ကောင်းကင်အမိုးခုံး တုန်ခါ
Vol. 58 Ch. 807
ထိုအခိုက်တွင် နတ်ဆိုးတပ်မဟာဘက်၌ ကျောထောက်နောက်ခံတစ်ခု ရှိနေကြောင်း အရူးတစ်ယောက်ပင် သိနိုင်ပေသည်။
အကယ်၍ ကျောထောက်နောက်ခံသာ မရှိလျှင် ဓားပြတပ်မဟာတစ်ဖွဲ့က ရှန်းစီမြို့ရှိ ထိပ်တန်းကုန်သည်အဖွဲ့အစည်း သုံးဖွဲ့ထဲမှ ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ကံကြမ္မာသင်္ဘောကို အဘယ်သို့ ပြန်ပေးဆွဲဝံ့မည်နည်း။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက မျိုးနွယ်ကြီးလေးခုနှင့် မရေမတွက်နိုင်သော ဆက်နွယ်မှုအမျိုးမျိုးရှိကြောင်း လူတိုင်း သိပေသည်။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို အရာရှိအဖွဲ့အစည်းဟူ၍ပင် သတ်မှတ်နိုင်သည်။ သာမန်လူများက အရာရှိတစ်ဦးနှင့် မပြိုင်သင့်ဟူသော ရှေးဆိုရိုးတစ်ခုရှိပေသည်။ ဓားပြများက မည်မျှပင် အင်အားကြီးစေကာမူ ဓားပြသာ ဖြစ်နေသေးသည်။
ပြန်ပေးဆွဲခြင်းက ကိစ္စကြီးတစ်ခုဟု မဆိုသာသော်လည်း ယခုတွင် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက ဤနေရာသို့ ကောင်းကင်ဧကရာဇ်(၁၀,၀၀၀) ခေါ်လာပေပြီ။ သို့သော် နတ်ဆိုးတပ်မဟာက တိုက်ခိုက်ချင်နေသေးသည်လော။ သူတို့ အလိုရှိသည်ကို မရလျှင် ဓားစာခံများကို သတ်ပစ်ကာ စစ်ပွဲတစ်ပွဲကို စတင်မည်လော။ ထို့ကြောင့် သူတို့ အလိုရှိသည့်အရာက ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းမဟုတ်ကြောင်း ထင်ရှားပေသည်။
“နေဦး...”
အော်သံ တစ်သံ ထွက်ပေါ်လာပြီး သင်္ဘောအခန်းထဲမှနေ၍ အနီရဲရဲ ပုံရိပ်တစ်ခု ပျံထွက်လာ၏။ ထိုသူက လေထဲတွင် ဝံ့ဝံ့ကြွားကြွား ရပ်ကာ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။
“လက်ထောက်တပ်မှူးချုပ် မိုလုံ... ကျွန်တော်က ကျန်းရီပါ။ ခင်ဗျားတို့နဲ့ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကြားက ရန်ငြိုးကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဓားစာခံတွေကြားမှာ ကျွန်တော့်ရဲ့ မိတ်ဆွေနှစ်ယောက်ပါနေတယ်... ကျွန်တော် သူတို့နှစ်ယောက်အတွက် ပြန်ပေးငွေ ပေးချင်ပါတယ်”
ကျန်းရီက အခြားဓားစာခံများကို ဂရုမစိုက်ပေ။ သူက ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကိုသာ ကယ်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်လေသည်။
“ကျန်းရီလား...”
မိုလုံ၏မျက်လုံးများ အရောင်လက်သွား၏။ သူ့နောက်မှ ကောင်းကင်ဧကရာဇ်များ၏ မျက်လုံးများလည်း အရောက်လက်သွားသည်။ သို့သော် မိုလုံက ချက်ချင်း ဣန္ဒြေပြန်ဆည်လိုက်ပြီး ပြောလိုက်သည်။
“မင်းက ရီဖျောင်ဖျောင်ဆိုတဲ့ နာမည်အတုကို သုံးတဲ့ ကျန်းရီလား”
ကျန်းရီ၏ မီးတိမ်သံချပ်ကာက အနီရောင်အလင်းတောက်ပလာပြီး သူ့ကို ပို၍ပင် ထူးကဲသွားစေသည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်ပါပဲ”
“ဟားဟားဟား...”
