← Chapters

ကိုးပင်လယ်နတ်လောက

Vol. 75 Ch. 1036

ကိုးပင်လယ်နတ်လောက

Vol. 75 Ch. 1036

ပင်လယ်သားရဲများနှင့် ပင်လယ်မိစ္ဆာများ မျက်လုံးဖွင့်လိုက်သောအခိုက်အတန့်တွင် မန်ဟိုနှင့်အနီးဆုံးရှိ ပင်လယ်သားရဲအချို့ကား နဝမပင်လယ်မြူများကို ခွင်း၍ သူ့ထံသို့ တဟုန်ထိုး ထွက်သွားကြလေပြီ။

၎င်းတို့က အမြန်နှုန်းက မြူများကို တဖွေးဖွေးလှုပ်လာစေပြီး တဝေါဝေါမြည်သံများအား ခပ်သဲ့သဲ့ ထွက်လာစေသည်။ မန်ဟိုက မြင့်မားသောရည်မှန်းချက်များဖြင့် သူ၏ချေးပိုးထိုးပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ ရုတ်တရက် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မြူများအတွင်းသို့ လှမ်းကြည့်လိုက်၏။

သတိပေးချက်တစ်စုံတရာမရှိဘဲ ဟိန်းဟောက်သံကြီးတစ်သံ မြည်ဟည်းလာပြီး ဧရာမဖျံကြီးတစ်ကောင်က ဘွားခနဲ ပေါ်လာသဖြင့် မြူများမှ သူထံမှ ဖယ်ခွသွားတော့သည်။

ဖျံကြီးသည် ဘလိတ်ဓားတမျှ ချွန်မြနေသော သွားများဖြင့် ကိုးမီတာတိတိ ရှည်လျား၏။ ၎င်းက အမွှေးများအစား ကြေးခွံများ ရှိနေသည်မှအပ ခွေးတစ်ကောင်နှင့်တူသည်။ ၎င်းသည် အင်မော်တယ်နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားတို့ဖြင့် ပြည့်သျှံနေလျက် မြူများကို ခွင်းရင်း မန်ဟိုထံကို ပြေးဝင်လာနေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား သူ့အပေါ် ရောက်လာလေပြီ။

၎င်း၏မျက်လုံးများတွင် မန်ဟိုနှင့်တစ်မိုးအောက်ထဲတွင် မနေနိုင်သည့်အလား ကြောက်မက်ဖွယ်အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။

မန်ဟိုမှာ အထိတ်တလန့် ပျာယာခတ်သွားသည်။ ဤသည်မှာ သူ့အတွက် နဝမပင်လယ်သို့ ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး သူမှတ်မိရသလောက် ဖန်းတုံးအာကို ထည့်မတွက်လျှင် ဘယ်သူ့ကိုမှ သူ အတိုက်အခံမလုပ်ခဲ့ပေ။

ဤဖျံကြီး ဘွားခနဲ ပေါ်လာခြင်းက မထင်မှတ်ထားသည့်အရာဖြစ်ရာ သူ့အား မျက်မှောင်ကြုတ်သွားစေသည်။ သူ ဖျံကြီးကို အေးတိအေးစက် စိုက်ကြည့်လိုက်စဉ် ငါးညှီနံ့က သူ့မျက်နှာကို တိုးဝှေ့သွားသည်။ ၎င်း တစ်မီတာပင် မဝေးတော့သည့်အချိန်၊ ၎င်း၏ပါးစပ်ကြီးက သူ့ကို လှမ်းဟပ်တော့မည့်အချိန် သူ့ညာလက်က မြွေလိမ်မြွေကောက်ထွက်သွားပြီး ဖျံကြီး၏လည်မျိုကို ဆုပ်ကိုင်လိုက်၏။

