အထင်ကြီးဖွယ်ကောင်းသော
Vol. 58 Ch. 804
ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဖုန်းပုရှီက စစ်ထူအိမ်တော်သို့ အမြန်ဆုံးအလျင်ဖြင့် ရောက်ရှိလာပေသည်။ သို့သော် သူသည် လျှို့ဝှက်လမ်းကြောင်းကို သုံးခဲ့၏။ ဤကိစ္စ၏နောက်ကွယ်မှ ကြိုးကိုင်သူမှာ လဲ့မျိုးနွယ်ဖြစ်သည်။ အကယ်၍ သူသာ ပုံမှန်လမ်းကြောင်းကိုသုံးလိုက်လျှင် လဲ့မျိုးနွယ်က သူရှိနေသောနေရာကို သိသွားနိုင်ပေသည်။ ရှန်းစီမြို့ထဲတွင် မျိုးနွယ်ကြီးလေးခု၏ လွှမ်းမိုးနိုင်စွမ်းက အလွန်ကြီးသည် မဟုတ်ပါလား။
စစ်ထူအောင်း၊ ဖုန်းပုရှီ၊ ကျန်းရီ၊ ချမ်ဝမ်ကွမ်း၊ စစ်ထူရီရှောင်နှင့် ဟွမ်ဖူထောင်ထျန်းတို့သည် လေးနာရီကြာဆွေးနွေးပြီးနောက် ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို ထုတ်နိုင်ခဲ့လေသည်။ ဆွေးနွေးမှု ပြီးဆုံးသွားပြီးနောက် ဖုန်းပုရှီက တိတ်တဆိတ် ပြန်သွား၏။ ကျန်းရီကလည်း ကျန်းရဲတိုက်သို့ ပြန်သွားပြီး အားလုံးကို သတင်းပေးလိုက်သည်။ ကျန်းရှောင်နူက အခန်းအောင်း ကျင့်ကြံနေဆဲပင်။ ထို့ကြောင့် ကျန်းရီသည် သူမကို နှိုးလိုက်ရ၏။ စီစဉ်စရာကိစ္စအားလုံးကို စီစဉ်ပြီးနောက်တွင် သူနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် မြို့အနောက်ဘက်ဂိတ်တံခါးသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်လေသည်။
“အာ... အဲ့ဒါ ကျန်းရီမလား”
“ဟုတ်တယ် သူပဲ... သူက သခင်လေးဟွမ်ဖူထောင်ထျန်းနဲ့အတူ သွားနေတာပဲ။ သူတို့နှစ်ယောက်ကြည့်ရတာ သုတ်သီးသုတ်ပြာနဲ့... သူတို့ မြို့ထဲက ထွက်ဖို့ လုပ်နေကြတာလား”
“မြို့က ထွက်မှာလား... ကျန်းရီက အသတ်ခံမှာ မကြောက်ဘူးလား”
ကျန်းရီကို မြင်လိုက်သည့် မြို့သူမြို့သားများနှင့် မြို့စောင့်များအားလုံး အံ့အားသင့်သွားကြသည်။ အထုးသဖြင့် မြို့အနောက်ဘက်ဂိတ်တံခါးမှ လူများက ပို၍ပင် အံ့ဩနေကြသည်။ ကျန်းရီ အပြစ်ပြုမိခဲ့သော လဲ့မျိုးနွယ်နှင့် လုမျိုးနွယ်ကို ထည့်မတွက်လျှင်ပင် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများသည် သေချာပေါက် ကျန်းရီကို အသက်ချမ်းသာပေးမည် မဟုတ်ချေ။ သူ မြို့က ထွက်သွားလိုက်သည်နှင့် သေချာပေါက် အဆုံးမဲ့ လိုက်လံသတ်ဖြတ်မှုကို ခံရမည်ဖြစ်သည်။
ဂလောက်...ဂလောက်...
တစ်ချိန်တည်းမှာပင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ အနောက်ဘက်တံခါး ပွင့်လာပြီး ခမ်းနားသော ရထားလုံး ရာကျော် ထွက်လာလေသည်။ ၎င်းတို့ကလည်း မြို့အနောက်ဘက်ဂိတ်တံခါးသို့ ဦးတည်သွားလိုက်ကြသည်။ လူများစွာသည် စိတ်ဝင်စားသွားပြီး မည်သည့်ကိစ္စဖြစ်ပျက်နေကြောင်း သိရရန် မြို့အနောက်ဘက်ဂိတ်တံခါးသို့ လိုက်သွားလိုက်ကြ၏။
ဝှစ်...ဝှစ်...ဝှစ်...
