← Chapters

ပြောင်းပြန်အချိန်စီးကြောင်း

Vol. 58 Ch. 800

ပြောင်းပြန်အချိန်စီးကြောင်း

Vol. 58 Ch. 800

ထိုလူသုံးယောက်သည် အမှန်ပင် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများဖြစ်ကြသည်။ သူတို့သည် နေ့လယ်ပိုင်းတွင် လျှို့ဝှက်သတင်းပို့မှုမှနေ၍ အမိန့်တစ်ခု ရခဲ့သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက ကျန်းရီကို ဘာပဲရင်းရရင်းရ ရအောင်သတ်ရန် အမိန့်ပေးခဲ့၏။ အပြစ်သားကျွန်းတွင် အနုပညာဧကရာဇ်တစ်ပါး ရှိလာ၍ မဖြစ်ပေ။ သူတို့သည် ယခု ကျန်းရီက မည်သူဖြစ်ကြောင်း သိသွားသောအခါ တုံ့ဆိုင်းမှုမရှိဘဲ လှုပ်ရှားလိုက်ကြခြင်းပင်။

ထိုလူသုံးယောက်က မျိုးနွယ်မတူပေ။ သူတို့သည် အသေခံတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ ယခုမလှုပ်ရှားလျှင် အခွင့်အရေး ထပ်ရရန် လွယ်ကူတော့မည် မဟုတ်သဖြင့် သူတို့က ချက်ချင်းလှုပ်ရှားရန် ရွေးချယ်ခဲ့ခြင်းပင်။ စစ်ထူမျိုးနွယ်မှ လူများသည် ကျန်းရီကို စစ်ထူအိမ်တော်ဆီ ခေါ်သွားတော့မည်ဖြစ်သည်။ စစ်ထူအိမ်တော်တွင် လူအယောက်သုံးရာကိုပင် သတ်ပစ်နိုင်သော ပညာရှင်အိုကြီးများ ရှိသဖြင့် လူသုံးယောက်ကို သတ်ပစ်ရန်မှာ သူတို့အတွက် ထမင်းစား၊ ရေသောက်ပင်။

ထိုလူသုံးယောက်သည် လုမျိုးနွယ်မှ အကြီးအကဲများအဖြစ် ဟန်ဆောင်လိုက်သဖြင့် သိုင်းပညာရှင်တော်တော်များများက လှုပ်ရှားရန် တုံ့ဆိုင်းသွားခဲ့ကြသည်။ သူတို့သည် အတူတကွ ရှင်သန်ရန် မမျှော်လင့်ထားပေ။ အကယ်၍ သူတို့သာ ကျန်းရီကို သတ်နိုင်မည်ဆိုလျှင် သူတို့၏စတေးမှုက တန်ပေလိမ့်မည်။ သူတို့၏မျိုးဆက်များက ဧကရာဇ်ကိုးပါးမျိုးနွယ် တည်ရှိနေသ၍ ဂုဏ်ရှိန်နှင့် ကြွယ်ဝမှုကို ခံစားနိုင်ပေလိမ့်မည်။

“သေပေတော့...”

ဝိညာဉ်ချိတ်ဆက် မူလရတနာကို ကိုင်ထားသော ပိန်ပိန်ပါးပါး အဘိုးအို၏ မျက်လုံးများထဲတွင် ရူးသွပ်မှုနှင့် ပြည့်နှက်နေသည်။ သူသည် အတိတ်တွင် အတုအယောင် နတ်ဘုရား အသုံးအဆောင်တစ်ခုကို မ‌တော်တဆ ရခဲ့ကာ အောင်အောင်မြင်မြင် ဝိညာဉ်ချိတ်ဆက်နိုင်ခဲ့၏။ ယခုတွင် သူသည် သူသေနိုင်ကြောင်း သေချာသိထားသဖြင့် သူ၏အင်အားကို အကုန်ထုတ်သုံးလိုက်ခြင်းပင်။ သူ၏ ရွှေရောင်ဘီးလုံးက လည်ပတ်ကာ ကျန်းရီထံ လျင်မြန်စွာ ပျံဝင်သွား၏။ ၎င်း၏ အရှိန်အဝါက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ဟုပင် ထင်ရလေသည်။ ၎င်းသာ ကျန်းရီကို ထိမှန်သွားပါက ကျန်းရီတစ်ယောက် မီးတိမ်သံချပ်ကာ ဝတ်ဆင်ထားလျှင်ပင် သေချာပေါက် သေဆုံးသွားမည်ဟု သူယုံကြည်၏။

