← Chapters

လဲ့ချီရန်...သေစမ်း

Vol. 58 Ch. 798

လဲ့ချီရန်...သေစမ်း

Vol. 58 Ch. 798

“ဝိုး...”

မြို့တစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ရှီးဖေးနှင့် ကျန့်ဝူရင်းတို့က အလွန်ကျော်ကြား၏။ အတွင်းရေးများကို သိမထားသူများက ကျန်းရီ မည်သူဖြစ်ကြောင်း စတင် ခန့်မှန်းလိုက်ကြသည်။ ရှီးဖေးနှင့် ကျန့်ဝူရင်းတို့၏ လိုက်လံသတ်ဖြတ်မှုကို ခံခဲ့ရသူမှာ သာမန်လူတစ်ယောက်မဟုတ်လောက်ပေ။

“ကျန်းရီလား”

လူများစွာသည် အစောက လဲ့ချီရန် ခေါ်လိုက်သော အမည်ကို အမှတ်ရသွားကြသည်။ သူတို့သည် မည်သည့်ကိစ္စဖြစ်နေကြောင်း သိသွားပြီဖြစ်၍ အလွန်စိတ်လှုပ်ရှားလာကြသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ကျန်းရီသည် ရီချန်၊ ရှီးဖေးနှင့် ကျန်သူများကို အနိုင်ယူကာ မူလရတနာများ ရခဲ့သည်။ ထို့နောက်တွင် ရှီးဖေးနှင့် ကျန့်ဝူရင်းတို့က သူ့ကို လိုက်လံသတ်ဖြတ်ကြသည်။ သို့သော် မအောင်မြင်ခဲ့ချေ။ ထိုဇာတ်လမ်းများသည် ယခင်ကတည်းက ရှန်းစီမျိုးနွယ်စုတွင် ပျံ့နှံ့နေသော ဇာတ်လမ်းများဖြစ်သည်။

ကျန်းရီကလည်း ထိုသို့ ဖြစ်စေလိုခြင်းပင်။ သူ မည်သူဖြစ်ကြောင်း ပေါ်သွားပြီဖြစ်၍ သူ့အမည်ကို တစ်လောကလုံးတွင် ကျော်ကြားသွားအောင် လုပ်လိုပေသည်။ ဟွမ်ဖူထောင်ထျန်းက ရှန်းစီမျိုးနွယ်စုတွင် အလွန်ကျော်ကြား၏။ သူ မည်သူဖြစ်ကြောင်း လူထုက သိသွားပြီဖြစ်၍ လဲ့ထင်ဝေတစ်ယောက် ကတိဖျက်လိုလျှင်ပင် မြို့ထဲရှိ လူထု၏ အမြင်ကို ထည့်တွက်ရပေလိမ့်မည်။

ဝှစ်...

လဲ့ချီရန်က ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ထို့နောက်တွင် စစ်ထူမျိုးနွယ်နှင့် လဲ့မျိုးနွယ်မှ အကြီးအကဲများ၊ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့လည်း ပျံတက်သွားကြသည်။ ရှန်းစီမြို့၏ အထက်တွင် အကာအရံတစ်ခုရှိခဲ့၏။ သို့သော် ယခုအခိုက်တွင် ထိုအကာအရံ ပျောက်ကွယ်နေလေသည်။ ထို့ကြောင့် အားလုံး ကောင်းကင်ထက်သို့ အလွယ်တကူ ပျံတက်နိုင်ကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

မြို့ထဲမှ သိုင်းသမားများစွာကလည်း ပျံတက်သွားကြ၏။ သူတို့သည် စည်းမျဉ်းများအတိုင်း ကောင်းကင်ထဲရှိ တစ်နေရာတွင် စုဝေးလိုက်ကြသည်။ မိနစ်ပိုင်းအတွင်းမှာပင် ကောင်းကင်ထက်သို့ လူတစ်သောင်းကျော် ရောက်သွားပေသည်။ သူတို့အများစုမှာ မျိုးနွယ်အသီးသီးမှ လူငယ်မျိုးဆက်များဖြစ်၏။ ညအစောပိုင်းက ယှဉ်ပြိုင်ပွဲကို ကြည့်ခဲ့ရသော မျိုးနွယ်(၁၃)ခုမှ သခင်လေး၊ သခင်မလေးများလည်း ထွက်လာကြသည်။ သူတို့ထဲတွင် လုယွီလည်း ပါ၏။

