ရမ်းကားခြင်း
Vol. 75 Ch. 1037
ဤသည်မှာ န၀မတောင်ပင်လယ်၏ တာအိုဆရာအစည်းအရုံးသုံးခုမှ တစ်ခုဖြစ်သော န၀မပင်လယ်နတ်လောကတဖြစ်လဲ ကိုးပင်လယ်နတ်လောကဖြစ်သည်။
၎င်းသည် ဟိုးလေလွန်ပြီးသော အချိန်များကတည်းက အစပြုပြီး ထာ၀ရအလား တည်ရှိနေခဲ့၏။ ကြည့်ရသရွေ့ တောင်ကိုးလုံးပင်လယ်ကိုးစင်းနှင့်အတူ တည်ရှိနေခဲ့သည့်အလားပင်။ ဤနေရာတွင် ကျင့်ကြံအားထုတ်ပြီး အပြင်လောကသို့ ထွက်လာလျှင် ကျင့်ကြံခြင်းအခြေခံ၌ တဟုန်ထိုးတိုးတက်မှုကို ကြုံတွေ့ရမည်ဖြစ်သည်။
န၀မတောင်ပင်လယ်တစ်ခုလုံးတွင် န၀မပင်လယ်၌ ကျင့်ကြံအားထုတ်နိုင်လောက်အောင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး ပင်လယ်အောက်ခြေ၌ပင် တည်ရှိနိုင်သည့် တစ်ခုတည်းသောဂိုဏ်းကတော့ နဝမပင်လယ်နတ်လောက သို့မဟုတ် ကိုးပင်လယ်နတ်လောကဖြစ်သည်။
ထိုကဲ့သို့ ကျင့်ကြံအားထုတ်မှုများကြောင့် နတ်လောကဟု အမွှန်းတင်ရန်ကား ချဲ့ကားရာမရောက်ပေ။ အထူးသဖြင့် ထိုနေရာတွင် တည်ရှိသော မိုးနှင့်မြေ၏စွမ်းအားကို ထည့်တွက်လျှင်ပင်။ န၀မတောင်ပင်လယ်တစ်ခုလုံးတွင် ဤနေရာသည် ဆုံချက်သဖွယ်ဖြစ်သည်။ (နတ်လောကဆိုတာ အမွှမ်းတင်ရုံတင်တင်ပါ၊ အဆင့်နိမ့်လောက၊ အဆင့်မြင်လောကဆိုတဲ့ လောကထဲမပါဘူး၊ တောင်ပင်လယ်လောကမှာပဲ တည်ရှိနေတဲ့ နေရာတစ်ခုပါ)
ထို့အပြင် အနက်ပိုင်းထဲ ရောက်သွားလေလေ၊ သဘာဝစွမ်းအင်က အကန့်အသတ်မဲ့လာလေလေဖြစ်သည်။
မန်ဟို့စိတ်နှလုံးမှာ တုန်ရီနေသည်။ သူသည် ဂိုဏ်းပေါင်းများစွာကို ရောက်ရှိခဲ့ဖူးသော်လည်း မည်သည့်အရာကမှ ယခုကိုးပင်လယ်နတ်လောကကို ကြည့်နေရသကဲ့သို့ သူ့အား မတုန်လှုပ်စေပေ။
သူက တိုက်ကြီးတစ်တိုက်သဖွယ် အရှေ့၌ ဆန့်တန်းနေသော မြေထုကြီးကို ကြည့်လိုက်ပြီး ကျင့်ကြံသူများသာမက ထူးခြားဆန်းပြားသော ဖြစ်တည်မှုများကိုလည်း မြင်လိုက်ရသည်။ ၎င်းတို့က လူခန္ဓာကိုယ်ရှိသော်လည်း တခြားသတ္တဝါအမျိုးအစားများ ဖြစ်ကြောင်း သိသာသည်။
တစ်ယောက်စီတွင် ပင်လယ်သားရဲတစ်မျိုးနှင့် ခင်ဆင်ဆင် အသက်စွမ်းအားများရှိကြ၏။ မန်ဟိုသည် ဤအရာများက န၀မပင်လယ်၏ သူမတူသော မိစ္ဆာကျင့်ကြံသူများဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် မျက်လုံးများ လင်းလက်သွားတော့သည်။
သူတို့က နတ်မိစ္ဆာအစစ်များမဟုတ်ဘဲ ကျင့်ကြံအားထုတ်ရင်း ယခုလိုပုံစံဖြစ်လာသည့်တိုင်အောင် တစတစ အသွင်ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။
