← Chapters

ကောင်းကင် ထိုးဖောက်ခံလိုက်ရသည်

Vol. 58 Ch. 808

ကောင်းကင် ထိုးဖောက်ခံလိုက်ရသည်

Vol. 58 Ch. 808

“သတ်ကြ...”

စစ်ထူမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က အော်ပြောလိုက်သည်။ လူနှစ်သောင်းစလုံးသည် ချက်ချင်း ယပ်တောင်ပုံစံ ဖြန့်ကျက်လိုက်၏။ ထို့နောက် သူတို့သည် တညီတညွတ်တည်း ဓားဆွဲထုတ်လိုက်ကြပြီး ဓားများအတွင်းသို့ အတွင်းအားထည့်ကာ တာအိုပုံသဏ္ဌာန်များနှင့် အထူးစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြ၏။

ရွှစ်...ရွှစ်...ရွှက်...ရွှက်...

ကောင်းကင်ဧကရာဇ်နှစ်‌သောင်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်မှုက မည်သို့နည်း။ ထိုမြင်ကွင်းက မည်မျှ ခမ်းနားကြီးကျယ်မည်နည်း။ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲကို ကြည့်နေသူများရှိလျှင် ထိုသူများ သေချာပေါက် အလွန်အံ့အားသင့်တုန်လှုပ်သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဧကရာဇ်နှစ်သောင်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သောအခါ ကောင်းကင်က ထိုးဖောက်ခံလိုက်သောကြောင့်ပင်။

ကောင်းကင်သက်တန့်နှစ်သောင်းသည် အရောင်အမျိုးမျိုး ဖြာထုတ်ကာ ပျံထွက်သွားကြ၏။ ကောင်းကင်ကို ဖုံးလွှမ်းသွားသော တိုက်ခိုက်မှုများတွင် အရှိန်အဝါတစ်ခု ရှိနေသည်။ ထိုအရှိန်အဝါက ပတ်ဝန်းကျင်လေထုကို ပေါက်ကွဲသွားစေသည်။ ပင်လယ်ရေမျက်နှာပြင်သည်လည်း လှိုင်းတံပိုးထန်လာကာ ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွား၏။ ကောင်းကင် ထိုးဖောက်ခံလိုက်ရသဖြင့် စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက လင်းလက်ကြယ်တပ်မဟာမှ ဓားပြများကို သေမင်းခေါ်သံ ကြားလိုက်ရသကဲ့သို့ ခံစားသွားရစေသည်။

ဝှစ်...ဝှစ်...ဝှစ်...ဝှစ်...

လင်းလက်ကြယ်တပ်မဟာမှ ဓားပြအများစုသည် စစ်ထူနူ၏ ‘ကောင်းကင်အမိုးခုံး တုန်ခါ’ကြောင့် မြဲမြဲမြံမြံ ရပ်မနေနိုင်ကြဘဲ လေထဲတွင် တုန်ယင်နေကြလေသည်။ သူတို့သည် ပြန်တိုက်ခိုက်နိုင်ရန်ပင် အခွင့်အရေးမရချေ။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်ကို ဖြတ်၍ ပျံသန်းလာသော အလင်းတန်းနှစ်သောင်းကို ကြောက်ရွံ့တကြီး ကြည့်ကာ သူတို့၏ နတ်ဘုရားဒိုင်းများကိုသာ ထုတ်လွှတ်လိုက်ရလေသည်။

ထိုအလင်းတန်းများသည် ကောင်းကင်ကိုဖြတ်၍ ကျဆင်းလာသော ဥက္ကာပျံများကဲ့သို့ပင် ထင်ရလေ၏။

ဝုန်း...ဝုန်း...ဝုန်း...

ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေနိုင်သော ပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ လင်းလက်ကြယ်တပ်မဟာ၏ အနီးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တွင် ကီလိုမီတာများစွာ ရှည်၍ မီတာသုံးရာကျယ်သော အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်က စုတ်ပြဲသွားပေပြီ။ ထိုဧရာမအက်ကြောင်းကြီး၏ ပတ်ပတ်လည်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းလေးများသည် အပြင်ဘက်သို့ ဆန့်ထွက်သွားကြ၏။ ကောင်းကင်တစ်ဝက်ကျော်တွင် အကျည်းတန်သော အက်ကြောင်းများ ပြည့်နှက်သွားသည်။

“အား...”

