တိုက်ပွဲကို ရူးသွပ်သူ
Vol. 58 Ch. 805
ဝှစ်...ဝှစ်...
ကောင်းကင်ကံကြမ္မာသင်္ဘောသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ထက်ရှသောဓားတစ်စင်းကဲ့သို့ ပျံသန်းသွားလေသည်။ ၎င်းက တောင်ထွတ်တစ်ခုကို ဖြတ်ကျော်စဉ်တွင် ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်(၃၀)ကို ဦးဆောင်၍ တောင်ထွတ်ကို ဖောက်ကာ မြေအောက်ထဲ ဝင်သွားလိုက်ကြသည်။
“ယပ်တောင်ပုံစံ လူဖြန့်လိုက်... ထောက်လှမ်းရေးတွေက မြေအောက်ထဲမှာ၊ သူတို့က ပြောင်မြောက်တဲ့ ရှောင်တိမ်းခြင်းအတတ်တွေကို တတ်ထားကြတယ်။ အရှင်ဖမ်းလို့ ရတဲ့သူတွေဆို အရှင်ဖမ်းပါ။ ပြီးတော့ ဟွမ်ဖူမျိုးနွယ်ကလူတွေကို မသတ်ပါနဲ့။ အဘိုးပုက နောက်မှာ ကျန်နေခဲ့ပြီး ကျန်တဲ့သူတွေက တိုက်ခိုက်ကြပါ”
မြေကြီးအတွင်း သုံးကီလိုမီတာအထိ ဝင်ပြီးသောအခါ ကျန်းရီသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး အော်ပြောလိုက်သည်။ ဟွမ်ဖူထောင်ထျန်းနှင့် ကောင်းကင်ဧကရာဇ်(၂၉)ပါးတို့သည် အေးစက်စက်မျက်လုံးများဖြင့် လျင်မြန်စွာ ဖြန့်ကျက်နေရာယူလိုက်ကြသည်။
အကယ်၍ ထောက်လှမ်းရေးများသာ ကောင်းကင်ကံကြမ္မာသင်္ဘောနောက်သို့ ဆက်လိုက်လာလျှင် သူတို့၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ခက်ခဲသွားပေလိမ့်မည်။ နတ်ဆိုးကျွန်းတွင် အခြားထောက်လှမ်းရေးများ ရှိနေလျှင်လည်း သူတို့သည် ထိုထောက်လှမ်းရေးများအားလုံးကို သတ်ပစ်ရမည်ဖြစ်သည်။ ဟွမ်ဖူမျိုးနွယ်မှ ထောက်လှမ်းရေးများကို မသတ်ခြင်းမှာ ကျန်းရီ၏ ကိုယ်ရေးကိုယ်တာ အမိန့်ကြောင့်သာ ဖြစ်ပေသည်။ သူတို့သည် ဟွမ်ဖူထောင်ထျန်း၏ မျိုးနွယ်မှ လူများ မဟုတ်ပါလား။ ဟွမ်ဖူထောင်ထျန်းက မည်သို့မှ မပြောသော်လည်း ကျန်းရီသည် ဟွမ်ဖူထောင်ထျန်းကို မျက်နှာသာပေးရပေမည်။
ကျန်းရီက မလှုပ်ရှားလိုက်ပေ။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များက ထောက်လှမ်းရေး ဒါဇင်အနည်းငယ်ကို သတ်ကြမည်ဖြစ်ရာ သူ ဝင်ပါရန် လိုမည်မဟုတ်ပေ။ သူ့တွင် ပို၍ အရေးကြီးသော တာဝန်ရှိပေသည်။ ယင်းမှာ ထောက်လှမ်းရေးများ၏ တည်နေရာကို အာရုံခံရန်နှင့် သူ့ဘေးရှိ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ အကြီးအကဲထံ ချက်ချင်း သတင်းပို့ရန်ဖြစ်သည်။ ထို့နောက်တွင် အကြီးအကဲက ကျန်လူများအားလုံးဆီ သတင်းပို့ပေးမည်ဖြစ်သည်။ ထောက်လှမ်းရေးတစ်ယောက်မှ လွတ်သွား၍ မဖြစ်ပေ။ မဟုတ်လျှင် လွတ်သွားသူက ရန်သူကို သွားရောက်သတိပေးနိုင်ပေသည်။
ဗြော...ဗြော...
