← Chapters

ငါနဲ့ လာပြီးတိုက်ခိုက်စမ်း

Vol. 58 Ch. 797

ငါနဲ့ လာပြီးတိုက်ခိုက်စမ်း

Vol. 58 Ch. 797

ဝှစ်...ဝှစ်...ဝှစ်...

ရထားလုံးများထဲမှ လူများစွာ ထွက်လာပြီး ရထားလုံးများပေါ်တွင် မားမားမတ်မတ် ရပ်လိုက်ကြသည်။ ဟွမ်ဖူထောင်ထျန်းကလည်း ရထားလုံးထဲမှ ထွက်ကာ ရထားလုံးပေါ်တွင် ရပ်လိုက်သည်။ သူ့လက်ထဲတွင် မိုးကြိုးဓားထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်ဘုရားဒိုင်း တောက်ပလာသည်။ သူက လဲ့ချီရန်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။ သူသည် အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပုံပင်။

စစ်ထူရီရှောင်နှင့် စစ်ထူရီနျန်တို့လည်း ထွက်လာကြသည်။ သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ရှိနေ၏။ စစ်ထူမျိုးနွယ်က သူတို့၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ပြီးသည်ကိုပင် အဘယ်ကြောင့် လဲ့မျိုးနွယ်က ဝင်နှောင့်ယှက်နေသနည်း။ လဲ့မျိုးနွယ်သည် အမှန်ပင် အခြေအနေကို အရုပ်ဆိုးသွားအောင် လုပ်တော့မည်လော။ သို့သော် သူတို့သည် ဤအခြေအနေတွင် ထိုကဲ့သို့သော စကားများကို ပေါ့ပေါ့တန်တန် မပြောဝံ့ပေ။ ဤကိစ္စက မျိုးနွယ်နှစ်ခုကြားမှ ငြိမ်းချမ်းရေးနှင့် များစွာသက်ဆိုင်နေပေသည်။

မျိုးနွယ်(၁၃)ခုက တစ်သားတည်းပင်။ အကယ်၍ ရန်သူရောက်လာလျှင် သူတို့ ပေါင်းစည်းသွားမည်ဖြစ်သည်။ သို့သော် သူတို့သည် ခြောက်ပြစ်ကင်းတော့ မဟုတ်ကြပေ။ သာမန်နေ့များတွင်ဆိုလျှင် ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ တိုးတိုးတိတ်တိတ်တစ်ဖုံဖြင့် ပြိုင်ဆိုင်မှုများ ရှိကြသည်။ မဟုတ်လျှင် ကျန်မျိုးနွယ်(၉)ခုသည် ရှန်းစီကျွန်းမှနေ၍ ကျွန်းဆွယ်ကြီးကိုးခုသို့ မောင်းထုတ်ခံရမည် မဟုတ်ပေ။

မျိုးနွယ်ကြီးလေးခုသည်ပင် အမြဲ တစ်ခုနှင့်တစ်ခု သင့်မြတ်နေကြသည် မဟုတ်ပေ။ ဥပမာအားဖြင့် လဲ့မျိုးနွယ်နှင့် ဟွမ်ဖူမျိုးနွယ်တွင် ရန်ငြိုးများ ရှိကြသည်။ တစ်ချိန်တုန်းက ဟွမ်ဖူချီနှင့် လဲ့ထင်ဝေတို့သည် မိန်းမတစ်ယောက်ကြောင့် ပြဿနာဖြစ်ခဲ့ကြဖူး၏။ ယှဉ်ပြိုင်ကွင်းတွင် ဟွမ်ဖူချီသည် လဲ့ထင်ဝေ၏ သတ်ဖြတ်မှုကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထိုစဉ်ကတည်းက ဟွမ်ဖူချီသည် ရန်ငြိုးထားကာ လဲ့မျိုးနွယ်အိမ်တော်သို့ ခြေတစ်လှမ်းပင် မချတော့ပေ။

