မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု
Vol. 58 Ch. 799
“အား...အား...”
လဲ့ချီရန်သည် ဆိုးဝါးသောအသံ၏ အပြင်းအထန် နှိပ်စက်မှုကို ခံနေရ၏။ ယင်းအသံက သူ၏နားဘေးတွင် ဘဲအကောင်တစ်သောင်း တဂတ်ဂတ်အော်နေသကဲ့သို့ပင်။ သူ့ကို ထိုမျှ ထိခိုက်အောင်လုပ်နိုင်လျှင် ယင်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု မဟုတ်လောက်ပေ။ သူ့မျက်ခုံးများကြားတွင် အဆင့်မြင့် မိုးကြိုးချိပ်စည်းရှိပေသည်။ သို့သော် သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်လာသည့် စွမ်းအင်မရှိလျှင် သူ၏စိတ်ဝိညာဉ်ကို မည်သို့ ကာကွယ်ရမည်နည်း။
“အာ...”
ရုတ်တရက် လဲ့ချီရန်သည် သေနိုင်လောက်သော အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်၏။ သူ၏စိတ်ဝိညာဉ် တုန်လှုပ်သွား၏။ သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် သူ၏စိတ်က အလွန် ကြည်လင်သွားသည်။ သူ လှည့်ပတ်ကြည့်လိုက်ရာ သောင်းချီသော မီးနဂါးလေးများကြားမှ အနီရောင်အလင်းတန်း တစ်ဒါဇင်ကို တွေ့လိုက်လေသည်။ ရုတ်ခြည်းပင် သူသည် ရေခဲရေထဲ အနှစ်ခံလိုက်ရသကဲ့သို့ အေးစက်သောခံစားချက်ကို ခံစားလိုက်ရသည်။
“မိုးကြိုးချိပ်စည်း”
လုလင်းက ထိုအနီရောင်အလင်းတန်းတစ်ဒါဇင်၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်းဖြစ်ကြောင်း လဲ့ချီရန် ကောင်းစွာသိပေသည်။ ထို့ကြောင့် သူ မဆင်မခြင် မပြုမူဝံ့ပေ။ သူ၏မိုးကြိုးချိပ်စည်း တောက်ပလာပြီး သူ့ခေါင်းပတ်ပတ်လည်တွင် စတင် လည်ပတ်လာသည်။ ထိုအခိုက်တွင် သူသည် ဆိုးဝါးသောအသံကို အတင်းမေ့ပျောက်ထားလေသည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိ၏။ သူ ထိုအနီရောင်အလင်းတန်းများကို တားဆီးခုခံရပေမည်။ မဟုတ်လျှင် သူလည်း လုလင်းကဲ့သို့ ဇာတ်သိမ်းသွားပေလိမ့်မည်။
“ဟွန်း...”
ကျန်းရီက အေးစက်စက် နှာမှုတ်လိုက်ပြီး မီးနဂါးဓားကို ပို၍ပင် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ အာကာပြင်တစ်ခွင်တွင် စူးရှသောအသံ ပဲ့တင်ထပ်သွားသည်။ ၎င်းအသံကို မခံနိုင်တော့သော သခင်လေးများ၊ သခင်မလေးများ ပိုများလာ၏။ သူတို့သည် ခေါင်းကိုဆုပ်ကိုင်၍ အောက်သို့ ပြုတ်ကျနေကြ၏။
သိုင်းပညာရှင်များစွာက အလွန်အံ့အားသင့်နေကြသည်။ ကျန်းရီက ကျော်ကြားမှုနှင့် ထိုက်တန်ပေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ သခင်လေးများ၊ သခင်မလေးများကို လှည့်ဖြားနိုင်ခဲ့ပြီး ရှီးဖေးနှင့် ကျန့်ဝူရင်းတို့ကို နောက်ကောက်ကျစေခဲ့သော ကျန်းရီသည် အမှန်ပင် သာမန်လူတစ်ယောက် မဟုတ်ပေ။ ဤမီးတောက်များနှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်တို့ဖြင့်ပင် သူ၏စွမ်းအားကို သိနိုင်လေသည်။
“အား...”