ဟွမ်ဖူထောင်ထျန်းတို့အုပ်စုသည် မြေအောက်နဂါးများကဲ့သို့ မြေကြီးအောက်တွင် လျင်မြန်စွာ သွားလာနေကြ၏။ သူတို့၏ အမြန်နှုန်းက လေကဲ့သို့ လျင်မြန်ပေသည်။ သူတို့သည် ထောက်လှမ်းရေးများကို ဖမ်းရန် လျှပ်စီးအရှိန်ဖြင့် သွားနေကြသည်။ သူတို့အားလုံးသည် ကောင်းကင်စိတ်အာရုံများကိုသုံး၍ ပုန်းအောင်းနေသော ထောက်လှမ်းရေးများကို ရှာနေကြ၏။
ကျန်းရီက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်သည်။ ရက်အနည်းငယ် ထောက်လှမ်းပြီးနောက်တွင် ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေတွင် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း သိခဲ့၏။ အနီးနားတွင် စွမ်းအားကြီးအကာအရံ မရှိလျှင် မည်သည့်သက်ရှိကမှ သူ၏ထောက်လှမ်းခြင်းအောက်က လွတ်နိုင်မည် မဟုတ်ပေ။
“အဘိုးပု... ဘယ်ဘက် မိုင်(၂၀,၀၀၀)အကွာမှ ထောက်လှမ်းရေးတစ်ယောက်ရှိတယ်။ သူက ထွက်ပြေးဖို့ ဟန်ပြင်နေပြီ.... သူက သူ့ရဲ့ ဘယ်ဘယ်ကို ထွက်ပြေးမှာ”
“အဘိုးပု... အဘိုးတုက တစ်နေရာကို ကျော်သွားတယ်။ ထူးခြားတဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ကျောက်တုံးပုံစံ အသွင်ပြောင်းထားတာပဲ။ ကျောက်တုံးထဲမှာ လူတစ်ယောက်ရှိတယ်”
“အဘိုးပု... အကြီးအကဲချင်းရီကို ညာဘက်ကို မြန်မြန်သွားခိုင်းလိုက်ပါ။ လူသုံးယောက် ထွက်ပြေးနေတယ်”
“အဘိုးပု... အစ်ကိုဟွမ်ဖူကို ဂရုစိုက်ဖို့ ပြောလိုက်ပါ။ သူ့အရှေ့မှာ အင်အားကြီး ထောက်လှမ်းရေးတစ်ယောက် ပုန်းနေတယ်”
“အဘိုးပု...”
ကျန်းရီက အဆက်မပြတ် သတင်းပို့နေ၏။ အဘိုးပုကလည်း သတင်းပို့တံဆိပ်ပြားကိုသုံး၍ အားလုံးထံ သတင်းပြန်ပို့ကာ တိုက်ပွဲကို အဝေးမှ ထိန်းချုပ်နေပေသည်။ အဝေးတစ်နေရာမှနေ၍ ပြင်းထန်သော အဟုန်လှိုင်များနှင့် ပဲ့တင်သံများ ထွက်ပေါ်လာ၏။ တိုက်ပွဲစတင်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့သည် စူးစူးဝါးဝါး အော်လိုက်သံများကိုပင် မကြာခဏဆိုသလို ကြားနေရသည်။
အဘိုးပုသည် မျက်လုံးများပိတ်ထားသော ကျန်းရီကို ကြည့်ကာ စိတ်ထဲမှ အံ့အားသင့်နေလေသည်။ ထိုလူငယ်လေးက အလွန်ဆန်းကြယ်လှ၏။ သူသည် ကြောက်မက်ဖွယ် မိုးကြိုးမီးကို ပိုင်ဆိုင်ရုံသာမက ကောင်းကင်ပန်းချီကားများကို ရေးဆွဲနိုင်ပြီး နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုလည်း တတ်မြောက်ထားသည်။ ထို့ပြင် သူသည် ယခုကဲ့သို့ ဆန်းကြယ်သော စွမ်းရည်မျိုးကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ သူသည် အသက်နှစ်ဆယ်ကျော်ရုံမျှသာ ရှိသေး၏။ သူ အသက်ငါးဆယ်၊ ရှစ်ဆယ် သို့မဟုတ် နှစ်ရာအရွယ်သို့ ရောက်သောအခါ မည်မျှ စွမ်းအားကြီးလာမည်နည်း။
“ဟုတ်ပြီ...”