မရေမတွက်နိုင်သော အော်သံများ ပဲ့တင်ထပ်သွားသည်။ စွမ်းအားသိပ်မကြီးသော ကောင်းကင်ဧကရာဇ်များစွာ၏ နတ်ဘုရားဒိုင်းများ ဖျက်စီးခံလိုက်ရ၏။ သူတို့၏ခန္ဓာကိုယ်များသည် အာကာပြင်တွန့်ခေါက်ခြင်းကြောင့် လိုက်ပါတွန့်ခေါက်သွားကြ၏။ တိုက်ခိုက်မှုနှစ်သောင်းနှင့် ထိုကဲ့သို့ ပရမ်းပတာ အခြေအနေအောက်တွင် နတ်ဘုရားဒိုင်းသာ ပျက်စီးသွားပါက သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။ သို့သော် အတုအယောင် နတ်ဘုရား အသုံးအဆောင် သံချပ်ကာ ရှိလျှင်မူ ရှင်သန်နိုင်ရန် အခွင့်အရေးအနည်းငယ် ရှိပေသည်။

ပြဿနာမှာ.... သူတို့တွင် အတုအယောင် နတ်ဘုရား အသုံးအယောင်များ ရှိပါသလော။ သူတို့ မဆိုထားနှင့် သာမန်တပ်မှူးများထံတွင်ပင် မည်သည့် အတုအယောင် နတ်ဘုရား အသုံးအ‌ဆောင်မှ မရှိပေ။ လက်ထောက်မှူးချုပ်နှင့် ထိပ်တန်းတပ်မှူးအနည်းငယ်ထံတွင်သာ ထိုသို့သော ရတနာမျိုး ရှိပေသည်။

တစ်ကြိမ်တိုက်ခိုက်မှု...

တစ်ကြိမ်တိုက်ခိုက်မှုအတွင်းမှာပင် ကောင်းကင်ဧကရာဇ် ငါးထောင်မှ တစ်သောင်းကြား တွန့်လိမ်ကောက်ကွေးသွားကြသည်။ ကောင်းကင်မှနေ၍ သွေးမိုး ရွာကျလာ၏။ ပြတ်ထွက်သွားသော ခြေလက်များသည်လည်း နေရာအနှံ့သို့ လွင့်ပျံသွားကြသည်။ သာမန်လူများမဆိုထားနှင့် သိုင်းသမားများသည်ပင် ထိုသို့မရှုမလှသေသွားသူများမှာ အားနည်းသော သိုင်းသမားများမဟုတ်ဘဲ ကောင်းကင်ဧကရာဇ်များဖြစ်ကြောင်း သိသွားလျှင် သေချာပေါက် ကြောက်ရွံ့တုန်လှုပ်သွားကြမည်ဖြစ်သည်။

“အရှုံးပေးပါတယ်... ကျွန်တော်တို့ အရှုံးပေးပါတယ်”

“ဆက်မတိုက်ပါနဲ့တော့... ကျွန်တော်တို့ အရှုံးပေးပါတယ်...”

“ကျွန်တော့်တို့ကို အသက်ချမ်းသာပေးပါ”

လွတ်မြောက်နိုင်သည့် လမ်းမရှိတော့ဘဲ သေချာပေါက် သေရတော့မည်ကို သိသွားသဖြင့် တိုက်ခိုက်လိုစိတ်ပျောက်ဆုံးသွားသော ဓားပြတပ်မဟာတစ်ခု၏ ခေါင်းထဲသို့ ပထမဆုံးဝင်လာသော အတွေးမှာ အရှုံးပေးရန် ဖြစ်ပေသည်။ ဂုဏ်သိက္ခာက တန်ဖိုးရှိ၏။ သို့သော် အသက်က ပို၍တန်ဖိုးရှိလေသည်။ ရှင်ကျန်ခဲ့သူများထဲမှ တစ်ဝက်ခန့်သည် အနိုင်မခံ အရှုံးမပေးတတ်သော အကျင့်စရိုက်ရှိနိုင်၏။ သို့သော် စစ်ထူမျိုးနွယ်၏ မညှာမတာ သတ်ဖြတ်မှုကို မြင်လိုက်ပြီးနောက် သူတို့၏ သတ္တိအားလုံး ပျောက်ကွယ်သွားပေသည်။ ထို့ပြင် စစ်ထူမျိုးနွယ်၏ကျွန် ဖြစ်ရခြင်းမှာ ရှက်စရာမဟုတ်ပေ။ သူတို့သည် လင်းလက်ကြယ်တပ်မဟာ၏ တပ်မှူးချုပ်လက်အောက်တွင်ပင် အာဏာပြဖိနှိပ်ခံနေရပေရာ ယနေ့တွင် အရှုံးပေးလိုက်ခြင်းမှာ သာမန်သာဖြစ်ပေသည်။

