တစ်ချက်မှားမိလျှင် ဆက်တိုက်မှားသွားနိုင်သည်
Vol. 58 Ch. 802
ယမန်နေ့ညက အဖြစ်အပျက်သည် ရှန်းစီမျိုးနွယ်စုကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။ ထို့ပြင် အပြစ်သားကျွန်းတွင် ပုန်းအောင်းနေသော သူလျှိုများသည် လျှို့ဝှက်သတင်းပို့အစီအရင်များကိုသုံး၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ထိုအကြောင်းကို သတင်းပို့လိုက်ကြသည်။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး အုတ်အောင်သောင်းနင်း ဖြစ်သွားပြီး ကျန်းရီ၏အမည်က ထပ်မံ ကျော်ကြားသွားလေသည်။
ကုန်သည်သူလျှိုများသည်လည်း လဲ့မျိုးနွယ်အကြီးအကဲ၏ နောက်ဆုံးစကားကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်ပြေးကြ၏။ ကြောက်မက်ဖွယ် လက်ချောင်းတိုက်ခိုက်မှုက အားလုံး၏ စိတ်ဝိညာဉ်ကို တုန်ယင်သွားစေခဲ့သည် မဟုတ်ပါလား။ အချိန်တာအိုပုံသဏ္ဌာန်သည် အဆန်းကြယ်ဆုံး တာအိုပုံသဏ္ဌာန်ဖြစ်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် အချိန်တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ခဲ့သူ အနည်းငယ်သာ ရှိခဲ့သည်။ လဲ့မျိုးနွယ်အကြီးအကဲက ကြယ်ခုနစ်ပွင့် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်ခဲ့၏။ ၎င်းနှင့် နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို တွဲသုံးလိုက်လျှင် သူ၏ တိုက်ခိုက်စွမ်းရည်ကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ ပညာရှင်အိုကြီးများပင် ယှဉ်နိုင်မည် မဟုတ်ပေ။ လဲ့မျိုးနွယ်အကြီးအကဲက သူတို့အားလုံးကို အနိုင်ယူနိုင်လောက်ပေသည်။
နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်နှင့် အပြစ်သားကျွန်းနှင့် အဆုံးမဲ့ပင်လယ်နက်ကြားမှ မဟာမိတ် ဆက်ရှိနေလျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် အပြစ်သားကျွန်းကို တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။ ဆန်းကြယ်ဧကရာဇ်ကဲ့သို့ ကောင်းကင်ကို ဆန့်ကျင့်နိုင်သည့် ပညာရှင်တစ်ဦး ထပ်မံပေါ်ထွက်လာမှသာ ထိုပညာရှင်က နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ကျန်းရီ၏ တိုက်ခိုက်စွမ်းအား တိုးတက်နှုန်းကလည်း မျိုးနွယ်ကြီးများနှင့် မျိုးနွယ်လေးများမှ မျိုးနွယ်ဝင်များအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်။ ယခင်က ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေတွင် လျှောက်သွားနေသော စိတ်ကြီးဝင်နေသည့် လူငယ်တစ်ယောက်သာ ဖြစ်ခဲ့သည်။ နတ်မြင်းပျံမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်က သူ့ကို သတ်နိုင်လုနီးနီး ဖြစ်ခဲ့၏။ သို့သော် နှစ်နှစ်ကျော်ကြာပြီးနောက်တွင် သူ၏ တိုက်ခိုက်စွမ်းအားက ဝိညာဉ်ချိတ်ဆက် မူလရတနာနှစ်ခုကို ပိုင်ဆိုင်သော လဲ့ချီရန်ကိုပင် အနိုင်ယူနိုင်သည်အထိ တိုးတက်လာခဲ့သည်။
ကျန်းရီသည် လုမျိုးနွယ်မှ သခင်လေးကို သတ်ပြီးနောက်တွင် မည်သည့်အကျိုးဆက်မှ မခံခဲ့ရရုံသာမက စစ်ထူအိမ်တော်သို့ပင် ခမ်းခမ်းနားနား ရွှေ့ပြောင်းသွားခဲ့သေးသည်။ အရေးအကြီးဆုံးအရာမှာ... သူက အနုပညာဧကရာဇ် ဖြစ်လာနိုင်သည့် ဆရာရီဖျောင်ဖျောင် ဖြစ်နေခြင်းပင်။
အမှန်တွင်...