အပေါ်ယံတွင်မူ မျိုးနွယ်(၁၃)ခုသည် အလွန်သင့်မြတ်ကြသည်ဟု ထင်ရ၏။ သူတို့သည် လူထုအမြင်ကို များစွာ အရေးထားကြသည်။ ယနေ့တွင် လဲ့ချီရန်သည် သူနှင့်အတူ လူများစွာ ခေါ်လာခဲ့၏။ သူသည် လဲ့မျိုးနွယ်အတွက် ဂုဏ်ပြန်ဆည်ရန် လဲ့ထင်ဝေ၏ ခွင့်ပြုချက် ရခဲ့ပြီးဖြစ်ကြောင်း သေချာပေသည်။ သူတို့သည် အဖိုးတန်ရတနာများဖြစ်သော မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာတို့ကို သေချာပေါက် ပြန်ယူကြမည်ဖြစ်သည်။

“ငါတို့ ကျန်းရီကို ကာကွယ်ရမယ်”

စစ်ထူရီရှောင်က အသံပို့လွှတ်မှုတစ်ခုကို လက်ခံရရှိလိုက်၏။ ထိုအသံမှာ စစ်ထူအောင်း၏အသံပင်။ ထို့ကြောင့် သူ ပြောလိုက်ရလေသည်။

“ညီလေးချီရန်... အရင်တုန်းကလိုသာဆိုရင် အစ်ကို ဝင်ပါမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုပဲ ညီလေးကျန်းက အစ်ကိုတို့မျိုးနွယ်ရဲ့ ဂုဏ်သရေရှိအကြီးအကဲတစ်ဦး ဖြစ်လာဖို့ သဘောတူလိုက်ပါတယ်။ သူ့ကို စစ်ထူမျိုးနွယ်ကို ခေါ်သွားပေးရမှာက အစ်ကို့အဖေရဲ့ အမိန့်ပါ။ အစ်ကိုတို့မျိုးနွယ်တွေကြားက ဆက်ဆံရေးကို မထိခိုက်စေချင်ဘူးလို့ ညီလေးချီရန် ပြောခဲ့တယ်မလား။ အစ်ကိုလည်း အဲ့လိုပဲ ပြောချင်ပါတယ်”

“ဟားဟားဟား...”

လဲ့ချီရန်သည် သူနှင့်အတူ လူများစွာ ခေါ်လာခဲ့ပြီဖြစ်၍ အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။ သူ၏မျက်လုံးများ တောက်ပလာ၏။ သူ အသံဩဩဖြင့် ပြောလိုက်သည်။

“ဒီနေ့ ဘာပြောပြော အသုံးဝင်မှာ မဟုတ်ဘူး။ ကျန်းရီသာ မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာကို ပြန်မပေးရင် ကျွန်တော် နောက်ဆုတ်မှာ မဟုတ်ဘူး။ ပြီးတော့ သူ ဒူးထောက်ပြီးလည်း ကျွန်တော့်ကို တောင်းပန်ရမယ်။ တကယ်လို့ စစ်ထူမျိုးနွယ်က သူ့ကို ကာကွယ်ပေးချင်နေတယ်ဆိုရင် ကျွန်တော်တို့ တိုက်ခိုက်ရတော့မှာပဲ”

ထန်း...ထန်း...

လဲ့မျိုးနွယ်မှ ကောင်းကင်ဧကရာဇ် လေးရာကျော်သည် သူတို့၏ နတ်ဘုရားဒိုင်းများနှင့် လက်နက်များကို ထုတ်လိုက်လေသည်။ လဲ့မျိုးနွယ်မှ လူများက အသင့်ဖြစ်နေပေပြီ။

ထန်း...ထန်း...