မိုလုံက ခပ်ရှည်ရှည် ရယ်လိုက်၏။ ပြီးနောက်မှ သူ ပြောလိုက်သည်။
“သူတို့က ဆရာ့ရဲ့ မိတ်ဆွေတွေဆိုမှတော့ ကျုပ် မျက်နှာသာပေးရမှာပေါ့။ ဒီလို လုပ်ကြတာပေါ့။ ဆရာက ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းပေးလိုက်.. ကျုပ်က ဆရာ့ရဲ့ မိတ်ဆွေတွေကို လွှတ်ပေးမယ်။ ဘယ်လိုလဲ”
“သန်းတစ်သိန်းလား”
ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ အစောင့်များစွာ မှင်တက်သွားသည်။ မိုလုံသည် မျက်နှာသာပေးမည်ဟု ပြောသော်လည်း သန်းတစ်သိန်း တောင်းနေခြင်းလော။ ဓားစာခံတစ်ဖွဲ့လုံးအတွက် သန်းတစ်သိန်းပေးရမည်ဖြစ်ပြီး လူနှစ်ယောက်အတွက်လည်း သန်းတစ်သိန်းပင် ပေးရမည်လော။
ကျန်းရီက ဒေါသထွက်လွန်းလှသဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။
“ဟားဟားဟား... ခင်ဗျားတို့ နတ်ဆိုးတပ်မဟာက တကယ်ပဲ ကျွန်တော့်ကို မျက်နှာသာပေးတာပေါ့လေ..ဟမ်...”
“ဒါပေါ့...”
မိုလုံက ခပ်အေးအေး ပြန်ပြောလိုက်သည်။
“ဆရာ့ရဲ့ အဆင့်အတန်းက ဘာလဲ။ ဆရာ့ရဲ့ ကောင်းကင်ပန်းချီကားတစ်ချပ်ကိုတောင် ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းနဲ့ ရောင်းနိုင်ရင် ကောင်းကင်ကျောက်တုံးက ဆရာ့အတွက် ပြဿနာမဟုတ်လောက်ပါဘူး။ ကျုပ်တို့က သန်းတစ်သိန်းပဲ တောင်းတာ ဆရာ့ကို လေးစားလို့နော်။ ဆရာ့နေရာမှာ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းသာဆို ကျုပ်တို့ ဘာမျက်နှာသာမှ ပေးမှာ မဟုတ်ဘူး”
ကျန်းရီ၏ မျက်နှာထား အေးစက်သွား၏။ ထို့နောက် သူပြောလိုက်သည်။
“ညှိနှိုင်းလို့ မရတော့ဘူးလား”
မိုလုံ၏မျက်လုံးများက သတ်ဖြတ်လိုသော အရိပ်အယောင် လက်သွား၏။
“ဘာလို့လဲ... ဆရာကလည်း ကျုပ်တို့ တပ်မဟာနဲ့ တိုက်ခိုက်ချင်လို့လား”
“ကျွန်တော် မတိုက်ဝံ့ပါဘူး”
ကျန်းရီက သရော်ပြုံး ပြုံး၍ ကောင်းကင်ကံကြမ္မာသင်္ဘောဆီသို့ ပြန်သွားလိုက်သည်။ သို့သော သူသည် ပြန်ပေးငွေ ပေးမည်ဟုလည်း မပြောခဲ့ပေ။ မိုလုံက ခေတ္တမျှ စောင့်နေပြီးနောက် စိတ်မရှည်ဖြစ်လာကာ ပြောလိုက်သည်။
“ဖုန်းလွင်.. ခင်ဗျားတို့ ကောင်းကင်ကျောက်တုံးတွေ ပေးမှာလား၊ ဒါမှမဟုတ် စစ်ပွဲကို စမှာလား။ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့။ ကျုပ် အရှင်လုံရဲ့ အချိန်က အဖိုးတန်တယ်။ ကျုပ်မှာ ခင်ဗျားတို့နဲ့ အချိန်ဖြုန်းဖို့ အချိန်မရှိဘူး”
ဖုန်းလွင်က ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် အော်ပြောလိုက်သည်။
“မိုလုံ... တစ်နာရီစောင့်ပါ။ ကျုပ် ဥက္ကဋ္ဌကို သတင်းပို့လိုက်မယ်။ ကျုပ်တို့ ကောင်းကင်ကျောက်တုံး ပေးပြီးမှ ခင်ဗျားတို့ဘက်က ကတိဖျက်တာမျိုးတော့ မလုပ်ဘူးမလား”
“ဒါပေါ့...”