လဲ့ချီရန်က နာကျင်တကြီး အော်လိုက်၏။ သို့သော် သူသည် ဝိညာဉ်ဓားများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့အတွက် မိုးကြိုးချိပ်စည်းကို သူ့ခေါင်းပတ်ပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေစေရန် အကောင်းဆုံးကြိုးစား ထိန်းချုပ်နေလေသည်။ တစ်ချိန်တည်းမှာပင် သူသည် မူလသံလက်နက်ဖြင့် ထပ်မံ ရိုက်လိုက်၏။ ယခင်ကတောင်များထက် ပို၍ကြီးမားသော တောင်တစ်လုံး လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ကျန်းရီထံ ပျံဝင်သွားသည်။ ယခုတွင် ကျန်းရီကို မိုးကြိုးမီးနတ်ဘုရားဒိုင်းက မဝန်းရံထားချေ။
“သေစမ်း...”
ကျန်းရီက အော်လိုက်ပြီး ကျန်ဝိညာဉ်ဓား အချောင်းလေးဆယ်ကို ထိန်းချုပ်ကာ လဲ့ချီရန်ထံသို့ ပြင်းထန်စွာ ပျံသန်းသွားလိုက်လေသည်။ မိုးကြိုးချိပ်စည်းက မွတ်နေအောင် လည်ပတ်နေသဖြင့် ဝိညာဉ်ဓားတစ်ဒါဇင်ကို ရုတ်ခြည်းအတွင်း ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။ သို့သော် ဝိညာဉ်ဓားအချောင်းနှစ်ဆယ်ကျော်က လဲ့ချီရန်၏ မျက်ခုံးနှစ်ခုအကြားကို ထွင်းဖောက်သွားကာ သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်သွားသည်။
“အား... မဟုတ်ဘူး...”
လဲ့ချီရန်သည် သူ၏စိတ်ဝိညာဉ်မှ မခံမရပ်နိုင်သော နာကျင်မှုကို မခံစားရသေးခင်မှာပင် တဆတ်ဆတ်တုန်ယင်လာလေသည်။ သူ ကြောက်လန့်တကြား အော်လိုက်၏။ သူ့မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်တစ်ခု ရှိနေပေသည်။ သူသည် မိုးကြိုးချိပ်စည်းကို စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်၍ ဝိညာဉ်ဓားများကို ဖျက်ဆီးပစ်အောင် ထိန်းချုပ်ရန်ပင် မေ့လျော့သွား၏။ ဝိညာဉ်ဓားအချို့ကို ဖျက်ဆီးနိုင်လိုက်လျှင်ပင် သူ၏စိတ်ဝိညာဉ်က အက်ကွဲသွားဦးမည်သာဖြစ်ကြောင်း သူ ကောင်းစွာ သိပေသည်။
ဗြော...ဗြော...
