ကျားတစ်ကောင်ကဲ့သို့ ရည်မှန်းချက်ကြီးသည်
Vol. 58 Ch. 796
နတ်ဘုရားအသံ ကောင်းကင်အတတ်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်များအပေါ် သက်ရောက်သည်ဆိုရုံသာ သက်ရောက်နိုင်သော်လည်း ကျန်းရီ အလွန်ကျေနပ်နေသည်။ အဆင်မြင့် ကောင်းကင်ဧကရာဇ်နှင့် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ကြားတွင် ကွာခြားမှုများစွာရှိ၏။ ထို့ပြင် သူသည် သူ၏ရန်သူများကိုသတ်ရန် နတ်ဘုရားအသံ ကောင်းကင်အတတ်တစ်ခုတည်းပေါ်တွင်သာ မှီခိုမည် မဟုတ်ပေ။ သူ၏ အဓိကလက်နက်များမှာ ဝိညာဉ်ဓားများဖြစ်သည်။ သို့သော် သူ့တွင် အချိန်ရှိလျှင် သူသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ပို၍နက်နက်ရှိုင်းရှိုင်း သိမြင်လာစေရန် လေ့လာကျင့်ကြံမည်ဖြစ်သည်။ ၎င်းက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များအပေါ်ပင် သက်ရောက်လာနိုင်လျှင် ပြီးပြည့်စုံသွားပေလိမ့်မည်။
ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ နှစ်ယောက်စလုံး တောက်ပလင်းလက်သွားပြီး ဧကရာဇ်နန်းတော်မှ ထွက်သွားလိုက်သည်။ ကျန်းရီက ဧကရာဇ်နန်းတော်ကို ပြန်သိမ်းလိုက်ပြီး သူ့လူများကို ပင်မခန်းမထဲတွင် အနားယူရန် လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ကျန်းရီသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး အတွင်းအားလှည့်ပတ်ကာ အတွင်းဒဏ်ရာများကို ဆက်ကုသလိုက်လေသည်။ ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လဲ့မျိုးနွယ်မှလူများ ဤနေရာသို့ ရောက်လာပြီလော။
ရွှီး...
ကျန်းရီက ချက်ချင်းပင် ဧကရာဇ်နန်းတော်ကို ထုတ်လိုက်ပြီး လူအားလုံးကို အထဲသို့ ပို့လိုက်၏။ ဟွမ်ဖူထောင်ထျန်းက အစောင့်တစ်ယောက်ကို အသံပို့လွှတ်ကာ ပြောလိုက်သည်။
“အကာအရံတွေကို ဖွင့်လိုက်.. ဘယ်သူရောက်လာတာလဲဆိုတာ ကြည့်ရအောင်”
အစောင့်တစ်ယောက်က အကာအရံများကို ဖွင့်လိုက်ပြီး အသံပို့လွှတ်လိုက်၏။
“သခင်လေးထျန်း... သခင်လေးရီရှောင်နဲ့ သခင်မလေးရီနျန်တို့ပါ”
“စစ်ထူရီရှောင်နဲ့ စစ်ထူရီနျန်လား”
ဟွမ်ဖူထောင်ထျန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“စစ်ထူမျိုးနွယ်က တကယ်ကို သွက်တာပဲ။ အစ်ကိုတို့ အပြင်သွားပြီး သူတို့ကို ကြိုဆိုကြမလား”
“ကောင်းပြီ”
ကျန်းရီ ထရပ်လိုက်ပြီး ဟွမ်ဖူထောင်ထျန်းနှင့်အတူ အပြင်သို့ လျှောက်သွားလိုက်သည်။ ထင်ထားသကဲ့သို့ပင် အဖြူရောင်ပန်းထိုးဝန်းရုံ ဝတ်ဆင်ထားသော စစ်ထူရီရှောင်နှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော စစ်ထူရီနျန်တို့ကို သူ မြင်လိုက်ရသည်။ သူတို့သည် သူတို့နှင့်အတူ မည်သည့်အစောင့်မှ ခေါ်မလာခဲ့ဘဲ အပြင်တွင်သာ အေးအေးလူလူ စောင့်နေကြလေသည်။