မိနစ်သုံးဆယ်ကြာပြီးနောက် ကျန်းရီက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး ထရပ်လိုက်၏။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။
“အဘိုးပု... အဘိုးတို့ ကုန်သည်အဖွဲ့အစည်းက လူတွေက ရှိန်လောက်တဲ့ တိုက်ခိုက်စွမ်းအား ရှိတာပဲ။ ထောက်လှမ်းရေးတွေအကုန်လုံး သေတဲ့သူကသေ၊ အဖမ်းခံရတဲ့သူက အဖမ်းခံရနဲ့ ဖြစ်ကုန်ပြီ။ ထင်ထားသလိုပဲ... လဲ့မျိုးနွယ်၊ လုမျိုးနွယ်နဲ့ နန်ကုန်းမျိုးနွယ်တို့က ထောက်လှမ်းရေးတွေ စေလွှတ်လိုက်တယ်၊ ဟွမ်ဖူမျိုးနွယ်ကလည်း ထောက်လှမ်းရေးတွေ စေလွှတ်လိုက်တယ်...ဒါပေမဲ့ သူတို့အကုန်လုံးကို မသတ်ပါဘူး၊ အရှင်ပဲ ဖမ်းထားတယ်”
“အခုလို အောင်မြင်သွားတာ သခင်လေးရဲ့ စွမ်းရည်က အရမ်းဆန်းကြယ်လို့ပါ”
အဘိုးပုက စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဖုန်းပုရှီသည် သူတို့ကို မျိုးနွယ်ကြီးသုံးခုမှ ထောက်လှမ်းရေးများကို မသတ်ရန် ညွှန်ကြားလိုက်ပေသည်။ စစ်ထူရီရှောင်က ဘာကိုမှ စိုးရိမ်မနေဘဲ လုပ်ဆောင်ရန် အမိန့်ပေးထားသော်လည်း မျိုးနွယ်ကြီးသုံးခုက ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို ရန်ငြိုးထားမည်ဖြစ်သည်။ သို့ဆိုလျှင် သူတို့ ရှန်းစီမြို့ထဲတွင် နေထိုင်ရသည်မှာ ခက်ခဲလာနိုင်သည်။
မျှော်လင့်ထားသကဲ့သိုပင်။
မြေမျက်နှာပြင် တုန်ခါသွားပြီး လူအယောက်သုံးဆယ်သည် တစ်ယောက်ပြီးတစ်ယောက် မြေကြီးအတွင်းမှ ထွက်လာကြသည်။ သူတို့တော်တော်များများ၏ လက်ထဲတွင် လူများကို သယ်ဆောင်ကြသည်။ အဖမ်းခံရသော ထောက်လှမ်းရေးများအားလုံးသည် မကျေနပ်သော မျက်နှာထားရှိနေကြ၏။ ထို့ပြင် သူတို့၏မျက်လုံးများထဲတွင်လည်း မယုံနိုင်သော အရိပ်အယောင်များ ရှိနေသည်။ ထိုကောင်းကင်ဧကရာဇ်များက သူတို့၏နေရာများကို မည်သို့ ရှာတွေ့သွားခြင်းနည်း။
“လာကြ... ပြန်ကြစို့”
ကျန်းရီ၏ နောက်ကျောတွင် လေအရိပ်ဝတ်ရုံ ထွက်ပေါ်လာသည်။ ၎င်းက အစိမ်းရင့်ရောင် တောက်ပနေပေသည်။ ကျန်းရီ ထရပ်လိုက်ပြီး ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ မြေကြီးအပြင်သို့ ထွက်သွားလိုက်သည်။ ကျန်သူများလည်း နောက်မှ လိုက်သွားကြသည်။ ဟွမ်ဖူထောင်ထျန်းက ထောက်လှမ်းရေးတစ်ယောက်ကို သယ်ဆောင်လာ၏။ သူက ကျန်းရီကို မီလာသောအခါ စိတ်မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
“ပျင်းစရာကောင်းလိုက်တာ... ဒီထောက်လှမ်းရေးတွေက အားနည်းလွန်းတယ်။ ဘာမှတောင် သေချာ မတိုက်ခိုက်လိုက်ရဘူး”
“ဟားဟားဟား...”