ဖျံကြီးမှာ အင့်ခနဲ ညည်းရင်း တုံ့ခနဲ ရပ်သွားတော့သည်။ ၎င်းက အသည်းအသန် ရုန်းသော်လည်း မည်မျှဟိန်းဟောက်စေကာမူ မန်ဟို၏လက်က နည်းနည်းလေးမှ လျော့ရဲမသွားပေ။ ယခုတွင် သူ့အပြင်အားကိုယ်ခွန်အားသည် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်တွင် ဖြစ်ရာ လူလက်တစ်ဆုပ်မျှသာ သူ့ကို မှော်အတတ်များဖြင့် ပြုစားရန် အရည်အချင်းပြည့်မှီသည်ဟု ဆိုလိုလေသည်။ အင်မော်တယ်နယ်ပယ်အဆင့် ရန်သူအများစုမှာ သူ့အပြင်အားကိုယ်ခွန်အားသက်သက်ဖြင့်ပင် အလွယ်တကူ ချေမှုန်းခံရလိမ့်မည်။

မန်ဟိုက မျက်ဝန်းများ သွေးအေးစွာ တောက်ပနေလျက် လက်ဖြင့် ဖြစ်လိုက်သည်။ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာပြီး ဖျံကြီးမှာ အကြောတဖျတ်ဖျတ်ဆွဲပြီးနောက် လည်ကြီးလိမ်သွားပြီး ၎င်း၏ ကိုးမီတာအရှည်ကိုယ်လုံးကြီးမှာ ပျော့ခွေကျသွားတော့သည်။ ၎င်းကား ဝိညာဉ်ပါ သုတ်သင်ခံလိုက်ရလေပြီ။

၎င်းက မသေခင် မန်ဟို့အား ဒေါသတကြီး ကြည့်သွားခဲ့၏။

မန်ဟိုမှာ မျက်မှောင်ကြုတ်သွားပြီး လက်ကို ဖြေလျှော့လိုက်ကာ ဖျံကြီး၏အလောင်းအား အောက်ရှိ ပင်လယ်ထဲ ပြုတ်ကျသွားစေသည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် အရပ်လေးမျက်နှာမှ ပင်လယ်သားရဲများစွာက သူ့ထံ ပြေးဝင်လာသဖြင့် ဟိန်းဟောက်သံများ ဆူညံလာသည်။ မျက်စိတစ်မှိတ်အတွင်း သူကား ပင်လယ်သားရဲဒါဇင်ပေါင်းများစွာ၏ ဝန်းရံခြင်းခံလိုက်ရလေပြီ။

သားရဲအမျိုးအစားစုံလင်ပြီး တစ်ကောင်ချင်းစီက ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်များ ရှိသည်။ ၎င်းတို့က ပေါ်လာလျှင်ချင်း မန်ဟို့ကို အမဲဖြတ်တော့မတတ် မုန်းမုန်းတီးတီး ကြည့်ရင်း လေကိုခွင်းလာကြသည်။

၎င်းတို့ထံမှ မိုးနှင့်မြေကို ထစ်ချုန်းတုန်ခါစေပြီး နဝမပင်လယ်ကို လှိုင်းထန်လာစေသော မှော်အတတ်လှိုင်းဂယက်များပင် ထုတ်လွှတ်နေသည်။

မန်ဟို မျက်မှောင်ပိုကြုတ်သွားသည်။ သူက အေးစက်စက် နှာတစ်ချက်မှုတ်၍ ညာလက်ကို မြှောက်လိုက်ကာ ချေးပိုးထိုးအကောင်ငါးရာအား ထွက်လာစေသည်။ ၎င်းတို့က ပင်လယ်သားရဲများထံသို့ ချက်ချင်း ဖြာထွက်သွားသဖြင့် တဝီဝီမြည်သံများ ဆူညံသွား၏။

မျက်စိတစ်မှိတ်အတွင်း ပင်လယ်သားရဲများနှင့် ချေးပိုးထိုးများ စတင်တိုက်ခိုက်ကြသည်။ သို့သော် ပင်လယ်သားရဲများမှာ မည်သို့ပင်လုပ်စေကာမူ ၎င်းတို့၏နတ်ဘုရားစွမ်းရည်များက ချေးပိုးထိုးကို ရင်ဆိုင်ရာတွင် အသုံးမဝင်ဖြစ်နေသည်။