စစ်ထူမျိုးနွယ်ဘက်မှ အစောင့်များနှင့် ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်များကလည်း သူတို့၏ နတ်ဘုရားဒိုင်းများနှင့် လက်နက်များကို ထုတ်လိုက်ကြသည်။ တိုက်ပွဲဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ သူတို့ အားနည်းသည်ပုံစံ ပြ၍မဖြစ်ပေ။ ယခုတွင် မျိုးနွယ်အသီးသီးမှ သိုင်းပညာရှင်များ၏ ကောင်းကင်စိတ်အာရုံများက ဤနေရာသို့ ရောက်နေကြလေသည်။

စစ်ထူရီရှောင်၏မျက်နှာက တဖြည်းဖြည်း မည်းမှောင်သွား၏။ သူက လက်ဝှေ့ယမ်းလိုက်ပြီး သူ့ဘေးမှ စစ်ထူရီနျန်ကို ပြောလိုက်သည်။

“ရီနျန်... မင်း အရင်ပြန်သွားလိုက်။ ညီလေးချီရန်က ကစားချင်တယ်ဆိုမှတော့ အစ်ကို သူ့ကို အဆုံးအထိ အဖော်ပြုပေးရမှာပေါ့”

စစ်ထူရီနျန် ခေါင်းညိတ်လိုက်သည်။ သူမသည် မြေပြင်ကို ကန်အားပြု၍ စစ်ထူအိမ်တော်ဆီသို့ ပျံသန်းသွားလိုက်သည်။ သူမက သိပ်မသန်မာပေ။ အကယ်၍ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလျှင် စစ်ထူမျိုးနွယ်က သူမကိုကာကွယ်ရန် လူများ စေလွှတ်ပေးရပေလိမ့်မည်။

ရွှီ...ရွှီ...

စစ်ထူရီရှောင်၏လက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာ၏။ ထိုဓားပျော့ကာ အေးစက်စက် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ သူက ဓားပျော့ကို ယမ်း၍ လဲ့ချီရန်ကို ပြုံးပြလိုက်၏။

“ညီလေးချီရန်... အစ်ကိုတို့အရင် တစ်ချီလောက် တိုက်ခိုက်ကြမလား။ တကယ်လို့ ညီလေးက အစ်ကို့ကိုနိုင်ရင် စစ်ထူမျိုးနွယ်က ဒီနေရာကနေ ချက်ချင်း ထွက်သွားမယ်”

ဝှစ်...ဝှစ်...ဝှစ်...

လဲ့မျိုးနွယ်မှ လူများအားလုံး မျက်နှာထားပြောင်းသွားကြ၏။ လဲ့ချီရန်က အတော်လေးထူးချွန်ပြီး စစ်ထူရီရှောင်ကဲ့သို့ပင် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သော်လည်း သူ၏ ဝိညာဉ်ချိတ်ဆက် မူလရတနာများကို ကျန်းရီက ယူသွားပြီဖြစ်သည်။ အကယ်၍ သူသာ တိုက်ခိုက်ရန် သဘောတူလိုက်လျှင် သေချာပေါက် သူ ရှုံးနိမ့်သွားပေလိမ့်မည်။

“ဟွန်း...”

အလယ်ရှိ ရထားလုံးပေါ်တွင် ရပ်နေသော ဟွမ်ဖူထောင်ထျန်းကလည်း အေးစက်စက် ပြောလိုက်သည်။

“လဲ့ချီရန်... ငါတို့လည်း ကစားကြမလား။ ငါ အတုအယောင် နတ်ဘုရား အသုံးအဆောင်တွေ ဝိညာဉ်ချိတ်ဆက် မူလရတနာတွေကို သုံးမှာမဟုတ်ပါဘူး။ အဲ့ဒါဆို ငါက မင်းကို အနိုင်ကျင့်တယ်လို့ ပြောလို့မရတော့ဘူးမလား။ မင်းသာ ငါ့ကို နိုင်ရင် ငါလည်း ထွက်သွားပေးမယ်”

“ဟားဟားဟား”

အလယ်ရှိ ရထားလုံးအတွင်းမှ ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီက အပြင်ကို ပျံထွက်လာပြီး ဟွမ်ဖူထောင်ထျန်းဘေးတွင်ရပ်ကာ ပြုံး၍ ပြောလိုက်သည်။

“လဲ့ချီရန်... မင်းနဲ့ငါပဲ တိုက်ခိုက်ရင်ရော ဘယ်လိုလဲ။ မင်း ငါ့ကို သတ်နိုင်ရင် မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာတင်မကဘူး ငါ့ရဲ့ ရတနာတွေကိုလည်း ရလိမ့်မယ်။ ကဲ.. ဘယ်လိုလဲ”

ဖြန်း...ဖြန်း...ဖြန်း...

