← Chapters

ကျုပ်မှာ သက်သေရှိတယ်

Vol. 75 Ch. 1039

ကျုပ်မှာ သက်သေရှိတယ်

Vol. 75 Ch. 1039

မိစ္ဆာကျင့်ကြံသူရှစ်ဦးအနက် သုံးဦးက အမျိုးသမီးများဖြစ်သည်။ သူတို့သည် အတိုင်းထက်အလွန် ချောမောလှပပြီး အမျိုးသမီးမိစ္ဆာကျင့်ကြံသူအများစုမှာ ထိုအတိုင်းဖြစ်သယောင်ပင်။ သူတို့ကား လောလောဆယ်တွင် သတ်ဖြတ်ချင်နေသော မျက်နှာအမူအရာများကို ပိုင်ဆိုင်ထားသည့်တိုင် အင်မတန် ဆွဲဆောင်မှုရှိနေသည်။

သူတို့တွင် ပင်လယ်သားရဲများနှင့် သက်ဆိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများရှိသော်လည်း မည်သည့်အရာကမှ မျက်လုံးထဲ ကိုးလိုးကန့်လန့်မဖြစ်သလို၊ သူတို့၏အလှတရားကိုပင် ပို၍မြှင့်တင်ပေးလိုက်သေးသည်။

ကျန်မိစ္ဆာကျင့်ကြံသူအမျိုးသားများလည်း ထိုနည်းတူ ချောမောခန့်ညားကြသည်။

လောလောဆယ်တွင် ဤမိစ္ဆာကျင့်ကြံသူရှစ်ယောက်လုံးက မန်ဟို့ထံ ချဉ်းကပ်လာနေကြလေသည်.

သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ညာလက်ကို ဝှေ့ယမ်း၍ တောင်ဝါးမြိုမန္တန်ကို ဆင့်ခေါ်ရင်း တောင်တန်းတစ်တန်းအား လာနေသောကျင့်ကြံသူများပေါ် ပိသွားစေလိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။

သို့သော် မိစ္ဆာကျင့်ကြံသူရှစ်ဦးကား ပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့က မုဒြာလက်ကွက်များ ဖော်ရင်း အင်မော်တယ်ချီများ ထုတ်လွှတ်လိုက်သဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။ တစ်ဦးတစ်ယောက်ချင်းစီသည် အင်မော်တယ်နယ်ပယ်တွင် ဖြစ်သော်လည်း အစစ်အမှန်အင်မော်တယ်မဟုတ်ဘဲ အတုအယောင်အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့က နတ်ဘုရားစွမ်းရည်များ၊ မှော်သိုင်းကွက်များအပြင် သူတို့၏ဓမ္မဆင်းတုများဖြင့် တောင်တန်းအား ပြန်တိုက်ခိုက်လိုက်ကြသည်။

ပေါက်ကွဲသံများ အရပ်လေးမျက်နှာတစ်ခွင် ဟိန်းထွက်နေသည်။ ဤမိစ္ဆာကျင့်ကြံသူအကုန်လုံးက အင်မော်တယ်နယ်ပယ်အထွတ်အထိပ်တွင် ဖြစ်သည်။ သူတို့က အေးစက်စက် နှာမှုတ်၍ တောင်ဝါးမြိုမန္တန်ကို ပြန်တိုက်ခိုက်လိုက်ရာ တောင်တန်းတစ်တန်းလုံး ပြိုကွဲသွားစေသည်။ ထိုမျှသာမက သူတို့သည် မှော်အစီအရင်တစ်ခုပုံစံ နေရာယူ၍ နေရာချင်းလဲရင်း နတ်ဘုရားစွမ်းရည်များ၏စွမ်းအားကို မြှင့်တင်လိုက်ကြ၏။ မျက်စိတစ်မှိတ်အတွင်း တောင်ဝါးမြိုမန္တန်၏ တောင်တန်းမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတော့သည်။

