဖို့ ကြိုစားခဲ့သော်လည်း တစ်လုံးနှင့်မှ တစ်သားတည်းဖြစ်‌အောင် လုပ်မရခဲ့ပေ။ သူ့အပိုင် နိဗ္ဗာနသစ်သီးများနှင့်တောင်မှ မ‌ပေါင်းစည်းနိုင်ဖြစ်နေသည်။

အမှန်တွင် ဖန်ဝေပင် သူ့နိဗ္ဗာနသစ်သီးများနှင့် ကြာမြင့်စွာ မပေါင်းစည်းနိုင်ခဲ့ပေ။ ၎င်းက သူတို့နှစ်ယောက်၏တိုက်ပွဲအတောအတွင်း သူ ခံစားခဲ့ရသော အရာပင်။

မန်ဟိုသည် တိတ်ဆိတ်စွာဖြင့် နဝမပင်လယ်ထံ သွားနေ၏။ ရံဖန်ရံခါ ခရီးသွားကျင့်ကြံသူများနှင့် ဆုံတွေ့တတ်သော်လည်း သူတို့မှာ သူနှင့် သူ၏ချေးပိုးထိုးအကောင်ငါးရာကို မြင်လျှင် အနားမကပ်ရဲဘဲ ကြောက်လန့်တကြား ရှောင်ကွင်းသွားကြသည်။

သူက သူ မည်သူဖြစ်ကြောင်း မသိစေချင်၍ အနက်ရောင်ငှက်မွှေးဖြင့် ရုပ်ဖျက်ထားလေသည်။ ထို့ကြောင့် သူသည် တကယ်တော့ နဝမတောင်ပင်လယ်တစ်ခွင် ပြဲပြဲစင်အောင် ထင်ရှားသော မန်ဟိုဖြစ်သည်ကို မည်သူမှ မသိကြပေ။

နဝမပင်လယ်အနား ရောက်လာသည်နှင့်အမျှ ရေလှိုင်းပုတ်သံကဲ့သို့ အသံများကို ကြားလာရသည်။ အရှေ့တွင် မြူပင်လယ်ကြီးသည် တ‌ဖွေးဖွေး လှုပ်နေပြီး ဖော်ပြမရလောက်အောင် ကျယ်ပြောသော စွမ်းအင်က ကြယ်တာရာကောင်းကင်ရှိ အရာအားလုံးကို တုန်ခါနေစေသည်။

မန်ဟိုက အချိန်ဖြုန်းမနေပေ။ ရံဖန်ရံခါ သူသည် နိဗ္ဗာနသစ်သီးများကို စုပ်ယူရန် ကြိုးစားတတ်ပြီး ရံဖန်ရံခါ စုရန်ကို သိုလှောင်အိတ်ထဲမှ ထုတ်တတ်၏။ သူက သူမ၏ တာအိုမှော်သိုင်းကွက်တချို့ကို သူ့အား ပေးလျှင် လွတ်ပေးမည်ဟု ဖျောင်းဖြရန် မျှော်လင့်ရင်း သူမနှင့် ထွေရာလေးပါးပြောပြီး အ‌ရောဝင်ဖို့ ကြိုးစားတတ်သည်။

သို့သော် စုရန်သည် သူ့ကို စိန်းစိန်းဝါးဝါးသာ ကြည့်ပြီး ကတ်ကတ်လန်အောင် ရန်တွေ့မည်ဖြစ်သည်။

အကြိမ်အနည်းငယ်ကြိုးစားပြီး‌နောက် မည်သို့ပင်ဖျောင်းဖြနားချစေကာမူ စုရန်က သဘောတူမည်မဟုတ်ကြောင်း ထင်ရှားလာသည့်နောက်ဆုံး သူ့မှာ စိတ်မရှည်တော့ပေ။ သူက လက်ချောင်းကို ဝှေ့ယမ်းကာ သူမအား ကန့်သတ်မန္တန်များဖြင့် ချုပ်နှောင်ကာ သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။

“သူ နည်းနည်းပါးပါး ခံစားရရင် မလိုက်လျောဘဲ နေမှာမဟုတ်ပါဘူး” လုံးလုံး မလိုအပ်သရွေ့ မန်ဟို့အနေဖြင့် ဝိညာဉ်ဖွေရှာခြင်းအား အသုံးမပြုလိုပေ။ ၎င်းက အလွန်ဆိုးရွားသောနည်းလမ်းဖြစ်ပြီး သူတို့နှစ်ယောက်အကြား၌ ဖြေရှင်းမရနိုင်သော ရန်ငြိုးမျိုးလည်း မရှိသေးပေ။