မမြင်နိုင်သော မျက်နှာကို ဖြတ်ရိုက်လိုက်သည့်အသံ သုံးသံ လေထဲတွင် ပဲ့တင်ထပ်သွား၏။ ဟွမ်ထူထောင်ထျန်းနှင့် ကျန်းရီတို့သည် တစ်မြို့လုံး၏ အ‌ရှေ့တွင် လဲ့ချီရန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပေသည်။ သူတို့က သူ့ကို ကျယ်လောင်စွာ ရိုက်လိုက်သဖြင့် လဲ့ချီရန် စကားတစ်ခွန်းပင် မပြောဝံ့ဖြစ်သွားသည်။

မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာ မရှိလျှင် သူသည် သာမန် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးသာဖြစ်သည်။ စစ်ထူရီရှောင်ထံတွင် ဝိညာဉ်ချိတ်ဆက် မူလရတနာနှစ်ခုရှိ၏။ ဟွမ်ဖူထောင်ထျန်းက သူ့ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။ ကျန်းရီကမူ... အကယ်၍ သူသာ ကျန်းရီနှင့် လုလင်းတို့၏ တိုက်ပွဲကို မမြင်ခဲ့လျှင် ကျန်းရီကို တိုက်ခိုက်ရန် တုံ့ဆိုင်းမှုမရှိ သဘောတူလိုက်မည်ဖြစ်သည်။ သို့သော် သူ၏ အမိကမ္ဘာမြေသံချပ်ကာကို ဝတ်ဆင်ထားသော လုလင်းပင် သေသွားခဲ့၏။ သူသည် အဘယ်သို့ စွန့်စားတိုက်ခိုက်ဝံ့ပါမည်နည်း။

“ဟွန်း...”

လဲ့ချီရန် အေးစက်စက် နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။

“ကျန်းရီ... မင်းက တော်တော် အတင့်ရဲနေတယ်ပေါ့လေ။ မင်း ငါ့ကို မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာကို ပြန်ပေးလိုက်ပါလား။ အဲ့ဒါဆို ငါတို့ တစ်ယောက်ချင်းယှဉ်လို့ရတယ်”

“မင်း သေချာလား”

ကျန်းရီကာ ထီမထင်ဟန်ဖြင့် အကြောက်တရားကင်းမဲ့စွာ ပြောလိုက်သည်.

“တကယ်လို့ မင်းတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်သာ ဒီနေ့တိုက်ပွဲပြီးသွားရင် ငါ့ကို ထပ်မနှောင့်ယှက်တော့ပါဘူးလို့ ကိုယ်တိုင်ကတိပေးမယ်ဆိုရင်... ဒီတိုက်ပွဲမှာ ဘယ်သူသေသေ၊ ဘယ်သူရှင်ရှင် ဘယ်သူမှ ဝင်မနှောင့်ယှက်ဘူးလို့ ကတိပေးမယ်ဆိုရင်... ငါ မင်းကို မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာ ငှားပေးလို့ရတယ်။ ပြီးတော့ ဒီလက်နက်နှစ်ခုက အခု ငါ့ဟာဖြစ်နေပြီ.. မင်းဟာ မဟုတ်ဘူး။ မင်း အဲ့ဒါကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်။ အဲ့ဒါတွေက လုလင်းနဲ့ငါ့ရဲ့ ယှဉ်ပြိုင်ပွဲက ရတဲ့ပစ္စည်းတွေပဲ။ မင်းက မျိုးနွယ်(၁၃)ခုရဲ့ သခင်လေးတွေ၊ သခင်မလေးတွေရှေ့မှာ မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာကို လုလင်းကို ရောင်းလိုက်ပြီလို့ ပြောခဲ့တယ်မလား။ ဒါမှမဟုတ် မင်းစကားတွေကို ဘာအဓိပ္ပာယ်မှ မရှိတာလား”

“ဝိုး...”