၎င်းတို့က ချွန်မြနေသောသွားများဖြင့် ချေးပိုးထိုးများကို အငမ်းမရကိုက်ကြသော်လည်း အစင်းရာလေးပင် ထင်မကျန်ခဲ့ပေ။ ဆန့်ကျင်ဘက်တွင် ချေးပိုးထိုးများက ၎င်းတို့ကို လောဘတကြီး ကိုက်စားကြသည်။ အသက်ဆယ်ရှိုက်သာ ကြာသေးသည်၊ တစ်နေရာလုံးမှာ သွေးရောင်စွန်းသွားပြီး ပင်လယ်သားရဲများမှာ အလောင်းအပြင် ဘာမှမကျန်တော့ပေ။ ထိုကျန်ခဲ့သော အလောင်းများမှာလည်း ချေးပိုးထိုးများ၏ အငမ်းမရ ဝါးမြိုခြင်း ခံလိုက်ရသည်။

၎င်းက အနိဋ္ဌာရုံမြင်ကွင်းတစ်ခုဖြစ်သော်လည်း သတ်ဖြတ်ခြင်းနှင့်ပတ်သက်လျှင် မန်ဟိုသည် သည့်ထက်ပိုဆိုးသောအရာများကို မြင်ခဲ့ဖူး၏။ ယခုလိုမြင်ကွင်းမျိုးက သူ့အား စိတ်မသက်မသာမဖြစ်စေတော့ပေ။ သို့သော် သူ့မျက်နှာကား မျက်မှောင်ကြုတ်နေဆဲပင်။

သူသည် ချေးပိုးထိုးများကို ကြိုလွှတ်ထားရင်း ရှေ့ဆက်သွားနေ၏။ နာရီအနည်းငယ်လေးအတွင်း နဝမပင်လယ်မှ ပင်လယ်သားရဲပေါင်းများစွာသည် ရူးနေကြသည့်အလား သူ့ကို ကမူးရှူးထိုး တိုက်ခိုက်ခဲ့ကြ၏။

စစချင်း တစ်ကြိမ်လျှင် ပင်လယ်သားရဲအနည်းငယ်သာပါသည်။ ထို့နောက် တစ်ကြိမ်လျှင် ဒါဇင်နှင့်ချီလာသည်။ ထို့နောက်တွင်တော့ ရာပေါင်းများစွာက သူ့အား တစ်ပြိုင်တည်း တိုက်ခိုက်ကြတော့သည်။ ပင်လယ်သားရဲတစ်ကောင်ဆိုလျှင် အမျက်ဒေါသအပြည့်ဖြင့် မုန်းမုန်းတီးတီး ဟိန်းဟောက်ရင်း ပင်လယ်ထဲမှ ဝုန်းခနဲ ထွက်လာကာ မန်ဟို့ကို စားဖို့ ကြိုးစားခဲ့သည်။

“ဒါ ဖန်းတုံးအာကြောင့် မဟုတ်ဘူး” သူက အသတ်အဖြတ်စိတ်ဆန္ဒတို့ တဟုန်းဟုန်းတောက်နေလျက် ပြောသည်။ ချေးပိုးထိုးများက ပင်လယ်သားရဲများကို အငမ်းမရ ကိုက်စားနေသဖြင့် မချိတင်ကဲအော်သံများ ဆူညံနေသည်။ မီတာသုံးဆယ်ကျော် ရှည်လျားသော ပင်လယ်နဂါးအတွက်မူ မန်ဟိုသည် ရှေ့တက်ပြီး ၎င်းခေါင်းကို ပုတ်လိုက်သည်။ ၎င်းမှာ ချက်ချင်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲပြီး တစ်ကိုယ်လုံး ကြေမွသွားတော့သည်။