ရထားလုံးများသည် မြို့အနောက်ဘက်ဂိတ်တံခါးသို့ ရောက်သောအခါ အတန်းလိုက်ခွဲလိုက်ကြပြီး ရထားလုံးများမှနေ၍ မရေတွက်နိုင်သော သိုင်းသမာများ ပျံထွက်လာကာ ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးပေါ်သို့ တက်သွားလေသည်။ ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့က ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ ရောက်နေပြီးဖြစ်သည်။ မြို့သူမြို့သားများသည် ထိုမြင်ကွင်းကြောင်း အုတ်အုတ်ကျွက်ကျွက် ဖြစ်သွား၏။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက ကောင်းကင်ဧကရာဇ် (၁၀,၀၀၀)နီးပါးနှင့် အထွတ်အထပ်အဆင့် ကောင်းကင်ဧကရာဇ်(၁၀၀)ကို စေလွှတ်ခဲ့သည်။ ထိုအရေအတွက်မှာ ကုန်သည်အဖွဲ့အစည်း၏ ပညာရှင်အကုန်နီးပါးဖြစ်သည်။ သူတို့သည် အင်အားကုန် သုံးနေခြင်းပင်။
မကြာခင်တွင် သတင်းတစ်ခု ပျံ့နှံ့သွား၏။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ကံကြမ္မာသင်္ဘောသည် နတ်ဆိုးတပ်မဟာ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး အစောင့်အားလုံးက တိုက်ပွဲတွင်းတွင် သေဆုံးသွားခဲ့သည်။ ခရီးသည် ထောင်ကျော် အဖမ်းခံထားရပြီး နတ်ဆိုးတပ်မဟာက ပြန်ပေးငွေ ကောင်းကင်ကျောက်တုံး သန်းတစ်သိန်း တောင်းထား၏။ အကယ်၍ သူတို့သာ ကောင်းကင်ကျောက်တုံးများကို တစ်လအတွင်း မပေးလျှင် ဓားစာခံအားလုံးကို သတ်ပစ်မည်ဖြစ်သည်။
ထိုသတင်း ပျံ့နှံ့သွားသောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
အကယ်၍ ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ကံကြမ္မာသင်္ဘောများကပင် မလုံခြုံတော့လျှင် မည်သည့်ကုန်သည်အဖွဲ့အစည်း၏ သင်္ဘောက လုံခြုံပါတော့မည်နည်း။ ထိုနတ်ဆိုးတပ်မဟာသည် လစဉ်တိုင်း ဆက်ကြေးများစွာ ရသည်မဟုတ်လော။ အဘယ်ကြောင့် သူတို့သည် ရုတ်တရက် ဤကဲ့သို့ ထလုပ်ရသနည်း။ သူတို့သာ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို ရန်စမိလျှင် နှစ်ဘက်စလုံး ဆုံးရှုံးနစ်နာရပေလိမ့်မည်။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက အလွန်အင်အားကြီးကြောင်း လူတိုင်းသိ၏။ ကောင်းကင်ဧကရာဇ်(၁၀,၀၀၀) စေလွှတ်လိုက်ခြင်းကို ကြည့်ရုံဖြင့် သူတို့၏ အင်အားကို သိနိုင်ပေသည်။
လူများစွာသည် စိတ်လှုပ်ရှားနေကြပြီး သွေးဆူနေကြ၏။ သူတို့သည် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနောက်သို့ လိုက်သွားပြီး နတ်ဆိုးကျွန်းတွင် ဖြစ်မည့် တိုက်ပွဲကို ကြည့်လိုနေကြသည်။ ထိုတိုက်ပွဲသည် ဓားပြတပ်မဟာအသေးစားလေးနှင့် တိုက်မည့် တိုက်ပွဲမဟုတ်ပေ။ နှစ်ဘက်စလုံးတွင် ကောင်းကင်ဧကရာဇ်(၁၀,၀၀၀)ကျော်ပါသော တိုက်ပွဲတစ်ပွဲဖြစ်သည်။ တိုက်ပွဲစသည်နှင့် ကြီးကျယ်သော မြင်ကွင်းကို သေချာပေါက် မြင်ရမည် မဟုတ်ပါလား။