ကျန်းရီသည် သူ့အသံထဲတွင် အတွင်းအားထည့်သွင်းထားသဖြင့် ထိုအသံကို မြို့ထဲရှိ လူပေါင်းများစွာက ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။ သူသည် လဲ့ချီရန်ကို ချောင်ပိတ်၍ တစ်ယောက်ချင်းယှဉ်ပြိုင်ရန် ဖိအားပေးနေခြင်းပင်။

ကျန်းရီသည် တစ်ယောက်ချင်းယှဉ်ပြိုင်လျှင် ငါးဆယ်ရာခိုင်နှုန်း ရှင်သန်နိုင်ခြေရှိ၏။ အကယ်၍ စစ်ထူမျိုးနွယ်နှင့် လဲ့မျိုးနွယ်ကြားတွင် တိုက်ပွဲဖြစ်လာလျှင် သူ သေချာပေါက် သေသွားပေလိမ့်မည်။ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်များစွာ ရှိနေရာ သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ စစ်ထူမျိုးနွယ်က အကြွင်းမဲ့ဆရာသခင်များက သူ့ကို ကာကွယ်ပေးမှာသာ သူ အသက်ရှင်နိုင်မည်ဖြစ်သည်။ သို့သော်... ထိုသို့ ဖြစ်နိုင်ပါမည်လော။

“...”

လဲ့ချီရန် နှုတ်ဆိတ်နေ၏။ သူ၏မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်နေပြီး သူ၏မျက်နှာက မည်းမှောင်နေပေသည်။ ကျန်းရီပြောလိုက်သော စကားက သူ့ကို ချောင်ပိတ်သွားစေလေသည်။ အကယ်၍ သူသာ စိန်ခေါ်မှုကို ငြင်းလိုက်လျှင် အနာဂတ်တွင် မြို့တွင်း၌ အဘယ်သို့ ဂုဏ်သိက္ခာရှိရှိ နေနိုင်ပါတော့မည်နည်း။ လဲ့မျိုးနွယ်၏ နံပါတ်(၁)သခင်လေးက အသက်နှစ်ဆယ်အရွယ်သာ ရှိသေးသည့် အပြင်လူတစ်ယောက်ကို ကြောက်သည်ဟု အထင်မခံနိုင်ပေ။

“ကောင်းပြီ”

ထိုအချိန်တွင် အသံဩဩတစ်သံ ထွက်ပေါ်လာ၏။ အသံက အလွန်ဩဇာပါပြီး ကြောက်မက်ဖွယ်ကောင်းသည်။ ထိုအသံသည် ကောင်းကင်ကိုးဘုံမှ ကျဆင်းလာသော မိုးကြိုးတန်းတစ်ခုကဲ့သို့ မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။

“ကျန်းရီ... မင်းက သတ္တိရှိတာပဲ။ မင်းလို့ သတ္တိရှိတဲ့ လူငယ်တွေကို ငါ သဘောကျတယ်။ လူငယ်လေး... ငါ မင်းကို တစ်မြို့လုံးရှေ့မှာ ကတိပေးတယ်။ မင်း ချီရန်နဲ့ တိုက်ခိုက်ပြီးသွားရင် လဲ့မျိုးနွယ်က ပြီးခဲ့တာတွေကို ပြီးစေတော့လို့ သဘောထားပြီး အနာဂတ်မှာ မင်းရဲ့ မိတ်ဆွေတွေ ဖြစ်လာမယ်”

“လဲ့ထင်ဝေ”