မကြာမီ မန်ဟိုမှာ စိတ်နှလုံးတုန်ရီလာသည်။ သူသည် ယခုတွင် တဖွေးဖွေးလှုပ်နေသော မြူများဖြင့် ဝန်းရံခံထားရပြီး ပတ်ဝန်းကျင်ကို စနည်းနာရန် နတ်ဘုရားအာရုံအား ဖြန့်ကျက်လိုက်သည့်အခါ ပင်လယ်သားရဲတစ်ထောင်နီးပါး သူ့ထံသို့ သွေးရူးသွေးတန်းလာနေကြောင်း ပြောနိုင်သွားသည်။

ထိုပင်လယ်သားရဲများအနက် တချို့သည် ပိတ်ပိတ်ပိန်းနက်မှောင်နေပြီး လူသဏ္ဌာန်ရှိသည်။ ၎င်းတို့၏အရှိန်အဝါပေါ်မူတည်၍ သာမန်ပင်လယ်သားရဲများမဟုတ်ဘဲ ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သောအရာများဖြစ်ကြောင်း သိသာသည်။

၎င်းတို့ မန်ဟို့ကို ကြည့်သောအခါ မုန်းတီးစက်ဆုပ်မှုက မိုးထိုးနေ၏။

ဤရွေ့ဤမျှသာဆိုလျှင် ကိစ္စမရှိသေး။ သို့သော် တဖြေးဖြေး မန်ဟိုသည် သူ့ကို မုန်းတီးနေသည်ကား ပင်လယ်သားရဲများတင်မဟုတ်ကြောင်း ခံစားလာရ၏။ အကြောင်းတစ်စုံတရာကြောင့် နဝမပင်လယ်ကိုယ်တိုင်က သူ့ကို နှင်ထုတ်ဖို့ ကြိုးစားနေသည့်အလားပင်။

အဝေးတွင် မန်ဟိုသည် အရပ်လေးမျက်နှာမှ သူ့ထံသို့ ပြေးဝင်လာနေကြသည့် ပို၍ပင်များပြားသော ပင်လယ်သားရဲများကို မြင်လိုက်ရ၏။ အကန့်အသတ်မရှိသော နဝမပင်လယ်ထဲတွင် ၎င်းတို့မည်မျှများပြားကြောင်း မည်သူမှ အမှန်တကယ် မသိနိုင်ပေ။ သို့သော် မြန်မြန်အဆုံးမသတ်ပါက တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီး သူ့ကို ခေါင်းနပန်းကြီးစေနိုင်သည့် ကြောက်မက်ဖွယ်ပင်လယ်သားရဲများကို ပို၍ပင် ဆွဲဆောင်နေလိမ့်မည်။

ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့်များနှင့် တူညီသော သတ္တဝါတစ်ကောင်ကောင် ပေါ်လာလျှင်တော့ သူ သေသွားနိုင်သည်။

“သေစမ်း ဒီမှာ ဘာတွေ ဖြစ်နေတာလဲ” သူက ချေးပိုးထိုးများအား ပင်လယ်ရေမျက်နှာပြင်နှင့် ဝေးရာသို့ ပျံတက်စေလိုက်ရင်း တွေးနေသည်။ သူ့အနောက်တွင် ပင်လယ်သားရဲတစ်ထောင်ကျော်က ထပ်ကြပ်မကွာလိုက်လာ၏။ ဤအခိုက်အတန့်တွင် သူသည် သိုလှောင်အိတ်ထဲမှာ တံဆိပ်ပြားတစ်ပြားအား ထုတ်လိုက်၏။

သူက ၎င်းကို ခေါင်းအထက်သို့ မြှောက်ရင်း အသံကုန်အော်လိုက်သည်။ “ဂိုဏ်းသားမန်ဟို နဝမပင်လယ်နတ်လောကကို ပြန်ရောက်လာပါပြီ။ အစောင့်အရှောက်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

သူ့အသံ ဟိန်းထွက်သွားစဉ် သူက တံဆိပ်ပြားကို ချိုးလိုက်သည်။ လှိုင်းများက သူ့အသံကို ပင်လယ်နက်ပိုင်းထဲသို့ သယ်ဆောင်ရင်း ဖြာထွက်သွား၏။

