← Chapters

မူလအစ

Vol. 75 Ch. 1014

မူလအစ

Vol. 75 Ch. 1014

ငါ့ကို ရန်မစနဲ့

မန်ဟိုသည် ဤစကားလုံးများကို အမှန်တကယ် မပြောခဲ့သော်လည်း သူပြောခဲ့သမျှ အရာအားလုံးအပေါ် အခြေခံ၍ သူ၏ရန်သူအားလုံးအတွက် အမှာစကားက ထင်ရှားသည်။

ငါ့ကို ရန်စနဲ့

ရန်စရင် အကျိုးဆက်ကို ရင်ဆိုင်ဖို့ ပြင်ထား

ဒီနေ့ ငါ မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့ပြီး ၃၃ ယောက်ကို ဖမ်းထားတယ်။ အေး ... အကယ်လို့ မင်းတို့ ငါ့ကို မနက်ဖြန် ရန်စရဲရင် အဲဒီတိုင်း ထပ်လုပ်မယ်။ မင်းတို့ ငါ့အပေါ် လွန်လာရင်တော့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ပြီး သောင်းကျန်းပြမယ်

တာအိုနယ်ပယ်နတ်ဘုရားအာရုံစီးကြောင်းများ မှေးမှိန်ပျောက်ကွယ်သွားသည်။ မန်ဟို နဝမပင်လယ်နတ်လောကသို့ ပထမဆုံး ရောက်ရှိလာသောနေ့သည် သူ့နာမည် တစ်ဂိုဏ်းလုံးတစ်လျှောက် ပျံ့နှံ့သွားသောနေ့ဖြစ်၏။ ဂိုဏ်းသားတစ်ယောက်မကျန် ဖြစ်ကြောင်းကုန်စစ် ကြားသွားကြပြီး လေးလေးနက်နက် အထင်ကြီးကုန်ကြသည်။

ဖန်းတုံးအာက မန်ဟို့ကို တခဏ စူးစူးစိုက်စိုက် ကြည့်နေသော်လည်း ဘာမှမပြောပေ။ သူမအမူအရာသည် သူ ဒုက္ခရောက်နေမှုကို ကြိတ်ဝမ်းသာနေသောပုံမပေါ်တော့ပေ။ ယခုတွင် သူ့အပေါ် သူမ၏ကြောက်စိတ်တို့မှာ ပို၍ပင် နက်ရှိုင်းစွာ အမြစ်တွယ်သွားပြီဖြစ်၏။

မိစ္ဆာကျင့်ကြံသူများမှာ မန်ဟို့ကို မုန်းနေသေးသော်လည်း မန်ဟိုက ဂိုဏ်းအတွင်း၌ သူ့နေရာကို ခြေကုပ်ရယူပြီးလေပြီ။ သူအနေဖြင့် သူတို့ သူ့ကို ဤမျှမုန်းတီးနေရသည့်အကြောင်းရင်းအား မသိသေးသော်လည်း ၎င်းက အရေးမကြီးတော့ပေ။ သူ့အတွက် ခြေကုပ်ရထားပြီပြီမဟုတ်လော။ ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သူ့ကို အကောက်ကြံရဲမည့် မိစ္ဆာကျင့်ကြံသူတစ်ယောက်မှ မရှိတော့ပေ။

အင်မော်တယ်နယ်ပယ်ရှိ ဘယ်သူမှ သူ့ကို မယှဉ်နိုင်။ သူက ရှေးဟောင်းနယ်ပယ်ကို အပြစ်တင်ဝေဖန်ခဲ့ပြီး တာအိုနယ်ပယ်ပင်လျှင် သူ၏လွှမ်းမိုးခြင်း ခံရသည်။ သူ၏ နောက်ခံကို ဖော်ပြခဲ့သည့် အံ့ဩဘနန်းမြင်ကွင်းက မိစ္ဆာကျင့်ကြံသူများအား သူ့ကို ကြောက်စေရုံသာမက မနာလိုဖြစ်စေသည့်အပြင် မောက်မာထောင်လွှားစွာ ဂုဏ်ဖော်နေသောပုံစံကို ဆဲရေးမိကြစေသည်။