(၃၃)ကီလိုမီတာ၊ (၁၅)ကီလိုမီတာ၊ (၁)ကီလိုမီတာခွဲ...

ရွှေရောင်ဘီးလုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေ၏။ ကျန်လူနှစ်ယောက်က ကောက်ကျစ်သောအပြုံး ပြုံးလိုက်ကြသည်။ ကျန်းရီက အာကာပြင်ကြောင့် တုန်ခါနေ၏။ သူသည် မုန်တိုင်းကြမ်းထဲမှ လှေ‌လေးတစ်စင်းကဲ့သို့ဖြစ်နေပြီး ကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်မသုံးနိုင်ဖြစ်နေလေသည်။ ဟွမ်ဖူထောင်ထျန်း၏ သေစေနိုင်လောက်သော တိုက်ခိုက်မှုက ကောင်းကင်ထက်သို့ ရောက်လာပေတော့မည်။ စစ်ထူမျိုးနွယ်မှ အကြီးအကဲများကလည်း ထိုလူများက လုမျိုးနွယ်မှ မဟုတ်ကြောင်း သိသွား၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် သူတို့ နောက်ကျသွားပေပြီ။

“ကျန်းရီ.. မျိုးမစစ်လေး... သခင်လေးဖေးက မင်းကို နှုတ်ဆက်ကြောင်း ပြောပေးဖို့ ငါ့ကို မှာလိုက်တယ်”

ဒူးလေးဖြင့် ပစ်လိုက်သည့် ထွားကြိုင်းသောလူက ဝမ်းသာအားရ အော်ပြောလိုက်သည်။ သူ့ပတ်ပတ်လည်ရှိ အာကာပြင်က အနည်းငယ် လှိုင်းထနေသည်။ ဓားရိပ်တစ်ခုက အာကာပြင်ကို ထိုးဖောက်ထွက်ပေါ်လာ၏။ ၎င်းသည် သက်တန့်ရောင်တောက်ပနေပြီး လျှပ်စီးတန်းများနှင့် အဖျက်စွမ်းအားကို သယ်ဆောင်လာလေသည်။ ယင်းက ဟွမ်ဖူထောင်ထျန်း၏ စွမ်းအားအကြီးဆုံး တိုက်ကွက် ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန် မိုးကြိုးအလင်းလျှပ်စစ်အရိပ်ပင်။

ထွားကြိုင်းသောလူက ၎င်းတိုက်ခိုက်မှုကို သူ မရပ်တန့်နိုင်ကြောင်း ကောင်းစွာသိ၏။ ထို့ကြောင့် သူသည် မျက်လုံးမှိတ်လိုက်ပြီး သေရန် အသင့်ပြင်ထားလိုက်သည်။ ကျန်းရီက သူနှင့်အတူ သေသွားမည်ကပင် တန်နေပေပြီ။

ဝုန်း...ဝုန်း...ဝုန်း...

ဝီး...ဝီး...

ရွှေရောင်ဘီးလုံးက လည်ပတ်ကာ အာကာပြင်လှိုင်းများနှင့်‌‌ လေခွင်းသံများကို သယ်ဆောင်လာ၏။ ကျန်းရီသည် အေးစက်စက် အလင်းကို ငေးကြည့်ရင်း မရဏအငွေ့အသက်ကို ရလိုက်လေသည်။ သူ ရင်ထဲတွင် သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ရီချန်က သူ့ကို မလိမ်ခဲ့ပေ။ အပြင်လောကတွင် ကျော်ကြားသူက သေရမည်ဖြစ်သည်။

“မဟုတ်ဘူး...”