အကြေးခွံတစ်ချပ်မှ မရှိဘဲ ပုံမှန်လူတစ်ယောက်နှင့် ချွတ်စွပ်တူသော ခပ်လှလှမိန်းကလေးတစ်ဦးက ရှေ့မှ ဦးဆောင်၍ မိစ္ဆာကျင့်ကြံသူရှစ်ယောက်က ရှေ့ဆက်တက်လာသည်။ မိန်းကလေးနှင့် မိစ္ဆာကျင့်ကြံသူများအကြား မတူညီသည့် တစ်ခုတည်းသောအရာမှာ သူမသည် သူမကိုယ်ခန္ဓာထက်ကြီးမားသော ဧရာမအခွံကြီးတစ်ခုအထဲတွင် ရပ်နေခြင်းဖြစ်၏။

သူမက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် မန်ဟို့အနားသို့ တမုဟုတ်ချင်း ရောက်လာသည်။ ထို့နောက် လက်ကို မြှောက်လိုက်ရာ အံ့ဩဖွယ်ကောင်းစွာနှင့် တဖျပ်ဖျပ် လက်နေသော ပုလဲတစ်လုံးပေါ်လာသည်။

“စုခဲစမ်း” သူမက ပြောသည်။ သူမအသံမှာ သာယာချိုမြိန်သော်လည်း ပတ်ဝန်းကျင်ကို ချက်ချင်း အေးစိမ့်သွားစေသည်။

ပုလဲ၏ တလက်လက် တောက်ပနေသောအလင်းရောင်က မန်ဟို့ကို ချုပ်နှောင်ရန် ထူးဆန်းသောစွမ်းအားကို ထုတ်လွှတ်လိုက်သည်။

တုံ့ပြန်သည့်အနေဖြင့် သူ၏မျက်လုံးများ၌ လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်စ လင်းလက်သွားပြီး သူက ညာလက်ကို မြှောက်ပြီး လေထဲ လက်ညှိုးထိုးလိုက်သည်။

“ကံကြွေးအမိန့်စာ" ချက်ချင်းပင် အဖြူအမည်းအလင်းရောင်က သူ့လက်ပေါ်တွင် ပေါ်လာကာ ဖြာထွက်သွားသောအမျှင်များအသွင် ပြောင်းသွားသည်။ တစ်ဆက်တည်းမှာပင် ကံကြွေးမျှင်များသည် သူ့ခေါင်းထက်တွင် ပေါ်လာ၏။

ကံကြွေးမျှင်များ ပေါ်လာသည်နှင့်တစ်ချိန်တည်းဆိုသလို မန်ဟိုက ရှေ့တစ်လှမ်းတက်လိုက်သည်။ ချက်ချင်းပင် သူသည် အခွံထဲရှိ မိစ္ဆာကျင့်ကြံသူအမျိုးသမီးအရှေ့တည့်တည့်သို့ ရောက်သွား၏။ မန်ဟို့လက်က သူမနဖူးကို ပုတ်ရန် လာနေသဖြင့် သူမမျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။

မိန်းကလေးသည် သေစေနိုင်သောအန္တရာယ်ကို ခံစားလိုက်ရ၍ သူမကိုသူမ ကာကွယ်ရန် အခွံကို လျင်မြန်စွာ ပိတ်လိုက်၏။

သို့သော် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ရာ သူမစိတ်နှလုံးတုန်ခါသွားပြီး သူမကျင့်ကြံခြင်းအခြေခံ ပရမ်းပတာ ဖြစ်သွားသည်။ အခွံသည် ပိတ်နေခြင်း ရပ်သွားပြီး မန်ဟို့လက်ချောင်းက လျှပ်စီးသဖွယ် အခွံကို ဖြတ်ကာ မိစ္ဆာကျင့်ကြံသူအမျိုးသမီးအပေါ်တည့်တည့်သို့ ကျရောက်လာ၏။