လူအချို့က ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနောက်သို့ လိုက်သွားသည်ကိုထောက်၍ ဓားစာခံများထဲတွင် သူတို့၏ မိတ်ဆွေများ ပါနေ၍ဖြစ်မည်ဟု ခန့်မှန်းကြသည်။ မဟုတ်လျှင် ထိုနှစ်ယောက်သည် စွန့်စားကာ မြို့ပြင်သို့ ထွက်မည် မဟုတ်ချေ။
မြို့ထဲရှိ အဖွဲ့အစည်းအသီးသီးနှင့် မရေတွက်နိုင်သော မျိုးနွယ်များသည် သူတို့၏ ထောက်လှမ်းရေးများကို စေလွှတ်ကာ သတင်းစုံစမ်းစေလိုက်သည်။ သူတို့သည် ထိုကဲ့သို့သော တိုက်ပွဲကြီး၏ နောက်ဆုံးသတင်းများကို ရထားရမည်ဖြစ်သည်။ ထိုမှသာ မျှော်လင့်မထားသည်များဖြစ်လာလျှင် ရှောင်ရှားနိုင်ပေလိမ့်မည်။ အကယ်၍ ကောင်းသောကိစ္စဖြစ်လာလျှင်လည်း မျိုးနွယ်အသီးသီးသည် ထိုကိစ္စတွင် သေချာပေါက် ဝင်ပါကာ အကျိုးအမြတ်ကို ခွဲဝေယူကြမည်ဖြစ်သည်။
သို့သော် အားလုံး မသိသည့် ကိစ္စတစ်ခုမှာ...
စစ်ထူမျိုးနွယ်က ပညာရှင်များကို လျှို့ဝှက် စုဝေးနေပြီဖြစ်သည်။ သို့သော် ထိုပညာရှင်များသည် စစ်ထူအိမ်တော်ထဲမှာ ရှိနေပြီး မြို့အနောက်ဘက်ဂိတ်တံခါးသို့ မသွားခဲ့ပေ။ သူတို့သည် စစ်ထူမျိုးနွယ်၏ အတွင်းခြံဝန်းထဲရှိ ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ စနစ်တကျစီးတန်း၍ ဝင်သွားကြသည်။ ထို့နောက်တွင် ရာချီသော လူများသည် စတင် တည်နေရာပြောင်းရွှေ့လိုက်ကြ၏။ ထိုခန်းမကျယ်တွင် စွမ်းအားကြီးသော အကာအရံတစ်ခုရှိ၏။ ထိုအကာအရံက ခန်းမထဲ၌ တည်နေရာပြောင်းရွှေ့နေချိန်တွင် အပြင်ဘက်မှ လူများက အာကာပြင်တုန်ခါမှုများကို မထောက်လှမ်းနိုင်ရန် ကာရံတားဆီးပေးလေသည်။ မျိုးနွယ်ကြီးလေးခု၏ ခြံဝန်းများတွင်သာ ထိုကဲ့သို့သော တည်နေရာပြောင်းရွှေ့ အစီအရင် ရှိပေသည်။ ထို့ပြင် ထိုအစီအရင်ကိုသုံးလျှင် သူတို့ မည်သည့်နေရာသို့ တည်နေရာပြောင်းရွှေ့သွားကြောင်း အခြားသူများ သိနိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင် စစ်ထူအောင်းသည် ကိုယ်တိုင် မပါဝင်ဘဲ စစ်ထူရီရှောင်ကိုသာ တပ်မှူးတာဝန်ပေးလိုက်သည်။ ချမ်ဝမ်ကွမ်းက သူ့ကို ကူညီရမည်ဖြစ်သည်။ စစ်ထူအောင်းသည် ဤတစ်ခေါက် ပိုရဲတင်း၏။ သူက မျိုးနွယ်၏ ပညာရှင်အများစုကို စေလွှတ်လိုက်သော်လည်း တပ်မှူးအဖြစ် (၂၅)နှစ်၊ (၂၆)နှစ်အရွယ် လူငယ်တစ်ယောက်ကို တာဝန်ပေးလိုက်ခြင်းလော။ အကယ်၍ သူတို့သာ ရှုံးနိမ့်သွားလျှင် စစ်ထူမျိုးနွယ်သည် သေချာပေါက် များစွာဆုံးရှုံးနစ်နာရပေလိမ့်မည်။ သူတို့သည် မျိုးနွယ်ကြီးလေးခုထဲတွင် အင်အားအနည်းဆုံး ဖြစ်သွားနိုင်သည်။