မန်ဟို့အတွက် ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသည်မှာ မြေထုသည် တကယ်တော့ ပင်လယ်ကြမ်းပြင်မှ အကွာအဝေးတစ်ခုတွင် မျောလွင့်နေသည့်အတွက်ဖြစ်သည်။ ကိုးပင်လယ်နတ်လောကမြေထုနှင့် ပင်လယ်ကြမ်းပြင်အကြား၌ ပိတ်ပိတ်ပိန်’နေသော အမှောင်ထုရှိ၏။
ထိုနေရာမှ အောက်သို့ဆင်းသွားလေလေ၊ ဖိအားက များလာလေလေဖြစ်ပြီး သဘာဝစွမ်းအားများကို ရှာတွေ့နိုင်သည်။ ကျင့်ကြံသူများအတွက် န၀မပင်လယ်မှ ထုတ်လွှတ်နေသောဖိအားက ဤနေရာကို အထွတ်အမြတ်မြေတစ်ခုပမာ ဖြစ်စေသည်ဟုဆိုနိုင်သည်။
"ဒါဟာ ကိုးပင်လယ်နတ်လောကတဲ့လား" သူက ဤနေရာ၏ ကြီးမားသော ခမ်းနားမှုကို ခံစားနေရသဖြင့် မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် ရေရွတ်လိုက်သည်။ သူသည် န၀မပင်လယ်မှ ဖိအားကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ မူလ၏ ၇၀ရာခိုင်နှုန်းအထိ ကန့်သတ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
သူ၏ မျက်လုံးများက ကိုးပင်လယ်နတ်လောက၏ ၀င်ပေါက်ဖြစ်သော တလက်လက် တောက်ပနေသည့် ဂိတ်ပေါက်ကိုးခုတစ်လျှောက် ဖြတ်ပြေးသွားသည်။ ပထမဂိတ်၏အပေါ်တွင် ကိုးပင်လယ်နတ်လောကဟူသော စာလုံးများရှိပြီး ကျန်ရွှေရောင်ဂိတ်များမှာမူ ဂိတ်အစစ်ထက် ကျောက်တိုင်ကြီးများနှင့် ပိုတူ၏။
ထိုမျှသာမက အဆိုပါရွှေဂိတ်ကျောက်တိုင်များ၏ မျက်နှာပြင်ပေါ်တွင် နာမည်များ ပြွတ်သိပ်နေသည်။ အဆိုပါနာမည်တစ်ခုစီက ကိုးပင်လယ်နတ်လောကကျင့်ကြံသူအကုန်လုံး မြင်ရအောင် ရွှေအလင်းတို့ဖြင့် လင်းလက်နေသည်။ နာမည်များက စာရင်းတစ်ခုသဖွယ် ဖြစ်နေပြီး ကျောက်တိုင်တစ်တိုင်စီပေါ်တွင် နာမည်ပေါင်းတစ်သောင်းရှိသည်။
ကျောက်တိုင်တစ်တိုင်ပေါ်တွင် မန်ဟိုသည် ဖန်းတုံးအာ၏နာမည်ကို မြင်လိုက်ရပြီး ၎င်းက အဆင့်(၉၄) တွင် ရှိနေ၏။ သူမနာမည်ရေးထိုးထားသော ရွှေရောင်စာလုံး၏ဘေး၌ စာတန်းတစ်တန်းအား မြင်ရနိုင်သည်။ ၎င်းက အနက် - မီတာ ၂၄၀၀၀ ၊ နာနီ - ၅၄ နာရီဟု ရေးထားသည်။
တခြားနာမည်များ၏ဘေးတွင်လည်း မီတာ ၂၄၀၀၀ ဆိုသော ဂဏန်းများနှင့် အချိန်အပိုင်းအခြားများရှိကြသည်။
ကျောက်တိုင်ပေါ်တွင် မြင်ရသော နာမည်များက နတ်မီးလျှံစမ်းသပ်ပွဲအမျိုးမျိုး၏ မှတ်တမ်းများအလားပင်။