ကျန်းရီက ရီဖျောင်ဖျောင်အမည်ကို ကျော်ကြားသွားအောင် လုပ်ခဲ့ခြင်းမှာ ရီဖျောင်ဖျောင်အစစ်က သူ၏အောင်မြင်မှုများကို ကြားသိသွားပြီး သူ့ကို ဆက်သွယ်လာစေရန် ဖြစ်သည်။ ထို့ပြင် သူသည် စုလောရွှယ်အား သူ ကြိုးစားလုပ်ဆောင်နေသဖြင့် အရှုံးမပေးလိုက်ဘဲ သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်ရောက်လာသည့်အချိန်အထိ စောင့်နေရန် သတင်းပေးလိုခြင်းပင်။
ကျန်းရီသည် လက်တလောတွင် အရှေ့ဘက် တော်ဝင်နယ်မြေသို့ မပြန်နိုင်သေးချေ။ အကယ်၍ သူသာ သေသွားလျှင် ယွီဝမ်နှင့် ရီဖျောင်ဖျောင်တို့ကို ရှာနိုင်တော့မည် မဟုတ်သလို စုလောရွှယ်ကိုလည်း ကယ်တင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ ဤသို့ ကျော်ကြားလာအောင် လုပ်၍ သတင်းပေးရန်သာ တတ်နိုင်ခဲ့သည်။ ယင်းလုပ်ရပ်က အန္တရာယ်များသော်လည်း သူ အရာအားလုံးကို စွန့်စားလိုနေပေသည်။
“ဟူး...”
ဗုဒ္ဓဧကရာဇ်မြို့တော်ရှိ ဇင်နှလုံးသားစံအိမ်ထဲတွင် ရီချန်က သက်ပြင်းလေးလေးတစ်ချက် ချလိုက်လေသည်။ သူမ၏လှပသော မျက်လုံးများထဲတွင် နောင်တဖြင့် ပြည့်နှက်နေသည်။ ကျန်းရီက ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သူမ ယခင်ကတည်းက သိခဲ့သည်။ သူမသည် သေမင်းပင်လယ်ပြင်တွင် ကျန်းရီကို နှစ်ကြိမ်တွေ့ခဲ့ဖူး၏။ သူမသည် အထီးကျန် အရှေ့ပိုင်းပင်လယ်တွင် သူ့အသက်ကို တစ်ကြိမ် ကယ်ခဲ့ဖူးသည်။ သူမသည် ကျန်းရီကို ဗုဒ္ဓဧကရာဇ်မြို့သို့ ခေါ်လာရန် အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူး၏။ သို့သော် ထိုစဉ်က ကျန်းရီ၏ခန္ဓာကိုယ်သည် ကောင်းကင်ကျောက်တုံးများကို သန့်စင်ခြင်းကြောင့် ဒုက္ခိတဖြစ်နေခဲ့ပြီး နဂါးညှိုးရော်မြက်ပင်ကလည်း အနည်းငယ်သာ ရှိခဲ့သဖြင့် သူမ ထိုအကြံကို လက်လျှော့ခဲ့ခြင်းဖြစ်သည်။
ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ရှားပါးရတနာများ ရသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက်တွင် သူသည် နဂါးညှိုးရော်မြက်ပင်ကိုသုံးကာ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြန်ပြင်ခဲ့၏။ ထိုပြင်ဆင်မှုက သူ၏တိုက်ခိုက်စွမ်းအားကို လျင်မြန်စွာ တိုးတက်သွားစေသည်။ အထူးသဖြင့် သူ၏ ကြောက်မက်ဖွယ် မိုးကြိုးမီး၊ နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ကောင်းကင်ပန်းချီကားတို့က သူသည် သာမန်လူတစ်ယောက်မဟုတ်ဘဲ အကန့်အသတ်မရှိသော အနဂတ်ပိုင်ဆိုင်သူဖြစ်ကြောင်း ပြသနေပေသည်။