မိုလုံက ဝံ့ဝံ့ကြွားကြွား လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“ကျုပ်တို့ နတ်ဆိုးတပ်မဟာက အယုံကြည်ရဆုံး အဖွဲ့ပဲ။ ခင်ဗျားတို့သာ ကောင်းကင်ကျောက်တုံးတွေ ပေးလိုက်ရင် ဓားစာခံတွေကို လွှတ်ပေးမှာပါ။ ဓားစာခံတွေထဲမှာ ဆရာ့ရဲ့ မိတ်ဆွေတွေလည်း ပါနေမှတော့ ကျုပ်တို့က မျက်နှာသာပေးရမှာပေါ့။ အဲ.. ဒါပေမဲ့ အခု ခင်ဗျားတို့ သန်းနှစ်သိန်း ပေးရတော့မယ်”
“ခင်ဗျား...”
ဖုန်းလွင်သည် ဒေါသထွက်လွန်းသဖြင့် အသံပင် တုန်နေ၏။ သို့သော် သူ ဒေါသကို ထိန်းလိုက်ပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ... သန်းနှစ်သိန်းပေါ့။ တစ်နာရီစောင့်ပါ”
မိုလုံက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး တက်ကြွသော လေသံဖြင့် ပြောလိုက်သည်။
“တစ်နာရီပေါ့... တစ်နာရီပြည့်လို့မှ ခင်ဗျားတို့မှာ ကောင်းကင်ကျောက်တုံးတွေ မရှိသေးရင် ကျုပ်တို့ကို ဓားစာခံတွေကို သတ်ပစ်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့”
“အာ...”
သင်္ဘောခန်းထဲရှိ ဟွမ်ဖူထောင်ထျန်းနှင့် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ လူများသည် အံ့အားသင့်နေကြ၏။ ဤတစ်ကြိမ်တွင် မိုလုံက အလွန် တဲ့တိုးဆန်နေသည်လော။ သူက အမှန်ပင် တစ်နာရီ စောင့်မည်လော။ ထိုတစ်နာရီအတွင်း ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက လျှို့ဝှက်လှုပ်ရှားမည်ကို သူ မစိုးရိမ်သလော။ သူတို့က သူတို့ကိုယ်သူတို့ အလွန်အထင်ကြီးနေ၍ မည်သည့် အကြံအစည်ကိုမှ မကြောက်ခြင်းလော။
စစ်ထူရီရှောင်နှင့် ချမ်ဝမ်ကွမ်းတို့က အံ့အားသင့်သွားပုံ မပေါ်ပေ။ သူတို့သည် မျက်လုံးမှိတ်ထားသော ကျန်းရီကိုသာ ကြည့်လိုက်ကြသည်။ မကြာခင်တွင် ကျန်းရီက မျက်လုံးများ ဖွင့်လာပြီး လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
“အနောက်ဘက်၊တောင်ဘက်နဲ့ မြောက်ဘက် မိုင်ဆယ်သန်းအကွာမှာ လူ(၁၀,၀၀၀)ဆီ ရောက်လာတယ်။ သူတို့အကုန်လုံးက ကောင်းကင်ဧကရာဇ်တွေပဲ။ သူတို့တွေက အနီးနားမှာရှိတဲ့ လင်းလက်ကြယ်၊ လဆုတ်နဲ့ ပူပြင်းနေ ဓားပြတပ်မဟာတွေက ဖြစ်မယ်။ နောက်ကွယ်ကလူက ကောင်းကင်ကျောက်တုံးတွေ အများကြီးသုံးပြီး ဓားပြတပ်မဟာလေးခုကို ပူးပေါင်း လုပ်ဆောင်ခိုင်းခဲ့တဲ့ပုံပဲ။ ကြည့်ရတာ ကျွန်တော် ကျန်းရီရဲ့ အသက်က တော်တော်လေး အဖိုးတန်ပုံပဲ”