မန်ဟိုမှာ ရင်တဒိန်းဒိန်း ခုန်လာသည်။ ရွှေဂိတ်ကျောက်တိုင်များက သူ့အား ဖန်မျိုးနွယ်စုရှိ ဆေးအိမ်တော်နှင့် ဆေးလုံးအိမ်တော်အပြင်ရှိ ကျောက်တိုင်များအပြင် ဘိုးဘေးမြေထဲတွင် သူမြင်ခဲ့ရသော ကျောက်တိုင်ကြီးအား သတိရသွားစေသည်။ ကိုးပင်လယ်နတ်လောကဂိုဏ်းသားကိုယ်စီ၏ သက်ဆိုင်ရာ ဂဏန်းအရေအတွက်များနှင့် ဤနေရာရှိ ၎င်းတို့၏ တည်ရှိမှုက ထိုဂိုဏ်းသားများ၏ ကြီးမြတ်သော ဂုဏ်ကျက်သရေကို ညွှန်ပြနေသည်။
မန်ဟိုသည် သူ့အား အဖက်မလုပ်ဘဲ ဂိုဏ်းထဲသို့ ဦးဆောင်ခေါ်သွားနေသောလူနောက်သို့ လိုက်ရင်း မျက်လုံးများ ထူးဆန်းစွာ တောက်ပနေသည်။
ရံဖန်ရံခါ သူတို့သည် ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားများနှင့် ပက်ပင်းတိုးရတတ်သည်။ သူတို့က ရှေ့မှ ဦးဆောင်သွားနေသောလူကို မြင်လျှင် ပြုံးပြီး ခေါင်းညိတ်ပြပြီးနောက် အကြည့်များက မန်ဟို့ထံ ရောက်ရှိလာကြ၏။
တချို့သည် မိစ္ဆာကျင့်ကြံသူများဖြစ်ပြီး မန်ဟို့ကို မြင်သောအခါ ရှူးရှူးရှားရှား ဖြစ်သွားကြလေသည်။ သူတို့၏ မျက်လုံးများက လျင်မြန်စွာပင် သွေးချင်းနီသွားကြပြီး အသတ်အဖြတ်အရှိန်အဝါတို့ ဖြာထွက်လာကြ၏။
မန်ဟိုက မျက်မှောင်ကြုတ်ရင်း အေးစက်စက်မျက်နှာပိုင်ရှင်နောက်မှလိုက်ရင်း နဝမပင်လယ်နတ်လောကဟု သူသိထားသည့် ကိုးပင်လယ်နတ်လောကထဲ ၀င်ရောက်သွားသည်။ သူတို့ မြေထုအပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကိုးပင်လယ်နတ်လောကရှိ မိစ္ဆာကျင့်ကြံသူအကုန်လုံးသည် ထိုအခိုက်အတန့်တွင် မည်သည့်အရာကိုပဲ လုပ်နေပါစေ ချက်ချင်း ခေါင်းမော့ပြီး မန်ဟို့ကို စိုက်ကြည့်လိုက်ကြ၏။
တမုဟုတ်ချင်းပင် အသတ်အဖြတ်စိတ်ဆန္ဒနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အမျက်ဒေါသနှင့် စက်ဆုပ်ရွံရှာမှုတို့က သူတို့၏ မျက်လုံးများတွင် ပေါ်ပေါက်လာ၏။
ဤမိစ္ဆာကျင့်ကြံသူများမှာ အရေအတွက်အားဖြင့် ထောင်ချီရာ သူတို့အားလုံး၏ စိုက်ကြည့်ခြင်းခံနေရသော ခံစားချက်အား ဖော်ပြဖို့ရန် မဖြစ်နိုင်ပေ။ မန်ဟို့မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး မျက်လုံး ဝိုင်းစက်ပြူးကျယ်သွားသည်။
အထူးသဖြင့် မိစ္ဆာကျင့်ကြံသူအချို့၌ ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံများရှိသည်ကို သတိထားမိလိုက်သည့်အတွက်ပင်။ သူတို့၏ မုန်းတီးစက်ဆုပ်နေသော အကြည့်များ သူ့အပေါ် ကျရောက်လာသောအခါ သူ့မှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။