တစ်ချက်မှားမိလျှင် ဆက်တိုက်မှားသွားနိုင်သည်။
ကျန်းရီက အပြစ်သားကျွန်းသို့ ဝင်သွားပြီဖြစ်၍ မည်သည့်အခါတွင်မှ ဧကရာဇ်ကိုးပါးမျိုးနွယ်စုအတွင်းသို့ ဝင်နိုင်တော့မည်မဟုတ်ပေ။ သူသည် သူမတို့၏ရန်သူသာ ဖြစ်နေပေလိမ့်မည်။ ရီချန်က အလွန်မာနကြီးသူတစ်ယောက်ဖြစ်သဖြင့် လောကအတွင်းရှိ ယောက်ျားအားလုံးကို အထင်မကြီးပေ။ ကျန်းရီက သူမ အထင်ကြီးခဲ့သည့် တစ်ဦးတည်းသော ယောက်ျားဖြစ်သည်။ ယခုတွင်မူ... ထိုယောက်ျားသည် သူမ၏ရန်သူဖြစ်လာပေပြီ။ ထို့ကြောင့် ကံတရားက သူမနှင့် ကစားရန် ကြိုးစားနေသည်ဟုပင် သူမ ခံစားနေရလေသည်။
“ကျန်းရီ... ရီဖျောင်ဖျောင်က တကယ်ပဲ ကျန်းရီလား”
မိစ္ဆာဧကရာဇ်မြို့တွင် စံအိမ်တစ်ခုမှနေ၍ ဒေါသတကြီးအော်လိုက်သံတစ်သံ ထွက်ပေါ်လာသည်။ ရှီးဖေးသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း အဆင်မပြေခဲ့ပေ။ ကျန်းရီ၏အမည်ကို ကျော်ကြားလာလေလေ၊ သူ့အမည်က အရှုံးသမားအမည် ဖြစ်လာလေလေပင်။ ထို့ကြောင့် သူသည် ရှီးမျိုးနွယ်တွင် တဖြည်းဖြည်း အဆင့်အတန်း နိမ့်ကျလာခဲ့၏။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူသည် တံခါးအပြင်သို့ ခြေတစ်လှမ်းပင် မထွက်ဝံ့ခဲ့ပေ။ ထို့ကြောင့် သူသည် အခန်းအောင်းကျင့်ကြံရင်း ကျန်းရီနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို စုဆောင်းကာ သူ၏အရှက်ကွဲခဲ့မှုကို ဖယ်ရှားနိုင်သည့် နည်းလမ်းများကို တွေးနေခဲ့သည်။
ရီဖျောင်ဖျောင်က ကျန်းရီ၏ အမည်တုဖြစ်ကြောင်း ပေါ်သွားပြီဖြစ်သည်။ ကျန်းရီကလည်း ထိုအကြောင်းကို ဖုံးကွယ်လိုသည့်ပုံ မပေါ်ပေ။ ထို့ကြောင့် သတင်းက ရှန်းစီမြို့နှင့် အရှေ့ဘက် တော်ဝင်နယ်မြေတို့တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ရှီးဖေးသည် စိတ်ဓာတ်ကျလွန်းသဖြင့် သွေးအန်မလိုပင် ဖြစ်သွားခဲ့၏။ ယခုတွင် ကျန်းရီက စစ်ထူအိမ်တော်၌ နေနေပြီဖြစ်၍ သူ့ကို လုပ်ကြံနိုင်မည့် အခွင့်အရေး ရှိပါဦးမည်လော။
“စုံစမ်းရေးသမားတွေ... အရင်းအမြစ်အကုန်လုံးကိုသုံးပြီး ကျန်းရီနဲ့ သူ့နားက လူတွေရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းကြ။ ဘာသတင်းပဲရရ ချက်ချင်း အစီရင်ခံကြ”
