← Chapters

ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း

Vol. 58 Ch. 803

ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း

Vol. 58 Ch. 803

ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ ထွက်လာစဉ်တွင် စစ်ထူရီရှောင်နှင့် ချမ်ဝမ်ကွမ်းတို့ သုတ်သီးသုတ်ပြာ ရောက်လာသည်ကို တွေ့လိုက်ရသည်။ ချမ်ဝမ်ကွမ်းက မှိုင်းညို့သော မျက်နှာထားဖြင့် အဝေးမှ လှမ်းပြောလိုက်သည်။

“ခေါင်းဆောင်... အစ်ကိုဝူရွှမ်းနဲ့ ယွင်ဖေးတို့ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘော ဓားပြတိုက်ခံရတယ်လို့ ကျုပ် ကြားတယ်။ တိုက်တဲ့အဖွဲ့က နတ်ဆိုးတပ်မဟာတဲ့။ ခရီးသည်တွေ အကုန်လုံး ပြန်ပေးဆွဲခံထားရတယ်... ဓားပြတပ်မဟာက ပြန်ပေးငွေ သန်းတစ်သိန်း တောင်းနေတယ်”

ကျန်းရီ၏ မျက်နှာက ရေခဲတမျှ အေးစက်သွားသည်။ ဤကိစ္စတွင် သံသယဖြစ်စရာများ ရှိနေပေသည်။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ကံကြမ္မာသင်္ဘောသည် နှစ်ပေါင်းများစွာ ပြဿနာမရှိ သွားလာနေခဲ့၏။ ဟွမ်ဖူထောင်ထျန်းမှလွဲ၍ အခြားမည်သည့်ဓားပြများက သူတို့ကို ဓားပြတိုက်နိုင်မည်နည်း။ စစ်အင်အားကြောင့် ကျော်ကြားသော ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသည် ထိပ်တန်းဓားပြတပ်မဟာဆယ်ခုကိုပင် လာဘ်ထိုးထားနိုင်ပေသည်။

“ညီလေးကျန်း... သိပ်လည်းမစိုးရိမ်ပါနဲ့။ အစ်ကိုတို့ အဖေ့ကို အရင်သွားတွေ့ကြတာပေါ့”

စစ်ထူရီရှောင်က ကျန်းရီတစ်ယောက် စိုးရိမ်နေကြောင်း တွေ့သောအခါ ကျန်းရီလက်ကို လျင်မြန်စွာဆွဲ၍ ပြောလိုက်သည်။

“အစ်ကို့အဖေကလည်း ဒီကိစ္စကို သွားထားပြီးလောက်ပါပြီ”

“ကောင်းပါပြီ”

ရှန်းစီပင်လယ်၏ ထိပ်တန်းဓားပြတပ်မဟာဆယ်ခုကို လေနက်တပ်မဟာက မယှဉ်နိုင်ပေ။ ထိုတပ်မဟာများတွင် အနည်းဆုံး တပ်သားတစ်သန်းကျော်ရှိပြီး ကောင်းကင်ဧကရာဇ်များ၊ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များလည်း များစွာ ရှိပေသည်။ အကယ်၍ ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းသာ သူတို့ကို မဆင်မခြင် သွားကယ်ပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။

လူတစ်စုသည် အတွင်းခြံဝန်းထဲရှိ ဧရာမရဲတိုက်တစ်ခုအတွင်းသို့ လျင်မြန်စွာ ဝင်သွားကြ၏။ စစ်ထူရီရှောင်က အစောင့်တစ်ယောက်ကို သူတို့ရောက်လာကြောင်း သတင်းပို့ပေးဖို့ ခိုင်းရန် ဟန်ပြင်လိုက်စဉ်တွင် ထိုအစောင့်က လက်ခါ၍ ပြောလိုက်သည်။

“သခင်လေးရီရှောင်၊ သခင်လေးကျန်း၊ သခင်လေးဟွမ်ဖူ၊ သခင်လေးချမ်... သခင်လေးတို့ ရောက်လာတာကို သတင်းပို့စရာမလိုဘူးလို့ မျိုးနွယ်ခေါင်းဆောင်က ပြောထားပါတယ်။ သခင်လေးတို့ တန်းပြီးဝင်သွားလို့ရပါတယ်။ မျိုးနွယ်ခေါင်း‌ဆောင်က စာကြည့်ခန်းမှာ ရှိပါတယ်”

“ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးတူ...”