လင်းယွင်ကျစ်က မန်ဟိုနှင့်အတူ ထွက်ခွာသွားသည်။ ကျန်ကျင့်ကြံသူများလည်း နောက်ဆုံးတော့ အလျှိုလျှိုထွက်သွားကြ၏။ မန်ဟို့အမြင်အာရုံ ရှင်းလင်းလာသောအခါ သူကား နဝမပင်လယ်လောကအတွင်းပိုင်းထဲရှိ တောင်တန်းတစ်ခုထဲတွင် ရောက်နေလေပြီ။

သူ၏လက်ရှိနေရာသည် အပေါ်ပိုင်းတစ်ဝက်အား နှင်းများဖုံးနေသော တောင်တစ်လုံးဖြစ်သည်။ စိမ့်နေသော အအေးဓာတ်က ဤနေရာတွင် သဘာဝစွမ်းအင် မည်မျှပေါများကြောင်း သက်သေပင်။ နဝမပင်လယ်နတ်လောကသည် ပင်လယ်အောက်တွင် တည်ရှိသည့်အတိုင် မြေထုတစ်ခုလုံးမှာ ပင်လယ်ရေဝင်မလာအောင် ဟန့်တားထားသော ကိုယ်ပျောက်ဒိုင်းကြီးတစ်ဒိုင်းဖြင့် ဝန်းရံခံထားရလေသည်။ သို့သော် နဝမပင်လယ်မှ ထုတ်လွှတ်နေသော ဖိအားကတော့ ဤနေရာတွင် သက်ရောက်နေသေးသည်။

တောင်ထိပ်ပေါ်တွင် လင်းယွင်ကျစ်မှ မန်ဟို့ကို ဦးဆောင်ခေါ်သွားပေးနေသော ဝတ်ပြုကျောင်းတစ်ကျောင်း ရှိသည်။ သူ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသော နောက်ထပ်လူနှစ်ယောက်ကို မြင်လိုက်ရ၏။

တစ်ယောက်က စောစောက အဘွားအိုပင်။ သူမသည် မီးခိုရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမမျက်နှာတွင် အရေးအကြောင်းများ၊ အတွန့်အခေါက်များ ဖုံးနေသည်။ သူမဆံပင်များက ရှည်လျားဖြူဆွတ်လျက်ရှိကာ သူမသည် နှစ်ပေါင်းမြောက်များစွာ နေထိုင်ခဲ့သည့်အလား ရှေးဆန်သောမျက်နှာထားကို ပိုင်ဆိုင်ထား၏။ သူမမျက်ဝန်းများက ယောက်ျားသားတို့၏နှလုံးသားများကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ပါးနပ်မှုတို့ဖြင့် တဖျပ်ဖျပ်လက်နေသည်။

မှန်ပါသည်။ တာအိုနယ်ပယ်ပညာရှင်များသည် များပြားသောအတွေ့အကြုံများနှင့် သူမတူသော ကိုယ်ကျင့်စရိုက်များရှိသည့် ပညာရှင်များဖြစ်၏။ စောစောက မန်ဟို၏ ခြိမ်းခြောက်စကားများမှာ သူ့နောက်ခံကို ဖော်ပြနေရုံမပိုခဲ့ကြောင်း သူတို့ ပြောနိုင်သည်။ သို့သော် သူသည် ၎င်းတို့ကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောခဲ့ပြီး သူတို့အား ကြောက်လန့်စေခဲ့သည်။ အဆုံးသတ်တွင် တာအိုနယ်ပယ်ပညာရှင်များ သူ့ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ အရေးကြီးဆုံးက သူတို့စိတ်ထဲတွင် သံသယမျိုးစေ့များ၊ ကြောက်စိတ်များ အစပျိုးလာစေရန်ဖြစ်ခဲ့၏။

အဘွားအိုဘေးတွင် အစိမ်းရောင်ဝတ်ရုံဝတ်ထားသော မျက်နှာတည်တည်နှင့် အဘိုးကြီးတစ်ဦးရှိသည်။ သူ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေစဉ် သူ့အကြည့်က မန်ဟို့ကို အကဲခတ်နေသည့်အလား ကြည့်နေသည်။