ဤရွေ့ဤမျှသာဆိုလျှင် ကိစ္စအကြီးအကျယ် မဟုတ်သေးသော်လည်း မြင်နေရသောအိမ်များမှ နတ်ဘုရားအာရုံစီးကြောင်းများစွာ ထွက်လာရာ မန်ဟို့နှလုံးခုန်သံမှာ ဗြောင်းဆန်လာလေသည်။
ဤမိစ္ဆာချုပ်နှောင်သူ ထောင်ပေါင်းများစွာမှာ သူတို့ကိုယ်သူတို့ မနည်းထိန်းချုပ်နေရသည့်အလားပင်။ ဆန့်ကျင်ဘက်တွင် ကိုးပင်လယ်နတ်လောက၏ လူကျင့်ကြံသူများက မန်ဟို့ကို စပ်စပ်စုစု ကြည့်နေကြ၏။ ချက်ချင်းပင် လူများက သူ့ကို မှတ်မိလာကြတော့သည်။
"အဲ့ဒါ မန်ဟိုပဲ"
"သူက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ ဂိုဏ်းသားအဖြစ် လက်ခံခံရတယ်လို့ ငါ ကြားတယ်"
"အရှေ့အောင်ပွဲဂြိုလ်ပေါ်က တိုက်ပွဲမှာ သူ ထွန်းတောက်လာတာကို န၀မပင်လယ်တစ်ခုလုံး မြင်ခဲ့ရတယ်။ သူက အင်မော်တယ်နယ်ပယ်ပါရာဂွန်လေ" ကျင့်ကြံသူအားလုံးတွင် မတူညီသော မျက်နှာအမူအရာများ ရှိနေကြ၏။ တစ်ချို့က အံ့အားသင့်နေကြသည်။ တစ်ချို့က အေးစက်စက် ကြည့်နေကြ၏။ တစ်ချို့ကတော့ လှောင်ပြောင်နေကြသည်။
သို့သော် ကျင့်ကြံသူများ၏အမူအရာ မည်သို့ပင်ဖြစ်နေပါစေ၊ သူတို့သည် မိစ္ဆာကျင့်ကြံသူများ၏ ထူးဆန်းသောအမူအရာများကို သတိထားမိသောအခါ အံ့အားသင့်ကုန်ကြလေသည်။ မန်ဟို့ရင်ထဲရှိ စိုးရိမ်သောကတို့မှာတော့ ပို၍သာ ပြင်းထန်လာ၏။ သူက အသိနှင့်သတိကပ်ထားရင်း အေးစက်စက်မျက်နှာပိုင်ရှင်လူနောက်မှ ကိုးပင်လယ်နတ်လောကကို ဖြတ်သွားနေသည်။ သူတို့ အထဲသို့ ရောက်လာလေလေ၊ မိစ္ဆာကျင့်ကြံသူများ၏ သတ်ဖြတ်လိုစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုတို့မှာ ပိုပို၍ အားကောင်းလာလေလေဖြစ်သည်။
ဤအချိန်တစ်ဝိုက်တွင် ရုတ်တရက် မိစ္ဆာကျင့်ကြံသူများကြားမှ အေးစက်စက်နှာမှုတ်သံ ထွက်လာပြီး အလင်းတန်းတစ်တန်း မန်ဟို့ထံ ပြေး၀င်လာသည်။
၎င်းက နဖူးပေါ်တွင် ငါးကြေးခွံတစ်ခုနှင့် အတိုင်းထက်အလွန် ချောမောသော သက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သူက အဖြူရောင်၀တ်ရုံကို ၀တ်ထားပြီး အနီရောင်ချိုနှစ်ခုက သူ့နဖူးမှ ထိုးထွက်နေ၏။ သူသည် အားကောင်းသော အသတ်အဖြတ် အရှိန်အဝါကို ထုတ်လွှတ်နေပြီး အမြန်ဆုံးနှုန်းဖြင့် ရွေ့လျားလာနေသည်။ သူက မန်ဟို့အနား ရောက်လာသည်နှင့် ညာလက်ကို ဆန့်တန်းလိုက်ကာ ဓားပျံကိုးလက်အသွင် ပြောင်းသွားသော လှိုင်းဂယက်များအား ဖြာထွက်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်း