စစ်ထူအောင်းသည် ကျွန်းဆွယ်ကိုးခုတွင် ပုန်းအောင်းနေသော ပညာရှင်များကိုလည်း စုဝေးခဲ့၏။ ထိုသူများက သူတို့၏ လျှို့ဝှက်အင်အားများဖြစ်သည်။ စစ်ထူရီရှောင်သည် ထိုသူအားလုံးကို အမိန့်ပေးရမည်ဖြစ်သည်။ စစ်ထူအောင်းက ဖောင်ဖျက်နေခြင်းပင်။ အကယ်၍ စစ်ထူရီရှောင်သာ မျှော်လင့်ထားသလို မစွမ်းဆောင်နိုင်ခဲ့လျှင် စစ်ထူအောင်းသည် သူ၏ကံကြမ္မာကို လက်ခံရတော့မည်ဖြစ်သည်။
နတ်ဆိုးကျွန်းက ရှန်းစီပင်လယ်အလယ်ပိုင်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ရှန်းစီမြို့မှနေ၍ ထိုကျွန်းသို့ရောက်ရန် အနည်းဆုံး အချိန်နှစ်ပတ်လိုပေသည်။ ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ ရောက်ကတည်းက အခန်းတစ်ခန်းထဲသို့ ဝင်သွားပြီး ပြန်ထွက်မလာတော့ချေ။ ဤသင်္ဘောပေါ်တွင် ကောင်းကင်ဧကရာဇ်(၁၀,၀၀၀)နှင့် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်(၁၀၀)ကျော်ရှိ၏။ ထို့ကြောင့် သူတို့ အလွန်လုံခြုံပေသည်။ အကယ်၍ အင်အားကြီး တပ်မဟာတစ်ခုက တိုက်ခိုက်လာလျှင်ပင် ကျန်းရီ ချက်ချင်း ထွက်ပြေးနိုင်ပေသည်။
ကျန်းရီသည် သင်္ဘောအခန်းထဲသို့ ဝင်ပြီးနောက် သူ၏ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ကာ မိုင်ဆယ်သန်းပတ်ပတ်လည်အတွင်းရှိ အရာအားလုံးကို ထောက်လှမ်းလိုက်လေသည်။ သူသည် သူတို့၏သင်္ဘောကို လဲ့မျိုးနွယ်ထိန်းချုပ်ထားသော ဓားပြတပ်မဟာများက တားဆီးမည်ကို ကာကွယ်လိုနေသည်။ ကောင်းကင်နားလည်သိမြင်ခြင်း၏ စွမ်းအားက အလွန်ကောင်းသဖြင့် ကျန်းရီသည် မိုင်ဆယ်သန်းပတ်လည်အတွင်းရှိ အရာအားလုံးကို အာရုံခံနိုင်နေ၏။ ထို့ကြောင့် တပ်မဟာကြီးများသည် သူတို့ကို အလစ်ဝင်တိုက်နိုင်မည် မဟုတ်ပေ။
“ဥက္ကဋ္ဌဖုန်း... ဘယ်ဘက်ကနေပြီး ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီး ချဉ်းကပ်လာတယ်။ ညာဘက်ကို ဦးတည်လိုက်ပါ”
သုံးရက်မြောက်နေ့တွင် ကျန်းရီသည် မျက်လုံးများ ရုတ်တရက် ဖွင့်လိုက်ပြီး ဟွမ်ဖူထောင်ထျန်းကို အကာအရံဖွင့်ရန် ပြောလိုက်သည်။ သူသည် သင်္ဘောခေါင်းခန်းရှိ ဥက္ကဋ္ဌဖုန်းကို အာရုံပြုလိုက်ပြီး သတင်းပို့လွှတ်လိုက်၏။ ဥက္ကဋ္ဌဖုန်းက ကောင်းကင်ကံကြမ္မာသင်္ဘောကို ဦးတည်ရာပြောင်းရန် လျင်မြန်စွာ အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် ကျန်းရီ၏ စွမ်းရည်ကို စစ်ဆေးရန် လူတစ်ယောက်အား ဘယ်ဘက်သို့ သွားထောက်လှမ်းခိုင်းလိုက်၏။
မျှော်လင့်ထားသလိုပင်...
ကောင်းကင်ကံကြမ္မာသင်္ဘော လမ်းကြောင်းပြောင်းပြီးနောက် မိနစ်သုံးဆယ်အကြာတွင် ထောက်လှမ်းရေးသမား ပြန်ရောက်လာ၏။ အမှန်ပင် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးက မိုင်သောင်းချီအကွာမှ ချဉ်းကပ်လာနေပေသည်။ သို့သော် ၎င်းက ကုန်သည်အဖွဲ့အစည်းတစ်ခု၏ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးပင်။
“အထင်ကြီးစရာပဲ...”