ဟွမ်ဖူထောင်ထျန်း အသည်းအသန် ပျံသွားလိုက်၏။ မိုးကြိုးဓားက လျှပ်စီးများ ထပ်မံတောက်ပသွားပြီး ‘မိုးကြိုးအလင်းလျှပ်စစ်အရိပ်’ကို ထုတ်လွှတ်တော့ပေမည်။ သူသည် ကျန်းရီထံသို့ ပျံဝင်သွားသော ရွှေရောင်ဘီးလုံးကိုကြည့်ရင်း မျှော်လင့်ချက်မဲ့နေလေသည်။ သူ ကျန်းရီနှင့် ရင်းနှီးခဲ့သည်မှာ အချိန်မကြာသေးသော်လည်း ကျန်းရီက သူ၏ညီလေးတစ်ယောက်ကဲ့သို့ပင်။ ယခုတွင် သူသည် ကျန်းရီ သေရတော့မည်ကို ကြည့်ရုံသာ ကြည့်နေနိုင်ပြီး ဘာမှ မလုပ်နိုင်ဖြစ်နေ၏။ ဟွမ်ဖူထောင်ထျန်း၏ ရင်ထဲတွင် မည်မျှနာကျင်နေမည်ဖြစ်ကြောင်း တွေးကြည့်နိုင်ပေသည်။

“ဟွန်း...”

ထိုအခိုက်တွင် ကောင်းကင်ထဲတွင် အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းက အလွန်မကျယ်သော်လည်း အားလုံး၏ စိတ်ဝိညာဉ်များကို တုန်ယင်သွားစေသည်။ ကောင်းကင်လည်း အရောင်ပြောင်းသွားပြီး စူးရှသော လေခွင်းသံက အာကာပြင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားလေသည်။ ထို့‌နောက်တွင် ဧရာမလက်ချောင်းကြီးတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာပြီး အောက်ဘက်မြေပြင်သို့ ဖြည်းဖြည်းချင်း ဆန့်ထွက်သွား၏။

ထိုလက်ချောင်းသည် အဘိုးအိုတစ်ဦး၏ လက်ချောင်းပင်။ လက်ချောင်းက အလွန်မကြီးသော်လည်း အားလုံးသည် ၎င်းကို အာရုံစိုက်နေကြ၏။ ၎င်းက လျင်မြန်စွာ လှုပ်ရှားနေသည်ဟု မထင်ရသော်လည်း မျက်တောင်တစ်ခတ်အတွင်း ကျန်းရီနှင့် အခြားသူများ၏ အထက်သို့ ရောက်လာလေသည်။

ရွှစ်...

လက်ချောင်းက အာကာပြင်ကို ဂယက်ထသွားစေ၏။ ယင်းက တည်ငြိမ်နေသော ရေပြင်ကို လက်ထိပ်ဖြင့် ထိလိုက်သကဲ့သို့ပင်။

ထို့နောက်တွင် ဆန်းကြယ်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။

ရွှေရောင်ဘီးလုံးက နောက်ဘက်သို့ စတင် ပျံသန်းသွား၏။ ၎င်းနောက်ရှိ ဒူးလေးမြားတံကလည်း နောက်ပြန်ဆုတ်သွားသည်။ ကျန်းရီကမူ ကောင်းကင်ထဲတွင် ပတ်ချာလည်နေလေသည်။ သို့သော် ထိုအခိုက်တွင် ထွားကြိုင်းသောလူ၏ မှိတ်နေသော မျက်လုံးများ ပွင့်လာ၏။ မိုးကြိုးအလင်းလျှပ်စစ်အရိပ်တစ်ဝက်ကျော်လည်း နောက်ဆုတ်သွားပြီး ဟွမ်ဖူထောင်ထျန်းက မူလလမ်းကြောင်းအတိုင်း ပြန်သွား၏။