ကျန်းရီက ဟက်ဟက်ပက်ပက် ရယ်ကာ ပြောလိုက်သည်။
“အစ်ကိုဟွမ်ဖူ... ကျွန်တော်တို့ နတ်ဆိုးကျွန်းကို ရောက်ရင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာမှာပါ။ အဲ့ကျရင် အစ်ကို စိတ်ကြိုက် တိုက်ခိုက်နိုင်ပြီ။ အဲ... ဂရုတော့စိုက်နော်... နတ်ဆိုးကျွန်းမှာ ပညာရှင်တွေ အများကြီးရှိတယ်။ အစ်ကို တစ်ခုခုဖြစ်မှာ ကျွန်တော် မလိုလားဘူး”
“စိတ်မပူပါနဲ့... အစ်ကိုက ကိုယ့်အကန့်အသတ်ကိုကိုယ် သိပါတယ်”
ဟွမ်ဖူထောင်ထျန်းက သိပ်အာရုံမထားဟန်ဖြင့် လက်ခါကာ ပြောလိုက်သည်။ ထို့နောက် သူက ရုတ်တရက် အသံပို့လွှတ်လိုက်၏။
“ကျန်းရီ... တကယ်တော့ အစ်ကို့ဆီမှာ အရင်တုန်းက တစ်ခါမှ ထုတ်မသုံးရသေးတဲ့ စွမ်းရည်တစ်ခုရှိတယ်။ အစ်ကိုတို့ နတ်ဆိုးကျွန်းကို ရောက်ရင် ညီလေး အမြင်ကျယ်သွားအောင် အစ်ကို အဲ့စွမ်းရည်ကို ထုတ်သုံးပြမယ်။ ဟီးဟီး... သာမန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တွေက အစ်ကို့ကို သတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်တော့ အစ်ကို စိတ်ကျေနပ်တဲ့အထိ သတ်ပစ်မယ်”
“အစ်ကိုက တကယ့်ကို အရူးတစ်ယောက်ပဲ... တိုက်ပွဲကို ရူးသွပ်နေတဲ့သူတစ်ယောက်ပဲ”
ကျန်းရီက ဟွမ်ဖူထောင်ထျန်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခါးသက်သက်ပြုံးကာ ခေါင်းယမ်းလိုက်လေသည်။ ဟွမ်ဖူထောင်ထျန်းက တိုက်ပွဲကို ဝါသနာပါ၏။ သို့သော် သူ ထိုသို့ဝါသနာမပါလျှင် အဘယ်သို့ အသက်ငယ်ငယ်ဖြင့် အထွတ်အထိပ် ကောင်းကင်ဧကရာဇ်တစ်ပါးကဲ့သို့ အင်အားကို ရရှိထားနိုင်မည်နည်း။
ကျန်းရီသည် ဤနှစ်အနည်းငယ်အတွင်းတွင် တိုက်ပွဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သိုင်းသမားများသည် သေရေး၊ ရှင်ရေး အခြေအနေတွင် အလွယ်တကူ အဆင့်တက်သွားနိုင်ကြောင်း သူသိပေသည်။ သေရတော့မည်အချိန်တွင် လူတစ်ယောက်၏ မွေးရာပါ ပါရမီများက အဆက်မပြတ် နိုးကြားလာတတ်ပေသည်။ အသက်ကို မရင်းလိုသူများ၊ သေခြင်းတရားကို မကြောက်သည့် နှလုံးသားမရှိသူများသည် ဘဝတစ်လျှောက်လုံးတွင် မည်သည့်အခါမှ ပညာရှင် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ကျန်းရီတို့အားလုံး၏ အရှိန်က အလွန်လျင်မြန်သဖြင့် တစ်နာရီကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘောကို ပြန်မီသွားကြသည်။ ကျန်းရီနှင့် ဟွမ်ဖူထောင်ထျန်းတို့သည် ဖမ်းမိလာသော ထောက်လှမ်းရေး ဆယ်ယောက်ကျော်ကို ဖုန်းပုရှီထံ လွှဲပေးလိုက်သည်။ ဖုန်းပုရှီက ထိုထောက်လှမ်းရေးများကို သတ်မည် မဟုတ်ကြောင်း သူတို့သိ၏။ ဖုန်းပုရှီက သူတို့ကို အကျဉ်းချထားပြီး နောက်မှ ပြန်လွှတ်လိုက်မည်ဖြစ်သည်။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသည် ရှန်းစီမြို့တွင် စီးပွားရေးဆက်လုပ်နိုင်ရန် လိုအပ်ကြောင်း သူတို့ နားလည်ပေသည်။
ပြန်ရောက်လာပြီးနောက်တွင် ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို သုံး၍ မိုင်ဆယ်သန်းပတ်ပတ်လည်ကို ဆက်၍ ထောက်လှမ်းလိုက်၏။ မည်သည့် ထောက်လှမ်းရေးမှ မရှိတော့ကြောင်း အတည်ပြုပြီးသောအခါ သူသည် နွမ်းလျတကြီး မျက်လုံးများ မှိတ်လိုက်ပြီး အနားယူလိုက်လေသည်။ အဆက်မပြတ် ထောက်လှမ်းခြင်းက သူ၏စိတ်စွမ်းအင်ကို အလွန်ကုန်ဆုံးစေ၏။ ဟွမ်ဖူထောင်ထျန်းက ထိုအခြင်းအရာကို မြင်သောအခါ ကျန်းရီကို နေ့တစ်ဝက် အနားယူရန် ချက်ချင်း တိုက်တွန်းလိုက်သည်။ ထို့နောက်တွင် သူသည် သတင်းပို့လွှတ်ကာ ဖုန်းပုရှီကို အစောင့်အနည်းငယ် ပို့ပေးရန် ပြောလိုက်၏။ ပြီးနောက် သူက ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်လေသည်။
ခရီးက အေးချမ်းနေခဲ့၏။ ကျန်းရီသည် နေ့တစ်ဝက်အနားယူပြီးနောက်တွင် ထောက်လှမ်းခြင်းတာဝန်ကို ပြန်ယူလိုက်၏။ သူတို့သင်္ဘောက လမ်းတစ်လျှောက်တွင် ဓားပြတပ်မဟာများကို ရှောင်ရှားနိုင်ခဲ့သည်။ ထို့ပြင် သူတို့သည် အခြားကောင်းကင်ကံကြမ္မာသင်္ဘောအချို့ကိုလည်း ရှောင်နိုင်ခဲ့ပြီး ရှန်းစီပင်လယ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားနိုင်ခဲ့သည်။