အားလုံး တုန်လှုပ်သွားကြ၏။ လဲ့ထင်ဝေက လဲ့ချီရန်ကိုယ်စား စိန်ခေါ်မှုကို လက်ခံလိုက်ခြင်းလော။ သူက သူ့သားအပေါ် အမှန်ပင် ယုံကြည်မှုရှိသည်လော သို့မဟုတ် လဲ့မျိုးနွယ်၏ ဂုဏ်သိက္ခာကိုဆည်ခြင်းလောကိုမူ မည်သူမှ မသိပေ။

“ကောင်းပြီ”

လဲ့ချီရန်ကလည်း အရာအားလုံးကို စွန့်စားရန် အသင့်ဖြစ်နေပေပြီ။ သူ အော်ပြောလိုက်သည်။

“အားလုံးပဲ ဒီနေရာက ထွက်သွားပေးပါ။ ကျွန်တော် ဒီနေ့ ကျန်းရီနဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်မယ်”

“ညီ‌လေးကျန်း...”

စစ်ထူရီရှောင်က ကျန်းရီဘက်သို့ လှည့်၍ အလေးအနက် အသံပို့လွှတ်လိုက်၏။

“လဲချီရန်က အတော်လေး သန်မာတယ်နော်။ သူက အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးပဲ၊ ပြီးတော့ သူ့ဆီမှာ ကျို့ကျွမ်သွေးနီရောင်ဆေးလုံးလည်း ရှိတယ်။ ညီလေး အနိုင်ယူနိုင်မှာ သေချာလား။ တကယ်လို့ ညီလေး သူ့ကို မနိုင်တော့ဘူးဆိုရင်... ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး ထွက်ပြေးလိုက်ပါ”

ဟွမ်ဖူထောင်ထျန်းကလည်း အသံပို့လွှတ်လိုက်သည်။

“တကယ်လို့ အခြေအနေ မကောင်းတော့ရင် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး အပြစ်သားကျွန်းက ချင်ချင်း ထွက်သွားပါ။ နောက်မှ အစ်ကို ညီလေးကို လာရှာပါမယ်”

ကျန်းရီ ရင်ထဲထိသွား၏။ စစ်ထူမျိုးနွယ်က ယနေ့တွင် လဲ့မျိုးနွယ်ကို လုံးဝ ဆန့်ကျင်ခဲ့ပြီး တန်ကြေးကြီးကြီးပေးခဲ့ရလေသည်။ သို့သော် စစ်ထူရီရှောင်က သူ့ကို ကောင်းကင်ရှောင်တိမ်းခြင်းသုံး၍ ထွက်ပြေးရန် သတိပေးနေ၏။ ယင်းက သူ့ကို သိမ်းသွင်းလို၍ ပြောနေခြင်းမဟုတ်ပေ။ စစ်ထူရီရှောင်က အမှန်ပင် သူ့ကို မိတ်ဆွေတစ်ယောက်ကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သည်။ ဟွမ်ဖူထောင်ထျန်းမှာမူ သူ့ကို ထွက်ပြေးရန် ပြောရုံသာမက နောက်တွင် သူလည်း လိုက်လာမည်ဖြစ်သည်။

“ဟားဟားဟား...”

ကျန်းရီ လှိုက်လှိုက်လှဲလှဲ ရယ်လိုက်၏။ သူ သွေးဆူလာပြီး စိတ်ဓာတ်တက်ကြွလာသည်။ သူ၏ တိုက်ခိုက်လိုစိတ်က အထွတ်အထိပ်သို့ ရောက်နေပေပြီ။ သူ့လက်ထဲတွင် မီးနဂါးဓားထွက်ပေါ်လာ၏။ ထို့နောက် သူက ရထားလုံးကို ကန်အားပြုကာ ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ ပျံတက်သွားကာ အော်ပြောလိုက်သည်။

“လဲ့ချီရန်... ငါနဲ့ လာပြီးတိုက်ခိုက်စမ်း။ ရှီးဖေးနဲ့ ကျန့်ဝူရင်းတောင် ငါ့ကို မသတ်နိုင်ခဲ့ဘူး.. မင်းလည်း သတ်နိုင်မှာ မဟုတ်ဘူး”

***

All Chapters