← Chapters

ဓားစာခံအားလုံးကို သတ်ပစ်

Vol. 58 Ch. 806

ဓားစာခံအားလုံးကို သတ်ပစ်

Vol. 58 Ch. 806

“နတ်ဆိုးကျွန်းကို ရောက်ဖို့ နေ့တစ်ဝက်လောက်ပဲ လိုတော့တယ်။ တွက်ချက်မှုတွေအရ မိုင်ဆယ်သန်းလောက်ပဲ ‌ဝေးတော့တယ်”

ကောင်းကင်ကံကြမ္မာသင်္ဘောထဲတွင် ဟွမ်ဖူထောင်ထျန်းက ကောင်းကင်စိတ်အာရုံကို သုံး၍ အပြင်ကို ထောက်လှမ်းနေရင်း မြေပုံကိုကြည့်၍ အနားယူနေသောကျန်းရီအား ပြောလိုက်သည်။

ကျန်းရီက ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ခြင်္သေ့ကုလားထိုင်ပေါ်တွင် မှီလျက် ပြောလိုက်သည်။

“မိုင်သုံးသန်း သွားပြီးရင် ကျွန်တော့်ကို နှိုးပါ။ ကျွန်တော် ခဏလောက် နားလိုက်ဦးမယ်”

“ကောင်းပြီ”

ဟွမ်ဖူထောင်ထျန်း၏ မျက်နှာထားက တည်နေသော်လည်း မျက်လုံးများက ပို၍ တောက်ပလာသည်။ တိုက်ပွဲကြီး စတင်တော့ပေမည်။ ဤတစ်ခေါက် သူတို့၏ ဗျူဟာမှာ သက်ညှာရန် မဟုတ်ဘဲ ရန်သူအားလုံးကို ရှင်းပစ်ရန်ဖြစ်သည်။ နတ်ဆိုးတပ်မဟာတွင် ပညာရှင်များစွာ ရှိသဖြင့် ဤတိုက်ပွဲသည် သေချာပေါက် ပြင်းထန်ပေလိမ့်မည်။

ကောင်းကင်ကံကြမ္မာသင်္ဘော၏ အရှိန်က စတင် နှေးလာသည်။ ဟွမ်ဖူထောင်ထျန်းက နှစ်နာရီကြာ အိပ်နေခဲ့သော ကျန်းရီကို နှိုးလိုက်သည်။ ကျန်းရီက ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ကောင်းကင်နားလည်းသိမြင်ခြင်းကို ထုတ်လွှတ်လိုက်လေသည်။

ကောင်းကင်နားလည်သိမြင်ခြင်းက လေညှင်းကဲ့သို့ ဖြာထွက်သွား၏။ ကျန်းရီ၏ စိတ်ထဲတွင် ပုံရိပ်များ ထွက်ပေါ်လာသည်။ သူသည် နေရာအနှံ့ကို ထောက်လှမ်းလိုက်၏။ တစ်နေရာမှ မလွတ်စေခဲ့ပေ။ တစ်နာရီကြာပြီးနောက် သူ နတ်ဆိုးကျွန်းကို ရှာတွေ့သွားသည်။

နတ်ဆိုးကျွန်းက ကြီးမား၏။

နတ်ဆိုးကျွန်းသည် ရှန်းစီကျွန်းနှင့် မယှဉ်နိုင်သော်လည်း ကောင်းကင်မိုးကြိုးကျွန်းထက်မူ အဆတစ်ဒါဇင် ပို၍ကြီးမားပေသည်။ နတ်ဆိုးကျွန်းပေါ်တွင် မတ်စောက်သော တောင်တန်းများ၊ ဆန်းကြယ်သော ကုန်းမြေများနှင့် မြက်ခင်းစိမ်းများ ရှိ၏။ နေရာတော်တော်များများတွင် အကာအရံလှိုင်း အနည်းငယ် ရှိနေကြောင်း ကျန်းရီ ခံစားနေရသည်။ ၎င်းက စွမ်းအားကြီးသော ပုံရိပ်ယောင်နယ်မြေဖြစ်ကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် နတ်ဆိုးကျွန်းတစ်ခုလုံးကို ထောက်လှမ်းလိုက်၏။ နတ်ဆိုးကျွန်း အပြင်ပိုင်းတွင် ပုန်းအောင်းနေသော ထောက်လှမ်းရေးများ ရှိနေကြောင်းမှလွဲ၍ သူ အခြားမည်သည့်အရာကိုမှ မတွေ့ရှိခဲ့ရချေ။ ဓားပြတပ်မဟာက နတ်ဆိုးကျွန်း အတွင်းပိုင်းတွင် ရှိကြောင်း ထင်ရှား၏။ ကျွန်းအတွင်းပိုင်းကို ပုံရိပ်ယောင်နယ်မြေနှင့် ကာရံထားပေသည်။