၎င်းက အသာအယာထိလိုက်ခြင်းဖြစ်သော်လည်း သူမကံကြွေးမျှင်များကို ချည်နှောင်ရန် လုံလောက်သည်။ သူက လက်မြှောက်၍ အပြင်လူများ မမြင်နိုင်သော ကံကြွေးကို အထုံးအဖြစ် စုချည်ကာ သူတို့နှစ်ယောက်အား ကံချင်းဆက်စပ်သွားစေသည်။ အထုံးက သူ့လက်ဝါးပြင်ထက်တွင် အလင်းဖန်လုံးအဖြစ် တောက်ပနေရင်း မှော်အတတ်မှတစ်ဆင့် အကြွေးစာချုပ်အသွင် ပြောင်းခံလိုက်ရသည်။

မိစ္ဆာကျင့်ကြံသူအမျိုးသမီး၏ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူမခန္ဓာကိုယ်ထဲရှိ တစ်စုံတစ်ခုအား သူမသဘောဆန္ဒမပါဘဲ ယူဆောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမက အလန့်တကြား နောက်ဆုတ်ဖို့ ကြိုးစားလိုက်သော်လည်း မန်ဟို့အတွက် လက်ကို ဝှေ့ယမ်း၍ လေတစ်ချက်အား သူမကို လွှမ်းခြုံသွားစေရန် တခဏသာ ကြာလိုက်သည်။ သူမမှာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ မန်ဟို၏ ဆွဲခေါ်ခြင်းခံရပြီး ချိတ်ပိတ်၍ သူ့သိုလှောင်အိတ်ထဲ အထည့်ခံလိုက်ရတော့သည်။

“အလုပ်ဖြစ်သားပဲ” သူက နောက်ဆုတ်ပြီး ယခုလေးတင် ဖမ်းခဲ့သော မိစ္ဆာကျင့်ကြံသူကို စစ်ဆေးရန် အချိန်တခဏယူကာ တွေးလိုက်သည်။ သူ့မျက်လုံးများက ပို၍ပင် တောက်ပလာသည်။ “မိစ္ဆာကျင့်ကြံသူတွေက ရှယ်ပဲ။ ငါ သူတို့ကို အိမ်မွှေးတိရစ္ဆာန် ဒါမှမဟုတ် စီးတော်ယာဉ်အဖြစ်တောင် ရောင်းလို့ရတယ်။ လူတွေ ဝယ်မယ်ဆိုရင်ပေါ့

“သူတို့တစ်ကိုယ်လုံးက ရတနာတွေပဲ။ ငါ လိုချင်ရင် သူတို့အသားတွေကို လှီးထုတ်ပြီး ချီနဲ့သွေးဆေးလုံးတွေအဖြစ် သန့်စင်လို့ရတယ်။ အဲဒီဧရာမအခွံကြီးမှာလည်း မိစ္ဆာနှလုံးတစ်ခုရှိတယ်

“သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်။ ဒါက နဂါးငွေ့တန်းပင်လယ်က ပင်လယ်စာတွေထက် အများကြီးပိုကောင်းတယ်” မန်ဟိုမှာ ဝမ်းသာအားရနေပုံပေါ်သည်။ သူ စဉ်းစားရသရွေ့ မိစ္ဆာကျင့်ကြံသူများက သူ့ကို ရန်သူအဖြစ် မြင်နေကြမှတော့ သူလည်း သူတို့ကို ပင်လယ်စာအဖြစ် ဆက်ဆံပေမည်။ ရုတ်တရက် သူ့မှာ နောင်တအကြီးအကျယ်ရသွား၏။