စစ်ထူရီရှောင်နှင့် ချမ်ဝမ်ကွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသည်။ အရာအားလုံးက သူတို့၏ ခန့်မှန်းချက်များအတွင်းမှာပင် ရှိနေသည်။ စစ်ထူရီရှောင်က မြေပုံကိုကြည့်၍ ရုတ်တရက် ကျွန်းတစ်ကျွန်းကို ညွှန်ပြကာ ပြောလိုက်သည်။
“အစ်ကိုတို့ လင်းလက်ကြယ်တပ်မဟာကို အရင်ဆုံး တိုက်ခိုက်မယ်။ ဝမ်ကွမ်း... တပ်ဖွဲ့အားလုံးဆီကို တိုက်ခိုက်ဖို့ သတင်းပို့လိုက်”
“ဟုတ်ကဲ့”
ချမ်ဝမ်ကွမ်းက သတင်းပို့ တံဆိပ်ပြားတစ်ပြား ထုတ်လိုက်သည်။ ယင်းက ဖုန်းပုရှီ၏ တံဆိပ်ပြားနှင့် အတူတူပင်။ တံဆိပ်ပြားက သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေပေသည်။ စစ်ထူရီရှောင်က ကျန်းရီကိုကြည့်၍ ပြောလိုက်၏။
“ညီလေးကျန်း... ဆက်ထောက်လှမ်းဖို့ ညီလေးကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ဥက္ကဋ္ဌဖုန်းက အားလုံးကို တိုက်ပွဲအတွက် အသင့်ပြင်ခိုင်းနေတယ်”
“ဟီးဟီး... တကယ်လို့ သူများကို လှည့်ဖြားချင်ရင် ကိုယ်ကလည်း အလှည့်ဖြားခံလိုက်ရသလို ဟန်ဆောင်ရတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့ အဲ့ဓားပြတပ်မဟာလေးခုစလုံးကို အပြတ်ရှင်းပစ်နိုင်မှာပါ”
ကျန်းရီက ခပ်ရေးရေး ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူ မျက်လုံးမှိတ်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်လေသည်။
***
နတ်ဆိုးကျွန်း၏ အနောက်ဘက် မိုင်ရှစ်သန်းအကွာတွင် လူတစ်သောင်းက တိတ်တဆိတ် ပျံသန်းနေ၏။ သူတို့အားလုံးသည် အပြာရောင်စစ်သံချပ်ကာကို ဝတ်ဆင်ထားကြ၏။ သူတို့၏ မျက်လုံးများကလည်း ရေခဲတမျှ အေးစက်နေသည်။ သူတို့သည် မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မနေပေ။ သို့သော် သူတို့၏မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုသော အရှိန်အဝါက လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်ပေသည်။
“အရှိန်မြှင့်ကြ...”