သူ့မျက်လုံးများတွင် မန်ဟိုကို ထိုးဖောက်မြင်နိုင်သောအစွမ်း၊ စူးရှထက်မြက်မှုတို့ ပါရှိနေသယောင်ပင်။ သူ့မျက်လုံးများက မန်ဟို့နဖူးပေါ်တွင် ခဏရစ်ဝဲနေပြီးနောက် တောက်ပလာသည်။

အဘိုးကြီး၏အကြည့်အောက်တွင် မန်ဟိုမှာ သူ့ကျင့်ကြံခြင်းအခြေခံ အလိုအလျောက် လည်ပတ်လာသည်ကို ခံစားလိုက်ရပြီး ရုတ်တရက် သူ့နဖူးမှာ လင်းခနဲလက်ကာ အက်ရှလွန်အမှတ်အသား ပေါ်လာတော့သည်။

အဘိုးကြီးက အမှတ်အသားကို မြင်လျှင် ခေါင်းညိတ်ပြီး အကြည့်လွှဲသွားသည်။

“မန်ဟို” အဘွားအိုက ပြုံးရင်းပြောသည်။ “ငါ့ကို ဘွားဘွားကိုးလို့ ခေါ်လို့ရတယ်” မန်ဟို့ကို စကားပြောနေစဉ် သူမ၏မျက်နှာအမူအရာသည် နူးညံ့ချိုသာနေ၏။

“ငါ့ဘေးမှာ ထိုင်နေတဲ့ ဆရာကိုတော့ နတ်ဆရာသခင်လို့ ခေါ်သင့်တယ်”

“မန်ဟို ဘွားဘွားကိုးနဲ့ နတ်ဆရာသခင်ကို ဂါဝရပြပါတယ်” မန်ဟိုက စောစောက မောက်မာတင်စီးသောအငွေ့အသက်များကို ချက်ချင်း ပြန်ရုတ်သိမ်းပြီး အလွန်နှစ်လိုဖွယ်ကောင်းသောပုံစံဖမ်းလိုက်သည်။ သူက လက်ယှက်ပြီး အရိုအသေပေးလိုက်စဉ် အတန်ငယ်ရှက်ကိုးရှက်ကန်း ဖြစ်နေပုံပင်ရသည်။

မန်ဟို၏ရှက်ကိုးရှက်ကန်းအမူအရာကို မြင်သောအခါ ဘွားဘွားကိုးမှာ သဘောကျစွာ ရယ်လိုက်သည်။ သူမက နူးညံ့ကြင်နာသောအမူအရာဖြင့် မန်ဟို့ကို ကြည့်နေသည်။

သူမဘေးရှိ လင်းယွင်ကျစ်၏အမူအရာမှာတော့ အသိအမှတ်ပြုနေသောပုံစံပင်။ လွန်ခဲ့သောနှစ်အနည်းငယ်က တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် သူသည် မန်ဟို့ကို သဘောကျခဲ့၏။ အထူးသဖြင့် နဝမပင်လယ်နတ်လောကအတွက် များစွာပေးဆပ်ရန် မန်ဟို အသင့်ဖြစ်နေခဲ့ပုံကြောင့်ပင်။ ၎င်းက သူ့ကို မန်ဟို့အား အထင်ကြီးမိစေခဲ့သည်။

“ဒါ မင်းအတွက်” ဘွားဘွားကိုးက ရယ်ရင်း ပြောသည်။ “ဂိုဏ်းကို ဝင်လာတဲ့အတွက် ကြိုဆိုတဲ့လက်ဆောင်လို့သာ သဘောထား” သူမက ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်ကာ သိုလှောင်အိတ်တစ်လုံးအား ပေါ်လာစေပြီး မန်ဟို့ထံ ပျံသန်းသွားစေလိုက်သည်။