ယခုတွင် ပင်လယ်သားရဲအုပ်ကြီးကား သူနှင့်အလွန် နီးကပ်နေလေပြီ။ မန်ဟိုသည် လွယ်ကူသော ပစ်မှတ်မဟုတ်ပေ။ ပုံမှန်ဆို သူ့အနေဖြင့် ပင်လယ်သားရဲအမြောက်အမြားအား လျစ်လျူရှုမထားနိုင်ပေ။ သူက အေးစက်စက် နှာမှုတ်ရင်း သူ၏အင်မော်တယ်အကြောများကို စွမ်းအားတို့ဖြင့် ပေါက်ကွဲသွားစေပြီးနောက် ဘယ်လက်ကို မြောက်၍ တောင်ထောင်ချီအား ဆင့်ခေါ်ကာ ပင်လယ်သားရဲများအပေါ် ဖိချလိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် အေးစက်စက်အသံတစ်သံက ပင်လယ်အောက်မှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

“မင်းက မန်ဟိုလား” အသံထွက်လာသည့်အချိန်မှာပင် ပင်လယ်မျက်နှာပြင်သည် နှစ်ခြမ်းကွဲသွားကာ လူရိပ်တစ်ခုထွက်လာသည်။ သူက ပင်လယ်ပြင်ထက်ရှိ မြူများအပေါ်တွင် ပျံဝဲနေ၏။

၎င်းက ယောက်ျားတစ်ဦးဖြစ်သော်လည်း ပုံပန်းသွင်ပြင်ကား လွန်စွာ ထူးဆန်းပေသည်။ သူ၏အရေပြားက နက်မှောင်နေပြီး အကြေးခွံများဖြင့် ဖုံးမနေသော်လည်း နဖူးတွင် ရွှေရောင်ငါးကြေးခွံတစ်ခုရှိသည်။

သူက မန်ဟို ဖန်းတုံးအာကို ပထမဆုံးမြင်ခဲ့တုန်းက သူမဝတ်ဆင်ထားသည့်အတိုင်း နဝမပင်လယ်နတ်လောက၏ ဂိုဏ်းသားအဝတ်အစားကို ဝတ်ထားသည်။

သူသည် ပေါ်လာလာချင်း ပတ်ပတ်လည်ရှိ ပင်လယ်သားရဲများကို ကြည့်လိုက်ရာ ၎င်းတို့အားလုံး တုံ့ခနဲ ရပ်သွားကြသည်။ ထို့နောက် ၎င်းတို့က နောက်ဆုတ်ပြီး ရေထဲပြန်ငုံ့သွားကြ၏။

မန်ဟိုက ပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်ရာ ၎င်းတို့မှာ ငြိမ်ကျသွားသော်လည်း တကယ်ထွက်မသွားသေးကြောင်း ပြောနိုင်လိုက်သည်။ ထိုမျှသာမက ၎င်းတို့၏မျက်လုံးများသည် စောစောကကဲ့သို့ မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေဆဲပင်။

“အန္တရာယ်ကြားကနေ ကယ်တင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်း” မန်ဟိုက ဟင်းခနဲ သက်ပြင်းချရင်း ပြောပြီးနောက် လက်ယှက်၍ ထိုလူ့ကို အရိုအသေပေးလိုက်သည်။ “လူကြီးမင်း ကျုပ်က နဝမပင်လယ်နတ်လောကမှာ တာဝန်လာထမ်းဆောင်ဖို့ တာအိုဆရာအစည်းအရုံးသုံးခုကနေ မှာကြားခဲ့တဲ့ မန်ဟိုပါ”

ကြည့်ရသရွေ့ ဤလူသည် ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ပင်လယ်သားရဲတစ်ပိုင်း၊ လူတစ်ပိုင်းဖြစ်ပုံပေါ်သည်။ ၎င်းက လူအသွင်ဖန်ဆင်းနိုင်အောင် မှော်ကျင့်စဉ်တစ်ခုကို ကျင့်ကြံခဲ့လိမ့်မည်။