မြေဓာတ်တာအိုပုံသဏ္ဌာန် တောင်ကြီးသည်လည်း ပြိုကျသွား၏။ သူ၏ စိတ်ဝိညာဉ်က တိုက်ခိုက်ခံနေရသဖြင့် သူ တာအိုပုံသဏ္ဌာန်ကို မည်သို့ ထုတ်လွှတ်နိုင်ပါဦးမည်နည်း။
“ကျန်းရီ... ကျေးဇူးပြုပြီး ငါ့သားရဲ့အသက်ကို ချမ်းသာပေးပါ။ ငါ ကတိတည်မှာပါ။ ငါတို့ရဲ့ အတိတ်ရန်ငြိုးတွေအကုန်လုံး သင်ပုန်းကျေသွားပါပြီ”
ကျန်းရီသည် လဲ့ချီရန်၏အသက်ကို အဆုံးသတ်တော့မည့် အခိုက်တွင် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရလေသည်။ အသံပို့လွှတ်လိုက်သူမှာ လဲ့ထင်ဝေပင်။ ထို့နောက်တွင် သူသည် အောက်ဘက်တစ်နေရာမှနေ၍ ရောက်လာသော အရှိန်အဝါခပ်ရေးရေးတစ်ခုကို အာရုံခံမိလိုက်၏။ လဲ့ထင်ဝေက မှော်အတတ်အချို့ကိုသုံး၍ အောက်ဘက်တွင် ပုန်းအောင်းနေသည့်ပုံပင်။
ကျန်းရီက အကြည့်လွှဲ၍ သူ၏ဝိညာဉ်ဓားများကို ရပ်တန့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်စိတ်အာရုံကိုလည်း ဖြန့်ကျက်လိုက်သည်။ သူသည် ထိုခပ်ရေးရေးအရှိန်အဝါ ထွက်လာသည့်နေရာကို အာရုံခံ၍ အသံပြန်ပို့လွှတ်လိုက်၏။
“အစောကပဲ လဲ့မျိုးနွယ်ခေါင်းဆောင်က ဝင်မရှုပ်ပါဘူးလို့ ကတိပေးထားတယ်မလား။ အခု ခင်ဗျားက ကတိဖျက်လိုက်တာပဲ။ နောက်ကျရင် ခင်ဗျား ကတိမဖျက်ဘူးဆိုတာ ကျွန်တော် ဘယ်လို ယုံကြည်ရမှာလဲ”
“ဟွန်း...”
မကြာခင်တွင် ကျန်းရီသည် လဲ့ထင်ဝေ၏ အသံပို့လွှတ်မှုကို ကြားလိုက်ရ၏။
“ကောင်လေး... မင်း ရွေးချယ်စရာရှိတုန်းမှာ လက်ခံလိုက်၊ တရားလွန်မလာနဲ့။ မင်း ယုံချင်ယုံ၊ မယုံချင်နေ။ ငါမင်းကို ရိုက်သတ်ပစ်လို့ရတယ်။ ငါ့စကားတွေက သက်ရောက်မှုကြီးတယ်။ ငါက ဒီကိစ္စကို ရှော်ပေးလိုက်မယ်လို့ပြောရင် တကယ် ရှော်ပေးလိုက်မှာပဲ”
“ဟားဟားဟား...”
ကျန်းရီက လှောင်ရယ်ရယ်လိုက်ပြီး ဒေါသတကြီး အသံပို့လွှတ်လိုက်၏။
“အဲ့ဒါဆိုလည်း ကျွန်တော့်ကို ရိုက်သတ်လိုက်လေ။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားရဲ့သားကို ကျွန်တော်နဲ့အတူ အပါခေါ်သွားမှာပဲ”
ကျန်းရီသည် ထိုသို့ပြောပြီးနောက် ဝိညာဉ်ဓားများကို ထိန်းချုပ်၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။ အစောလေးမှ အတန်ငယ် သက်သာရာရသွားသော လဲ့ချီရန်သည် ထပ်မံ၍ နာကျင်တကြီး လူးလွန့်သွားရ၏။ သူက ခေါင်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး နာကျင်တကြီး အော်လိုက်သည်။ သူ၏မျက်နှာကလည်း ရှုံ့မဲ့နေပေသည်။ အကယ်၍ သူ၏စိတ်ဝိညာဉ်ကသာ လုလင်း၏စိတ်ဝိညာဉ်ကဲ့သို့ အားနည်းလျှင် သူ သေသွားပြီးလောက်ပေပြီ။