“သေစမ်း စောစောက တစ်ယောက်ကို ငါ မသတ်လိုက်သင့်ဘူး” နာကျင်ခံစားနေရသည့်အချိန်မှာပင် သူ့ခန္ဓာကိုယ်က ကျန်မိစ္ဆာကျင့်ကြံသူများအနက်မှ တစ်ယောက်၏အရှေ့တွင် ရိပ်ခနဲ ပေါ်လာသည်။ ဤတစ်ခေါက်တွင် ၎င်းက ကုလားအုတ်ကဲ့သို့ ဘို့ကြီးတစ်ခု ကျောတွင် ရှိနေသော ယောက်ျားတစ်ယောက်ဖြစ်သည်။ တကယ်တော့ ထိုဘို့ကြီးက ကျောဘို့ကြီးမဟုတ်ဘဲ လိပ်ခွံတစ်ခုပင်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဤမိစ္ဆာကျင့်ကြံသူသည် လိပ်ဘဝမှ စတင်အားထုတ်ခဲ့ခြင်းဖြစ်၏။

“ငါ သောက်လိပ်တွေကို အမုန်းဆုံးပဲ" မန်ဟိုက ရေရွတ်လိုက်သည်။ မိစ္ဆာကျင့်ကြံသူ၏မျက်နှာပျက်သွားပြီး မန်ဟိုက ညာလက်ကို ဆန့်တန်းလိုက်၏။ ကံကြွေးအမိန့်စာ ပေါ်လာပြန်ပြီး ကံတရားမှာ အတင်းအကြပ်ချည်နှောင်ခံလိုက်ရသဖြင့် ထစ်ချုန်းသံများ မြည်ဟည်းသွားသည်။ မိစ္ဆာကျင့်ကြံသူက တုန်ရီသွားပြီး ထွက်ပြေးဖို့ ကြိုးစားသော်လည်း မန်ဟိုက ဧရာမလက်ကြီးတစ်ဖက်အား သူ့ကို ဆုပ်ကိုင်လိုက်စေသည်။

ကြယ်ခူးသိုင်းက ထိုလူ့ကို ဆုပ်ကိုင် ချိတ်ပိတ်၍ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

မန်ဟိုသည် ဤကဲ့သို့ လုပ်ဆောင်ရင်း မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ အချိန်တိုလေးအတွင်း သူကား မိစ္ဆာကျင့်ကြံသူလေးယောက်အား ဖမ်းပြီးလေပြီ။

ဤမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများအား မျက်လုံးမျက်ဆံပြူးလျက် ကြည့်နေမိစေတော့သည်။

“သူ ဘာလုပ်နေတာလဲ”

“ဪ ငါ အခုမှ သတိရတယ်။ ဒီမန်ဟိုမှာ လူတွေကို အကြွေးစာချုပ်ရေးခိုင်းတဲ့ ဝါသနာရှိတယ်။ သူက လူတွေ သူအပေါ် ကံကြွေးတင်အောင် အတင်းလုပ်ပေးတဲ့ နတ်ဘုရားစွမ်းရည်ကိုတောင် ဖန်တီးခဲ့တယ်လေ”

“သူ အခုပဲ ဂိုဏ်းတူညီလေးကျင်း နဲ့ ဂိုဏ်းတူညီမလေးရွှေကို ဖမ်းလိုက်ပြီ”

မိစ္ဆာကျင့်ကြံသူများမှာမူ ဖြစ်ပျက်နေသောအရာကို မြင်သောအခါ ဒေါကန်သွားကြသည်။ အတော်များများက ဟိန်းဟောက်ရင်း သူ့ဆီ ပြေးဝင်လာကြတော့သည်။

မန်ဟို့အပြုအမူများက မိစ္ဆာကျင့်ကြံသူများကို စိတ်တိုအောင် ဆွပေးလိုက်သည့်အလားပင်။ ပထမအသုတ် သူ့ထံ ပြေးဝင်လာကြစဉ်မှာပင် ရာပေါင်းများစွာက သူ့ထံ တန်းတန်းမတ်မတ် ပျံသန်းလာရင်း နောက်မှလိုက်လာကြသည်။