အကောင်းဆုံးရလဒ်နှင့် သူ၏ ပထမဆုံး ရွေးချယ်မှုကတော့ သူမကို လိုက်‌လျောခိုင်းစေပြီး တာအိုမှော်သိုင်းတချို့ ထုတ်ပေးစေရန် ဖြစ်သည်။

ရက်အနည်းငယ်ကြာသော် မန်ဟိုသည် သိုလှောင်အိတ်အပြင်သို့ တစ်ကောင်တည်းထုတ်ထားသည့် ချေးပိုးထိုးပေါ်တွင် ထိုင်လျက် နဝမပင်လယ်စပ်သို့ ဝင်ရောက်လာ၏။ သူ နဝမပင်လယ်၏မြူများကို လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားသည်။

နဝမပင်လယ်သည် အဆုံးမရှိသည့်အလား အကန့်အသတ်မဲ့၏။ မြူများက မျက်စိတစ်ဆုံး တထောင်းထောင်း ထနေသည်။ အရာအားလုံးက စိုထိုင်းနေရာ မြူအားလုံး၏အောက်ခြေတွင် ပင်လယ်ကြီးတစ်စင်းရှိကြောင်း မန်ဟို့အား ကောက်ချက်ချမိလိုက်စေသည်။

“ဘယ်လောက်ကြီးလိုက်တဲ့ ပင်လယ်ကြီးလဲ...” သူက အသက်ဝဝရှူလိုက်သည်။ ဖန်မျိုးနွယ်စုမှာတုန်းက သူသည် ‌တောင်ကိုးလုံးပင်လယ်ကိုးစင်း၏ မြေပုံကို မြင်ခဲ့ဖူး၍ နဝမပင်လယ်ကို ဖြတ်သွားနိုင်လျှင် အဋ္ဌမတောင်၏ပတ်ဝန်းကျင်သို့ ရောက်သွားမည်ဖြစ်ကြောင်း သိ၏။

“နဝမတောင်ပင်လယ်က ငါ့လမ်းရဲ့ အဆုံးသတ်မဟုတ်သေးဘူး” အဝေးကို လှမ်းကြည့်နေစဉ် သူ့ရင်ထဲတွင် မြင့်မားသော ရည်မှန်းချက်တို့ ပြည့်နှက်လာသည်။ သူ့ကျင့်ကြံခြင်းလမ်းစဉ်‌ပေါ်တွင် သူသည် လွတ်လပ်ပြီး အ‌နှောင်အဖွဲ့ကင်းလို၏။ စစ်မှန်သော လွတ်လပ်မှုနှင့် အနှောင်အဖွဲ့ကင်းမှုကို သူ တပ်မက်သည်။

မိုးကောင်းကင်သည် သူ့လမ်းစဉ်ကို မပိတ်ကွယ်နိုင်။ မြေကြီးသည် သူ့လမ်းကို မဟန့်တားနိုင်။

သူက ချေးပိုးထိုးကို ပွတ်သပ်ပေးလိုက်ရာ ၎င်းက ဟိန်းဟောက်ရင်း နဝမပင်လယ်၏မြူများထဲ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။

သူ နဝမပင်လယ်ထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်တည်းဆိုသလို သူ့ပတ်ပတ်လည်ရှိ မြူများထဲမှသာမက ပင်လယ်၏အနက်ပိုင်းထဲရှိ အမှောင်ထုထဲမှ မရေမတွက်နိုင်သောမျက်လုံးများ ဖျတ်ခနဲ ပွင့်လာကြသည်။

ထိုမျက်လုံးများသည် နဝမပင်လယ်တွင် ကျက်စားနေသည့် မရေမတွက်နိုင်သော ပင်လယ်သားရဲများနှင့် ပင်လယ်မိစ္ဆာများနှင့် သက်ဆိုင်၏။ ပုံမှန်အားဖြင့် ၎င်းတို့က ကျင့်ကြံသူများအား ရန်မလုပ်သော်လည်း ဤအခိုက်အတန့်တွင် အကြောင်းတစ်စုံတရာကြောင့် မျက်လုံးများဖွင့်၍ ဟိန်းဟောက်လိုက်ကြကာ အမူအရာများက သတ်ဖြတ်လိုသောအမူအရာများ ဖြစ်လာကြသည်။

မန်ဟို့အရှိန်အဝါနှင့်ပတ်သက်၍ တစ်စုံတစ်ခုက နဝမပင်လယ်ရှိ ပင်လယ်သားရဲများနှင့် ပင်လယ်မိစ္ဆာအကုန်လုံးအား လှုံ့ဆော်ပေးလိုက်သည့်အလားပင်။

***

All Chapters