စစ်ထူရီရှောင်က ခေါင်းညိတ်လိုက်ပြီး ကျန်းရီနှင့် အခြားသူများကို ဦးဆောင်၍ ရဲတိုက်အတွင်းသို့ ဝင်သွားလေသည်။ သူတို့သည် ခမ်းနားသော စာကြည့်ခန်းသို့ သွားလိုက်ကြ၏။ စာကြည့်ခန်းထဲတွင် စစ်ထူအောင်းက ထိုင်ကာ အစီရင်ခံစာအချို့ကို ဖတ်နေလေသည်။ စစ်ထူရီရှောင်တို့ ဝင်လာစဉ်တွင် သူက ခေါင်းပင်မော့မကြည့်လိုက်ဘဲ သူတို့ကို ထိုင်ရန် လက်ဟန်သာပြလိုက်သည်။

ကျန်းရီတို့က မထိုင်ဘဲ စစ်ထူအောင်းကိုသာ ငေးကြည့်နေကြသည်။ စစ်ထူရီရှောင်မှ လွဲ၍ ကျန်သုံးဦး၏မျက်နှာထားသည် ယခုချက်ချင်း ရှန်းစီပင်လယ်သို့သွား၍ သတ်ဖြတ်လိုနေသည့်ပုံပေါ်နေလေသည်။

“အင်း...”

စစ်ထူအောင်းသည် အစီအရင်ခံစာကို ဖတ်ရှုပြီးနောက်တွင် ခေါင်းမော့၍ ပြောလိုက်သည်။

“ငါ အစီအရင်ခံစာကို ဖတ်ပြီးပါပြီ။ တူမောင်ဝမ်ကွမ်း... ဒီကိစ္စက တကယ်တော့ ထောင်ချောက်တစ်ခုပဲ။ တစ်ယောက်ယောက်က မင်းတို့ရဲ့ မိတ်ဆွေတွေကို ပြန်ပေးဆွဲဖို့ နတ်ဆိုးတပ်မဟာကို ခိုင်းလိုက်တာဖြစ်မယ်။ မင်းတို့သာ သွားကယ်ရင် ထောင်ချောက်ထဲကို တိုးဝင်သလို ဖြစ်သွားမှာပဲ။ နတ်ဆိုးတပ်မဟာရဲ့ လက်ရှိခေါင်းဆောင်က အဖွဲ့တစ်ဖွဲ့ဖွဲ့ရဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်နေလောက်ပြီ”

“မင်းတို့ရဲ့ မိတ်ဆွေတွေ အဲ့ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှာ ပါလာတယ်ဆိုတာကို ဘယ်လိုသိသွားလဲဆိုတာကတော့ ငါတို့မျိုးနွယ်(၁၃)ခုက လူတစ်ယောက်ယောက်က သတင်းပေးတားဖြစ်ရမယ်။ အဲ့သစ္စာဖောက် ဘယ်သူလဲဆိုတာ ငါ မရှာနိုင်သေးဘူး... ပြီးတော့ ဒီကိစ္စရဲ့ နောက်ကွယ်ကလူတွေက အရှေ့ဘက် တော်ဝင်နယ်မြေကလူတွေ ဟုတ်၊ မဟုတ်ဆိုတာလည်း သေချာအတပ်တော့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ အဲ့ဒါက ထောင်ချောက်တစ်ခုဆိုတာတော့ သေချာတယ်။ နတ်ဆိုးတပ်မဟာမှာ ပညာရှင်ဘယ်နှစ်ယောက်ရှိလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒီကိစ္စက နည်းနည်းတော့ ပြဿနာများတယ်...”