“အရှုံးပေးတဲ့သူတွေ အကုန်လုံး ဘယ်ဘက်ကို မိုင်တစ်ရာ ပျံသွားလိုက်။ ယီးတီးယားတားလုပ်တဲ့သူ မှန်သမျှ အသတ်ခံရမယ်”

စစ်ထူနူ၏ အသံက ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားသည်။ လူများစွာသည် ချက်ချင်း ဝမ်းသာအားရဖြစ်သွား၏။ လူသုံးထောင်ကျော်က ဘယ်ဘက်သို့ ပျံသန်းသွားလိုက်ကြသည်။ သို့သော် ကျန်လူနှစ်‌ထောင်မှာ ချီတုံချတုံ ဖြစ်နေဆဲပင်။ လူအချို့သည် လက်ထောက်တပ်မှူးချုပ်ကဲ့သို့ ထွက်ပြေးကြ၏။

“ဟွန်း...”

ကောင်းကင်ထက်မှနေ၍ ဧရာမလက်ဝါးရာကြီး နောက်တစ်ခု ထပ်မံ ကျဆင်းလာသည်။ ထို့ကြောင့် ယင်းလူနှစ်ထောင်က ‘အရှုံးပေးပါပြီ’ဟု ချက်ချင်း အော်ပြောလိုက်ကြသည်။ သို့သော် သူတို့ နောက်ကျသွားပေပြီ။ ကောင်းကင်ဧကရာဇ်နှစ်သောင်းက ဓားများ ဆွဲထုတ်လိုက်ပြီး ပြင်းထန်စွာ ခုတ်ချလိုက်ကြသည်။

ရွှီး...ရွှီး...

ကောင်းကင်သက်တန့်နှစ်သောင်း ပျံထွက်သွားပြီး စူးရှသောအသံများ ပဲ့တင်ထပ်သွားသည်။ ကောင်းကင်သည်လည်း ထပ်မံ စုတ်ပြဲသွား၏။ ထိုလူနှစ်ထောင်၏ ဇာတ်သိမ်းကို ကြည့်နေရန်ပင် မလိုပေ။ လူနှစ်သောင်းက လူနှစ်ထောင်ကို သတ်ခြင်းဖြစ်ရာ သေသည်မှလွဲ၍ အခြားမည်သည့်ရလဒ် ရှိနိုင်ပါဦးမည်နည်း။ စစ်ထူမျိုးနွယ်၏ ကောင်းကင်ဧကရာဇ်များက ဓားပြများထက် ပို၍စွမ်းအားကြီးပေသည်။ ရလဒ်မှာ အစကတည်းက သိသာနေပြီဖြစ်သည်။

“ရွှယ်ရှုံး... ပြေးဖို့ စဉ်းစားနေတုန်းပဲလား”

ဘီလူးတစ်ကောင်ကဲ့သို့သော လက်ထောက်တပ်မှူးချုပ်၏ အရှေ့မှ ဟင်းလင်းပြင်က စုတ်ပြဲသွားပြီး အသက်လတ်ပိုင်း အမျိုးသားတစ်ယောက် ထွက်လာလေသည်။ ထိုအမျိုးသားသည် အနက်ရောင် ချည်ထိုးအဝတ်များကို ဝတ်ဆင်ထား၏။ သူ့တစ်ကိုယ်လုံးက ရတနာဓားတစ်လက်ကဲ့သို့သော အငွေ့အသက်ကို ပေး၏။ ထိုအငွေ့အသက်က စူးရှပေသည်။ သူ၏ ရေခဲတမျှ အေးစက်သော မျက်ဝန်းတစ်စုံက ကြောက်ရွံ့တကြီး ထွက်ပြေးနေသည့် လက်ထောက်တပ်မှူးချုပ်ကို ကြည့်လိုက်သည်။ လက်ထောက်တပ်မှူးချုပ်၏နှုတ်ခမ်းစွန်းတွင် မထီပြုံးတစ်ခု ထွက်ပေါ်လာသည်။

“စစ်ထူနူ... ခင်ဗျားကို ကျုပ်နဲ့အတူ အပါခေါ်သွားမယ်”