အကြီးအကဲဟိုက်ရှန်းမှာ အမုန်းအဟောင်းတို့အပေါ် အမုန်းအသစ်တို့ စုပုံသွားသည့်အလား မျက်လုံးများ ရဲတွတ်သွားသည်။ သူက အံတင်းတင်းကြိတ်ရင်း တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် ရပ်ပြီး ဆိတ်ဆိတ်သာ နေသည်။

သူ မတိုက်ခိုက်လျှင်တောင်မှ မိစ္ဆာကျင့်ကြံသူရာပေါင်းများစွာက တိုက်ခိုက်နေပြီမဟုတ်ပါလော။ သူတို့သည် အတုအယောင်အင်မော်တယ်များ ဖြစ်သော်လည်း ရာပေါင်းများစွာက တစ်ပြိုင်တည်း တိုက်ခိုက်နေကြသည့်အတွက် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်လျှင် မနည်းရှောင်ရမှာဖြစ်သည်။ စွမ်းအားများ တဖွေးဖွေး လှုပ်လျက် အံ့မခန်းလိလိမှော်သိုင်းကွက်များ ထွက်လာပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။

မန်ဟိုသည် အစွမ်းထက်ကောင်း ထက်လိမ့်မည်။ သို့သော် ထိုမြင်ကွင်းက သူ့ကိုပင် ခေါင်းကြိမ်းလာစေသည်။ သူက ငါးယောက်မြောက်မိစ္ဆာကျင့်ကြံသူကို ဆွဲ၍ နောက်ဆုတ်လိုက်သည်။ ထိုလူက ရုန်းကန်ပြီး ဟိန်းဟောက်နေသော်လည်း မန်ဟိုသည် သူ့ကို အလျင်အမြန်ချိတ်ပိတ်၍ ဆက်ဆုတ်သွား၏။

ဝုန်း

သူ ရပ်နေခဲ့သောနေရာတစ်ခုလုံး ကြေမွသွားသည်။ လှိုင်းဂယက်များ ဖြာထွက်လာပြီး မိစ္ဆာကျင့်ကြံသူရာပေါင်းများစွာက သဲကြီးမဲကြီး တိုက်ခိုက်ရင်း မန်ဟို့နောက် ဆက်လိုက်လာနေသည်။

“သောက်ကောင်းကျိုးမပေးတဲ့ နဝမပင်လယ်နတ်လောကက ဘိုးတော်ကြီးတွေ” သူက တွေးသည်။ “ဘာလို့အခုထိ ပေါ်မလာကြသေးတာလဲ” သူ့မှာ သွေးရူးသွေးတန်း တိုက်ခိုက်နေသော မိစ္ဆာကျင့်ကြံသူများကို ရှောင်တိမ်းနေစဉ် ထိုခွေးသူတောင်းစားကြီးများ သူ့ကို စောင့်ကြည့်နေကြောင်း သေချာသိနေသည်။

“ငါ စောစောက တစ်ယောက်ကို သတ်လိုက်တာတောင် သူတို့ ပေါ်မလာခဲ့ဘူး...” သူက နောက်ဆုတ်ရင်း တွေးသည်။ နောက်ဆုံးတော့ သူသည် အေးစက်စက် နှာမှုတ်လိုက်၏။

“အေး ငါမှန်တယ်။ ဆိုးရွားတာ တစ်ခုခုဖြစ်ရင် အဲဒီဘိုးတော်ကြီးတွေ တာဝန်ယူလိမ့်မယ်။ အဲဒီလိုဆိုမှတော့ ... သူတို့မျက်နှာလာပြရအောင် လုပ်ဖို့ပဲ ရှိတော့တယ်” သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ညာလက်ကို မြှောက်လိုက်ရာ လက်ထဲတွင် မိုးကြိုးဒယ်အိုးပေါ်လာသည်။