မန်ဟိုက မျက်လုံးကလေး ကလယ်ကလယ်နှင့် လက်ခံပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းပင် သူ့မှာ စိတ်လှုပ်ရှားလွန်း၍ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ သိုလှောင်အိတ်တွင် ဆေးဖော်နည်းများ၊ ကျောက်စိမ်းပြားအပြည့်ပင်။ အပြင်လောကတွင် အင်မတန်မှ ရှားပါးသော ဆေးပင်များလည်း ပါသည်။ ဤအိတ်ထဲတွင် ပါရှိသောပစ္စည်း၏ တန်ဖိုးကား ခေါင်ခိုက်နေသည်။

လင်းယွင်ကျစ်က တဟားဟား ရယ်ပြီး ပြောသည်။ “မင်း ဆေးဝါးပညာကို သဘောကျတာ ငါတို့ သိထားတယ်လေ။ အဲဒါနဲ့ ငါတို့ သက်ကြားအိုသုံးယောက်က မင်းကို ပထမဆုံးတွေ့တွေ့ချင်း ဒီအထူးလက်ဆောင်ပေးဖို့ ပြင်ထားခဲ့တာပဲ။ ဒီအိတ်ထဲက ပစ္စည်းတွေက မင်းအတွက် တမင် ငါတို့ လိုက်ရှာထားတဲ့ဟာတွေပဲ”

သူ့စကားလုံးများက ရှင်းရှင်းဘွင်းဘွင်းဖြစ်သယောင်ထင်ရသော်လည်း ဆေးပင်များက မန်ဟို့ကို သူတို့ မည်မျှတန်ဖိုးထားကြောင်း သတိပေးနေသည်။

မန်ဟိုက ချက်ချင်း အရိုအသေထပ်ပေးပြီး ပြောသည်။ “ခေါင်းဆောင်ကြီးတို့၊ အခုလို ရက်ရောဖော်ရွေပေးတဲ့အတွက် ကျုပ် အင်မတန် ကျေးဇူးတင်ပါတယ်”

သူသည် တွန့်ဆုတ်မနေဘဲ သိုလှောင်အိတ်ကို သူ့ဝတ်ရုံထဲ မြန်မြန်ဆန်ဆန်ထည့်လိုက်ရာ အဘိုးကြီးအဘွားကြီးသုံးဦး ခေါင်းတခါခါနှင့် ပြုံးနေသည်ကို မြင်လိုက်ရသည်။ မျက်နှာတည်တည်နှင့် နတ်ဆရာသခင်ပင် ယခုတွင် ပြုံးနေသည်။

“အရင်ဆုံး” ဘွားဘွားကိုးက ပြောသည်။ “မင်း နဝမပင်လယ်ကို ရောက်ရောက်ချင်း ဖြစ်ခဲ့တဲ့အရာတွင် ငါတို့ တောင်းပန်ပါတယ်။ အဲ့ဒါက ငါတို့ ခန့်မှန်းထားတာထက် ကျော်လွန်နေခဲ့တယ်... အစက ဖြေရှင်းပေးဖို့ ထွက်မလာလို့ လုပ်ခဲ့ပေမယ့် ကြိုမသိလိုက်တဲ့အခြေအနေအရပ်ရပ်ကြောင့် မလာနိုင်ခဲ့ဘူး။ မင်း နားလည်မယ်လို့ ငါတို့မျှော်လင့်ပါတယ်"

မန်ဟို့မျက်နှာအမူအရာက ပြောင်းလဲမသွားပေ။ သူသည် ကျင့်ကြံခြင်းလောကသို့ အသစ်ရောက်လာသူမဟုတ်တော့သည့်အပြင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ပြီးပြီဖြစ်၏။ သူက လှည့်စားမှုများစွာကို ရင်ဆိုင်ခဲ့ဖူး၍ တချို့ကိစ္စများကို အလေးအနက်ထားမရကြောင်း သိသည်။

သူ့အနေဖြင့် သူ၏ရောက်ရှိလာမှုက မိစ္ဆာကျင့်ကြံသူအုပ်စုကို သောင်းကျန်းစေလိမ့်မည်ဟု သူမ မသိထားကြောင်း ယုံကောင်းယုံနိုင်သော်လည်း ရလဒ်ထွက်လာသော ပဋိပက္ခက ဘွားဘွားကိုးနှင့် သူမကိုယ်စားပြုသော အုပ်စုကို တခြားရည်ရွယ်ချက်များ ရှိသွားစေကြောင်းလည်း သူ သေချာသိသည်။