ကျန်းရီနှင့် လဲ့ချီရန်တို့သည် မြေပြင်အထက် ကီလိုမီတာ(၃၀)အကွာတွင် ရှိနေကြ၏။ သူတို့သည် တိုက်ခိုက်မှုက မြို့ကို မထိခိုက်စေရန် ရှန်းစီမြို့၏ ဘယ်ဘက် ကီလိုမီတာရာကျော်အကွယ်သို့ ပျံသွားလိုက်ကြ၏။ ကျန်းရီ၏လက် တောက်ပလာပြီး သူ့လက်ထဲတွင် မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာ ထွက်ပေါ်လာသည်။ သူက ၎င်းတို့ကို ခပ်လှမ်းလှမ်းတွင် ရပ်နေသော လဲ့ချီရန်ထံ ပစ်ပေးလိုက်သည်။ သူက ၎င်းတို့ကို အစုတ်အပြတ်များအဖြစ်သာ သဘောထားသကဲ့သို့ပင်။ ထို့နောက် သူ ထီမထင်ဟန်ဖြင့် ပြုံး၍ ပြောလိုက်၏။

“လဲ့ချီရန်... ငါ မင်းကို စက္ကန့်သုံးဆယ်ပဲ အချိန်ပေးမယ်။ အဲ့အချိန်အတွင်း မင်း အဲ့ဒါတွေကို မသန့်စင်နိုင်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

“အာ...”

မရေမတွက်နိုင်သော လူများ အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်ကြသည်။ ကျန်းရီက လဲ့ချီရန်ကို ရတနာများ ပြန်ပေးခဲ့ပြီး အချိန်သုံးဆယ်စက္ကန့် ပေးခဲ့၏။ မူလက ၎င်းတို့သည် လဲ့ချီရန်၏ ရတနာများဖြစ်၏။ စိတ်ဝိညာဉ်အမှတ်အသား မရှိတော့လျှင်ပင် ဝိညာဉ်ချိတ်ဆက် မူလရတနာများက သူ၏အရှိန်အဝါကို ရင်းနှီးနေဦးမည်ဖြစ်သည်။ သူက ၎င်းတို့ကို အပြည့်အဝ မသန့်စင်နိုင်လျှင်ပင် တော်တော်များများ သန့်စင်နိုင်ပေလိမ့်မည်။

ကျန်းရီက စကားတည်ပေသည်။

ကျန်းရီသည် မျှမျှတတ ယှဉ်ပြိုင်လိုကြောင်း ထင်ရှား၏။ ထိုမှ လဲ့ချီရန် ဆင်ခြင်ပေးစရာမရှိတော့ဘဲ နောင်တွင် ပြဿနာမရှာနိုင်မည်ဖြစ်သည်။ ဟွမ်ဖူထောင်ထျန်းနှင့် စစ်ထူရီရှောင်တို့ စိတ်လှုပ်ရှားလာ၏။ စစ်ထူရီနျန်က အကြီးအကဲတစ်ယောက်နှင့် ပြန်ရောက်လာသည်။ သူမ၏ လှပသော မျက်လုံးလေးများက စိုးရိမ်မှုဖြင့် တလက်လက် တောက်ပနေ၏။

ရွှီး...

လဲ့ချီရန်က မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာအတွင်းသို့ အတွင်းအား ထည့်သွင်းလိုက်၏။ မူလသံလက်နက်က တဖြည်းဖြည်း တောက်ပလာသည်။ အမိကမ္ဘာမြေသံချပ်ကာကလည်း မြင်သာထင်သာ တောက်ပလာပြီး မကြာခင်မှာပင် လဲ့ချီရန်၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားလေသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီ၏ မီးတိမ်သံချပ်ကာ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး အနီရောင်အလင်း တောက်ပလာလေသည်။ မီးတိမ်သံချပ်ကာမှနေ၍ အနီရောင်အလင်းတန်းသည် လွန်စွာခံ့ညားသော မီးနဂါးများကဲ့သို့ ဖြာထွက်နေ၏။ ကျန်းရီသည် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်ရလေသည်။

“အရမ်းခံ့ညားတာပဲ”