မန်ဟိုသည် မိစ္ဆာကျင့်ကြံသူအကုန်လုံး၏ ပူးပေါင်းတိုက်ကွက်များကို ကြောက်ကောင်းကြောက်သော်လည်း အမှန်အားဖြင့် အရေအတွက်မမျှသည်ကို နည်းနည်းလေးမှ မထိတ်လန့်ပေ။ သူ ဂရုစိုက်နေသရွေ့ ဤတိုက်ပွဲမျိုးကား သူ့အတွက် အကောင်းဆုံးစစ်မြေပြင်ပင်။

လျှပ်စီးများ ကခုန်သွားပြီး ဂျိန်းခနဲ ထစ်ချုန်းသံနှင့်အတူ သူ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ မိစ္ဆာကျင့်ကြံသူများ၏ အလယ်တည့်တည့်သို့ ရောက်နေလေပြီ။ သူက ပေါ်လာလျှင်ချင်း မည်သူမှ မတုံ့ပြန်နိုင်ခင် ညာလက်ကို ဆန့်ထုတ်လိုက်ကာ ကိုယ်တစ်ပိုင်းလုံး အကြေးခွံများ ဖုံးနေသော မိစ္ဆာကျင့်ကြံသူတစ်ယောက်၏ ကံကြွေးကို ချည်နှောင်ပြီး ဖမ်းလိုက်တော့သည်။

ထို့နောက် လျှပ်စီး ဝင်းခနဲ လက်သွားသည်ကို မြင်လိုက်ရပြန်ပြီး မန်ဟို ပျောက်ကွယ်သွားသည်။ သူက နောက်တစ်နေရာတွင် ပေါ်လာရာ မိစ္ဆာကျင့်ကြံသူများအား မခံချိမခံသာ ဟိန်းဟောက်လိုက်ရစေသည်။ မန်ဟိုမှာ ဖမ်းမရသည့် ငါးရှဉ့်တစ်ကောင်အလားပင်။ မိစ္ဆာကျင့်ကြံသူများ မည်မျှကြိုးစားပါစေ၊ မန်ဟို့ကို တစ်နေရာတည်း၌ ချုပ်မထားနိုင်ဖြစ်နေသည်။

မှန်ပါသည်၊ မန်ဟိုလည်း ဒဏ်ရာအနည်းငယ်ရထားသည်။ သွေးများက သူ့နှုတ်ခမ်းမှ စီးကျနေသည့်တိုင် သူ့မျက်လုံးများသည် တောက်ပမြဲ တောက်ပနေဆဲဖြစ်၏။ ဤသို့ဖြင့် လျှပ်စီး ဝင်းခနဲ လက်လိုက်၊ မိစ္ဆာကျင့်ကြံသူတစ်ယောက် အဖမ်းခံရလိုက်ဖြစ်နေတော့သည်။

ဆယ်ယောက်၊ ဆယ့်ငါးယောက်၊ အယောက်နှစ်ဆယ် .....

မန်ဟို့အတွက် မိစ္ဆာကျင့်ကြံသူအယောက်သုံးဆယ်ကျော် ဖမ်းမိရန် သိပ်မကြာလိုက်ပေ။ နောက်ဆုံးတော့ သည်းမခံနိုင်တော့သော လူတစ်ယောက်ပေါ်လာသည်။ နဝမပင်လယ်နတ်လောက၏အတွင်းပိုင်းထဲမှ အေးစက်စက်နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာ၏။

၎င်းက သဘာဝနိယာမကို ပြောင်းလဲစေပြီး နဝမပင်လယ်တစ်ခုလုံးအား တဖွေးဖွေးလှုပ်လျက် တဝေါဝေါမြည်သွားစေသော ကမ္ဘာတုန်ဟည်းဖိအားကြီးတစ်ခုကို သယ်ဆောင်လာသည်။