“ကျန်းရီက သခင်လေးရီရှောင်နဲ့ သခင်မလေးရီနျန်တို့ကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီ မည်သူဖြစ်ကြောင်း ပေါ်သွားပြီဖြစ်၍ ဆက်ဖုံးကွယ်နေရန် မလိုတော့ပေ။ ကျန်းရီက လက်ဆုပ်၍ ပြုံးကာ ပြောလိုက်သည်။
“အထဲကို ကြွကြပါ”
“ညီလေးကျန်းက အစ်ကိုတို့ကို အကြားကြီး ဖုံးကွယ်ထားတာပဲ”
စစ်ထူရီရှောင်က ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။
“အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို လှုပ်ခတ်စေနိုင်ခဲ့တဲ့ ရှားပါးပါရမီရှင်တစ်ယောက်က ရှန်းစီမြို့ထဲမှာ လပေါင်းများစွာကြာအောင် ပုန်းအောင်းနေခဲ့တာတောင် အစ်ကိုတို့က ဒီညမှ အဲ့အကြောင်းကို သိခဲ့ရတယ်။ အစ်ကိုတို့မျိုးနွယ်ရဲ့ သတင်းစုဆောင်းဖို့ တာဝန်ယူရတဲ့ အကြီးအကဲဆို မျိုးနွယ်ခေါင်းဆောင်ရဲ့ ပြင်းပြင်းထန်ထန် အပြစ်တင်ဆုံးမတာကိုတောင် ခံလိုက်ရတယ်”
“ဟားဟား...”
ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူတို့နှင့် ဘေးချင်းယှဉ်ကာ အတွင်းခြံဝန်းသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူ ရှင်းပြလိုက်၏။
“ကျန်းရီရဲ့ ရန်သူတွေက နေရာအနှံ့မှာရှိနေလို့ပါ။ အဲ့လိုသာ မဖုံးကွယ်ထားရင် အခု ကျွန်တော် သခင်လေးနဲ့တောင် တွေ့နိုင်မှာ မဟုတ်လောက်ဘူး”
“မနာလိုမခံရတဲ့သူတွေက တော်ရိလျော်ရိလူတွေပါ”
စစ်ထူရီရှောင်က ပခုံးတွန့်ကာ ပြောလိုက်သည်။
“သမိုင်းထဲက စွမ်းအားကြီးဆုံး လူတွေတိုင်း နေရာအနှံ့မှာ ရန်သူတွေ ရှိကြတာပဲ။ ညီလေးကျန်းက အသက်ငယ်ငယ်နဲ့ ဒီလိုအောင်မြင်မှုမျိုးရထားတာ ရီရှောင် တကယ် အားကျမိပါတယ်”
ကျန်းရီတို့သည် စကားပြောရင်း အတွင်းဘက်ခြံဝန်းသို့ ရောက်သွား၏။ ဟွမ်ဖူထောင်ထျန်းက ကျန်းရီဘေးတွင် တစ်ချိန်လုံး ရှိနေသည်။ စစ်ထူရီရှောင်နှင့် စစ်ထူရီနျန်တို့က ကျန်းရီကို ဒုက္ခပေးမည့်ပုံ မပေါ်သော်လည်း သူ ဂရုစိုက်ရပေမည်။
အတွင်းဘက်ခြံဝန်းတွင် မည်သည့် အစေခံမှ မရှိပေ။ ဖုန်းလန်နှင့် အခြားသူများကလည်း ဧကရာဇ်နန်းတော်ထဲသို့ ရောက်နေသည်။ ထို့ကြောင့် ကျန်းရီကိုယ်တိုင် သူတို့အတွက် လက်ဖက်ရည်တစ်ခွက်စီ ငှဲ့ပေးလိုက်ပြီး မေးလိုက်လေသည်။
“ကျွန်တော်ဆီကို ညသန်းခေါင်ကြီးလာခဲ့တာ အရေးကြီးကိစ္စ ရှိလို့ပါလား”
စစ်ထူရီနျန်က ခပ်သဲ့သဲ့ပြုံးကာ သူမ၏လှပသောမျက်လုံးလေးများကို ပင့်၍ ပြောလိုက်သည်။
“ဘာထွေထွေထူးထူး ကိစ္စမှတော့ မရှိပါဘူး။ ဒီညမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ကျွန်မတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကို တင်ပြလိုက်တော့ သူက ကျွန်မတို့ကို အစ်ကိုကျန်းဆီမှာ ရက်နည်းနည်းလောက် သွားနေဖို့ စေလွှတ်လိုက်တာပါ။ သူက မြို့က မလုံခြုံမှာကို စိုးရိမ်နေတာပါ”
“အာ...”
ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွား၏။ ဟွမ်ဖူထောင်ထျန်းသည် စစ်ထူအောင်း၏ ပြတ်သားမှုကြောင့် အံ့ဩသွားသည်။ ယင်းမှာ စစ်မှန်သော စိတ်ရင်းပင်။ စစ်ထူအောင်းသည် ကျန်းရီက စစ်ထူမျိုးနွယ်နှင့် ပူပေါင်းရန် သဘောတူမည်၊ မတူမည်ကို မသိသေးခင်မှာပင် ကျန်းရီကို သိမ်းသွင်းနိုင်ရန် လဲ့ထင်ဝေကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခဲ့လေသည်။
ထို့ကြောင့် ကျန်းရီ အံ့အားသင့်သွားသည်။ သူ ထရပ်လိုက်ပြီး လေးလေးနက်နက် ဦးညွှတ်ကာ ကျေးဇူးတင်သော လေသံဖြင့် ပြောလိုက်၏။
“စစ်ထူမျိုးနွယ်ခေါင်းဆောင်ရဲ့ ကြီးမားတဲ့ကြင်နာမှုက ကျန်းရီကို ရှက်မိစေပါတယ်။ ကျန်းရီ သခင်လေးရီရှောင်နဲ့ သခင်မလေးရီနျန်တို့ရဲ့ ဂရုစိုက်မှုကို အမြဲ မှတ်ထားမှာပါ”
“ဟားဟား...”
စစ်ထူရီရှောင်က ကျယ်လောင်စွာရယ်၍ ပြောလိုက်သည်။
“ညီလေးကျန်းက ယဉ်ကျေးလွန်းနေပါပြီ။ တကယ်တော့ ညီလေးကျန်းလို ကျော်ကြားတဲ့လူတစ်ယောက်နဲ့ သိကျွမ်းခွင့်ရတာကို အစ်ကိုက ဂုဏ်ယူရမှာပါ။ ညီလေးက ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်ကို တစ်ကိုယ်တော် အနိုင်ယူခဲ့တာပဲ.. ပြီးတော့ မူလရတနာလည်း ရခဲ့တယ်။ ကျန်းဝူရင်းနဲ့ ရှီးဖေးတို့ကလည်း ညီလေးကို လိုက်မဖမ်းနိုင်ခဲ့ကြဘူး.. ညီလေးက မျိုးနွယ်ကြီးလေးခု လိုက်ဖမ်းတာကနေ လွတ်ခဲ့တဲ့သူတစ်ယောက်ပဲ။ အစ်ကို ညီလေးကို လေးစားမိပါတယ်။ ယောက်ျားအစစ်တစ်ယောက်က ညီလေးကျန်းလိုပဲ ဖြစ်သင့်တယ်။ ကိုယ်လုပ်ချင်တာကို လုပ်တယ်၊ လောကတစ်ခွင် လျှောက်သွားတယ်.. အဲ့ဒါကမှ သူရဲကောင်းအစစ်ပဲ။ အစ်ကိုတို့က ရှန်းစီမြို့မှာ ပုန်းနေပြီး အစ်ကိုတို့မျိုးနွယ်ရဲ့ အင်အားကို မှီခိုနေရတဲ့သူတွေပါ။ ညီလေးကျန်းလို နဂါးအစစ်တစ်ကောင်နဲ့ ယှဉ်ရင် အစ်ကိုတို့က ရေနဂါးလေးတွေပါ”
ဟွမ်ဖူထောင်ထျန်းက စစ်ထူရီရှောင်၏ စကားကို စိတ်ထဲမှ ချီးကျူးလိုက်၏။ သူသည် ယခင်တုန်းက မျိုးနွယ်ကြီလေးခုမှ သခင်လေးများကို အထင်သေးခဲ့သည်။ ယခုအခိုက်တွင်မူ သူ၏ စစ်ထူရီရှောင်အပေါ် အမြင်က များစွာပြောင်းလဲသွားပြီဖြစ်သည်။ သူသည် ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြောလိုက်၏။
“စစ်ထူရီရှောင်... မင်းက ယောက်ျားအစစ်တစ်ယောက်ပဲ။ ငါ ဟွမ်ဖူထောင်ထျန်း မင်းကို မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်မယ်”
စစ်ထူရီရှောင် မှင်တက်သွား၏။ ထို့နောက် သူသည် ချက်ချင်း ထရပ်လိုက်ပြီး ဟွမ်ဖူထောင်ထျန်းကို ဦးညွှတ်ကာ ပြောလိုက်လေသည်။
“အစ်ကိုဟွမ်ဖူရဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဟားဟားဟား... ရှန်းစီမျိုးနွယ်စုက မျိုးနွယ်(၁၃)ခုထဲရဲ့ သခင်လေးတွေထဲမှာ အစ်ကိုဟွမ်ဖူနဲ့ မိတ်ဆွေဖြစ်တာ ကျွန်တော်တစ်ယောက်ပဲ ရှိမယ်ထင်တာ။ အဲ့အတွက် ကျွန်တော်တို့ တစ်ခွက်လောက် သောက်သင့်တယ်”
ကျန်းရီက သေရည် သွားမယူလိုက်ပေ။ ထိုအစား သူက အလေးအနက်ပြောလိုက်သည်။
“သခင်လေးရီရှောင် ကျွန်တော် သခင်လေးကို အမှန်အတိုင်းပဲ ပြောပါမယ်။ ကျွန်တော်က အရှေ့ဘက် တော်ဝင်နယ်မြေမှာ သွေးကြွေးတစ်ခု ရှိပါတယ်။ ကျွန်တော်သာ သိုင်းပညာခန်းမကို မဖျက်ဆီးနိုင်ရင် ယောက်ျားတစ်ယောက် မဟုတ်တော့ဘူးလို့ သစ္စာဆိုထားပါတယ်။ အဲ့ဒါကြောင့်... ကျွန်တော် စစ်ထူမျိုးနွယ်ထဲကို မဝင်နိုင်ပါဘူး။ ဒါပေမဲ့ စစ်ထူမျိုးနွယ်နဲ့ အပေးအယူလေးတွေတော့ ညှိုနှိုင်းချင်ပါတယ်။ စစ်ထူမျိုးနွယ်က ကျွန်တော့်ကို ဖိအားတချို့ကို ခံနိုင်အောင် ကူညီပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုကို ရတော့မယ်ဆိုတာ အစ်ကိုဟွမ်ဖူသိပါတယ်။ ကျွန်တော် စစ်ထူမျိုးနွယ်ကို အဆင့်မြင့် ကောင်းကင်ပန်းချီကားဆယ်ချပ် လက်ဆောင်ပေးနိုင်ပါတယ်”
စစ်ထူရီရှောင်နှင့် စစ်ထူရီနျန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် အံ့အားသင့်သွားဟန် မပေါ်ပေ။ ထင်ထားသကဲ့သို့ပင် ကျန်းရီက ကောင်းကင်ပန်းချီကားများကို ရေးဆွဲသူဖြစ်နေသည်။ ထို့ပြင် သူက စစ်ထူမျိုးနွယ်ထဲဝင်ရန် ငြင်းဆန်ခဲ့သည်။
စစ်ထူရီရှောင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်မှ အလေးအနက် ပြောလိုက်၏။
“ညီလေးကျန်းက ကျားတစ်ကောင်လို ရည်မှန်းချက်ကြီးတဲ့သူတစ်ယောက်ပါ... ပြီးတော့ မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်ကိုလည်း ဖျက်ဆီးပစ်ချင်နေတဲ့သူတစ်ယောက်၊ ကောင်းကင်ပန်းချီကားတွေ မပေးရင်တောင် စစ်ထူမျိုးနွယ်က ညီလေးရဲ့ ဂုဏ်မာနအတွက် ညီလေးကို တတ်နိုင်သမျှ ကူညီပေးမှာပါ။ တခြားမျိုးနွယ်တွေကလည်း ဒီအကြောင်းကိုကြားရင် အတိတ်ကို အတိတ်မှာပဲ ထားလိုက်ကြမှာပါ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အစ်ကိုတို့ မျိုးနွယ်(၁၃)ခုရဲ့ မဟာရန်ဘက်ကြီး မဟုတ်လား”