ဓားပျံကိုးလက်က ကြက်သွေးရောင်ငါးကိုးကောင်အသွင် ယူလိုက်၏။ ၎င်းတို့က ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် ဟိန်းဟောက်ပြီး လေကိုခွင်းသွားကြသည်။ သက်လက်ပိုင်းလူကမူ အသတ်အဖြတ်အရှိန်အဝါနှင့် အစွမ်းထက်သောကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထား၏။ အကြော ၁၀၀ ကျော်မဟုတ်သော်လည်း အနည်းဆုံး ၉၀ ကျော်ရှိသော အင်မော်တယ်အကြောစွမ်းအားများလည်း ဖြာထွက်လာသည်။
သူ တိုက်ခိုက်သည်ကို မြင်လျှင်ချင်း မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာများတွင် ပို၍ပင်ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒများ ဖြတ်ပြေးသွားတော့သည်။
မန်ဟို့ကို လမ်းပြနေသော မိစ္ဆာကျင့်ကြံသူမှာမူ တခဏ ချီတုံချတုံဖြစ်သွားသော်လည်း တိုက်ခိုက်ရန်လာနေသော မိစ္ဆာကျင့်ကြံသူကို ဟန့်တားရန် မကြိုးစားပေ။ သူက မမြင်ချင်ယောင်ဆောင်ရင်း မန်ဟို လိုက်မမှီသည်ဖြစ်စေ၊ တိုက်ခိုက်ခံရသည်ဖြစ်စေ၊ ဂရုမစိုက်သည့်အလား ရှေ့ဆက်သွားနေသည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ တောင်တန်းတစ်တန်းကို ဆင့်ခေါ်ပြီး ငါးဓားကိုးလက်အား ဟန့်တားလိုက်သည်။
"တာအိုရောင်ရင်း ဒါ ဘာအဓိပ္ပာယ်လဲ" သူက နောက်ဆုတ်ရင်း မေးလိုက်သည်။ သူ့အနေဖြင့် ကိုးပင်လယ်နတ်လောကသို့ ၀င်၀င်ချင်းမှာတင် ဤနေရာရှိ ကျင့်ကြံသူများနှင့် ပဋိပက္ခ မဖြစ်ပွားလိုပေ။
သူ့ပြိုင်ဘက်က စကားတစ်လုံးမှ ပြန်မပြော။ မန်ဟို့ကို စကားပြောခြင်းက သူ့ပါးစပ်ကို ညစ်ညမ်းသွားစေမည်ဟု ယုံကြည်နေသည့်အလား အေးစက်စက်သာ ရယ်သည်။ သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး သူ့နောက်ရှိ လေထုသည် လှိုင်းဂယက်များ ထသွားကာ ဧရာမအနီရောင်လက်ကြီးတစ်ဖက် ပေါ်လာ၏။ လက်ကြီး မန်ဟို့ထံ ပြေး၀င်လာစဉ် ကြောက်မက်ဖွယ်လှိုင်းများ ဖြာထွက်လာသည်။
မိစ္ဆာကျင့်ကြံသူ၏ ကျင့်ကြံခြင်းအခြေခံက စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာသည်။ ကိုးပင်လယ်နတ်လောကထဲတွင် တည်ရှိနေသည့်အတွက်ကြောင့် အတော်လေးဖိနှိပ်ခံထားရသည့်တိုင် ၎င်းက မယုံနိုင်လောက်အောင် မှင်သက်ဖွယ်ကောင်းသေး၏။ သူ၏ အသတ်အဖြတ်စိတ်ဆန္ဒကလည်း ကြောက်ခမန်းလိလိပင်။