ထိုလက်ချောင်းထိချက်က အရာအားလုံးကို နောက်ပြန်ဆုတ်သွားစေသလိုပင်။ သို့သော် လူအားလုံး၏ စိတ်က အလွန်ကြည်လင်နေ၏။ သူတို့သည် သူတို့ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသောအရာအားလုံးကို ခံစားနိုင်နေပေသည်။

“ကြယ်ခုနစ်ပွင့် တာအိုပုံသဏ္ဌာန် ပြောင်းပြန်အချိန်စီးကြောင်း”

ဟွမ်ဖူထောင်ထျန်း၏ မျက်လုံးများ လွန်စွာ တောက်ပလာ၏။ သူ ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ့အောက်ဘက်ရှိ စစ်ထူရီရှောင်ကလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ စစ်ထူရီနျန်၏မျက်လုံးများထဲတွင်မူ မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။ အောက်ဘက်ရှိ အခြားလူများက ပို၍ပင် အံ့အားသင့်နေကြသည်။

ပြောင်းပြန်အချိန်စီးကြောင်း...

ပြောင်းပြန်အချိန်စီးကြောင်းသည် ရှန်းစီမျိုးနွယ်စု၏ စွမ်းအားအကြီးဆုံး သိုင်းပညာရှင် လဲ့မျိုးနွယ်အကြီးအကဲ၏ စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန်ဖြစ်သည်။ မျိုးနွယ်စုထဲတွင် ထိုတာအိုပုံသဏ္ဌာန်ကို ပြိုင်ဘက်ကင်းတာအိုပုံသဏ္ဌာန်အဖြစ် သတ်မှတ်ထား၏။ အကယ်၍ အချိန်ကိုသာ နောက်ပြန်ဆုတ်နိုင်လျှင် မည်သူက လဲ့မျိုးနွယ်အကြီးအကဲကို သတ်နိုင်တော့မည်နည်း။

ရွှစ်...ရွှစ်...

လက်ချောင်းက ကောင်းကင်ထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ လက်ချောင်းနေရာတွင် လက်အိုတစ်ဘက် ထွက်ပေါ်လာပြီး ၎င်းလက်က ရွှေရောင်ဘီးလုံးပိုင်ရှင် အဘိုးအိုထံ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလေသည်။ ယင်းမှာ ကြက်ကလေးတစ်ကောင်ကို သာမန်လက်တစ်ဘက်က ဆုပ်ကိုင်လိုက်သကဲ့သို့ပင်။ ‌ရွှေရောင်ဘီးလုံးပိုင်ရှင် အဘိုးအိုသည် ခုပင်မခုခံနိုင်လိုက်ဘဲ အလွယ်တကူ ဆုပ်ကိုင်ခံလိုက်ရသည်။ လက်က အတန်ငယ် လှုပ်ရှားလိုက်ရာ အဘိုးအို ပြာဖြစ်သွား၏။ လေထုထဲတွင် ကြောက်မက်ဖွယ် အော်သံတစ်သံသာ ကျန်ခဲ့လေသည်။

ရွှစ်...ရွှစ်...

လက်က ထပ်မံ လှုပ်ရှားလိုက်ပြီး ကျန်လူနှစ်ယောက်ကို ဆုပ်ကိုင်လိုက်၏။ သူတို့သည်လည်း အလွယ်တကူ ဆုပ်ကိုင်ခံလိုက်ရပြီး ပြာဖြစ်သည်အထိ ဖိချေခြင်း ခံလိုက်ရလေသည်။

မြို့တစ်ခွင်လုံး အလွန်တိတ်ဆိတ်သွားသဖြင့် လူအားလုံးသည် သူတို့၏အသက်ရှူသံကိုပင် ပြန်ကြားနေကြရ၏။