စစ်ထူအောင်းက ထိုသို့ပြောပြီးနောက် သက်ပြင်းလေးလေးတစ်ချက် ချလိုက်၏။ သူ ကျဉ်းထဲကြပ်ထဲရောက်နေကြောင်း ထင်ရှားပေသည်။ ဤကိစ္စတွင် မျိုးနွယ်(၁၃)ခုလည်း ပါဝင်လာနိုင်သည်။ ဤကိစ္စကို ကြိုးကိုင်သူမှာ လုမျိုးနွယ် သို့မဟုတ် လဲ့မျိုးနွယ်လည်း ဖြစ်နိုင်သည်။ အကယ်၍ သူ ကျန်းရီကို ကူညီလိုက်လျှင် နောက်ကွယ်မှ ကြိုးကိုင်သူကို အပြစ်ပြုမိသလို ဖြစ်သွားပေလိမ့်မည်။ အကယ်၍ အလစ်ဝင်တိုက်မှုတစ်ခုသာ ဖြစ်ပေါ်လာပါက သူတို့ ဓားစာခံနှစ်ယောက်ကို ကယ်နိုင်လိုက်လျှင်ပင် များစွာ ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။

ဟွမ်ဖူထောင်ထျန်းက စစ်ထူအောင်းကို ကြည့်လိုက်၏။ သူ၏မျက်နှာထားက အပြစ်ရှိဟန် ပေါက်နေသည်။ ထို့နောက် သူ အသံဩဩဖြင့် ပြောလိုက်၏။

“ဒါတွေဖြစ်လာရတာ ကျွန်တော် ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်ခဲ့လိုပါ။ ဘာပြဿနာမှ မရှိလောက်ဘူးထင်လို့ သူတို့ကို စောင့်ရှောက်ဖို့ လူတစ်ယောက် မစေလွှတ်လိုက်မိတာ”

“အစ်ကိုဟွမ်ဖူ... အစ်ကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး”

ကျန်းရီက လေသံလေးလေးဖြင့် ပြောလိုက်သည်။

“ဂရုမစိုက်ခဲ့တဲ့သူက ကျွန်တော်ပါ။ အစ်ကိုနဲ့ မဆိုင်ပါဘူး။ ဒီလူတွေက ကျွန်တော့်ကို ဒုက္ခပေးချင်နေတာဆိုတော့ နည်းမျိုးစုံ သုံးကြမှာပဲ။ အစ်ကိုဟွမ်ဖူ... ကျွန်တော့်ကို မြေပုံတစ်ချပ်နဲ့ နတ်ဆိုးတပ်မဟာရဲ့ သတင်းအချက်အလက်တွေ ပေးပါ။ အစ်ကိုတို့အားလုံး ဒီကိစ္စမှာ ဝင်ပါဖို့ မလိုပါဘူး”

“အစ်ကို ခွင့်မပြုနိုင်ဘူး”

ဟွမ်ဖူထောင်ထျန်းက စိုက်ကြည့်၍ ဒေါသဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ညီလေးက အစ်ကို့ကို အစ်ကိုအရင်းတစ်ယောက်လို့ မသတ်မှတ်ဘူးလား။ ညီလေးက ဘာပေါက်ကရတွေ ပြောနေတာလဲ။ အစ်ကို ဟွမ်ဖူထောင်ထျန်းက ဘယ်တုန်းက ကြောက်ခဲ့ဖူးလို့လဲ။ လာ... အစ်ကိုတို့နှစ်ယောက်စလုံး နတ်ဆိုးကျွန်းကိုသွားပြီး ကျန့်ဝူရွှမ်းနဲ့ သူ့မိန်းမကို သွားကယ်ကြမယ်”

ကျန်းရီက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ပြီး စစ်ထူအောင်းကို လက်ဆုပ်အရိုအသေပေးကာ ပြောလိုက်သည်။

“စစ်ထူမျိုးနွယ်ခေါင်းဆောင်... ဝမ်ကွမ်းနဲ့ တခြားသူတွေကို စောင့်ရှောက်ပေးဖို့ မျိုးနွယ်ခေါင်းဆောင်ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ တကယ်လို့ ဒီတစ်ခေါက် ကျန်းရီ ရှင်သန်နိုင်ခဲ့ရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါမယ်”