ဟွမ်ဖူထောင်ထျန်း ခေါင်းညိတ်လိုက်သည်။ စစ်ထူမျိုးနွယ်ဘက်က စိတ်ရင်းအမှန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စစ်ထူရီရှောင်တို့၏သဘောထားကတော့ စစ်မှန်ပေလိမ့်မည်။ စစ်ထူရီရှောင်က ပါရမီရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍ သူသာ စစ်ထူမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်လာလျှင် စစ်ထူမျိုးနွယ်ကို ပို၍အင်အားကြီးလာအောင် သေချာပေါက် လုပ်နိုင်ပေလိမ့်မည်။
စစ်ထူရီရှောင်က တိုက်ရိုက်မပြောခဲ့သော်လည်း ယခုတွင် သူတို့ အပေးအယူလုပ်ပြီးဖြစ်ကြောင်း ထင်ရှားပေသည်။
စစ်ထူရီနျန်ကလည်း တောက်ပစွာပြုံးကာ ပြောလိုက်သည်။
“အစ်ကိုကျန်းက စစ်မှန်တဲ့ ဆရာတစ်ယောက်ပဲ။ ကျွန်မတို့ကို အကြာကြီး ဖုံးကွယ်ထားနိုင်ခဲ့တယ်။ အစ်ကိုကျန်း... စစ်ထူမျိုးနွယ်က အတော်လေး လှပတဲ့ ခြံဝန်းလေးတစ်ခု ပိုင်ထားပါတယ်။ အဲ့နေရာက တိတ်ဆိတ်တော့ ကျင့်ကြံဖို့နဲ့ ပန်းချီဆွဲဖို့အတွက် အရမ်းသင့်တော်ပါတယ်။ ကျွန်မတို့ အခုပဲ ပြောင်းကြမလား။ အချိန်မရွေး တစ်ခုခု ဖြစ်လာနိုင်တော့ မြန်မြန် ပြောင်းလေ၊ ပိုလုံခြုံလေပဲမလား”
ကျန်းရီက ဟွမ်ဖူထောင်ထျန်းကို ကြည့်လိုက်၏။ ဟွမ်ဖူထောင်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် ကျန်းရီ ချက်ချင်း ထရပ်ကာ ပြောလိုက်လေသည်။
“ကောင်းပါပြီ။ ကျွန်တော် ကျွန်တော့်လူတွေကို ပစ္စည်းတွေ ထုပ်ပိုး ခိုင်းလိုက်ပါမယ်။ နောက်ကျရင် အစ်ကိုရီရှောင်နဲ့ သခင်မလေးရီနျန်တို့ကို ဒုဏ္ခပေးရမှာ အားနာမိပါတယ်”
ဟွမ်ဖူထောင်ထျန်းက အစောင့်များကို ခေါ်၍ ပစ္စည်းများ ထုပ်ပိုးခိုင်းလိုက်သည်။ စစ်ထူရီရှောင်ကလည်း ခြံဝန်းအပြင်သို့ထွက်ကာ အမိန့်ပေးလိုက်သည်။ စစ်ထူမျိုးနွယ်မှ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး ချက်ချင်း ထွက်သွားလေသည်။ ကျန်းရီတို့ ထုပ်ပိုးပြီးသွား၍ အပြင်သို့ ထွက်လာသောအခါ အံ့အားသင့်သွားကြ၏။ သူတို့ခြံဝန်းရှေ့တွင် ရထားလုံးတစ်ဒါဇင်၊ အစောင့်တစ်ရာနှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အကြီးအကဲ ဆယ်ယောက် ရောက်နေလေသည်။
“ဒါက...”
ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် စစ်ထူမျိုးနွယ်၏ ပြတ်သားမှုကို စိတ်ထဲတွင် အထင်ကြီးနေကြ၏။ ဤကဲ့သို့ တခမ်းတနား ပြုမူမှုက သူတို့သည် ကျန်းရီကို အဆုံးထိ ကာကွယ်သွားရန် ဆုံးဖြတ်ထားကြောင်း လဲ့မျိုးနွယ်နှင့် လုမျိုးနွယ်တို့ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင်။
ပတ်ဝန်းကျင်တွင် မျိုးနွယ်အသီးသီးမှ ထောက်လှမ်းရေးများ ရှိပေသည်။ သူတို့က ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ ခမ်းနားသော ရထားလုံးထဲ ဝင်သွားသည်ကို အလွယ်တကူ သတိပြုမိသွားကြမည်ဖြစ်သည်။ ထင်ထားသလိုပင် မကြာခင်တွင် ထောက်လှမ်းရေးများ အုတ်အော်သောင်းနင်းဖြစ်သွားကြသည်။
ဒုန်း...ဒုန်း...ဒုန်း...
ခမ်းနားသော ရထားလုံးသည် စစ်ထူအိမ်တော်သို့ ဖြည်းညင်းစွာ သွားနေ၏။ မြို့က တိတ်ဆိတ်နေ၏။ သို့သော် မရေမတွက်နိုင်သော စွမ်းအားကြီး ကောင်းကင်စိတ်အာရုံများက ရထားလုံးတစ်ဒါဇင်ကို အာရုံခံနေကြလေသည်။ ရထားလုံးအတွင်းရှိ ကျန်းရီသည် ကောင်းကင်စိတ်အာရုံများစွာ ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားနိုင်ပေ၏။
ဝှစ်...ဝှစ်...ဝှစ်...
ရထားလုံးက ရှန်းစီမြို့ရင်ပြင်သို့ ရောက်သောအခါ လဲ့မျိုးနွယ်အိမ်တော်မှနေ၍ လူတစ်ရာ ပျံထွက်လာ၏။ သူတို့အားလုံးသည် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ကျန်းရီတို့ကို တားဆီးလိုက်လေသည်။
လဲ့ချီရန်က လူအုပ်ထဲတွင် ဝံ့ဝံ့ကြွားကြွား ရပ်နေ၏။ သူက ကျန်းရီကို ကြည့်၍ ဒေါသတကြီး အော်ပြောလိုက်သည်။
“ကျန်းရီ... မင်း ဒီနေ့ မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာကို ပြန်မပေးရင် လဲ့မျိုးနွယ်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ အစ်ကိုရီရှောင်... ဒါက ကျွန်တော်နဲ့ ကျန်းရီကြားက ကိုယ်ရေးကိုယ်တာရန်ငြိုးပါ။ စစ်ထူမျိုးနွယ် ဝင်မပါဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ မဟုတ်ရင်... ကျွန်တော်တို့ ကျွန်တော်တို့မျိုးနွယ်တွေကြားက လိုက်လျောညီထွေရှိမှုကို ဖျက်ဆီးမိသွားလိမ့်မယ်”
***