အရှေ့တွင် အရပ်သုံးမီတာရှည်သော ပညာရှင်တစ်ယောက်ရှိ၏။ သူသည် ဘီဘူးတစ်ကောင်ကဲ့သို့ တုတ်ခိုင်ထွားကြိုင်း၏။ သူက အော်ပြောလိုက်သည်။
“တပ်မှူးချုပ်က ပြောတယ်... ငါတို့သာ ဒီအလုပ်ကို ကောင်းကောင်းလုပ်နိုင်ရင် အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်ခွင့်ရပြီး နယ်မြေတစ်ခု ချီးမြှင့်ခံရမယ်တဲ့။ နောက်ကျရင် ငါတို့က မြို့အရှင်တွေ ဖြစ်လာတော့မှာ။ ဂုဏ်ရှိန်ဂုဏ်ဝါနဲ့ ကျော်ကြားမှုကို မျိုးဆက်နဲ့ချီပြီး ရတော့မှာ”
ထိုပညာရှင်၏နောက်မှ ကောင်းကင်ဧကရာဇ်အားလုံးသည် မျက်လုံးများ တောက်ပလာ၏။ အချို့ဆိုလျှင် စိတ်လှုပ်ရှားသဖြင့် တုန်ယင်နေသည်။ သူတို့ကို ကောင်းကင်ကျောက်တုံးများသာ ပေးမည်ဆိုလျှင် သူတို့ ထိုမျှ စိတ်လှုပ်ရှားမည် မဟုတ်ပေ။ သို့သော် သူတို့ရမည့် ဆုလာဘ်က ကြီးမားလွန်းပေသည်။ အကယ်၍ သူတို့သာ အရှေ့ဘက် တော်ဝင်နယ်မြေသို့ တရားဝင် အဆင့်အတန်းတစ်ခုနှင့် ပြန်ခွင့်ရလျှင် သူတို့အားလုံးသည် မြို့အရှင်များ ဖြစ်လာနိုင်သည်။ သူတို့၏မျိုးဆက်များကလည်း မြို့အရှင်ရာထူးကို ဆက်လက် အမွေခံနိုင်ပေသည်။ သူတို့သာ ဤနေရာတွင် ဓားပြဆက်လုပ်နေပါက အချိန်မရွေး သေသွားနိုင်၏။ သူတို့ မသေလျှင်ပင် သူတို့၏ အနာဂတ်က ကောင်းမည် မဟုတ်ပေ။ သူတို့၏ အနာဂတ်မျိုးဆက်များကလည်း ဓားပြများပင် ဖြစ်လာနိုင်သည်။
ဝှစ်...ဝှစ်...
အတွင်းအား တစ်သောင်း ထွက်ပေါ်လာ၏။ သူတို့အားလုံးသည် အရှိန်မြှင့်၍ အရှေ့အရပ်သို့ ပျံသန်းသွားကြသည်။ သူတို့၏မျက်လုံးများထဲတွင် တက်ကြွမှုများဖြင့် ပြည့်နှက်နေ၏။ သူတို့သည် သူတို့နှင့် ပျော်ပါးရန်စောင့်နေသော အဝတ်ဗလာနှင့် အလှပဂေးလေးများထံ သွားနေသည်ဟုပင် ထင်ရလေသည်။
သို့သော် အရှေ့တွင် မည်သည့် အလှပဂေးမှ ရှိမနေပေ။ အရှေ့ဘက် မိုင်ရာကျော်အကွာတွင် ပြင်းထန်သော အာကာပြင်တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်တွင် ဟင်းလင်းပြင်ထဲမှနေ၍ အနက်ရောင် လူရိပ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာလေသည်။
တစ်ရာ၊ တစ်ထောင်...နှစ်သောင်း
တစ်ခဏအတွင်းမှာပင် အရှေ့ရှိ ဟင်းလင်းပြင်ထဲမှနေ၍ ပညာရှင်နှစ်သောင်း ထွက်ပေါ်လာသည်။ ထိုပညာရှင်များအားလုံးသည် မီးခိုးရောင်စစ်သံချပ်ကာကို ဝတ်ဆင်ထားကြပြီး မီးခိုးရောင်စစ်လှံများကို ကိုင်ဆောင်ထားကြသည်။ ထိုပညာရှင်နှစ်သောင်းသည် ထွက်ပေါ်လာချင်းချင်း သူတို့၏ နတ်ဘုရားဒိုင်းများကို ထုတ်လွှတ်လိုက်၏။ သူတို့အားလုံးက ကောင်းကင်ဧကရာဇ်များ ဖြစ်ပေသည်။
“ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းလား... စစ်ထူမျိုးနွယ်”
လင်းလက်ကြယ်တပ်မဟာ၏ လက်ထောက်တပ်မှူးချုပ်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ လာရာလမ်းအတိုင်း ချက်ချင်း ပြန်ဆုတ်လိုက်၏။ သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဒါက အလစ်တိုက်ခိုက်တာပဲ။ လင်းလက်ကြယ်ကျွန်းကို ပြန်ဆုတ်ကြ”
“ဝါး...”