“ကောင်းပြီ... လူငယ်လေး၊ မင်းနိုင်ပါတယ်”
လဲ့ထင်ဝေက အသည်းအသန် ထပ်မံ၍ အသံပို့လွှတ်လိုက်၏။
“ရပ်လိုက်တော့... မင်း လိုချင်တာကိုသာ ပြောပါ”
ကျန်းရီက မျက်လုံးပင့်ကာ တိုက်ခိုက်မှုကို ရပ်လိုက်ပြီး ပြန်၍ အသံပို့လွှတ်လိုက်၏။
“ခင်ဗျား ကျွန်တော့်ကို ဘယ်တော့မှ ထပ်ပြီးပြဿနာမရှာပါဘူးလို့ တစ်မြို့လုံးရှေ့မှာ ကတိပေးရမယ်။ ပြီးတော့... မူလသံလက်နက်နဲ့ အမိကမ္ဘာမြေသံချပ်ကာက ကျွန်တော့်ဘာသာ တိုက်ခိုက်ပြီး ရထားတာတွေပဲ၊ အဲ့ဒါတွေကို ကျွန်တော့်ကို ပြန်ပေးရမယ်”
“ကောင်း...ကောင်းပြီ”
လဲ့ထင်ဝေက အံကြိတ်၍ အသံပို့လွှတ်လိုက်သည်။ သူ့အသံတွင် ဒေါသခိုးများဖြင့် ပြည့်နှက်နေပေသည်။ ဤအခိုက်တွင် တစ်မြို့လုံးသာ ကြည့်မနေလျှင် လဲ့ထင်ဝေက သူ့ကို ရိုက်သတ်ပစ်လိမ့်မည်ဟု ကျန်းရီ ယုံကြည်၏။ သူ ထိုသို့ယုံကြည်လောက်ဖွယ် အကြောင်းများလည်း ရှိနေသည် မဟုတ်ပါလား။
“အာ...”
တိုက်ပွဲကို ကြည့်နေသူများသည် လဲ့ချီရန်၏ ခေါင်းထဲမှနေ၍ ဝိညာဉ်ဓားများ ပျံထွက်လာပြီး ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားသို့ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။ ထို့ပြင် ကျန်းရီက တိုက်ခိုက်မှုကို ရပ်လိုက်ပြီး ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုးကိုလည်း ပြန်သိမ်းလိုက်သည်။ အားလုံး နားမလည်နိုင်ဖြစ်သွားကြ၏။ ကျန်းရီသည် နောက်ဆုံးအခိုက်အတန့်တွင် စိတ်ပျော့သွားသည်လော။
တစ်ခုခု ထူးဆန်းနေပေသည်။
လဲ့ချီရန်က သက်ပြင်းအနည်းငယ် ချလိုက်ပြီး မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာတို့ပေါ်မှ ဝိညာဉ်အမှတ်အသားကို ဖယ်ကာ ကျန်းရီအား ပေးလိုက်၍ မြို့ထဲသို့ ပြန်ဆုတ်ခွာသွားလေသည်။
“တိုက်ပွဲက ပြီးသွားပြီလား”
လူများစွာက နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ကြသည်။ သို့သော် မကြာခင်မှာပင် သူတို့ နားလည်သွားကြသည်။ လဲ့မျိုးနွယ်က ကျန်းရီနှင့် အပေးအယူအချို့ လုပ်ခဲ့ကြောင်း ထင်ရှားပေသည်။ တိုက်ပွဲ ပြီးသွားပေပြီ။ ကျန်းရီ နိုင်သွားပြီး မူလသံလက်နက်နှင့် အမိကမ္ဘာမြေသံချပ်ကာကို ရသွားလေသည်။