လူအားလုံးသည် လက်အိုကြီးကို ကြည့်ရင်း မှင်တက်နေကြ၏။ အားလုံး၏ ခေါင်းထဲတွင် ကြောက်မက်ဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက နတ်ဘုရားလက်တစ်ဘက်ကဲ့သို့ပင်။ ၎င်း၏ ချဉ်းကပ်လာမှုကို မည်သူမှ မတားဆီးနိုင်ချေ။ အားလုံး ပြာဖြစ်သည်အထိ ဖိချေခံလိုက်ရမည်ဖြစ်သည်။

“သူက အချိန်ကို နောက်ပြန်ဆုတ်ပြီး အဆင့်မြင့် ကောင်းကင်ဧကရာဇ်တွေကိုတောင် စိတ်ကြိုက် သတ်ပစ်နိုင်တာလား။ သူက နတ်ဘုရားလိုမျိုး ဖြစ်တည်မှုတစ်ခု မဟုတ်ဘူးလား”

ကျန်းရီ တံတွေးမျိုချလိုက်သည်။ ထိုအတတ်က ပြိုင်ဘက်ကင်းလုနီးပါးပင်။ ထိုကဲ့သို့ အတတ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်သည် အမှန်ပင် နတ်ဘုရားအဆင့်နှင့် နီးကပ်နေသူဖြစ်သည်။ ယင်းက နတ်ဘုရားတစ်ပိုင်းအဆင့်ပင်။

“အရှေ့ဘက် ‌တော်ဝင်နယ်မြေကလူတွေ နားထောင်ကြ၊ မင်းတို့ရဲ့ သခင်တွေကို ပြောလိုက်... သူတို့ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း မျှမျှတတ တိုက်ခိုက်ကြလို့။ ဒီလို ရှက်စရာကောင်းတဲ့ လှည့်ကွက်လေးတွေ မသုံးကြနဲ့။ အဲ့ဒါက ဧကရာဇ်ကိုးပါးကို သိက္ခာကျစေတယ်။ ရှန်းစီမျိုးနွယ်စုက လူတွေက ငါတို့လူတွေပဲ။ သူတို့ကို အန္တရာယ်ပြုတဲ့ ဘယ်သူမဆို ချက်ချင်း သတ်ပစ်ခံရမယ်”

အသံအိုတစ်သံ ထွက်ပေါ်လာ၏။ လက်လည်း ပျောက်ကွယ်သွားသည်။ သူ၏အသံက သိပ်မကျယ်သော်လည်း အားလုံးကို အလွန်စိတ်လှုပ်ရှားသွားစေလေသည်။ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့ အပါအဝင် သောင်းချီသော ပွဲကြည့်ပရိသတ်များသည် ဘယ်ဘက်လက်ကို ရင်ဘတ်ပေါ်တင်လိုက်ကြကာ အဆုံးစွန်လေးစားမှုကို ပြသလိုက်ကြသည်။ သူတို့သည် ရှန်းစီမျိုးနွယ်စု၏ အစောင့်အရှောက်တစ်ယောက်နှင့် သိုင်းပညာတာအို၏ အကြွင်းမဲ့ဆရာသခင်ကို အရိုအသေပေးနေကြခြင်းပင်။

ကျန်းရီကလည်း သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်‌အောင် ထိန်းလိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်သည်။ သို့သော် သူ စိတ်ထဲတွင် အံ့အားသင့်နေ၏။ လဲ့မျိုးနွယ်သည် သူ့ကြောင့် အရှက်ရခဲ့၏။ သို့သော် လဲ့မျိုးနွယ်အကြီးအကဲက အမှန်ပင် သူ့အသက်ကို ကယ်ခဲ့ခြင်းလော။

“အကြီးအကဲလဲ့”

အေးချမ်းနေမှုသည် အော်သံတစ်သံ၏ နှောင့်ယှက်မှုကို ခံလိုက်ရ၏။ ဟွမ်ဖူထောင်ထျန်းက ရုတ်တရက် ပြောလိုက်သည်။