ဖုန်းပုရှီ၏ နီမြန်းနေသော မျက်နှာအိုကြီးတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။ သူသည် နတ်ဆိုးကျွန်းသို့ သွားရမည့်ခရီးအတွက် ပို၍ယုံကြည်မှုရှိသွားပေသည်။ နောက်ရက်အနည်းငယ်အတွင်း၌ ကျန်းရီသည် ဖုန်းပုရှီကို စိတ်မပျက်စေခဲ့ပေ။ သူသည် ကောင်းကင်ကံကြံမ္မာသင်္ဘောသုံးစီးနှင့် ဓားပြတပ်မဟာ ငါးခုကို ကြိုတင် အာရုံခံပေးနိုင်ခဲ့သည်။ ဖုန်းပုရှီက ဓားပြတပ်မဟာများကို မကြောက်ပေ။ သို့သော် ကြိုတင်ကာကွယ်ခြင်းမှာ အဓိကဖြစ်၍ သူတို့ လမ်းကြောင်းကို ချက်ချင်း ပြောင်းကြလေသည်။
ငါးရက်မြောက်နေ့တွင်...
ဤတစ်ကြိမ်တွင် ကျန်းရီက သတင်းမပို့လွှတ်လိုက်ပေ။ သူနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် အခန်းအတွင်းမှ တိတ်တဆိတ်ထွက်၍ ဖုန်းပုရှီ၏အခန်းသို့ ဝင်သွားလိုက်ကြသည်။ ဖုန်းပုရှီသည် သူတို့နှစ်ယောက်ကို အာရုံခံမိထားပြီးဖြစ်၍ သူတို့ အခန်းထဲဝင်လာသည်နှင့် အကာအရံကို နှိုးလိုက်လေသည်။ ထို့နောက် သူက မေးလိုက်၏။
“သခင်လေးကျန်း... အခြေအနေ ဘယ်လိုလဲ”
“နောက်ကနေလိုက်လာတဲ့ ထောက်လှမ်းရေး ဒါဇင်နည်းနည်းလောက် ရှိတယ်။ သူတို့အကုန်လုံးက ထိပ်တန်းအဆင့်တွေချည်းပဲ။ သူတို့က အုပ်စုဆယ်စုကျော် ခွဲထားတယ်။ ကျွန်တော် သူတို့ကို ရက်နည်းနည်းလောက် အာရုံခံပြီးသွားလို့ အတည်ပြုနိုင်ပြီ”
ကျန်းရီက လေသံလေးလေးဖြင့် ပြောလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ လက်ခနဲဖြစ်သွား၏။ သူ အေးစက်သောလေသံဖြင့် မေးလိုက်သည်။
“ခင်ဗျား သူတို့အကုန်လုံးကို ဖမ်းချင်လား ဒါမှမဟုတ် သတ်ချင်လား”
“အဲ့ဒါက...”
ဖုန်းပုရှီ ချီတုံချတုံ ဖြစ်သွား၏။ ထိုထောက်လှမ်းရေးများသည် ရှန်းစီမြို့မှ လာခဲ့ခြင်းဖြစ်နိုင်သည်။ သူတို့ထဲတွင် လဲ့မျိုးနွယ်၊ ဟွမ်ဖူမျိုးနွယ်နှင့် နန်ကုန်းမျိုးနွယ်မှ လူများလည်း ပါနိုင်သည်။ လုမျိုးနွယ်နှင့် အခြားမျိုးနွယ်များကလည်း ထောက်လှမ်းရေးများ စေလွှတ်လိုက်နိုင်သည်။ အကယ်၍ သူသာ ထိုသူများကို သတ်ပစ်လိုက်လျှင် သူတို့ ရှန်းစီမြို့ထဲတွင် မည်သို့ ဆက်နေနိုင်ပါမည်နည်း။
ဟွမ်ဖူထောင်ထျန်းက အေးစက်စက် ပြောလိုက်သည်။
“ဥက္ကဋ္ဌဖုန်းက အဲ့လို မလုပ်ရဲဘူးလား။ အဲ့ဒါဆို ကျွန်တော် လုပ်မယ်”