“ဒီတိုက်ပွဲမှာ လဲ့ချီရန် ရှုံးသွားပြီ။ ကျန်းရီက ကျုပ်နဲ့ ညှိုနှိုင်းခဲ့ပါတယ်။ ကျုပ်က ကျုပ်ရဲ့စကားကို တည်မှာပါ။ ကျန်းရီနဲ့ လဲ့မျိုးနွယ်ကြားက မကောင်းတဲ့သမိုင်းအကုန်လုံး သင်ပုန်းကျေသွားပါပြီ။ လဲ့မျိုးနွယ်ကလူတွေ အကုန်လုံး နားထောင်ကြ... မင်းတို့ ကျန်းရီကို ပြဿနာ ထပ်ရှာခွင့် မရှိဘူး”
ကောင်းကင်မှနေ၍ အသံသဲ့သဲ့တစ်သံ ထွက်ပေါ်လာ၏။ လဲ့ထင်ဝေက လူအများရှေ့တွင် ကြေညာလိုက်ပေပြီ။ ကျန်းရီ အသက်ပြင်းလေးလေးတစ်ချက် မှုတ်ထုတ်လိုက်သည်။ သို့သော် သူ မြို့သို့ ပြန်သွားသည့်အခိုက်တွင် ရင်ထဲမှနေ၍ အလွန်မရေရာသော ခံစားချက်တစ်ခု ထိုးတက်လာ၏။ ရုတ်ခြည်းပင် မီးနဂါးဓား တောက်ပသွားပြီး မိုးကြိုးမီး ထွက်လာကာ မိုးကြိုးမီးနတ်ဘုရားဒိုင်းအဖြစ် စုစည်းသွားလေသည်။ တစ်ချိန်တည်းမှာပင် မီးတိမ်သံချပ်ကာကလည်း အနီရောင်အလင်း တောက်ပလာသည်။
“ကျန်းရီ... မျိုးမစစ်ကောင်... မင်းက သခင်လေးလုလင်းကို သတ်ရဲတယ်ပေါ့လေ။ သေပေတော့...”
“ကျန်းရီကို သတ်ကြ... သခင်လေးလင်အတွက် လက်စားချေကြ”
“ကျန်းရီ... လုကျွင်း ဒီကိုရောက်လာပြီ။ သေဖို့သာ ပြင်ထားပေတော့”
ပွဲကြည်ပရိသတ်ထဲမှ လူသုံးယောက်က တစ်ပြိုင်တည်း အော်လိုက်ကြ၏။ သူတို့က လျှပ်စီးကဲ့သို့ လျင်မြန်လေသည်။ သူတို့ထဲမှ တစ်ယောက်သည် ကီလိုမီတာသုံးရာ ကျယ်သည့် လက်ဝါးရာကြီးတစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်၏။ ၎င်းပေါ်တွင် အဖျက်စွမ်းအား တောက်ပလာသည်။ အာကာပြင်တုန်ခါမှုကလည်း အစောမှ ပေါက်ကွဲမှုထက် ပို၍ ပြင်းထန်သွားသည်။
အခြားလူတစ်ယောက်၏လက်ထဲတွင် ဒူးလေးတစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင် မြားတံက ကျန်းရီထံသို့ မိုးကြိုးတန်းတစ်ခုကဲ့သို့ ပျံဝင်သွားသည်။ တတိယလူ၏ တိုက်ခိုက်မှုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။ သူ့လက်ထဲတွင် ရွှေရောင်ဘီးလုံးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းဘီးလုံးပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ တောက်ပလာသည်။ ၎င်းက ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုလော။ ရွှေရောင်ဘီးဘုံးသည် ကောင်းကင်ထဲတွင် မွတ်နေအောင် လည်ပတ်နေ၏။ ၎င်းတွင် ထက်ရှသော အစွန်းများရှိပေသည်။ လူတစ်ယောက်၏ ခေါင်းနှင့် ထိုထက်ရှသော အစွန်းများသာ ထိတွေ့သွားပါက ခေါင်းသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။
“အဆင့်မြင့် ကောင်းကင်ဧကရာဇ်သုံးပါး... တစ်ပါးမှာ ဝိညာဉ်ချိတ်ဆက် မူလရတနာတောင် ရှိတာလား”