လက်ထောက်တပ်မှူးချုပ် ရွှယ်ရှုံးက ဒေါသဖြင့် အော်ပြောလိုက်သည်။ ထို့နောက် သူသည် သူ့ရင်ဘတ်ကို လက်သီးစုပ်များဖြင့် ထုရိုက်လိုက်၏။ သူ့တစ်ကိုယ်လုံး သွေးရောင်အလင်း တောက်ပလာပြီး သူ၏အဝတ်များ စုတ်ပြဲထွက်သွားလေသည်။ သူ၏ တုတ်ခိုင်သောကြွက်သားများသည် ပို၍ဖူးဖူးထလာ၏။ သူသည် ကြောက်မက်ဖွယ် ကြွက်သားမိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူ့အရေပြားပေါ်တွင် အကြေးခွံလေးများ ထွက်ပေါ်လာ၏။ သူသည် သားရဲလူသားအဖြစ် ပြောင်းလဲသွားသလိုပင်။

“ဟွန်း... သွေးအကြေးခွံ အတတ်လား။ ကလေးကွက်တွေ...”

စစ်ထူနူ၏လက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာ၏။ သူက လက်ကို အတန်ငယ် လှုပ်ရှားလိုက်ရာ ဓားပျော့သည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ တွန့်သွားပြီး အနက်ရောင်အလင်း ဖြာထုတ်လိုက်လေသည်။ ထို့ပြင် သင်္ကေတပုံသဏ္ဌာန်များလည်း အဆက်မပြတ် တောက်ပလာ၏။ သူသည် ဓားကို လက်နှစ်ဘက်ဖြင့် ကိုင်၍ ကိုယ်လုံးကို ပတ်ချာလည် လှည့်လိုက်လေသည်။ လူနှင့်ဓား တစ်သားတည်းဖြစ်သွားပြီး သူသည် အနက်ရောင်အလင်း အဖြစ် ပြောင်းလဲသွားကာ ရွှယ်ရှုံး၏ ရင်ဘတ်ဆီ ပျံဝင်သွားလိုက်၏။

“ဝိညာဉ်ချိတ်ဆက် မူလရတနာလား။ စစ်ထူနူ... အတူတူ သေကြတာပေါ့”

ရွှယ်ရှုံးက ကျယ်လောင်စွာ အော်လိုက်၏။ သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် သွေးနီရောင်အလင်း ထပ်မံတောက်ပလာသည်။ သူ့လက်ထဲတွင် ဧရာမ သံတူကြီးတစ်လက် ထွက်ပေါ်လာ၏။ ၎င်းကလည်း အနီရောင်အလင်း တောက်ပနေပေသည်။ သူက ရှောင်ရန် မကြိုးစားလိုက်ဘဲ သူ့ထံ လျင်မြန်စွာ ချဉ်းကပ်လာသည့် စစ်ထူနူ၏ ခန္ဓာကိုယ်ကို တူဖြင့် ထုချလိုက်သည်။

“ဟားဟားဟား...”

စစ်ထူနူက ကျယ်လောင်စွာ ရယ်လိုက်၏။ ဧရာမတူကြီး ကျဆင်းလာသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ အနက်ရောင်စစ်သံချပ်ကာတစ်ထည် ထွက်ပေါ်လာလေသည်။ စစ်သံချပ်ကာ ပတ်ပတ်လည်တွင် သင်္ကေတပုံသဏ္ဌာန်များ လည်ပတ်နေ၏။ ၎င်းက နောက်ထပ် ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုပင်။

ဝုန်း...

ဧရာမတူကြီးက စစ်သံချပ်ကာအပေါ် ကျသွားပြီး နောက်သို့ လွင့်ထွက်သွားသည်။ စစ်ထူနူ၏ နှုတ်ခမ်းစွန်းတွင် သွေးများ စီးကျလာသည်။ သို့သော် သူ၏ခန္ဓာကိုယ်က တစ်ဒင်္ဂပင် ရပ်မသွားချေ။ ဓားပျော့သည် ရွှယ်ရှုံး၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထွင်း‌ဖောက်သွား၏။ ရွှယ်ရှုံး၏ အင်အားအကြီးဆုံး ခုခံမှုအတတ်သည် စစ်ထူနူ၏ ဓားချက်တစ်ချက်ဖြင့်ပင် ထိုးဖောက်ခံလိုက်ရပေပြီ။

ချီ...ချီ...