“ခဏနေပါဦး... ဒီလောကမှာ တကယ်ပဲ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ပါသလား”

လူများစွာသည် အတန်ငယ် အံ့အားသင့်သွား၏။ သို့သော် သူတို့သည် ခေတ္တမျှ စဉ်းစားပြီးနောက် အဘယ်ကြောင့် ဟွမ်ဖူထောင်ထျန်းက ထိုသို့မေးလိုက်ကြောင်း သဘောပေါက်သွားကြသည်။ ဟွမ်ဖူ‌ထောင်ထျန်းတစ်ယောက် ဟွမ်ဖူမျိုးနွယ်တွင် ရှိနေဦးမည်ဆိုလျှင်ပင် သူ သူတို့မျိုးနွယ်၏အကြီးအကဲနှင့် တွေ့နိုင်မည်မဟုတ်ပေ။ အစတွင် ဟွမ်ဖူထောင်ထျန်း၏ အဆင့်အတန်းက သူ့မျိုးနွယ်ထဲ၌ အတော်လေးနိမ့်ကျခဲ့သည် မဟုတ်ပါလား။ ယခုတွင် သူသည် မျိုးနွယ်စု၏ အကြွင်းမဲ့ ဆရာသခင်တစ်ပါးကို တွေ့နိုင်ရန် အခွင့်အရေး ရနေပေပြီ။ ထို့ကြောင့် သူ ဤအခွင့်အရေးကို မဖြုန်းတီးပစ်လိုပေ။

လဲ့မျိုးနွယ်အကြီးအကဲက ဟွမ်ဖူထောင်ထျန်း၏ မေးခွန်းကို ချက်ချင်းပြန်မဖြေပေ။ သူက တစ်မိနစ်ခန့် စောင့်ပြီးမှ ပြောလိုက်၏။

“သိုင်းပညာတာအိုက ခက်ခဲတယ်။ ကံမကောင်တဲ့သူတွေက သေမျိုးတွေအဖြစ်ပဲ ဆက်ရှိနေမှာ၊ ကံကောင်းတဲ့သူပဲ မြင့်မားတဲ့အဆင့်ကို ရောက်နိုင်တယ်။ လူတစ်ယောက် နတ်ဘုရားဖြစ်လာမလား၊ နတ်ဆိုးဖြစ်လာမလားဆိုတာက လှုံ့ဆော်မှုအခိုက်အတန့်တစ်ခုအပေါ်မှာ မူတည်တယ်။ ရှေ့လမ်းခရီးက ခက်ခဲတယ်... ဒါပေမဲ့ ငါတို့တွေက အခက်အခဲတွေကို ဖြတ်ကျော်ပြီး ကောင်းကင်ဘုံကို တက်လှမ်းရမှာပဲ။ လူငယ်လေးဟွမ်ဖူထောင်ထျန်း... အဲ့စကားတွေက ဆန်းကြယ်ဧကရာဇ်ချန်ထားခဲ့တဲ့ စကားတွေပဲ။ အဲ့စကားတွေကို မင်းဘာသာ တွေးတောဆင်ခြင်ကြည့်ပါ...”

ရွှီး...

ဟွမ်ဖူထောင်ထျန်း၊ ကျန်းရီနှင့် သခင်လေးများစွာ၏ မျက်လုံးများသည် ရုတ်ခြည်း ကြယ်တာရာများကဲ့သို့ တောက်ပသွားကြ၏။ လဲ့မျိုးနွယ်အကြီးအကဲက တက်လှမ်းနိုင်မည့် ဖြစ်နိုင်ခြေကို မငြင်းခဲ့ပေ။ ယင်းက လူအားလုံးတွင် ဆန်းကြယ်ဧကရာဇ်လက်သစ် ဖြစ်လာနိုင်သည့် အခွင့်အရေးရှိသည်ဆိုသော အဓိပ္ပာယ်ပင်။

***

All Chapters