မိစ္ဆာတစ်ကောင်ပုံစံပေါက်သော်လည်း မိစ္ဆာများနှင့်မတူပေ။

ထိုလူက အင်မတန် ထိန်းချုပ်ထားရဟန်တူသော မုန်းတီးမှုတို့ မျက်လုံးများတွင် မသိမသာလင်းလက်နေလျက် မန်ဟို့ကို ကြည့်သည်။

“လိုက်ခဲ့” သူက အေးစက်စက် ပြောသည်။ သူ ချာခနဲ လှည့်၍ ပင်လယ်အောက်သို့ ဆင်းသွားစဉ် အသတ်အဖြတ်စိတ်ဆန္ဒက သူ့စိတ်ထဲတွင် ပြင်းထန်လာသည့်အလား ထင်ရသည်။

မန်ဟို့မျက်နှာမည်းမှောင်သွားသည်။ သူသည် ပင်လယ်သားရဲများနှင့်ပတ်သက်၍ သိပ်ဂရုမစိုက်သော်လည်း လူလည်းမဟုတ်၊ မိစ္ဆာလည်း မဟုတ်သည့် ဤဖြစ်တည်မှုကမူ မည်သည့်အတွက်ကြောင့် သူ့ကို မုန်းတီးပြီး သတ်ချင်နေသလဲ သူ နားမလည်နိုင်တော့ပေ။ သူ့မှာ နဝမပင်လယ်အား တစ်ခါမှ ရန်စမခဲ့ဖူးသည်မဟုတ်ပါလော။

သူသည် အသိနှင့်သတိကပ်ထားရင်း ထိုလူ ပင်လယ်ထဲ ဆင်းသွားသည်ကို ကြည့်ရင်း သူ၏ချေးပိုးထိုးများကို ပြန်သိမ်း၍ အေးစက်စက် နှာတစ်ချက်မှုတ်ကာ လိုက်သွားတော့သည်။

သူတို့နှစ်ယောက်သည် စကားမပြောဘဲ အမြန်ဆုံးသွားနေကြ၏။ ပင်လယ်ကြမ်းပြင်နှင့် နီးကပ်လာသည့်အခါ မန်ဟိုမှာ ပင်လယ်သားရဲအမျိုးအစားများစွာကို ခံစားလိုက်ရပြီး အကုန်လုံးက သူ့ကို ရန်သူသဖွယ် မြင်နေကြသည့်အလားပင်။

“ဘာကြောင့် အခုလို ပြုမူနေကြတာပါလိမ့်” သူက တွေးသည်။ တဖြေးဖြေး သူတို့သည် အနက်ပိုင်းထဲ ရောက်သထက် ရောက်လာခဲ့သည်နှင့်အမျှ မန်ဟို့မျက်နှာတွင် အံ့ဩမှုတို့ ဖြတ်ပြေးသွားသည်။ သူ့အပေါ် သက်ရောက်နေသော ဖိအားက ပို၍သာ ပြင်းထန်လာနေသည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံသည် ၎င်းကို တန်ပြန်တွန်းလှန်ရင် အလိုအလျောက် လည်ပတ်နေ၏။

ဖိအားမှာ ချုပ်နှောင်ခြင်းမှော်အစွမ်းတစ်မျိုးကြောင့်မဟုတ်ဘဲ နဝမပင်လယ်ကိုယ်တိုင်မှ ဖိနှိပ်နေသည့်အရာသာ ဖြစ်သည်။ ထို့ကြောင့် သူ့ကျင့်ကြံခြင်းအခြေခံသည် အလွန်ကြီးမားလေးလံသောအရာကြီးကို သက်ဆောင်နေရသကဲ့သို့ ချုပ်ချယ်ကန့်သတ်ခံနေရသည်။ တစ်ချိန်တည်းမှာပင် ရေမျက်နှာပြင်ထက်၌ အလွယ်တကူ ထုတ်လွှတ်နိုင်သော မှော်သိုင်းကွက်များအား ဤနေရာတွင် သုံးရခက်လိမ့်မည်။၊