ကျန်းရီသည် ထိုသို့ပြောပြီးနောက် ဟွမ်ဖူထောင်ထျန်းနှင့်အတူ ထွက်သွားလေသည်။ စစ်ထူရီရှောင်က ရုတ်ခြည်း စိတ်လှုပ်ရှားလာ၏။ စစ်ထူအောင်းက မျက်လုံးပင့်၍ ပြောလိုက်သည်။

“ဒီကိုပြန်လာစမ်း... ကောင်စုတ်တွေ။ မင်းတို့က တော်တော်သတ္တိကောင်းနေတယ်‌ပေါ့လေ။ မင်းတို့ကို ကူညီဖို့ တပ်သားတွေ စေလွှတ်မပေးနိုင်ဘူးလို့ ငါပြောမိလို့လား။ ကျန်းရီ... အရည်အသွေးအကောင်းဆုံး ကောင်းကင်ပန်းချီကား အချပ်ငါးဆယ်... အဲ့ထက်နည်းရင် ဒီအဘိုးကြီးက စိတ်ဆိုးမှာပဲ”

ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး စစ်ထူအောင်း၏ ရဲတင်းမှုကြောင့် ထပ်မံအံ့အားသင့်သွားလေသည်။ ဤကိစ္စမှာ စွမ်းအားကြီး ဓားပြတပ်မဟာကို ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဟူ၍ မရိုးရှင်းပေ။ ထို့ပြင် ဤကိစ္စနောက်ကွယ်မှ ကြိုးကိုင်သူကို သူတို့ မသိသေးချေ။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ လဲ့မျိုးနွယ်မှဖြစ်နေလျှင် စစ်ထူမျိုးနွယ်သည် သေချာပေါက် များစွာဆုံးရှုံးရမည်ဖြစ်သည်။

အရေးကြီးသော ကိစ္စမှာ ကျန်းရီ၏ မိတ်ဆွေများကို ကယ်တင်ရန်ဖြစ်သည်။ သို့သော် ထိုနှစ်ယောက်က စစ်ထူမျိုးနွယ်အတွက် အရေးမပါပေ။ ကျန်းရီ၏ကိစ္စအတွက် စစ်ထူမျိုးနွယ်၏ ပညာရှင်များကို စတေးလိုက်ရလျှင် အဆုံးအရှုံးက အလွန်ကြီးပေလိမ့်မည်။

ကျန်းရီက ခေတ္တမျှ မှင်တက်သွား၏။ သို့သော် သူသည် စစ်ထူအောင်းကို လျင်မြန်စွာ အလေးအနက် ဦးညွှတ်လိုက်ပြီး ကျေးဇူးတင်စွာ ပြောလိုက်လေသည်။

“ဦးလေး... တကယ်လို့ ဦးလေးသာ ဝူရွှမ်းနဲ့ ယွင်ဖေးတို့ကို ကယ်ပေးနိုင်ရင် ကျွန်တော် ကောင်းကင်ပန်းချီကားတွေကို ဦးလေးလိုချင်သလောက် ပေးပါမယ်”

“ဟားဟားဟား...”

စစ်ထူ‌အောင်းက ထရပ်လိုက်ပြီး ကျေးဇူးတင်သော မျက်နှာထားဖြင့် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် သူက စိတ်ရင်းဖြင့် ပြန်ပြောလိုက်၏။

“မင်း ငါ့ကို ဦးလေးလို့ ခေါ်လိုက်တာက ကောင်းကင်ပန်းချီကား အချပ်တစ်ထောင်မက တန်နေပါပြီ။ ကောင်းပြီ... မင်းတို့နှစ်ယောက် စိုးရိမ်မနေတော့ဘဲ အရင်ပြန်သွားကြပါ။ ငါ အစွမ်းကုန်သုံးပြီး မင်းရဲ့ မိတ်ဆွေနှစ်ယောက်ကို သေချာပေါက် ကယ်ပေးမှာပါ”

“ကျွန်တော် ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ”

ကျန်းရီက စိုးရိမ်နေ၏။ သူသည် အဘယ်သို့ ဘာမှမလုပ်ဘဲ ထိုင်နေနိုင်ပါမည်နည်း။ ထို့ပြင် ဤကိစ္စမှာ သူ့ကိစ္စဖြစ်သည်။