နတ်ဆိုးကျွန်းကို သုံးကြိမ် ထောက်လှမ်းပြီးနောက် ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းသည် နတ်ဆိုးကျွန်း၏ ပတ်ဝန်းကျင်ကို ဆက်၍ ထောက်လှမ်းလိုက်သည်။ နတ်ဆိုးကျွန်းအနီးတွင် အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းဆယ်ကျွန်းကျော် ရှိနေကြောင်း ကျန်းရီ တွေ့လိုက်ရသည်။ ယင်းက ပုံရိပ်ယောင်နယ်မြေပင်။ ထိုကျွန်းများပေါ်၌ လျှို့ဝှက်ထောက်လှမ်းရေးများ ပုန်းအောင်းနေကြောင်း ထင်ရှားပေသည်။

တစ်ကြိမ်၊ နှစ်ကြိမ်...

ကောင်းကင်ကံကြမ္မာသင်္ဘောက ကျန်းရီ ထောက်လှမ်းပြီးသည့်အချိန်အထိ ရပ်ထားပေသည်။ ဖုန်းပုရှီသည်ပင် သူတို့အခန်းထဲသို့ ဝင်လာသည်။ ကျန်းရီသည် နှစ်နာရီကြာ ထောက်လှမ်းပြီးနောက် သူ၏နွမ်းလျနေသောမျက်လုံးများကို ဖွင့်လိုက်၏။

ကျန်းရီက ဟွမ်ဖူ‌ထောင်ထျန်းနှင့် ဖုန်းပုရှီတို့ကို ဘာစကားမှ မပြောဘဲ ကြည့်လိုက်သည်။ သူက ဟွမ်ဖူထောင်ထျန်းဆီမှ မြေပုံကိုသာ ကြည့်၍ နေရာအသီးသီးတွင် အဝိုင်းများ ဝိုင်းပြလိုက်သည်။ သူက အသေးစိတ် ဝိုင်းပြလိုက်ပြီး ကျွန်းတိုင်းပေါ်ရှိ အကာအရံလှိုင်းရှိနေသော နေရာများကို ရှင်းရှင်းလင်းလင်း ပြသလိုက်သည်။ ထို့ပြင် အနီးပတ်ဝန်းကျင်ရှိ လျှို့ဝှက်ထောက်လှမ်းရေးများ၏ တည်နေရာများကိုလည်း ဝိုင်းပြလိုက်သည်။

ဝှစ်...

ကျန်းရီ မြေပုံပေါ်တွင် အမှတ်အသားများ ပြုနေရစဉ်၌ ကောင်းကင်ကံကြမ္မာသင်္ဘောအနီးရှိ အာကာပြင်က တုန်ခါသွား၏။ လူဒါဇင်ကျော်သည် ဟင်းလင်းပြင်ထဲမှနေ၍ တစ္ဆေများကဲ့သို့ လျှောက်ထွက်လာ၏။ ထို့ကြောင့် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အားလုံး မှင်တက်သွားကြသည်။

“အဲ့ဒါ သခင်လေးရီရှောင်ပဲ”