သူတို့သည် ကိုးပင်လယ်နတ်လောကတွင် အဓိကအဖွဲ့မဟုတ်ပါလော။ ထို့ကြောင့် ထိုအခွင့်အရေးကို အသုံးချကာ မိစ္ဆာကျင့်ကြံသူအုပ်စုကို ဝပ်သွားစေလိုခြင်းဖြစ်သည်။ မန်ဟို့အနေဖြင့် ယင်းနှင့်ပတ်သက်၍ ဘာမှမပြောနိုင်ပေ။

ဖန်မျိုးနွယ်စုတွင်လည်း ထိုအတိုင်း ဖြစ်ခဲ့သည်။ ထိုစဉ်တုန်းကလည်း သူ့မှာ အသုံးချခံခဲ့ရသည် ... သို့သော် ယင်းက နစ်နာကြေးဖြင့်ဖြစ်၍ အဆင်ပြေခဲ့သည်။ ထို့ကြောင့် မန်ဟိုသည် သိုလှောင်အိတ်ကို လက်ခံပြီးနောက် ဉာဏ်နီဉာဏ်နက်များကို ခေါင်းထဲမှ လျင်မြန်စွာ ထုတ်လိုက်တော့၏။

အခြေအနေသာ စောစောကကဲ့သို့ မဖြစ်သွားလျှင် လက်ဆောင်တော့ ရှိဦးမှာ သေချာသည်။ သို့သော် လက်ရှိဆေးပင်တန်ဖိုး၏ တစ်ဝက်မျှသာ ပါဖို့များသည်။

မန်ဟို၏ နာခံတတ်ပြီး နှစ်လိုဖွယ်ကောင်းသော သဘောထား၊ ဖြတ်ထိုးဉာဏ်ကောင်းခြင်းနှင့် အသေးစိတ်မေးမြန်းခြင်းမရှိသည်ကို မြင်သော် ဘွားဘွားကိုး၏မျက်လုံးထဲရှိ ချီးကျူးမှုတို့သည် ပို၍ပင် အားကောင်းလာတော့သည်။

“အခု မင်း ကိုးပင်လယ်နတ်လောကကို ရောက်နေပြီဆိုတော့ တာဆိုဆရာအစည်းအရုံးသုံးခုရဲ့ မူလအစနဲ့ပတ်သက်ပြီး အကြမ်းဖျင်းရှင်းပြပေးမယ်” အဘွားအိုက ဖြေးညင်းစွာ ပြောသည်။ သူမစကားစသည်နှင့် မန်ဟို့နားနှစ်ဖက်လုံး ထောင်သွားသည်။

“တာအိုဆရာအစည်းအရုံးသုံးခုက တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်း စတင်ဖြစ်တည်ခဲ့ကတည်းက ဒီနေ့ထက်ထိတိုင်အောင် တောက်လျှောက်လုံး တည်ရှိနေခဲ့တာပဲ

“ဘယ်လိုစတင်ပေါ်ပေါက်လာသလဲ ဆိုရင်ကတော့ သူတို့ကို တည်ထောင်ခဲ့တာက ... မဟာပါရာဂွန်အရှင်သုံးပါးကလွဲပြီး အခြားမဟုတ်ဘူး

“အဲဒီပါရာဂွန်အရှင်သုံးပါးရဲ့ နာမည်အစစ်အမှန်တွေကိုတော့ မေ့သွားကြတာ ကြာခဲ့ပြီ။ ဒါပေမဲ့ လူတိုင်းက သူတို့ကို ပါရာဂွန်အင်မော်တယ်ရှေးဟောင်း၊ ပါရာဂွန်ကိုးတံဆိပ်နဲ့ ပါရာဂွန်ပင်လယ်အိပ်မက်ဆိုပြီး ခေါ်ကြတယ်

“ပါရာဂွန်အင်မော်တယ်ရှေးဟောင်းက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကို တည်ထောင်ခဲ့တယ်။ ပါရာဂွန်ပင်လယ်အိပ်မက်က ကိုးပင်လယ်နတ်လောကနဲ့ မြင့်မြင်သောရေစီးဓားဂူကို တည်ထောင်ခဲ့တယ်