စစ်ထူအောင်းက မျက်မှောင်ကြုတ်ကာ အသံဩဩဖြင့် ပြောလိုက်သည်။

“ဘာလဲ... မင်းက ဦးလေးရဲ့ စွမ်းဆောင်ရည်ကို မယုံဘူးလား”

“မဟုတ်ပါဘူး...အဲ့လို မဟုတ်ပါဘူး”

ကျန်းရီက ချက်ချင်း ခေါင်းခါ၍ ပြောလိုက်သည်။

“ဒါက ထောင်ချောက်တစ်ခုဆိုတော့ တကယ်လို့ ကျွန်တော် ပေါ်မလာရင် သူတို့ သေချာပေါက် သံသယဝင်မှာပဲလေ။ သူတို့က ဝူရွှမ်းနဲ့ ယွင်ဖေးတို့ကို ဖွက်ထားပြီး နောက်ကမှ ပိုပြီးပြဿနာကြီးသွားအောင်လုပ်မှာ စိုးရိမ်ရတယ်။ တကယ်လို့ အခြေအနေမဟန်တော့ရင် ကျွန်တော်က ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးပြီး ထွက်ပြေးနိုင်ပါတယ်။ ပြီးတော့ ကျွန်တော့်မှာ တိုက်ပွဲမှာသုံးဖို့ နတ်ဘုရားအသံ ကောင်းကင်အတတ်လည်း ရှိပါတယ်။ ကျွန်တော့်မှာ မိုင်ဆယ်သန်းပတ်ပတ်လည်ကို ထောက်လှမ်းနိုင်တဲ့ စွမ်းရည်လည်းရှိတယ်။ ကျွန်တော် ဝူရွှမ်းနဲ့ ယွင်ဖေးတို့ရှိတဲ့နေရာကို ကြိုထောက်လှမ်းထားနိုင်မှာပါ... ပြီးတော့ ရန်သူရဲ့ အခြေအနေကိုတောင် ထောက်လှမ်းနိုင်လိမ့်ဦးမယ်။ အဲ့ဒါကြောင့် ကျွန်တော် လိုက်သွားတာက ပိုကောင်းပါလိမ့်မယ် ဦးလေး”

“မိုင်ဆယ်သန်းပတ်ပတ်လည်ကို ထောက်လှမ်းနိုင်တာလား”

စစ်ထူအောင်းနှင့် စစ်ထူရီရှောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အတန်ငယ် အံ့အားသင့်သွားကြလေသည်။ ဟွမ်ဖူထောင်ထျန်းက ကျန်းရီကို ကြည့်လိုက်ပြီး မေးလိုက်၏။

“ကျန်းရီ... ညီလေးမှာ တကယ်ပဲ အဲ့လို စွမ်းရည်မျိုးရှိတာလား။ အဲ့ဒါက ဘာတာအိုပုံသဏ္ဌာန်အမျိုးအစားလဲ”

“မျိုးနွယ်စုမှာ အဲ့ဒီစွမ်းရည်နဲ့တူတဲ့ စွမ်းရည်မျိုး မရှိဘူးလား”

ကျန်းရီက မျက်တောင်ခတ်၍ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ စစ်ထူအောင်းက အခိုင်အမာ ပြန်ပြော၏။

“မရှိဘူး... ဒါပေမဲ့ အရှေ့ဘက် တော်ဝင်နယ်မြေမှာ အဲ့လိုစွမ်းရည်မျိုး ရှိ၊ မရှိတော့ ငါမသိဘူး။ ဒါပေမဲ့ ရှန်းစီမျိုးနွယ်စုမှာတော့ အဲ့လိုစွမ်းရည်မျိုးရှိတဲ့ သိုင်းသမားတစ်ယောက်မှ မရှိတာ သေချာတယ်”

“အာ...”