ဖုန်းပုရှီက ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ပြီးနောက် အပြင်သို့ လျင်မြန်စွာထွက်ကာ စစ်ထူရီရှောင်ကို ကြိုဆိုလိုက်လေသည်။ ကျန်းရီကမူ ထွက်မကြိုဆိုဘဲ မြေပုံတွင်သာ ဆက်လက်မှတ်သားနေလိုက်သည်။ ဟွမ်ဖူထောင်ထျန်းက ထရပ်လိုက်ပြီး အခန်းတံခါးမှတဆင့် အပြင်သို့ ကြည့်လိုက်ရာ ဟင်းလင်းပြင်ထဲမှ ထွက်လာသော စစ်ထူရီရှောင်၊ ချမ်ဝမ်ကွမ်းနှင့် အခြားသူများကို‌ တွေ့လိုက်လေသည်။ ထို့နောက် သူ စိတ်ထဲမှ ချီးကျူးလိုက်သည်။

“စစ်ထူမျိုးနွယ်ရဲ့ ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းက တကယ့်ကို ရှိန်လောက်စရာပဲ”

ဝှစ်...

စစ်ထူရီရှောင်က သူ့လူများကို ဦးဆောင်၍ ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပျံဆင်းလာ၏။ ထို့နောက် သူသည် အခန်းအတွင်းသို့ တိုက်ရိုက်သွားလိုက်သည်။ အခန်းထဲသို့ ရောက်သောအခါ သူ ပြုံး၍ ပြောလိုက်၏။

“အစ်ကိုဟွမ်ဖူ ပင်ပန်းသွားပါပြီ”

“မပင်ပန်းပါဘူးကွာ... တကယ်ပင်ပန်းတဲ့သူက ကျန်းရီပါ”

ဟွမ်ဖူထောင်ထျန်းက ပခုံးတွန့်ကာ ပြောလိုက်သည်။ လူအားလုံးက ကျန်းရီကို ကြည့်လိုက်ကြ၏။ သူတို့အားလုံးသည် အသက်ရှူပင်အောင့်ကာ ကျန်းရီ မြေပုံပေါ်တွင် မှတ်သား၍ ပြီးသွားမည့်အချိန်ကို စောင့်နေကြသည်။ ဆယ့်ငါးမိနစ် ကြာပြီးနောက် ကျန်းရီက မြေပုံကို စားပွဲပေါ်တွင် တင်လိုက်ပြီး ခေါင်းမော့၍ အားလုံးကို ကြည့်ကာ နွမ်းလျသော လေသံဖြင့် ပြောလိုက်သည်။

“ဒါက ရန်သူရဲ့ နေရာချထားတဲ့ ပုံစံပါ။ တစ်ချက်လောက် ကြည့်လိုက်ကြပါ”

“ညီလေးကျန်း အရင်ဆုံး အနားယူလိုက်ပါ”

စစ်ထူရီရှောင်က အလေးအနက် ခေါင်းညိတ်၍ ပြောလိုက်သည်။ အားလုံးက စားပွဲပေါ်ရှိ မြေပုံကို ကြည့်လိုက်ကြ၏။ ခေတ္တမျှ စေ့စေ့စပ်စပ် ကြည့်ပြီးသောအခါ စစ်ထူရီရှောင်က ချမ်ဝမ်ကွမ်းကို ကြည့်၍ ပြောလိုက်သည်။

“ညကျရင် အစီအစဉ်အတိုင်း လှုပ်ရှားမယ်”

“ဟုတ်ကဲ့ပါ”

အားလုံး ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် တက်ကြွမှုများ တောက်လောင်နေလေသည်။ တိုက်ပွဲကြီးက အားလုံးကို သွေးဆူစေပေသည်။

ဝှစ်...ဝှစ်...