နက်သထက် နက်လာလေ၊ ဖိအားက များသထက် များလာသည်။ သူ့ကျင့်ကြံခြင်းအခြေခံမှာ ပုံမှန်အဆင့်၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်အထိ လျှော့ချခံခဲ့ရကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟိုမှာ အံ့အားသင့်နေတော့သည်။

နောက်ဆုံးတော့ သူသည် နဝမပင်လယ်နတ်လောက မည်မျှကြောက်စရာကောင်းသည်ကို နားလည်လိုက်ရာ သူ့မျက်လုံးများကား စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပစပြုလာတော့သည်။ ဤနေရာတွင် အချိန်ကြာကြာ ကျင့်ကြံအားထုတ်ပါက အပြင်လောကသို့ ထွက်သည်နှင့် ကျင့်ကြံခြင်းအခြေခံသည် တဟုန်ထိုး မြင့်ထက်သွားကာ ယခင်ထက်ပို၍ပင် အစွမ်းထက်သွားလိမ့်မည်။

“တာအိုဆရာအစည်းအရုံးသုံးခုက တကယ် အံ့ဩဘနန်းပဲ။ သူတို့ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ ထူးခြားတဲ့အကြောင်းရင်းတွေ ရှိကိုရှိလိမ့်မယ်။ ဒီနေရာမှာ ကျင့်ကြံတာကနေ ရရှိတဲ့ အထူးအာနိသင်တွေကတောင်မှ နဝမပင်လယ်နတ်လောကကျင့်ကြံသူတွေကို တခြားဂိုဏ်းအများစုထက် အများကြီးသန်မာစေတယ်” ဤအခိုက်အတန့်တွင် သူသည် နဝမပင်လယ်၏ဖိအားကို ခုခံနေခြင်းအား ရပ်၍ တောင့်ခံရန် အားထုတ်လိုက်၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် နဖူး၌ ငါးကြေးခွံနှင့်လူက မန်ဟို့အား အင်မတန် ခမ်းနားကြီးကျယ်သောနေရာတစ်နေရာသို့ ဦးဆောင်ခေါ်သွားသည်။

ဤနေရာ၊ ပင်လယ်၏ အောက်ခြေတွင် မြေထုကြီးတစ်ခုရှိသည်။

၎င်းက ပင်လယ်ကြမ်းပြင်မဟုတ်၊ ပင်လယ်ထဲတွင် ပျံဝဲနေသောအရာဖြစ်သည်။ ၎င်းသည် အမှောင်ထုထဲအထိ ဆန့်တန်းနေရာ မည်သည့်နေရာတွင် အဆုံးသတ်သည်လဲ မမြင်နိုင်ပေ။

၎င်းကား နဂါးမင်းကြီး၏ ဒဏ္ဍာရီလာ ရေအောက်နန်းတော်ကြီးအလားပင်။ မှိုလိုပေါက်နေသော အဆောက်အဦးများ၏ ဘေးတွင် ခင်းထားသည့် အလှဆင်ကျောက်များအား နေရာအနှံ့တွင် မြင်နိုင်သည်။ ဆန်းဆန်းပြားပြား ပန်းပွင့်များနှင့်အတူ တောင်တန်းများ၊ မြစ်များနှင့် မြို့များကိုပင် မြင်နိုင်၏။

အလင်းတန်းများထဲမှ ဟိုဟိုသည်သည် ပျံသန်းနေသော ကျင့်ကြံသူများစွာလည်း ရှိနေသည်။ ပင်လယ်နဂါးများလည်း ဟိုနားသည်နား ကူးခတ်သွားလာနေရာ တစ်လောကလုံးအား စည်ကားသိုက်မြိုက်နေစေတော့သည်။

ရွှေရောင်ဂိတ်ပေါက်ကိုးပေါက်က ဂိုဏ်း၏ဝင်ပေါက်အဖြစ် တာဝန်ယူကာ အရှေ့ဆုံးဂိတ်ထိပ်တွင်တော့ စာလုံးလေးလုံးနှင့် မုခ်ဦးတစ်ခု ရှိသည်။

ကိုး ပင်လယ် နတ် လောက။

***

All Chapters