လေးရက်ကြာပြီးနောက် ကောင်းကင်ကံကြမ္မာသင်္ဘောက ရှန်းစီပင်လယ်သို့ ရောက်သွား၏။ ကျန်းရီသည် ကျယ်ပြောသော ပင်လယ်ပြင်ကို ထောက်လှမ်းရသောအခါ သက်ပြင်းချလိုက်မိ၏။ ယခင်က သူသည် ချမ်ဝမ်ကွမ်းနှင့် အခြားသူများကို ဦးဆောင်၍ ခရမ်းရောင်နဂါးမြို့မှ ရှန်းစီမြို့သို့ ခရီးထွက်ခဲ့ရ၏။ ထိုစဉ်က သူတို့သည် အသည်းအသန် ထွက်ပြေးနေခဲ့ရ၏။ သူတို့၏ အနာဂတ်ကလည်း ဝေဝါးနေခဲ့သည်။ ယနေ့တွင်မူ သူသည် ရှန်းစီပင်လယ်သို့ ပြန်ရောက်လာပေပြီ။ သို့သော် ဤတစ်ခေါက်တွင် သူနှင့်အတူ ကောင်းကင်ဧကရာဇ်(၁၀,၀၀၀)နှင့် အထွတ်အထိပ် ကောင်းကင်ဧကရာဇ်(၃၀) ပါလာ၏။ သူတို့သည် အင်အားကြီး ဓားပြတပ်မဟာတစ်ခုကို ရှင်းပစ်တော့မည်ဖြစ်သည်။
ကျန်းရီသည် အတိတ်အကြောင်းကို တွေးမိသောအခါ ပို၍ပင် သက်ပြင်းကျယ်ကျယ်ချလိုက်မိ၏။ အတိတ်တွင် သိုင်းပညာခန်းမက ကောင်းကင်ကြယ်တာရာနယ်မြေသို့ ကောင်းကင်ဧကရာဇ်များစေလွှတ်လိုက်မည်ကို သူ ကြောက်ခဲ့၏။ ထို့ကြောင့် သူသည် အားလုံးကို ဦးဆောင်၍ သူတို့၏အိမ်များကို စွန့်ခွာစေကာ ကြောက်ရွံ့တကြီး ထွက်ပြေးခဲ့ရသည်။ ယခုတွင် သူသာ ဤကောင်းကင်ဧကရာဇ်(၁၀,၀၀၀)ကို ကောင်းကင်ကြယ်တာရာနယ်မြေသို့ ဦးဆောင်ခေါ်သွားလျှင် ချမ်ကွေ့၊ ကျန့်ရီမင်တို့က မည်သို့ တုံ့ပြန်ကြမည်နည်း။
သို့သော် ထိုအတွေးက အတွေးတစ်ခုမျှသာ။ ဤကောင်းကင်ဧကရာဇ်များက သူ၏ လက်အောက်ငယ်သားများ မဟုတ်ကြပေ။ သူတို့သည် သူ့နောက်သို့လိုက်ကာ အပြစ်သားကျွန်းအပြင်သို့ ထွက်ကြမည် မဟုတ်ချေ။ ထို့ပြင် သူ လူ(၁၀,၀၀၀)ကို အပြစ်သားကျွန်းအပြင်သို့ ဦးဆောင်ခေါ်သွားနိုင်လျှင်လည်း ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သူတို့ကို သေချာပေါက် သတ်ပစ်မည်ဖြစ်သည်။
“ငါ ဘယ်တော့မှ အရှေ့ဘက် တော်ဝင်နယ်မြေကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မှာလဲ။ ငါ ဘယ်တော့မှ ကောင်းကင်ကြယ်တာရာနယ်မြေကို ပြန်နိုင်မှာလဲ။ ဦးလေးချမ်ကွေ့၊ ဦးလေးကျန့်ရီမင်၊ အဘိုး၊ ရွှေယိုလန်နဲ့ တခြားသူတွေ ဘာတွေများ လုပ်နေကြမလဲ”
ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ ပြန်သွားနိုင်ရန် အချိန်အတော်ကြာ လိုပေလိမ့်ဦးမည်။
***