“အဲ့ဒါက တာအိုဆရာအစည်းအရုံးသုံးခုရဲ့ မူလအစပဲ။ ပါရာဂွန်ပင်လယ်အိပ်မက်ကိုတော့ မင်း တွေ့ပြီးပြီ။ သူက မင်းကို အက်ရှလွန်ထဲ ထည့်ပေးခဲ့တဲ့သူပဲ။ အသက်ရှင်ကျန်သေးတဲ့ ပါရာဂွန်ကလည်း သူတစ်ယောက်ပဲ ရှိတော့တာ...” ဘွားဘွားကိုး၏အသံသည် တာအိုဆရာအစည်းအရုံးသုံးခု၏ သမိုင်းကြောင်းအမှန်ကို ဖုံးကွယ်ထားသော ဇာပဝါကို ဖြေးညင်းစွာ လှန်ရင်း ရှေးခေတ်မှ ပျံ့လွင့်လာသည့်အလားပင်။

မန်ဟိုက တခဏ တိတ်ဆိတ်နေသည်။ တချို့အရာများက သူခန့်မှန်းထားပြီးသား အရာများဖြစ်သော်လည်း ဘွားဘွားကိုး၏နှုတ်မှ ကိုယ်တိုင်ကြားရခြင်းက သူ့အား အတော်လေး တုန်လှုပ်စေသည်။ နောက်ဆုံးတွင် သူက မေးလိုက်၏။ “တာအိုဆရာအစည်းအရုံးသုံးခုက နဝမတောင်ပင်လယ်မှာတင်ရှိတာ မဟုတ်ဘူးမလား။ ပါရာဂွန်ကိုးတံဆိပ်ကရော ဘာကို ဖန်တီးခဲ့လဲ”

“သိပ်ကောင်းတဲ့ မေးခွန်းတွေပဲ” အဘွားအိုက ခေါင်းတညိတ်ညိတ်နှင့် ပြန်ဖြေသည်။ သူမမျက်လုံးများသည် ချီးကျူးနေသောအရိပ်အယောင်တို့ဖြင့် တောက်ပနေသည်။ “တောင်ပင်လယ်တစ်ခုစီမှာ တာအိုဆရာအစည်းအရုံးသုံးခုစီရှိတယ်”

သူမစကားလုံးများက မန်ဟို့အား ချာချာလည်သွားစေသည်။

“အကုန်လုံးကို ကိုးပင်လယ်နတ်လောက၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နဲ့ မြင့်မြတ်သောရေစီးဓားဂူလို့ ခေါ်ကြတယ်

“ကိုးပင်လယ်နတ်လောကကိုးခုရှိပြီး စုပေါင်းလိုက်တဲ့အခါ စစ်မှန်တဲ့ ကိုးပင်လယ်နတ်လောကဖြစ်လာတာပဲ။ လူတွေက ဒီနေရာကို နဝမပင်လယ်နတ်လောကလို့ ခေါ်ကြပေမယ့် တကယ်တော့ ကိုးပင်လယ်နတ်လောက နာမည်အမှန်ပဲ” ဘွားဘွားကိုး၏အသံသည် တည်ငြိမ်နေ၏။

“ပါရာဂွန်ကိုးတံဆိပ်ကတော့ သူ ဘာကို တည်ထောင်ခဲ့လဲ ဘယ်သူမှမသိဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သဲလွန်စတွေကို ရှာတွေ့ပြီး ထင်ကြေးအမျိုးမျိုးပေးလာကြတယ်...” ဤအခိုက့်အတန့်တွင် ဘွားဘွားကိုးသည် သူမပြောရန်ပြင်နေသည့် စကားလုံးများနှင့်ပတ်သက်၍ အံ့ဩမယုံနိုင်ဖြစ်နေသေးသည့်အလား စကားပြောနေသည်ကို ရပ်လိုက်၏။