ကျန်းရီက အတန်ငယ် အံ့အားသင့်သွားပြီး စုန်းနတ်ဘုရားက အမှန်ပင် ကောင်းကင်ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု တွေးလိုက်လေသည်။ ဤကဲ့သို့ ပညာရှင်များစွာနှင့် ပြည့်နှက်နေသော ရှန်းစီမျိုးနွယ်စုကြီးတွင်ပင် ကောင်းကင်နားလည်သိမြင်ခြင်းမှော်အတတ်ကဲ့သို့ စွမ်းရည်တစ်ခုကို မဖန်တီးနိုင်သည်လော။

“ကောင်းပြီ”

စစ်ထူအောင်းက အော်ပြောလိုက်ပြီး စာကြည့်ခန်းထဲတွင် လူးလားခေါက်တုန့် လျှောက်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူသည် မျက်လုံးများ အရောင်လက်လာပြီး ပြောလိုက်၏။

“ကျန်းရီမှာ ဒီလိုစွမ်းရည်မျိုး ရှိမှတော့ ဒီကိစ္စက ပိုလွယ်သွားမှာပဲ။ ငါတို့ ငါကြင်းဆီနဲ့ ငါကြင်းပြန်ကြော်ပြီး နတ်ဆိုးတပ်မဟာနဲ့ နောက်ကွယ်ကအဖွဲ့ကို ရှင်းပစ်လို့ရတယ်။ နတ်ဆိုးတပ်မဟာကို တည်ထောင်ထားတာ နှစ်တစ်သိန်းကျော်ပြီမလား၊ သူတို့ရဲ့ ခေါင်းဆောင်မျိုးဆက်က တော်တော်လေး ချမ်းသာမှာပဲ။ ကျန်းရီ ငါတို့ ရတနာတွေကို တစ်ဝက်စီ ခွဲယူကြမယ်”

“မလိုပါဘူး.. ရပါတယ်”

ကျန်းရီက လျင်မြန်စွာ လက်ခါပြ၍ ပြောလိုက်သည်။

“ကျွန်တော်က ကောင်းကင်ကျောက်တုံးတွေ မလိုအပ်ပါဘူး။ ပြီးတော့ ရတနာတွေလည်း မလိုပါဘူး။ ဒီတစ်ခေါက် ရတဲ့ပစ္စည်းမှန်သမျှကို စစ်ထူမျိုးနွယ်ကပဲ ယူပါ။ ဦးလေးသာ ကျွန်တော့်ကို ကူညီဖို့ တပ်သားတွေ စေလွှတ်ပေးရင် ကျွန်တော်က ကျေးဇူးတင်ရမှာပါ”

“အဲ့ဒါဆို ငါ မင်းနဲ့ မငြင်းတော့ဘူး”

စစ်ထူအောင်က ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

“ရီရှောင်... ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက ဥက္ကဋ္ဌကို ဒီကိုခေါ်လိုက်။ သူတို့အဖွဲ့အစည်းရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောက ပြန်ပေးဆွဲခံထားရတာကို သူက ဘယ်လိုလုပ် အေးအေးဆေးဆေး ထိုင်နေနိုင်ရတာလဲ။ သူတို့သာ သူတို့ရဲ့တပ်သားတွေကို မစေလွှတ်ဘူးဆိုရင် ရှန်းစီမြို့မှာ စီးပွား‌ရေးဆက်လုပ်ဖို့ကို မေ့လိုက်တော့လို့ ဥက္ကဋ္ဌကို ပြောလိုက်...”

“ဟုတ်ကဲ့ပါ”

စစ်ထူရီရှောင်က စိတ်လှုပ်တရှား ထရပ်လိုက်ပြီး အပြင်သို့ အပြေးအလွှားထွက်သွားလေသည်။ ထိုကဲ့သို့သော တိုက်ပွဲကြီးကို တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားရပေသည်။ အကယ်၍ စစ်ထူမျိုးနွယ်သာ အင်အားကြီးကုန်သည်အဖွဲ့အစည်းနှင့် ‌ပေါင်း၍ အင်အားကုန်သုံးလိုက်လျှင် နတ်ဆိုးတပ်မဟာက မည်သို့ ဆက်တည်ရှိနိုင်ပါဦးမည်နည်း။

***

All Chapters