ပွဲကြည့်ပရိသတ်များ မှင်တက်သွားကြသည်။ သူတို့သည် စုတ်ပြဲသွားသော အာကာပြင်လွှာများကို ကြည့်လိုက်ကြ၏။ လူအားလုံးသည် အလွန်ကြောက်ရွံ့နေကြပြီး လုမျိုးနွယ်၏ ရဲတင်းမှုကိုလည်း အံ့အားသင့်နေကြသည်။
“ညီလေးကျန်း... မြန်မြန် ကောင်းကင်ရှောင်တိမ်းခြင်းသုံးလိုက်”
ဟွမ်ဖူထောင်ထျန်းက ကောင်းကင်ထက်သို့ ခေါင်းမော့၍ အော်လိုက်သည်။ သူ့လက်ထဲမှ မိုးကြိုးဓားကလည်း မိုးကြိုးအလင်းလျှပ်စစ်အရိပ်ဖြင့် တောက်ပလာသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏စွမ်းအားအကြီးဆုံး တိုက်ကွက်ဖြစ်သော မိုးကြိုးအလင်းလျှပ်စစ်အရိပ် တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လိုက်လေသည်။
“အကြီးအကဲဆယ်ယောက်... အခု တစ်ခုခု လုပ်ပါဦး”
စစ်ထူရီရှောင်ကလည်း ဒေါသတကြီး အော်ပြောလိုက်သည်။ သို့သော် စစ်ထူမျိုးနွယ်၏ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဆယ်ပါးက တုံ့ဆိုင်းနေကြလေသည်။ သူတို့သည် ထိုလူသုံးယောက်၏ အော်သံများကို ကြားလိုက်ရသဖြင့် မစွန့်စားလိုကြပေ။ ထိုလူများက လုမျိုးနွယ်မှ လူများ မဟုတ်ပါလား။ သူတို့သည် စစ်ထူအောင်း၏ အမိန့်မရလျှင် လုမျိုးနွယ်မှ အကြီးအကဲသုံးယောက်ကို မည်သို့ သတ်နိုင်ပါမည်နည်း။
“ကောင်းကင်ရှောင်တိမ်းခြင်းလား”
ကျန်းရီက ခါးသက်သက် ပြုံးလိုက်၏။ ပထမလူ၏ လက်ဝါးရိုက်ချက်တွင် စွမ်းအားကြီးသော အာကာသတာအိုပုံသဏ္ဌာန် ပါဝင်ကြောင်း ထင်ရှားပေသည်။ ၎င်းက အဆင့်မြင့် တာအိုပုံသဏ္ဌာန်ဖြစ်ဖို့များသည်။ အာကာပြင်က အလွန်တုန်ခါနေသဖြင့် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးဖို့မဆိုထားနှင့် သူ့ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင် ဖြစ်နေလေသည်။
“မဖြစ်နိုင်ဘူး... သူတို့ကို ကျွန်မမသိဘူး...”
ထိုအခိုက်တွင် လုယွီက အော်ပြောလိုက်သည်။
“သူတို့က ကျွန်မတို့ လုမျိုးနွယ်က လူတွေ မဟုတ်ဘူး....”
ဝှစ်...ဝှစ်...ဝှစ်...
လူအားလုံး မျက်နှာထား ပြောင်းလဲသွားကြသည်။ ထိုလူများသည် လုမျိုးနွယ်မှမဟုတ်လျှင် အဘယ်ကြောင့် လုမျိုးနွယ်၏ အကြီးအကဲများအဖြစ် ဟန်ဆောင်ရသနည်း။ အဘယ်ကြောင့် လုလင်းအတွက် လက်စားချေမည်ဟု ဟန်ဆောင်ရသနည်း။ ဖြစ်နိုင်ခြေတစ်ခုသာ ရှိပေသည်။ သူတို့သည် သေချာပေါက် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများ ဖြစ်ရပေမည်။
***