အင်အားကြီးမျိုးနွယ်များမှ သခင်မလေးများ၏ မျက်လုံးများ တလက်လက် တောက်ပလာကြသည်။ ကျန်းရီသည် သူ၏မူလရုပ်သွင်ကို ပြန်ပြောင်းထားပြီဖြစ်၏။ သူ၏အသားအရေက အလွန်ချောမွေ့သဖြင့် မိန်းကလေးများပင် မနာလိုဖြစ်ရလေသည်။ သူ၏ ငယ်ရွယ်သော ရုပ်သွင်အောက်တွင် လူကြီးတစ်ယောက်၏ ရင့်ကျက်သောအတွေ့အကြုံ ရှိပေသည်။ ထိုအရာကို လုလင်းကဲ့သို့ လူချောလေးများ မရနိုင်ချေ။ သူသည် မီးနဂါးဓားထုတ်လိုက်ပြီး အတွင်းအားထည့်သွင်းကာ မီးတောက်များ ထုတ်လွှတ်လိုက်သည်။ ထို့ကြောင့် သူ၏သွင်ပြင်က ပို၍ပင် ထူးကဲလာလေသည်။

“အချိန်ပြည့်ပြီ”

ကျန်းရီသည် အသံဩဩဖြင့် ရုတ်တရက် ‌အော်ပြောလိုက်သည်။ မီးနဂါးဓားမှနေ၍ မိုးကြိုးမီးထွက်လာပြီး သူ့ကို လွှမ်းခြုံသွား၏။ မကြာခင်မှာပင် မိုးကြိုးမီးက ကျုံ့သွားပြီး မိုးကြိုးမီးနတ်ဘုရားဒိုင်းအဖြစ် စုစည်းသွားသည်။ သူ၏အခြားလက်တစ်ဘက်တွင်မူ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ထွက်ပေါ်လာ၏။ ထို့နောက် ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ဧရာမလေးထောင့်ဒယ်စောက်အိုးကြီးအဖြစ် ပြောင်းလဲသွားကာ လဲ့ချီရန်ပေါ်သို့ ကျဆင်းသွားလေသည်။

“နောက်ဆုတ်ကြ...”

မိုးကြိုးမီးနတ်ဘုရားဒိုင်း ထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်လေထုက ရုတ်ခြည်း ပူပြင်းလာ၏။ ကြည့်နေသူများက အဝေးတွင် ရှိနေသော်လည်း သာမန်မျိုးနွယ်လေးများမှ သခင်လေး၊ သခင်မလေးများသည် သိပ်မသန်မာကြပေ။ အပူလှိုင်း တလိပ်လိပ်တက်လာသောအခါ လေထုပင် အတန်ငယ် တွန့်ခေါက်သွားသည်။ အစောင့်များအားလုံး အော်လိုက်ကြ၏။ တိုက်ပွဲကို ကြည့်နေသော သောင်းချီသည့် လူများက ရုတ်ခြည်းဆိုသလိုပင် ကီလိုမီတာများစွာ နောက်ဆုတ်လိုက်ကြသည်။

“ဟွန်း...”

လဲ့ချီရန်က အေးစက်စက် နှာမှုတ်လိုက်၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အမိကမ္ဘာမြေသံချပ်ကာ ထွက်ပေါ်လာသည်။ သံချပ်ကာပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ တောက်ပလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ပေးနေလေသည်။ တစ်ချိန်တည်းမှာပင် သူသည် မူလသံလက်နက်ဖြင့် ကောင်းကင်ကို ရုတ်တရက် ရိုက်ချလိုက်၏။ သူ၏မူလသံလက်နက်မှ အတွင်းအား ထွက်သွားပြီး လေထဲတွင် ဧရာမတောင်တစ်လုံးအဖြစ် စုစည်းသွားသည်။ တောင်သည် အတွင်းအားမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်တစ်ခုဟု မထင်ရဘဲ တောင်အစစ်တစ်လုံးကဲ့သို့ ထင်ရလေသည်။ ၎င်းသည် ကြီးမားသော အဟုန်ကို သယ်ဆောင်၍ ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးနှင့် ထိတိုက်သွားသည်။

ဝုန်း...