ဖြည့်ပြောလိုက်သူမှာတော့ ဘွားဘွားကိုးမဟုတ်ဘဲ နတ်ဆရာသခင်ဆိုသော မျက်နှာတည်တည်နှင့်အဘိုးကြီးပင်။ “ကောလဟလတွေအရ” သူက ပြောသည်။ “ပါရာဂွန်ကိုးတံဆိပ်က .... တောင်ပင်လယ်လောကတစ်ခုလုံးကို ဖန်ဆင်းခဲ့တာ”

မန်ဟိုမှာ ဤအခြင်းအရာကို ကြားလျှင် စိတ်ထဲ၌ ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ သူ ကြားလိုက်ရသောအကြောင်းအရာမှာ တစ်ခါမှမကြားဖူးသောအရာဖြစ်၍ သူ့အား အသက်ရှူမှားသွားစေသည်။

“ပါရာဂွန်ကိုးတံဆိပ်က တောင်ပင်လယ်လောကကို ဖန်ဆင်းခဲ့တာတဲ့လား” သူက ကောက်ချက်ချလိုက်သည်။

“အထင်သက်သက်ပါပဲ” နတ်ဆရာသခင်၏ ရှေးဆန်သောအသံကြီးက ဝတ်ပြုကျောင်းခန်းမတစ်လျှောက် ဟိန်းထွက်သွားသည်။ “အမှန်ဟုတ်လားမဟုတ်လား မဆုံးဖြတ်နိုင်ဘူး။ ဒါပေမဲ့ ပါရာဂွန်ကိုးတံဆိပ်က ပါရာဂွန်သုံးဦးထဲမှာ ခေါင်းဆောင်ဆိုတော့... အဲဒီမဟာစစ်ပွဲကြီးဖြစ်တဲ့ခေတ်မှာ သူတစ်ယောက်တည်းပဲ စကြဝဠာရဲ့ကံကြမ္မာကို ပြောင်းပြန်လှန်ပြီး အင်မော်တယ်လောကအတွက် အမှတ်တရအနေနဲ့ သေးငယ်တဲ့မျှော်လင့်ချက်လေးကို ချန်ထားခဲ့နိုင်တဲ့ အစွမ်းအစရှိတယ်” သူ့အသံက ဝတ်ပြုကျောင်းထဲတွင် တုံ့ပြန်လူးလာပဲ့တင်ထပ်နေသည်။

“ဒါက ငါတို့ကို ပါရာဂွန်ကိုးတံဆိပ်ရဲ့  တာအိုမှော်ကျင့်စဉ်က တောင်ပင်လယ်ကျမ်းစာအပြင် တခြားမဟုတ်ဘူးလို့ ယုံကြည်စေတဲ့ ခန့်မှန်းချက်ပဲ

“တောင်ပင်လယ်ကျမ်းစာအပြည့်အစုံကို ရတဲ့ ဘယ်သူမဆို တောင်ပင်လယ်လောကရဲ့သခင် ဖြစ်လာလိမ့်မယ်။ အဲဒီလူက ကောင်းကင်ဘုံ ၃၃ ခုဆီ စစ်ချီဖို့ ငါတို့ကို ဦးဆောင်ပြီး အင်မော်တယ်လောကရဲ့ အရင်ဂုဏ်ကျက်သရေကို ပြန်လည်ဆောင်ကြဉ်းပေးလိမ့်မယ်

“ငါတို့ နေထိုင်တဲ့ ကမ္ဘာက တစ်ခါတုန်းက အဆင့်နိမ့်လောကသုံးထောင်လုံးကို အုပ်ချုပ်စိုးမိုးခဲ့တဲ့ အင်မော်တယ်လောက၊ ပါရာဂွန်အင်မော်တယ်လောကပဲ” နတ်ဆရာသခင်က ပူဆွေးသောကတို့ကို ဖုံးကွယ်ရန် မျက်လုံးများပိတ်လိုက်သည်။