"တာအိုရောင်ရင်း" မန်ဟိုက မျက်မှောင်ပိုကြုတ်သွားရင်း နောက်ထပ်ဆုတ်ကာ ပြောသည်။ "ဘာဖြစ်သွားတာလဲ ကျေးဇူးပြုပြီးပြောပါ။ ကျုပ်ကို သတ်ချင်တာဆိုရင် အနည်းဆုံးတော့ အကြောင်းအရင်း ပြောသင့်ပါတယ်"
သို့သော် သတ်လတ်ပိုင်းလူက နည်းနည်းလေးမှ အရှိန်မလျှော့ပေ။ သူက လက်ကိုဝှေ့ယမ်းရင်း ရှေ့တက်လာရာ သူ့နဖူးပေါ်ရှိ အကြေးခွံသည် ပို၍ပင် တောက်ပလာသည်။ ချက်ချင်း သူသည် အေးစက်စက် လက်နေသာ ငါးကြေးခွံတစ်ထောင်ကျော်ဖြင့် ၀န်းရံခြင်းခံလိုက်ပြီး ၎င်းတို့က လေမုန်တိုင်းသဖွယ် မန်ဟို့ထံ ပြေး၀င်လာသည်။
"ကြေးခွံသုတ်သင်ခြင်း" သက်လက်ပိုင်းလူက အသတ်အဖြတ်စိတ်ဆန္ဒတို့ ပို၍ ပြင်းထန်လာနေလျက် အေးစက်စက် ပြောသည်။ သူက မန်ဟို့ကို အပိုင်းပိုင်းဖြတ်ပစ်နေချင်သည့်အလားပင်။
မန်ဟိုမှာ အလွန်ဒေါသထွက်သွားပြီး အပြုံးတစ်စ သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။ န၀မပင်လယ်သို့ ရောက်ရောက်ချင်းမှာပင် သူ့မှာ အကြောင်းရင်းမသိရဘဲ ပင်လယ်သားရဲများ၏ ရန်သူတစ်ဦးသဖွယ် အဆက်ဆံခံခဲ့ရသည်။ ထို့နောက် န၀မပင်လယ်နတ်လောကထဲ ဝင်ရောက်လာသည့်အခါ ထိုနေရာရှိ မိစ္ဆာကျင့်ကြံသူများက သူ့အား ပို၍ပင် ဆိုးဆိုးဝါးဝါး ဆက်ဆံနေလေပြီ။
ရှင်းရှင်းပြောရလျှင် မန်ဟိုသည် မိုးကောင်းကင်ကိုပင် အာခံပြီး စည်းကမ်းများ၊ ဥပဒေသများကို မလိုက်နာတတ်သည့် လူစားမျိုးဖြစ်သည်။ သူ့တာအိုက မည်သည့်အချုပ်အနှောင်ကိုမှ လက်မခံသည့် လွတ်လပ်သောတာအိုဖြစ်သည်။ သူသည် နောက်ဆုတ်ပေးနေသည့်တိုင် ပြိုင်ဘက်က သူ့ကိုယ်သူ မထိန်းသည့်အပြင် သူ့ကို သတ်ဖြတ်ရန်ပင် ရည်ရွယ်ထားသည်။
"တစ်လက်မလောက် အကြောပေးလိုက်ရင် တစ်မိုင်လောက် အခွင့်ကောင်းယူတယ်" မန်ဟိုက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ သူက နောက်ဆုတ်နေသည်ကို ရပ်ပြီး ရှေ့တစ်လှမ်းတိုးလိုက်၏။ ငါးကြေးခွံများအား သူ့အနားကပ်လာစေပြီး သူ့ခန္ဓာကိုယ်ကို ၀င်တိုက်ခွင့်ပြုလိုက်သည်။
တချွင်ချွင်အသံများ ကြားလိုက်ရပြီး ငါးကြေးခွံများမှာ မန်ဟို့ကို ဘာဆိုဘာမှ မလုပ်နိုင်ခဲ့ကြောင်း တွေ့လိုက်ရသဖြင့် ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားများမှာ အံ့ဩမှင်သက်သွားကြလေသည်။ ငါးကြေးခွံတော်တော်များများမှာ သူ့ထံမှ ပြန်ကန်ထွက်လာသော တန်ပြန်သက်ရောက်မှုအောက်တွင် ကြေမွကုန်ကြ၏။
မန်ဟို ရှေ့တစ်လှမ်းတက်လိုက်စဉ် သူ၏မျက်လုံးများက အေးစက်စက် တောက်ပနေသည်။ ထို့နောက် သူက ငါးဓားကိုးလက်ထံသို့ လက်ဝါးရိုက်ချက်ပို့လွှတ်လိုက်ရာ လေပြင်းများ ဝေါခနဲ တိုက်သွားသည်။