တောင်နှင့် ဒယ်စောက်အိုးတို့ ထိတိုက်သွားသောအခါ လူများစွာက ရင်တုန်သွားကြပြီး နားစည်များ နာသွားကြသည်။ တောင်က ကွဲအက်ပျက်စီးသွားပြီး ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးက လွင့်ပျံထွက်သွား၏။ ပတ်ဝန်းကျင်အာကာပြင်လည်း တုန်ခါသွားပြီး တုန်ခါလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။ လေပြင်းထန်လာကာ မုန်တိုင်းများ ဖြစ်ပေါ်လာပြီး အာကာပြင်ကို စုတ်ဖြဲသွား၏။ ယင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

“မြေဓာတ် တာအိုပုံသဏ္ဌာန်လား”

ကျန်းရီသည် မြေဓာတ် တာအိုပုံသဏ္ဌာန်ကို ယခင်က မြင်ဖူးခဲ့သော်လည်း တစ်စုံတစ်ယောက်က မြေဓာတ် တာအိုပုံသဏ္ဌာန်ကိုသုံး၍ တိုက်ခိုက်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ လဲ့ချီရန်က အပူကြောင့် လောင်ကျွမ်းမသွားကြောင်းကို တွေ့လိုက်သောအခါ သူ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ဤအမိကမ္ဘာမြေသံချပ်ကာက အလွန်ဆန်းကြယ်ပြီး အပူကိုပင် ဖြတ်တောက်နိုင်ပေသည်။

ရွှီး...

ကျန်းရီ သူ၏အင်အားအစစ်အမှန်ကို ဆက်၍ မဖုံးကွယ်တော့ပေ။ ရုတ်ခြည်းပင် သူသည် နေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက်တွင် သူ လဲ့ချီရန်၏ အထက်တွင် ပြန်ထွက်ပေါ်လာသည်။ သူနှင့်လဲ့ချီရန်သည် သုံးကီလိုမီတာသာ ကွာတော့ပေသည်။

“သေစမ်း...”

လဲ့ချီရန်၏ ကောင်းကင်စိတ်အာရုံက အတော်လေးကောင်း၏။ သူက အာကာလှိုင်းများကို လျင်မြန်စွာ အာရုံခံနိုင်လိုက်ပြီး ကျန်းရီရှိနေသောနေရာကို မူလသံလက်နက်ဖြင့် ရိုက်လိုက်လေသည်။ အဝါရောင်အတွင်အားများက နောက်ထပ် တောင်တစ်လုံးအဖြစ် စုစည်းသွားပြီး ကျန်းရီဆီ ဦးတည်ပျံသန်းသွားလေသည်။

“နတ်ဘုအရားအသံ ကောင်းကင်အတတ်”

ကျန်းရီက ချဉ်းကပ်လာသော ‌တောင်ကို လုံးဝလျစ်လျူရှုကာ ဒေါသဖြင့် ‌အော်လိုက်လေသည်။ ကောင်းကင်ထဲတွင် မီးနဂါးဓား ဝေ့ယမ်းသွားပြီး လေများ တိုက်ခတ်လာစေသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်အသံတစ်သံ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကို စုတ်ဖြဲကာ လူများ၏ နားစည်များကို ထိုးဖောက်သွားလေသည်။ ထိုအသံက လူအားလုံးကို အလွန်မသက်မသာ ဖြစ်သွားစေသည်။

တစ်ချိန်တည်းမှာပင် ကျန်းရီသည် အခြားလက်တစ်ဘက်ဖြင့် လက်ဝါးရိုက်ချက်တစ်ချက် ထုတ်လွှတ်လိုက်၏။ အရောင်စုံသော လက်ဝါးရာတစ်ခု ထွက်ပေါ်လာသည်။ လက်ဝါးရာမှနေ၍ ဖျက်ဆီး၍မရနိုင်သော အရှိန်အဝါတစ်ခု ထွက်လာ၏။ ၎င်းက ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားဖြစ်ကြောင်း ထင်ရှားပေသည်။

“အဲ့ဒါ ဘာအသံလဲ”

“အကြီးအကဲ... ကျွန်တော် မသက်မသာ ခံစားနေရတယ်”

“အား...”

တိုက်ပွဲကို ကြည့်နေသော သခင်လေးနှင့် သခင်မလေး အချို့ အသံ၏ သက်ရောက်မှုကို ခံလိုက်ရ၏။ သူတို့သည် အဝေးတွင်ရှိနေသော်လည်း ကျန်းရီက အစွမ်းကုန်ထုတ်သုံးလိုက်ခြင်းဖြစ်၍ အသံက လွန်စွာ ဆိုးဝါးပေသည်။ ထို့ကြောင့် သခင်မလေးအချို့၏ အတွင်းအားများက ပရမ်းပတာဖြစ်သွားကြ၏။ သူမတို့သည် ကောင်းကင်မှပြုတ်ကျသွားပြီး လေထဲတွင် အဆက်မပြတ် အန်လိုက်ကြသည်။

“အား...”