ရှီးဖေးက ဆက်၍အခန်းဆောင်ကျင့်ကြံရန် ပြင်ဆင်ထားသည်။ သူ့ရင်ထဲမှ စွဲလမ်းမှုက အခန်းအောင်း ကျင့်ကြံနေစဉ်အတွင်း သူ၏ကျင့်ကြံနှုန်းကို များစွာမြန်လာစေသည်။ ကျန်းရီကို သတ်နိုင်မည့် အခွင့်အရေး သေချာပေါက် ရလာလိမ့်မည်ဟု သူ ယုံကြည်၏။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ထပ်တွေ့နိုင်ပေသည်။
တစ်ချိန်တည်းမှာပဲ ဝူနီ၊ ကျန့်ဝူရင်းနှင့် ထူလုံတို့သည်လည်း ကျန်းရီနှင့် ကျန်းရီနားမှ လူများအကြောင်းကို စုံစမ်းရန် အမိန့်ပေးလိုက်ကြသည်။ အပြစ်သားကျွန်းတွင် အနုပညာဧကရာဇ်တစ်ပါး ရှိလာ၍ မဖြစ်ပေ။ ထို့ပြင် သူတို့သည် ကျန်းရီကို အပူပင်ကင်းကင်း နေထိုင်ခွင့် မပေးနိုင်ချေ။ ကျန်းရီ အသက်ရှင်နေသ၍ သူတို့သည် ခေါင်းမော့ကာ ဝံ့ဝံ့ကြွားကြွား နေနိုင်မည်မဟုတ်ပေ။
***
ပြီးခဲ့သော ရက်များအတွင်း ကျန်းရီက သက်တောင့်သက်သာ နေနေခဲ့၏။ သူသည် အချိန်ရလျှင် ဟွမ်ဖူထောင်ထျန်း၊ စစ်ထူရီရှောင်တို့နှင့် စကားပြောခြင်း၊ ပန်းချီကားအချို့ ရေးဆွဲခြင်း၊ ဖုန်းလန်နှင့် ချင်းယွီတို့နှင့်အတူ ပုလွေမှုတ်ခြင်းအနုပညာကို လေ့လာခြင်းတို့ ပြုလုပ်နေခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် မြို့သည် ပြန်၍ တည်ငြိမ်လာ၏။ သူသည် သူ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ဆက်၍ အခန်းအောင်ကျင့်ကြံလိုက်ပြီး ကျန်နေသော တာအိုပုံသဏ္ဌာန်နှစ်ခုကို ပေါင်းစည်းနိုင်မည့် နည်းလမ်းများကိုလည်း တွေးတောခဲ့သည်။ ထို့ပြင် သူသည် ကောင်းကင်ဖျက်မီးကျင့်စဉ်ကိုလည်း ကျင့်ကြံခဲ့သည်။
ထိုအချိန်အတောအတွင်း ချမ်ဝမ်ကွမ်းက မနက်စောစော ထွက်သွားပြီး ညမှောင်မှ ပြန်ရောက်လာတတ်သည်။ အချို့ရက်များဆိုလျှင် သူသည် ကျန်းရဲတိုက်သို့ပင် ပြန်မလာချေ။ သူသည် စစ်ထူမျိုးနွယ်နှင့် အခြားကုန်သည်အဖွဲ့အစည်းများကြားမှာ ကုန်သွယ်ရေးများကို တာဝန်ယူထားရသည်။ သူသည် လက်ရှိတွင် ရှန်းစီမြို့မှ စီးပွားရေးလုပ်ငန်းများကို တာဝန်မယူရသေးသော်လည်း အရေးတယူ ဆက်ဆံခြင်း ခံနေရပြီဖြစ်သည်။ စစ်ထူအောင်းက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များအား ချမ်ဝမ်ကွမ်းကို အချိန်ပြည့် ကာကွယ်ပေးရန် တာဝန်ပေးထားသည်။ စစ်ထူမျိုးနွယ်မှ ကိုယ်ရံတော်များက ချမ်ဝမ်ကွမ်းကို အချိန်ပြည့် စောင့်ရှောက်ပေးနေသဖြင့် သူ၏လုံခြုံရေးကို စိတ်ချရပေသည်။