ကောင်းကင်ကံကြမ္မာသင်္ဘောက အတန်ငယ် တုန်ခါသွားပြီး နတ်ဆိုးကျွန်းဆီသို့ ဥက္ကာပျံတစ်စင်းကဲ့သို့ ဦးတည်ပျံသန်းသွားလေသည်။ ဤတစ်ကြိမ်တွင် သူတို့ အရှိန်အပြည့်ဖြင့် သွားနေပေသည်။ အနောက်အရပ်တွင် တဖြည်းဖြည်း နေဝင်လာပေပြီ။ ရှန်းစီပင်လယ်ပြင်က ပုစွန်ဆီရောင် သမ်းနေ၏။ ကောင်းကင်ကံကြမ္မာသင်္ဘောသည် ပင်လယ်ပြင်ထက်တွင် ဧရာမသားရဲတစ်ကောင်ကဲ့သို့ ပျံသန်းနေသည်။ ကုန်းပတ်ပေါ်မှ အစောင့်ရာကျော်ပေါ်သို့ ဆည်းဆာနေရောင် ဖြာကျနေ၏။ သူတို့၏ သံချပ်ကာများက အနီရောင် တောက်ပနေကြသည်။ သူတို့ကမူ အေးစက်စက်အလင်းနှင့် သတ်ဖြတ်လိုသော အရောင်အဝါကို ထုတ်လွှတ်နေကြလေသည်။

***

ကောင်းကင်က တဖြည်းဖြည်း မှောင်လာ၏။ ကောင်းကင်ထက်တွင် တိမ်မည်းများ ရစ်သိုင်းလာသည်။ ပင်လယ်လှိုင်းများကလည်း တဝုန်းဝုန်း ရိုက်ခတ်နေ၏။ နတ်ဆိုးကျွန်းကို အမှောင်ထုက လွှမ်းခြုံထားပေသည်။ အဝေးမှကြည့်လျှင် ထိုကျွန်းသည် သားရဲရိုင်းကြီးတစ်ကောင် ငုတ်တုတ်ထိုင်နေသကဲ့သို့ ထင်ရလေသည်။ ထိုမြင်ကွင်းက ကြည့်ရှုမိသူများကို ရင်တုန်စေ၏။

ဝှီး...ဝှီး...

အရှေ့အရပ်မှနေ၍ လေခွင်းသံ တစ်သံ ထွက်ပေါ်လာသည်။ ဧရာမကောင်းကင်ကံကြမ္မာသင်္ဘောကြီးတစ်စင်းသည် အမှောင်ညကို ဖြတ်သန်းကာ ပျံသန်းလာလေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောက အကာအရံကို မဖွင့်ထားသော်လည်း ကုန်းပတ်ပေါ်မှ ကောင်းကင်ဧကရာဇ်ရာကျော်သည် သူတို့၏ နတ်ဘုရားဒိုင်းများကို နှိုးထားကြပြီး လက်ထဲတွင်လည်း စစ်လှံများ ကိုင်ထားကြလေသည်။ စစ်လှံများထဲတွင် အတွင်းအား ထည့်သွင်းထားသဖြင့် လှံအရောင်အဝါလှိုင်းများ တောက်ပနေသည်။ သူတို့၏ မျက်နှာထားတည်တည်များကလည်း သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် တောက်ပနေပေသည်။

“ဝါး...”

နတ်ဆိုးကျွန်း၏ အရှေ့ဘက် မိုင်တစ်ရာအကွာ ပင်လယ်ပြင်တွင် အနက်ရောင်သံချပ်ကာဝတ်ဆင်ထားသော သိုင်းသမားတစ်ရာက ပင်လယ်အတွင်းမှ ထွက်လာလေသည်။ သူတို့သည် မြေအောက်လောကမှ စစ်သည်များကဲ့သို့ပင်။ သူတို့အားလုံးက လှံများ ကိုင်ဆောင်ထား၏။ သူတို့ထဲမှ အင်အားအကြီးဆုံးသူမှာ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ် တပ်မှူးဖြစ်သည်။ ထိုတပ်မှူးက အော်ပြောလိုက်၏။

“အဲ့က ဘယ်သူတွေလဲ... ဒီနေရာက နတ်ဆိုးတပ်မဟာရဲ့ နယ်မြေပဲ။ ချက်ချင်း ရပ်လိုက်ကြ.. မဟုတ်ရင် မင်းတို့ကို ကျူးကျော်သူတွေလို့ သတ်မှတ်ပြီး အညှိအနှိုင်းမရှိ သတ်ပစ်လိုက်မယ်”

“ဟွန်း...”

ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှနေ၍ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ အကြီးအကဲတစ်ဦးက အေးစက်စက် အော်ပြောလိုက်သည်။

“ငါက ဖုန်းလွင်ပဲ။ မိုထျန်းကို ငါတို့နဲ့ ထွက်တွေ့ဖို့ သွားပြောလိုက်။ ငါတို့ရဲ့ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက လတိုင်း လာဘ်ငွေ မှန်မှန်ပေးနေခဲ့တာပဲ မဟုတ်လား။ ဘာလို့ မင်းတို့က ငါတို့ရဲ့ ကောင်းကင်ကံကြမ္မာသင်္ဘောကို ပြန်ပေးဆွဲရတာလဲ။ ဘာလို့ ငါတို့ ကုန်သည်အဖွဲ့အစည်းက လူတွေကို သတ်ပစ်ရတာလဲ။ ပြီးတော့ ငါတို့ရဲ့ ခရီးသည်တွေကိုလည်း ဖမ်းထားသေးတယ်။ ဒီနေ့ မင်းတို့ ရှင်းလင်းချက် မပေးဘူးဆိုရင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက ဒီကိစ္စကို ဒီအတိုင်းမထားဘူး”

“ဪ... အကြီးအကဲဖုန်းကိုး...”

အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ် တပ်မှူးက လက်ဆုပ်ကာ ပြောလိုက်သည်။

“ကောင်းကင်ကံကြမ္မာသင်္ဘောကို ရပ်လိုက်ပါ။ ကျွန်တော် တစ်ယောက်ယောက်ကို တပ်မှူးချုပ်ဆီ သွားတင်ပြခိုင်းလိုက်ပါမယ်”

ကောင်းကင်ကံကြမ္မာသင်္ဘောက အတန်းငယ် တုန်ခါသွားပြီး ပင်လယ်ထက်တွင် ရပ်သွားလေသည်။ နတ်ဆိုးတပ်မဟာမှ လူနှစ်ယောက်သည် နတ်ဆိုးကျွန်းသို့ သွားလိုက်ကြ၏။ ပတ်ဝန်းကျင်က ပြန်တည်ငြိမ်လာသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောက လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

“ဟားဟားဟား”

မိနစ်သုံးဆယ် ကြာပြီးနောက် နတ်ဆိုးကျွန်းမှနေ၍ ကျယ်လောင်သော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကို အတွင်းအားဖြင့် တိုးမြှင့်ထားကြောင်း ထင်ရှားပေသည်။ ယင်းအသံက မိုင်တစ်ရာပတ်လည်အတွင်း ပဲ့တင်ထပ်သွားပြီး ပင်လယ်ရေများကို လှိုင်းထသွားစေလေသည်။ ခမ်းနားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တောင်တစ်လုံးကဲ့သို့ အရှိန်အဝါရှိသည့် အဘိုးအိုတစ်ဦးက လူတစ်ထောင်နှင့်အတူ ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာ၏။

ထိုအဘိုးအိုနောက်မှ လူများသည် အနက်ရောင်စစ်သံချပ်ကာကို ဝတ်ဆင်ထားကြပြီး ရေခဲတမျှ အေးစက်သော မျက်လုံးများ ရှိနေကြသည်။ စစ်သံချပ်ကာ၏ နောက်ကျောဘက်တွင် ကောက်ကျစ်၍ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးပုံတစ်ပုံ ရေးဆွဲထားသည်။ သူတို့အယောက်တစ်ထောင်လုံးသည် စွမ်းအားကြီးအရှိန်အဝါရှိ၍ ငရဲမှ တက်လာသော နတ်ဆိုးတစ်ထောင်ဟုပင် ထင်ရလေသည်။ သူတို့အားလုံးက ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။