ထောက်လှမ်းရေးများက အင်အားမကြီးကြပေ။ ထိပ်တန်းအဆင့် ထောက်လှမ်းရေးများသည်ပင် ရှောင်တိမ်းခြင်းအတတ်ကိုသာ တတ်ကြ၏။ သူတို့သည် လေဓာတ် တာအိုပုံသဏ္ဌာန်ကို သုံးကာ အလွန်လျင်မြန်စွာ သွားနိုင်ခြင်းသာ ရှိပေသည်။ ထိုထောက်လှမ်းရေးများသည် တစ်ကိုယ်တော် လုပ်ဆောင်ရသူများ မဟုတ်ပါလော။ သူတို့ တာဝန်ထမ်းဆောင်နေချိန်တွင် သံသယအဝင်ခံရပါက ဓားပြများ၏ သတ်ဖြတ်မှုကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့တွင် ရှိန်လောက်သောအင်အား ရှိလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။ သူတို့အတွက် လျင်မြန်စွာ သွားနိုင်ပြီး ရှောင်တိမ်းခြင်းအတတ်ကို တတ်မြောက်ထားလျှင် လုံလောက်ပြီဖြစ်သည်။
ဖုန်းပုရှီက ခေတ္တမျှ တွေးတောလိုက်ပြီး အထူးတံဆိပ်ပြားတစ်ပြားကို ထုတ်ကာ လေသံလေးလေးဖြင့် ပြောလိုက်သည်။
“သခင်လေး ခဏလောက် စောင့်ပေးနိုင်မလား။ ကျွန်တော် သခင်လေးရီရှောင်ကို သတင်းပို့လိုက်ပါမယ်... ဒီတစ်ခေါက်မှာ သူက တပ်မှူးမဟုတ်လား”
“ကောင်းပြီ”
ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့ ခေါင်းညိတ်လိုက်ကြ၏။ စစ်ထူအောင်းက စစ်ထူရီရှောင်ကို အာဏာပေးထားသဖြင့် အကယ်၍ သူတို့သာ သူ့ကို မတင်ပြလျှင် ကောင်းမည် မဟုတ်ပေ။ ဖုန်းပုရှီ၏ လက်မှနေ၍ အတွင်းအား ထွက်လာ၏။ ထို့နောက်တွင် တံဆိပ်ပြားပေါ်၌ အနက်ရောင်အလင်းတစ်ခု လင်းလက်လာ၏။ ၎င်းတံဆိပ်ပြားပတ်ပတ်လည်တွင် သင်္ကေတပုံသဏ္ဌာန်များ လည်ပတ်လာပြီး ၎င်းကို ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုနှင့် ဆင်တူနေစေလေသည်။
ဟွမ်ဖူထောင်ထျန်းသည် ကျန်းရီက စိတ်ဝင်စားနေကြောင်း တွေ့လိုက်သောအခါ ရှင်းပြလိုက်သည်။
“ဒါက ပထမတန်းစား သတင်းပို့တံဆိပ်ပြားပဲ။ ဒါက အဖိုးမဖြတ်နိုင်တဲ့ပစ္စည်း မဟုတ်ဘူးဆိုပေမယ့် အဲ့ဒါကို ဝယ်နိုင်ဖို့ မလွယ်ဘူး။ အရှေ့ဘက် တော်ဝင်နယ်မြေက ထန်မျိုးနွယ်ကပဲ အဲ့ဒါကို ထုတ်လုပ်နိုင်တယ်။ အဲ့တံဆိပ်ပြားက မိုင်သန်းသောင်းချီအတွင်း သတင်းပို့နိုင်တယ်”
“ပစ္စည်းကောင်းပဲ”
ကျန်းရီက ခေါင်းညိတ်လိုက်သည်။ ထိုစဉ် ဖုန်းပုရှီ၏ မျက်လုံးများ ပွင့်လာ၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သခင်လေးဟွမ်ဖူ၊ သခင်လေးကျန်း... သခင်လေးတို့ ဘာကိုမှ စိုးရိမ်မနေဘဲ လုပ်ဆောင်နိုင်တယ်လို့ သခင်လေးရီရှောင်က ပြောပါတယ်။ ကျွန်တော် သခင်လေးတို့ကို အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အပါး(၃၀) လွှဲပေးပါမယ်။ ဂရုတော့စိုက်ပါ”
“ဟီးဟီး...”
ဟွမ်ဖူထောင်ထျန်းက အေးစက်စက် ရယ်လိုက်၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အပါး(၃၀)လော။ ထိုထောက်လှမ်းရေးများ၏ ရှောင်တိမ်းခြင်းအတတ်များက မည်မျှ အံ့အားသင့်စရာကောင်းပါစေ ယခုတွင် သူတို့ အတောင်ပေါက်လာလျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
***