ဓားပြအယောက်တစ်သောင်းစလုံး ကြောက်ရွံ့သွား၏။ သူတို့ ရရှိထားသော မူလသတင်းမှာ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းနှင့် ရင်ဆိုင်ရန်ဖြစ်သည်။ သို့သော် စစ်ထူမျိုးနွယ်၏ ပညာရှင်များ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
စစ်ထူမျိုးနွယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်းသာ သူတို့ သိထားလျှင် သူတို့ကို သေသည်အထိ ရိုက်သတ်မည်ဆိုလျှင်ပင် လှုပ်ရှားရန် သဘောတူမည် မဟုတ်ပေ။ သူတို့သည် စစ်ထူမျိုးနွယ်ကို မဆန့်ကျင်ရဲချေ။ စစ်ထူမျိုးနွယ်သည် ရှန်းစီမျိုးနွယ်စု၏ မျိုးနွယ်ကြီးလေးခုထဲမှ တစ်ခုဖြစ်သည်။ မျိုးနွယ်(၁၃)ခုကို ရန်စဝံ့သူသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာဖြစ်သည်။
စစ်ထူမျိုးနွယ်က ကောင်းကင်ဧကရာဇ်နှစ်သောင်း စေလွှတ်လိုက်၏။ ထိုအရေအတွက်က သူတို့၏အရေအတွက်ထက် နှစ်ဆများပေသည်။ အကယ်၍ စစ်ထူမျိုးနွယ်က လူတစ်ထောင်ပဲ စေလွှတ်လိုက်လျှင်ပင် လင်းလက်ကြယ်တပ်မဟာက တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။ စစ်ထူမျိုးနွယ်သည် စစ်အင်အားကြောင့် ကျော်ကြားသော မျိုးနွယ်ဖြစ်ပြီး လွန်ခဲ့သော နှစ်တစ်သိန်းလောက်ကတည်းက ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲလာခဲ့သည့် မျိုးနွယ်တစ်ခုဖြစ်သည်။
“ဟွန်း... ထွက်ပြေးဖို့ ကြိုးစားနေသေးတယ်ပေါ့လေ”
အထက်ကောင်းကင်မှနေ၍ နှာမှုတ်သံ တစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ဧရာမလက်ဝါးရာကြီးက အောက်ဘက်သို့ ပြင်းထန်စွာ ကျဆင်းလာလေသည်။
ထိုလက်ဝါးရာက မီတာသုံးရာ ကျယ်ပြီး ကောင်းကင်တစ်ခွင်လုံးကို ကွယ်သွားလေသည်။ လက်ဝါးရာက လူများကို ဖိချလိုက်ခြင်းမဟုတ်ဘဲ အာကာပြင်ကို ဖိချလိုက်ခြင်းပင်။ ထို့ကြောင့် အာကာပြင် တုန်ခါသွားသည်။ ထို့နောက်တွင် မိုင်တစ်ရာပတ်လည်အတွင်းရှိ အာကာပြင်တစ်ခွင်လုံး အပြင်အထန် တုန်ခါသွားပြီး ကောင်းကင်ထက်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ထွက်ပေါ်လာသည်။ လင်းလက်ကြယ်တပ်မဟာမှ လူအနည်းငယ်သာ ဆက်၍ ပျံသန်းနိုင်၏။ ကျန်လူများမှာမူ အာကာပြင်တုန်ခါမှုကြောင့် ရပ်တန့်သွားကြပြီး တုန်ယင်နေကြလေသည်။
“ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်... ကောင်းကင်အမိုးခုံး တုန်ခါ၊ စစ်ထူတိုက်ပွဲခန်းမ အကြီးအကဲ စစ်ထူနူ”
လက်ထောက်တပ်မှူးချုပ်က ကြောက်ရွံ့တကြီး အော်လိုက်၏။ သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ စစ်ထူမျိုးနွယ်၏ အင်အားအကြီးဆုံး အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်က ဤနေရာတွင် ရောက်နေပေပြီ။ သူတို့တွင် ရှင်သန်နိုင်မည့် အခွင့်အရေး ရှိပါဦးမည်လော။
***