စစ်ထူနူ၏ ဓားပျော့က အတန်ငယ် တုန်ခါသွားပြီး ရွှယ်ရှုံး၏ရင်ဘတ်ကို ရှုံ့တွသွားအောင် လိမ်လိုက်လေသည်။ သူ၏ လက်သီးအရွယ် မျက်လုံးများက စစ်ထူနူကို စိုက်ကြည့်နေသည်။ သူသည် နောက်ဆုံးကျန်သည့် အားကိုသုံး၍ မေးလိုက်၏။

“ကျုပ်တို့နဲ့ စစ်ထူမျိုးနွယ်က ဘာရန်ငြိုးမှ ရှိတာမဟုတ်ဘူး... ဘာလို့လဲ...”

စစ်ထူနူက ဓားပျော့ကို ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်ပြီး သူ့နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။

“မင်းတို့က ရန်မစသင့်တဲ့သူကို သွားပြီး ရန်စမိတာပဲ။ ငါတို့မျိုးနွယ်ခေါင်းဆောင်ရဲ့ ရင်ထဲမှာ ကျန်းရီရဲ့ အဆင့်အတန်းက သခင်လေးရီရှောင်ထက်တောင် မြင့်နေပြီ။ မင်းတို့လို ဓားပြတွေ မဆိုထားနဲ့... မျိုးနွယ်(၁၃)ခုက ကျန်းရီကို ထိရင်တောင် ငါတို့ စစ်ထူမျိုးနွယ်က အကုန်လုံးကိုရင်းပြီး တိုက်ခိုက်မှာပဲ”

ဖောင်း...

စစ်ထူနူ၏ လက်က လျှပ်စီးအလျင်ဖြင့် လှုပ်ရှားလိုက်ပြီး ဧရာမတူကြီးနှင့် ရွှယ်ရှုံး၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကို သိမ်းလိုက်လေသည်။ ထို့နောက် သူသည် အတွင်းအား တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်၏။ ရွှယ်ရှုံး၏ ခန္ဓာကိုယ်က အမှုန်မှုန်အမွှားမွှား ဖြစ်သွားလေသည်။ ထို့နောက် စစ်ထူနူသည် ဟင်းလင်းပြင်ထဲမှ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ ရုတ်ခြည်းပင် သူသည် ထွက်ပြေးနေသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ အနီးနားတွင် ပြန်ထွက်ပေါ်လာလေသည်။

ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်း...

ဟင်းလင်းပြင်ရွှေ့ပြောင်းခြင်းအတတ်သည် စစ်ထူမျိုးနွယ်၏ ထူးခြားသောအတတ်တစ်ခုဖြစ်သည်။ ထိုအတတ်ကို သုံးလျှင် ဟင်းလင်းပြင်အတွင်း မိုင်သန်းချီ သွားလာနိုင်၏။ ယင်းက စစ်ထူမျိုးနွယ်၏ ကြောက်မက်ဖွယ်အကောင်းဆုံး စွမ်းရည်ပင်။ ထို့ကြောင့် စစ်ထူအောင်းသည် စစ်ထူရီရှောင်ကို တပ်မှူးတာဝန်ပေးသည်အထိ ရဲတင်းခဲ့ခြင်းပင်။

စစ်ထူနူက ထွက်ပြေးနေသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အားလုံးကို ရှင်းပစ်လိုက်သည်။ တိုက်ပွဲက အဆုံးသတ်သွားပေပြီ။ အရှုံးပေးလိုက်သော ဓားပြသုံးထောင်စလုံးသည် သူတို့၏ ဝိညာဉ်ချိပ်စည်းကို ပေးအပ်လိုက်ကြ၏။ အနာဂတ်တွင် သူတို့သည် စစ်ထူမျိုးနွယ်၏ ကျွန်များ ဖြစ်လာတော့မည်ဖြစ်သည်။ သူတို့သည် ကျွန်အဖြစ် ဆယ်နှစ် သို့မဟုတ် တစ်သက်လုံး ထမ်းဆောင်ရနိုင်ပေသည်။

ရှေးဟောင်းနတ်ဘုရားလက်စွပ်များနှင့် ရတနာအားလုံးကိုလည်း သိမ်းယူပြီးပေပြီ။ စစ်ထူနူသည် တိုက်ပွဲပြင်သို့ ပြန်ရောက်လာသောအခါ အားလုံးကို အေးစက်စက်ကြည့်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“သခင်လေးရီရှောင်ကို သတင်းပို့လိုက်ကြ... သခင်လေးကျန်းကို နောက်ထပ်ပစ်မှတ်ရဲ့ နေရာကို သတင်းပို့ပေးဖို့ တောင်းဆိုတယ်လို့၊ ပြီးရင် နောက်တစ်ချီ ထပ်သတ်ဖြတ်ဖို့ ပြင်ဆင်ထားကြ”

***

All Chapters