သို့သော် စစ်ထူရီနျန်က ကျန်းရဲတိုက်သို့ မကြာခဏ ရောက်လာနေ၍ ကျန်းရီ အတန်ငယ် စိတ်ကသိကအောက် ဖြစ်နေသည်။ သူ ခပ်စောစော အခန်းအောင်းကျင့်ကြံခဲ့ခြင်းမှာလည်း စစ်ထူရီနျန်ကို ရှောင်လို၍ဖြစ်သည်။
ထိုလူရည်လည်သည့် အချောအလှလေးက သူမ၏ မာယာများကို အသုံးချ၍ ကျန်းရီကို သူမခြေရင်းတွင် ဝပ်ဆင်းသွားအောင် လုပ်လိုနေပေသည်။ စစ်ထူအောင်းကလည်း ကျန်းရီကို သူ၏သားမက်ဖြစ်လာစေလိုပုံ ပေါ်၏။ သို့သော် ကျန်းရီက သူမကို ရှောင်နေလိုက်၏။ ထို့ပြင် ဖုန်းလန်နှင့် ချင်းယွီတို့ကလည်း စစ်ထူရီနျန်ကို ချမ်ဝမ်ကွမ်းက သူမကို အလွန်နှစ်သက်နေကြောင်း အရိပ်အမြွက်လေးများ ပေးခဲ့သည်။ ကျန်းရီက သူမတို့ကို ထိုသို့ လုပ်ခိုင်းထားခြင်းပင်။ စစ်ထူရီနျန်က ဉာဏ်ကောင်းသဖြင့် ထိုလုပ်ရပ်၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်ဟု ကျန်းရီ ယူဆပေသည်။
ကျန်းရီသည် စစ်ထူရီနျန်ကဲ့သို့သော မိန်းမများကို လေးစား၏ သို့သော် သူသည် သူမကို မည်သည့်အခါတွင်မှ ချစ်နိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့ မိန်းမများသည် မည်သည့်အခါတွင်မှ အမှန်တကယ် ချစ်လိမ့်မည် မဟုတ်ချေ။ သူမတို့သည် နှလုံးသားနူးညံ့သူများဟု ထင်ရသော်လည်း ယင်းက သူမတို့၏ မာယာများထဲမှ တစ်ခုသာဖြစ်သည်။ စစ်ထူရီနျန်ကဲ့သို့သော မိန်းမမျိုးသည် သူမ၏စိတ်ကို လုံးဝသိမ်းပိုက်နိုင်သူကိုသာ ချစ်ခင်ပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် ချမ်ဝမ်ကွမ်း မရှိလျှင်ပင် စစ်ထူရီနျန်ကို ချစ်လိမ့်မည် မဟုတ်ပေ။ သူက အကျိုးအမြတ်တွက်သော လက်ထပ်မှုများကို သဘောမကျပေ။ ထို့ပြင် သူ ထပ်မံ၍ မချစ်နိုင်တော့ပေ။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် စုလောရွှယ်တစ်ယောက် မည်သို့ဒုက္ခခံစားနေရမည်ကိုသာ အမြဲ တွေးနေခဲ့သည်။ သူ့ရင်ထဲတွင် ထိုသို့သော နာကျင်မှုရှိနေရာ သူသည် အဘယ်သို့ အခြားမိန်းမတစ်ယောက်ကို ထပ်ချစ်နိုင်ပါမည်နည်း။
ကျန်းရီ အခန်းအောင်း ကျင့်ကြံသွားသောအခါ ကျန်းရှောင်နူကလည်း အခန်းအောင်း ကျင့်ကြံလိုက်သည်။ ကျန်းရှောင်နူအတွက် ကျန်းရီက သူမ၏ကမ္ဘာကြီးဖြစ်သည်။ ကျန်းရီက အခန်းအောင်း ကျင့်ကြံနေသဖြင့် သူမတွက် ဘာမှ လုပ်စရာမရှိတော့ပေ။ ထို့ကြောင့် သူမသည်လည်း မင်ရည်တောင်ပံကျင့်စဉ်ကို ဆက်ကျင့်ကြံနေလိုက်သည်။ သူမသာ မင်ရည်တောင်ပံကျင့်စဉ်၏ ဒုတိယအဆင့်သို့ ရောက်သွားလျှင် အင်အားမည်မျှကြီးလာမည်ဖြစ်ကြောင်း သူမ မသိပေ။ သူမသည် ကျန်းရီ၏ ဝန်ထုပ်ဝန်ပိုးများကို မျှယူပေးနိုင်ရန်အတွက် သူမ၏အင်အားကို တိုးမြှင့်လိုခြင်းဖြစ်သည်။