လူတစ်ထောင်သည် မည်သည့်အသံမှ မထွက်စေဘဲ ပုံမှန်အတိုင်း ပျံသန်းလာ၏။ သူတို့ ရောက်လာသောအခါ ဝတ်ရုံနက်နှင့် အဘိုးအိုက လက်ဖြင့် အချက်ပြလိုက်သည်။ လူတစ်ထောင်လုံး တညီတညွတ်တည်း ရပ်တန့်သွား၏။ သူတို့သည် ရှန်းစီပင်လယ်၏ ထိပ်တန်းဓားပြတပ်မဟာဆယ်ဖွဲ့ထဲမှ တစ်ဖွဲ့ဟူသော ဂုဏ်ပုဒ်ဖြင့် အမှန်ပင် ထိုက်တန်ပေသည်။ ထိုအခြင်းအရာကို ကြည့်ရုံဖြင့်ပင် သူတို့၏ စစ်စည်းကမ်းကို သိနိုင်လေသည်။

“လက်ထောက်တပ်မှူးချုပ်...”

ထောက်လှမ်းရေး အယောက်တစ်ရာက ဦးညွှတ်ကာ တလေးတစား နှုတ်ဆက်ပြီးနောက် ပင်လယ်တွင်းသို့ ပြန်ဝင်သွားကြသည်။ သူတို့က ထောက်လှမ်းရေးများသာဖြစ်သည်။ ကျွန်းမှ အာဏာရှိသူတစ်ယောက်က ဤနေရာသို့ ရောက်လာပြီဖြစ်၍ သူတို့ ဆက်ရှိနေရန် မလိုအပ်တော့ပေ။

“ဖုန်းလွင်... ခင်ဗျား ကောင်းကင်ကျောက်တုံး သန်းတစ်သိန်း ယူလာလား”

လက်ထောက်တပ်မှူးချုပ်ဟု အခေါ်ခံခဲ့ရသော ဝတ်ရုံနက်နှင့် အဘိုးအိုက ကောင်းကင်ကံကြမ္မာသင်္ဘောကို ကြည့်၍ အေးစက်စက် ပြောလိုက်၏။

“ဖုန်းလွင်... ကျုပ်တို့ရဲ့ တပ်မှူးချုပ်က ပြောလိုက်တယ်၊ ကောင်းကင်ကျောက်တုံးတွေ မရဘူးဆိုရင် ဓားစာခံတွေကို သတ်ပစ်မယ်တဲ့”

“ဟွန်း...”

ဖုန်းလွင်က လွန်စွာဒေါသထွက်သွားဖြင့် နှာမှုတ်ကာ အော်ပြောလိုက်သည်။

“မိုလုံ... နတ်ဆိုးတပ်မဟာက အဲ့လိုလုပ်ချင်တယ်ဆိုတာ ခင်ဗျား သေချာလား။ ဓားစာခံတွေကို ချက်ချင်း လွှတ်လိုက်... အဲ့ဒါတွေ ဆွေးနွေးခွင့်ရှိမယ်။ မဟုတ်ရင်တော့ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက သူသေကိုယ်သေ တိုက်ခိုက်ပြီး ခင်ဗျားတို့ရဲ့ တပ်မဟာကို ဖျက်ဆီးပစ်မယ်”

“ကျုပ်တို့ရဲ့ တပ်မဟာကို ဖျက်ဆီးပစ်မှာလား”

မိုလုံက လှောင်ပြုံးပြုံးလိုက်၏။ သူ့လက်ထဲတွင် အနက်ရောင် လင်းလေးတစ်လက် ထွက်ပေါ်လာသည်။ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ပြောလိုက်၏။

“အဲ့ဒါဆိုလည်း လာလေ။ ခင်ဗျားတို့ပဲ သေမလာ ဒါမှမဟုတ် ကျုပ်တို့ပဲ ပျက်စီးသွားမလားဆိုတာ ကြည့်ရတာပေါ့။ တစ်ယောက်ယောက် တပ်မှူးချုပ်ကို သတင်းသွားပို့လိုက်စမ်း... ဓားစာခံအားလုံးကို သတ်ပစ်လိုက်လို့”

***

All Chapters