အသံ ပဲ့တင်ထပ်လာသောအခါ မန်ဟို့မျက်နှာပျက်သွား၏။ ဧရာမလက်ချောင်းတစ်ချောင်းက လေလယ်တွင် ပေါ်ပေါက်လာပြီးနောက် မန်ဟို့ကို ဖိချလိုက်သဖြင့် ကြောက်ခမန်းလိလိ ဖိအားကြီး သက်ရောက်လာသည်။

အနှစ်သာရအရှိန်အဝါလည်း လိမ့်ထွက်လာ၏။

“တာအိုနယ်ပယ်” မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့အနေဖြင့် တာအိုနယ်ပယ်၏ကြောက်ခမန်းလိလိအင်အားကို တန်ပြန်တွန်းလှန်ရန် မဖြစ်နိုင်ပေ။ သို့သော် လက်ချောင်းပေါ်သည့်အချိန်နှင့် တစ်ပြိုင်တည်းဆိုသလို ချောင်းဟန့်သံတစ်သံ ပဲ့တင်ထပ်လာသည်။

နောက်ဆုံးတော့ နဝမပင်လယ်နတ်လောကမှ အိုကြီးအိုမများ ရပ်ကြည့်မနေနိုင်တော့ပေ။ ချောင်းဟန့်သံက အရာအားလုံးကို လွှမ်းခြုံရင်း မိစ္ဆာကျင့်ကြံသူအားလုံး မတိုက်ခိုက်နိုင်အောင် ဟန့်တားလိုက်သော ဖိအားကြီးတစ်ခုအသွင်ပြောင်းသွားသည်။

အဘိုးကြီးတစ်ယောက် လေထဲမှ ဘွားခနဲ ပေါ်လာသည်။ ခြေတစ်လှမ်းတည်းနှင့် သူက မန်ဟို့အပေါ် ထိုးဆင်းသွားနေသော ဧရာမလက်ချောင်းကြီး၏အရှေ့ ရောက်လာသည်။ သူသည် ထိုလက်ချောင်းကို ထိရန် လက်ကို ဝှေ့ယမ်းလိုက်၏။

လက်နှင့်လက်ချောင်း ထိသွားသည့်အခါ ထစ်ချုန်းသံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။ လက်ချောင်းမှာ တုန်ရီပြီးနောက် ပျောက်ကွယ်သွား၏။ အဘိုးကြီးမှာမူ ချီနှင့်သွေးတို့ ပရမ်းပတာ ဖြစ်သွားသည့်အလား မျက်နှာတွင် အနီရောင်နှင့်အဖြူရောင်အစင်းကြောင်းများ ပေါ်လာရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။

“အစ်ကိုဝူ ဒီလိုပြုမူစရာအကြောင်း မရှိပါဘူး" အဘိုးကြီးက ပြောသည်။ မန်ဟိုသည် ထိုလူ့ကို ချက်ချင်း မှတ်မိလိုက်၏။ သူကား လင်းယွင်ကျစ်မှတစ်ပါး အခြားမဟုတ်ပေ။ သူတစ်ယောက်တည်းမဟုတ်၊ သူ့အနောက်တွင် ဖန်းတုံးအာအပါအဝင် ကိုးပင်လယ်နတ်လောကမှ ဂိုဏ်းသားခုနစ်ဦးရှစ်ဦး လိုက်ပါလာသည်။၊

ဖန်းတုံးအာက မန်ဟို ဒုက္ခရောက်နေသည်ကို ကြည့်ရင်း ကြိတ်ဝမ်းသာနေသည့်အလားပင်။

လင်းယွင်ကျစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကိုးပင်လယ်နတ်လောကမှ ဂိုဏ်းသားအကုန်လုံး လက်ယှက်၍ အရိုအသေပေးကြသည်။ အနက်ဝတ်ဟိုက်ရှန်းပင် ခေါင်းငုံ့သွားသည်။