ကျန်းရီသည် စစ်ထူအိမ်တော်တွင် နေထိုင်နေစဉ်အတွင်း မည်သည့်အရာကိုမှ စိတ်ပူရန်မလိုခဲ့ပေ။ နေ့စဉ်လိုအပ်ချက်များ၊ အစားအသောက်များနှင့် နတ်ဘုရားငိုကြွေးသံဆေးလုံးများကိုပင် စစ်ထူမျိုးနွယ်က ထောက်ပံ့ပေး၏။ ထို့ပြင် စစ်ထူအောင်းသည် ကျန်းရီ၏ ပန်းချီစွမ်းရည် တိုးတက်လာစေရန် အရည်အသွေးကောင်းသော စုတ်တံများ၊ မင်တုံးများနှင့် ပန်းချီလမ်းညွှန်ကျမ်းအချို့ ပို့ပေးခဲ့သည်။
ကျန်းရီသည် နတ်ဘုရားငိုကြွေးသံဆေးလုံးကို မသောက်ပေ။ နတ်ဘုရားငိုကြွေးသံက သူ့ကို ဝိညာဉ်ဓားအသစ်သုံးချောင်း ရရှိစေနိုင်သဖြင့် သူ့အတွက် များစွာ အကျိုးရှိပေသည်။ ထို့ကြောင့် သူသည် နတ်ဘုရားငိုကြွေးသံကို နေ့စဉ် ထွက်ပေါ်လာစေလိုနေသည်။
အချိန်က ရေကဲ့သို့ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးလ ကုန်ဆုံးသွားလေသည်။
ကျန်းရီ၏ ပဉ္စမမြောက် ကြယ်စက်လုံးက တစ်ဝက်ပြည့်နေပေပြီ။ သို့သော် သူ၏တာအိုပုံသဏ္ဌာန်က တိုးတက်မှု မရှိခဲ့ပေ။ ကောင်းကင်ဖျက်မီးမှာမူ အနည်းငယ် တိုးတက်ခဲ့သည်။
ယနေ့တွင် ကျန်းရီသည် သတင်း့ပို့လွှတ်မှုတစ်ခုကြောင့် ကျင့်ကြံနေရာမှ ရုတ်တရက် နိုးထလာခဲ့သည်။
သတင်းပို့လွှတ်လိုက်သူမှာ ဟွမ်ဖူထောင်ထျန်းဖြစ်၏။ သတင်း၏ အကြောင်းအရာကြောင့် ကျန်းရီ၏ကိုယ်ပေါ်တွင် သတ်ဖြတ်လိုသောအရှိန်အဝါ ထွက်ပေါ်လာလေသည်။
“ညီလေးကျန်း... အစ်ကို တောင်းပန်ပါတယ်၊ အစ်ကို အမှားလုပ်မိသွားတယ်။ အစ်ကို လူတစ်ယောက်ကို ကျန့်ဝူရွှမ်းနဲ့ ယွင်ဖေးတို့ကို သွားခေါ်ခိုင်းခဲ့တယ်။ သူတို့က ငှက်စိမ်းကုန်သည်အဖွဲ့အစည်းရဲ့ ကောင်းကင်သင်္ဘောကိုစီးပြီး ရှန်းစီကျွန်းကို လာခဲ့ကြတယ်။ ဒါပေမဲ့ ကောင်းကင်သင်္ဘောက ဓားပြတိုက်ခံခဲ့ရတယ်။ တိုက်တဲ့အဖွဲ့က ရှန်းစီပင်လယ်က ထိပ်တန်းဓားပြတပ်မဟာဆယ်ဖွဲ့ထဲက တစ်ဖွဲ့ပဲ။ အဲ့ဓားပြတပ်မဟာကို အရှေ့ဘက် တောင်ဝင်နယ်မြေက သူလျှိုတွေက လာဘ်ထိုးထားတယ်လို့ အစ်ကိုထင်တယ်”
ဝှစ်...
ကျန်းရီသည် ဖျတ်ခနဲလင်းလက်သွားပြီး ဧကရာဇ်နန်းတော်အပြင်တွင် ထွက်ပေါ်လာလေသည်။ သူက ဒေါသတကြီး လက်ဝှေ့ယမ်းလိုက်ပြီး အော်ပြောလိုက်၏။
“သွားကြစို့.... အရင်ဆုံး စစ်ထူမျိုးနွယ်ခေါင်းဆောင်ကို သွားရှာကြမယ်”
***