ဓားကိုးလက်လုံး ချက်ချင်း တုန်ခါလာ၏။
"ထွက်သွားစမ်း" သူက တည်ငြိမ်စွာ ပြောသည်။ ထိုစကားတစ်ခွန်းက မိုးခြိမ်းသံ ကိုးချက်အသွင်ပြောင်းကာ ငါးဓားကိုးလက်အား လည်ထွက်သွားစေပြီး ပေါက်ကွဲသွားစေသည်။
မန်ဟို့ထံမှ ပြိုင်ဘက်ကင်းသောစွမ်းအားတို့က သူ၏ပြိုင်ဘက်အား အံ့အားသင့်သွားစေ၏။ ထိုလူမှာ တိုက်ကွက်၏ပြန်ကန်မှုကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသဖြင့် ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သို့သော် သူက အံတင်းတင်းကြိတ်ပြီး နောက်ထပ် မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက အေးစက်စက် နှာမှုတ်ရင်း ညာလက်ကို ဝှေ့ရမ်းကာ သွေးမိစ္ဆာခေါင်းတစ်ခေါင်းအား ဆင့်ခေါ်လိုက်၏။ ကျင့်ကြံခြင်းအခြေခံကို အတော်လေး ဖိနှိပ်ခံထားရသော်လည်း သူသည် အင်မော်တယ်နယ်ပယ်တွင် အတိုင်းထက်အလွန် အစွမ်းထက်နေသေး၏။ သူ လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ သွေးမိစ္ဆာခေါင်းကြီးက ဟိန်းဟောက်လိုက်သည်။ ဂရားးးးးးး ထို ဟိန်းဟောက်သံက ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများစွာ၏ သွေးတို့အား သူတို့၏ခန္ဓာကိုယ်ထဲမှ ထွက်သွားချင်နေသည့်အလား ထိန်းချုပ်မရနိုင်အောင် တုန်ရီလာစေသည်။
ရက်စက်ကြမ်းကြုတ်သော သွေးမိစ္ဆာခေါင်းကြီးက ပြေးဝင်လာလျှင်ချင်း သက်လတ်ပိုင်းလူမှာ သေစေနိုင်သော အန္တရာယ်ကို ခံစားလိုက်ရသဖြင့် မျက်စိမျက်နှာပျက်လျက် ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူ့မှာ နည်းနည်းလေးနောက်ကျသွားပါက သေသွားမည်ဖြစ်ကြောင်း ခံစားနေရ၏။
ကံဆိုးစွာနှင့် သူ့အမြန်နှုန်းက သူ့အပေါ် ချက်ချင်း ရောက်ရှိလာသော သွေးမိစ္ဆာခေါင်းကြီးနှင့် မယှဉ်နိုင်ပေ။ သက်လတ်ပိုင်းလူမှာ မျှော်လင့်ချက်မဲ့သွားပြီး မုန်းတီးစက်ဆုပ်နေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။ "မင်းတို့အကုန်လုံး ဘာကြောင့် မတိုက်ခိုက်သေးတာလဲ"
ချက်ချင်းပင် ပတ်၀န်းကျင်ရှိ မိစ္ဆာကျင့်ကြံသူဒါဇင်ကျော်က ကျင့်ကြံခြင်းအခြေခံများကို ထုတ်ဖော်လျက် ရှေ့တက်လာကြပြီး သွေးမိစ္ဆာခေါင်းအား တိုက်ခိုက်လိုက်ကြသည်။