မျှော်လင့်ထားသလိုပင် လဲ့ချီရန်သည် အသံ၏သက်ရောက်မှုကို ခံလိုက်ရပေသည်။ သူသည် ခေါင်းကို လက်နှစ်ဘက်ဖြင့် ကိုင်၍ ကောင်းကင်ထဲတွင် လူးလွန့်နေ၏။ သူသည် ကျန်းရီနှင့် အလွန်နီးနေသဖြင့် သူ၏ခေါင်းက တစ္ဆေအသံကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေလေသည်။

ဝုန်း...

အဝါရောင်တောင်ကြီးက ကောင်းကင်ကိုးဘုံ ကြယ်တာရာစွမ်းအားနှင့် ထိတိုက်သွားသောအခါ တုန်လှုပ်ဖွယ် ပေါက်ကွဲသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အဟုန်လှိုင်းများ တလိပ်လိပ် ပျံ့နှံ့သွားပြီး အာကာပြင်ကို ရုတ်ခြည်းအတွင်း စုတ်ဖြဲပစ်လိုက်လေသည်။ ကျန်းရီနှင့် လဲ့ချီရန်တို့သည်လည်း အဟုန်လှိုင်းများကြောင့် အောက်ဘက်သို့ ကျဆင်းသွား၏။ ပတ်ဝန်းကျင်အာကာပြင်သည် မိုးကြိုးမြွေတစ်ကောင်က ကောင်းကင်ကို ထိုးဖောက်သွားသကဲ့သို့ စတင် ကွဲအက်လာ၏။

“ဖူး...”

“ဖူး...”

ကျန်းရီနှင့် လဲ့ချီရန်တို့နှစ်ယောက်စလုံး လေထဲတွင် သွေးအန်လိုက်ကြသည်။ သူတို့သည် ပေါက်ကွဲမှု၏ဗဟိုဖြင့် အလွန်နီးကပ်နေခဲ့ကြပေသည်။ ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်း ကွဲအက်ပျက်စီးသွား၏။ မီးတိမ်သံချပ်ကာကြောင့်သာ မဟုတ်လျှင် သူသည် အာကာပြင်တွန့်ခေါက်မှုကြောင့် သေသွားလောက်ပေပြီ။

လဲ့ချီရန်သည်လည်း မသက်သာပေ။ အမိကမ္ဘာမြေသံချပ်ကာက သူပိုင်သောအရာဆိုသော်ငြား အချိန်တိုအတွင်း ပြီးပြည့်စုံအောင် သန့်စင်၍ အပြည့်အဝ ဝိညာဉ်ချိတ်ဆက်နိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ခုခံစွမ်းအားက အတော်လေး အားနည်းနေပေသည်။ သို့သော် သူ၏ဒဏ်ရာက ကျန်းရီ၏ဒဏ်ရာလောက် မပြင်းထန်ပေ။

“လဲ့ချီရန်... သေစမ်း”

ကျန်းရီ၏နှုတ်ခမ်းများတွင် သွေးများပေနေ၏။ သူသည် အလွန်ကျင်နေသဖြင့် ခန္ဓာကိုယ်တဆတ်ဆတ်တုန်နေသည်။ သို့သော် သူက နာကျင်မှုကို အရေးမစိုက်လိုက်ပေ။ သူသည် ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းသွားပြီး လက်ထဲရှိ မီးနဂါးဓားကို ဆက်၍ ဝှေ့ယမ်းလိုက်လေသည်။ မီးနဂါးဓားမှနေ၍ သောင်းချီသော မီးနဂါးလေးများ ပျံထွက်လာ၏။ ၎င်းတို့နှင့်အတူ ရဲရဲနီနေသော ဝိညာဉ်ဓားတစ်ဒါဇင်လည်း ပျံထွက်သွားသည်။ ကျန်းရီသည် လဲ့ချီရန်ကို တစ်ကွက်တည်းဖြင့် သတ်ရန် ကြံရွယ်ထားခြင်းပင်။

သေရေး၊ရှင်ရေး အခိုက်အတန့်တွင် မည်သည့်စည်းမျဉ်းမှ မရှိပေ။ ကျန်းရီသည် ပြိုင်ဘက်ကိုသတ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။ မဟုတ်လျှင် အသတ်ခံရသူမှာ သူဖြစ်သွားပေလိမ့်မည်။

***

All Chapters