မန်ဟိုမှာ အသက်မနည်းရှူနေရသည်။ သူသည် ရီဖဇီကို ဝိညာဉ်ဖွေရှာရာမှတစ်ဆင့် တောင်ပင်လယ်လောကသည် ပါရာဂွန်အင်မော်တယ်လောကမှ ကျန်ခဲ့သောအကြွင်းအကျန်ဖြစ်ကြောင်း သိခဲ့ရ၏။ သို့သော် ဇာတ်ကြောင်းအား နတ်ဆရာသခင်၏ပါးစပ်မှ တိုက်ခိုက်နားထောင်ရခြင်းက မတူပေ။ ရုတ်တရက် ဝိညာဉ်ဖွေရှာရမှာ မြင်ခဲ့ရသော ပုံရိပ်များက သူ့စိတ်ထဲတွင် လွင့်မျောလာသည်။

“မင်းအနေနဲ့ ဒီလောက်သိထားရင် လုံလောက်ပြီ” ဘွားဘွားကိုးက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “ပိုပြီး ရှုပ်ထွေးတဲ့ကိစ္စတချို့ကို မသိထားတာ ပိုကောင်းလိမ့်မယ်...

“တာအိုဆရာအစည်းအရုံးသုံးခုရဲ့ တာဝန်က အက်ရှလွန်ကို တိုးတက်လာအောင် ကူညီပေးဖို့။ အက်ရှလွန်ကို ပါရာဂွန်ပင်လယ်အိပ်မက်က စတင်ခဲ့တာ။ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းလုံးမှာ အက်ရှလွန်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကျင့်ကြံသူတွေ ရှိတယ်။ နဝမတောင်ပင်လယ်မှာတော့ လူအနည်းဆုံးပဲ။ ပထမဆုံးက မင်းရဲ့ဘိုးဘေးကြီး။ ဒုတိယကတော့ မင်း

“မင်းလမ်းက နဝမတောင်ပင်လယ်မှာတင် အဆုံးသတ်မှာမဟုတ်ဘဲ တောင်ပင်လယ်လောကတစ်ခုလုံးအထိ ရောက်ရမှာ။ မင်းရဲ့ ပြိုင်ဘက်တွေက မျိုးဆက်တူတွေတင်မကဘဲ .... တောင်ပင်လယ်လောကတစ်ခွင်က အက်ရှလွန်စာရင်းဝင်တွေ ဖြစ်လာလိမ့်မယ်

“အက်ရှလွန်တိုက်ပွဲတွေက ရက်စက်ပြီး များသောအားဖြင့် ပြိုင်ဘက်နှစ်ယောက်ထဲတွင် မဟုတ်ဘူး။ တစ်ခါတလေ တစ်ဂိုဏ်းလုံးက ပြိုင်ဘက်တွေရဲ့နောက်ကနေ ကျောထောက်နောက်ခံပေးတတ်လို့ တောင်အချင်းချင်း စစ်ပွဲတွေတောင် ဖြစ်တတ်တယ်

“ငါတို့က မင်းကို အက်ရှလွန်ရဲ့ အင်အားအကြီးဆုံးစာရင်းဝင် ဖြစ်အောင်လုပ်ခိုင်းနေတာ မဟုတ်ဘူး။ ဒီအတိုင်း... မင်းနေရာကို မင်းထိန်းနိုင်ဖို့ပဲ မျှော်လင့်တာပါ။ မင်း ဒီလမ်းအတိုင်း ဆက်လျှောက်သွားမယ်ဆိုရင်တော့ နဝမတောင်ပင်လယ်ရဲ့ တာအိုဆရာအစည်းအရုံးတွေ ဘာပဲ ပေးဆပ်ရပေးဆပ်ရ.... ထိုက်တန်လိမ့်မယ်” ဘွားဘွားကိုးက မျှော်လင့်ချက်များဖြင့် မန်ဟို့မျက်လုံးများကို လေးလေးနက်နက် ကြည့်သည်။

မန်ဟိုမှာ စိတ်ငြိမ်ငြိမ်ထားဖို့ ခဲယဉ်းနေသည်။ သူသည် ဤအရာများနှင့်ပတ်သက်သော အမှန်တရားအား ခန့်မှန်းထားပြီးဖြစ်သော်လည်း သူ့နှလုံးသားတွင် ကြီးမားသောလှိုင်းတံပိုးကြီးများ ရိုက်ခတ်နေသေးလေသည်။

***

All Chapters