ဒေါသတကြီး ဟိန်းဟောက်ပြီး မန်ဟို့ထံ ပြေး၀င်လာသူများပင် ရှိ၏။ မိစ္ဆာကျင့်ကြံသူတစ်ရာတိတိကား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြလေသည်။ အသတ်အဖြတ်စိတ်ဆန္ဒတို့က လေမုန်တိုင်းကြီးသဖွယ် ပေါက်ကွဲထွက်လာကာ န၀မပင်လယ်နတ်လောကအား ပုန်ကန်ထကြွသကဲ့သို့ ဖြစ်သွားသည်။
န၀မပင်လယ်နတ်လောက၏ မိစ္ဆာမဟုတ်သော ကျင့်ကြံသူများမှာ မျက်စိမျက်နှာပျက်သွားကြပြီး တစ်ချို့က တိုက်ပွဲကို ဖြန်ဖြေရန် ရှေ့တက်လာကြ၏။
သို့သော် မန်ဟိုက မထင်မှတ်ဖွယ်ကောင်းစွာနှင့် ပြုံးလိုက်၏။ အပြုံးက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် မည်သည့်အတွက်ကြောင့် ယခုလိုမျိုး ဖြစ်ပျက်နေသည်လဲ စဉ်းစားနေခြင်းကို ရပ်ရန် ရွေးချယ်လိုက်၏။ သူ၏ ပြိုင်ဘက်က သူ့ကို သတ်ရန် ကြိုးစားခဲ့သည့်အတွက် ယခု ရိုးရှင်းသွားလေပြီ။ ထိုလူ သေရလိမ့်မည်။
ဤသည်က ကိုးပင်လယ်နတ်လောကအတွင်း မန်ဟို နေရာရရန် အခွင့်ကောင်းဖြစ်သည်။
သူက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် လက်ကို မြောက်လိုက်ရာ အတွင်းတွင် မိုးကြိုးဒယ်အိုး ပေါ်လာ၏။ လျှပ်စီးဝင်းခနဲ လက်ပြီး ဂျိန်းခနဲ အသံကြီး ကြားလိုက်ရသည့်အချိန် သူသည် သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူဘေးရှိ လူတစ်ယောက်နှင့် နေရာချင်းလဲသွားလေပြီ။
ထိုလူ့မျက်နှာ တအံ့တဩ ပျက်ယွင်းသွားစဉ် မန်ဟိုက ထိုလူ၏နဖူးအား လက်ချောင်းဖြင့် လှမ်းတောက်ရန် ပြင်လိုက်သည်။
ထိုလက်ချောင်းလေးတစ်ချောင်းက အသတ်အဖြတ်အရှိန်အ၀ါတို့ဖြင့် ပြည့်နှက်နေပြီး သက်လက်ပိုင်းလူကို ထိလိုက်ပါက ထိုလူ၏ခန္ဓာကိုယ်ရော ဝိညာဉ်ပါ အသတ်ရခံရမည်ဖြစ်ကြောင်း ယုံမှားဖွယ်မရှိပေ။
ထိုအခိုက်အတန့်တွင် ဒေါသတကြီး အော်သံတစ်သံက အဝေးမှ ဟိန်းထွက်လာ၏။
"ဘယ်လောက် ရဲတင်းလိုက်သလဲ"
မန်ဟိုက အသံကို ကြားပင်မကြားသည့်အလား မျက်နှာအမူအရာတစ်ချက် ပြောင်းမသွားပေ။ သူ၏ လက်ချောင်းက သက်လက်ပိုင်းလူ၏ နဖူးကို ထိသည့်တိုင်အောင် ဆက်လက်ကျဆင်းသွား၏။ ဘုန်းခနဲ အသံကြားလိုက်ရပြီး သက်လက်ပိုင်းလူမှာ တဆတ်ဆတ် တုန်သွားသည်။ သူ၏ အကြောများ ကြေမွသွားပြီး သူ့တစ်ကိုယ်လုံးမှာ သွေးအမှုန်အမွှားအဖြစ် ပေါက်ကွဲထွက်သွား၏။ မန်ဟိုက လက်ကို ဝှေ့ရမ်းရင်း သွေးများကို လွင့်ပျယ်သွားစေကာ အသစ်ရောက်ရှိလာသူကို မျက်နှာချင်းဆိုင်လိုက်သည်။
"ကျူပ်က ရဲတင်းတယ်လို့ ပြောတာလား။ သူက ရဲတင်းတယ်လို့ ပြောတာလား" သူက အေးစက်စက် မေးလိုက်သည်။
***