ဤအခိုက်အတန့်တွင် အေးစက်ပြီး ရှေးဆန်သောအသံက လင်းယွင်ကျစ်ကို ပြန်ပြောသည်။ “သူက ငါ့မိစ္ဆာကျင့်ကြံသူအုပ်ထဲက တစ်ယောက်ကို သတ်ခဲ့တယ်”

“မန်ဟို အရင် မတိုက်ခိုက်ခဲ့ပါဘူး” လင်းယွင်ကျစ်က ဖြေးညင်းစွာ ပြန်ဖြေသည်။ “တကယ်တော့ သူက နှစ်ကြိမ်ရှောင်ခဲ့ပါသေးတယ်။ သီးသန့်ဂိုဏ်းသားတစ်ယောက်ကို တိုက်ခိုက်တဲ့ ဘယ်သူမဆို ပြန်တိုက်ခိုက်ခံရလို့ မသေရင်တောင်မှ ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တာဖြစ်တဲ့အတွက် ဂိုဏ်းကနေ ချက်ချင်း ထုတ်ပယ်ခံရမှာပါ”

“ငါ့မိစ္ဆာကျင့်ကြံသူတွေ သူတို့ဘာသာသူတို့ တိုက်ခိုက်တာ ငါ မမြင်ဘူး” အေးစက်ပြီး ရှေးဆန်သောအသံကြီးက ပြန်ဖြေသည်။ “ဒီကလေး ငါ့လူတွေကို သတ်တာပဲ မြင်တယ်။ ဒါ့အပြင် သူက ငါ့မိစ္ဆာကျင့်ကြံသူဂိုဏ်းသား ၃၃ ယောက်ကို ဖမ်းသွားတယ်။ သူ့အနေနဲ့ သူတို့ကို အခုချက်ချင်း အလွှတ်မပေးသင့်ဘူးလား"

ဤတစ်ခေါက်တွင် မန်ဟိုက လင်းယွင်ကျစ်ဖြေမည်ကို မစောင့်တော့ပေ။ သူသည် ပြဿနာအကြီးအကျယ်တက်မည်ကို စိတ်ပူခြင်းမရှိ။ သူကား ဖန်မျိုးနွယ်စု၏ အိမ်ရှေ့မင်းသား၊ တာအိုဆရာအစည်းအရုံးသုံးခုလုံး၏ ဂိုဏ်းသားမဟုတ်ပါလော။ နဝမပင်လယ်နတ်လောကအနေဖြင့် ဆိုးဝါးသည့်အရာတစ်ခုကို ဖြစ်ခွင့်ပြုထားလျှင် ၎င်းက နဝမတောင်ပင်လယ်အတွင်း ပဋိပက္ခဖြစ်ပွားစေလိမ့်မည်။

သို့ဖြင်၍ မန်ဟိုက ယုံကြည်ချက်အပြည့်၊ သတ္တိအပြည့်ဖြင့် လင်းယွင်ကျစ်၏ဘေးတွင် ပေါ်လာပြီး အော်ပြောသည်။ “အဲဒီပင်လယ်စာဟင်း ၃၃ ပွဲက ကျုပ်အပေါ် အကြွေးတင်နေတာ။ ဝိညာဉ်ကျောက်တုံးတွေ အများမှအများကြီး တင်နေတာနော်။ သူတို့က ကျုပ်ကို မပေးနိုင်လို့ အကြွေးကြေအောင် သူတို့ကိုယ်သူတို့ ပြန်ရောင်းစားခဲ့တာ။ ကျုပ်မှာ သက်သေရှိတယ်” သူက ပြောပြောဆိုဆိုနှင့် လက်ကို မြှောက်လိုက်ရာ ကံကြွေးအမိန့်စာမှ ဖန်တီးပေးထားသော အကြွေးစာချုပ်တစ်ထပ်ကြီး ရှိနေသည်။

***

All Chapters