← Chapters

အရှုပ်အထွေးကို အခွင့်အကောင်းယူ၍

Vol. 58 Ch. 809

အရှုပ်အထွေးကို အခွင့်အကောင်းယူ၍

Vol. 58 Ch. 809

ရွှီး...

နတ်ဆိုးကျွန်း၏ အရှေ့ဘက် မိုင်ရာကျော် အကွာရှိ ငှက်စိမ်းကုန်သည်အဖွဲ့အစည်း၏ ကောင်းကင်ကံကြမ္မာသင်္ဘောအတွင်း၌ ချမ်ဝမ်ကွမ်း၏ တံဆိပ်ပြားက ရုတ်တရက် လင်းလက်လာလေသည်။ သူက တံဆိပ်ပြားကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပြီး ပြောလိုက်၏။

“လင်းလက်ကြယ်တပ်မဟာက ဓားပြတစ်သောင်းကို ရှင်းပြီးသွားပြီ။ ခန်းမသခင်နူက ကျုပ်တို့ကို တခြားတပ်မဟာတွေရဲ့ တည်နေရာ ပို့ပေးဖို့ လှမ်းတောင်းဆိုနေတယ်”

“အာ...”

ဟွမ်ဖူထောင်ထျန်းနှင့် ဖုန်းပုရှီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သူတို့၏ အံ့အားသင့်နေသော မျက်နှာထားများကို အပြန်အလှန် သတိပြုမိသွားကြသည်။ မည်မျှသာ ကြာခဲ့သနည်း။ သုံးဆယ်မိနစ်ပင် မကြာခဲ့ချေ။ စစ်ထူမျိုးနွယ်က တပ်သားမည်မျှ ပို့ခဲ့ခြင်းနည်း။ ပညာရှင်အားလုံး အင်အားကုန် သုံးခဲ့ခြင်းလော။

စစ်ထူအောင်းနှင့် ဆွေးနွေးခဲ့စဉ်တွင် သူက အသေးစိတ် ပြောမပြခဲ့ပေ။ ထို့ကြောင့် ဟွမ်ဖူထောင်ထျန်းနှင့် ဖုန်းပုရှီတို့သည် လင်းလက်ကြယ်တပ်မဟာကို ရှင်းပစ်ရန် အနည်းဆုံး တစ်နာရီတော့ ကြာလောက်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။

“ကြမ်းလိုက်တာ...”

ကျန်းရီက မျက်လုံးများ ဖွင့်လိုက်ပြီး စစ်ထူရီရှောင်ကို ကြည့်ကာ ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။

“အစ်ကိုစစ်ထူ... အစ်ကိုတို့မျိုးနွယ်က ပညာရှင်တွေက ကြမ်းလွန်းပါတယ်။ လင်းလက်ကြယ်တပ်မဟာကို ရှင်းပစ်လိုက်တာတောင် တစ်ယောက်မှ ဒဏ်ရာမရသွားကြဘူး။ ခန်းမသခင်နူရဲ့ ကောင်းကင်အမိုးခုံး တုန်ခါက တော်တော်ကို စွမ်းအားကြီးတာပဲ”

ကျန်းရီသည် ထိုတစ်ချိန်လုံး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ထားခဲ့ပြီး တိုက်ပွဲတစ်ခုလုံးကို ကြည့်ရှုနေခဲ့ခြင်းပင်။ ကောင်းကင်ဧကရာဇ်(၂၀,၀၀၀)၏ တိုက်ခိုက်မှုများသည် ယခုအထိ သူ့ကို ရင်တုန်နေစေသေးသည်။ ထိုကဲ့သို့ ကြီးကျယ်သည့် မြင်ကွင်းမျိုးကို သူ ယခုမှ မြင်ဖူးခြင်းပင်။ မိုင်တစ်ရာပတ်လည်အတွင်း အာကာပြင်တုန်ခါသွားစေခဲ့သော စစ်ထူမျိုးနွယ်မှ ပညာရှင်များ၏ တိုက်ခိုက်မှုများနှင့် စစ်ထူနူ၏ ‘ကောင်းကင်အမိုးခုံး တုန်ခါ’သည် အမှန်ပင် သူ့ကို အမြင်ကျယ်သွားစေခဲ့သည်။

“ဘယ်သူမှ ဒဏ်ရာ မရသွားဘူးလား”

ဖုန်းပုရှီနှင့် ဟွမ်ဖူထောင်ထျန်းတို့ ပို၍ အံ့အားသင့်သွားကြ၏။ သူတို့သည် စစ်ထူမျိုးနွယ်က ဓားပြများကို ထိုမျှခြိမ်းခြောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ကြခြင်းပင်။ ရောက်လာသည့် စစ်တပ်မှာ စစ်ထူမျိုးနွယ်၏ စစ်တပ်မဟုတ်လျှင် လင်းလက်ကြယ်တပ်မဟာသည် အသက်ကိုရင်း၍ ပြန်တိုက်ခိုက်မည် ဖြစ်သည်။ တိုက်ပွဲသည်လည်း ဤမျှ မြန်မြန် ပြီးဆုံးသွားမည် မဟုတ်ချေ။ ထို့ပြင် နှစ်ဘက်စလုံးတွင် အသေအပျောက် ရှိမည်ဖြစ်သည်။

ကျန်းရီက မြေပုံကို ကြည့်လိုက်ပြီး သူတို့ရှိနေသော နေရာနှင့် မိုင်ငါးသန်းအကွာရှိ ကျွန်းတစ်ကျွန်းကို ညွှန်ပြလိုက်၏။

“အဲ့အကြောင်းကို မပြောကြရအောင်။ အစ်ကိုစစ်ထူ ခန်းမသခင်နူဆီကို သတင်းပို့လိုက်ပါ။ လဆုတ်တပ်မဟာက နတ်ဆိုးနက်ကျွန်းကို ရောက်တော့မယ်။ သူတို့ကို နတ်ဆိုးနက်ကျွန်းအနားမှာ အလစ်ဝင်တိုက်ဖို့ ပြင်ဆင်ခိုင်းထားလိုက်ပါ”

“ကောင်းပြီ”

စစ်ထူရီရှောင်က ချမ်ဝမ်ကွမ်းကို ကြည့်လိုက်သည်။ ချမ်ဝမ်ကွမ်းက ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာ သတင်းပို့လိုက်လေသည်။

ချမ်ဝမ်ကွမ်းသည် သတင်းပို့ပြီးနောက် အခန်းထဲတွင် စိတ်လှုပ်တရှား လူးလားခေါက်တုန့် လျှောက်နေပြီး တိုက်ပွဲပြီးဆုံးသွားမည့် အချိန်ကို စောင့်ရင်း အချိန်ကို တွက်နေ၏။ ကျန်းရီက မျက်လုံးများ ထပ်မံမှိတ်လိုက်ပြီး ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်သည်။ သူသည် အလွန်နွမ်းနယ်နေပြီဖြစ်သော်လည်း ထိုကဲ့သို့သော တိုက်ပွဲကြီးကို ကြည့်ရပေလိမ့်မည်။ အနီးပတ်ဝန်းကျင်တွင် အခြားတပ်မဟာများ ရှိနေလျှင် အဘယ်သို့ လုပ်မည်နည်း။

မိနစ်သုံးဆယ်ကြာပြီးနောက် ချမ်ဝမ်ကွမ်း သတင်းမရရှိသေးခင်မှာပင် ကျန်းရီက မျက်လုံးများ ကြိုဖွင့်လိုက်၏။ သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျမလိုပင် ဖြစ်သွားသည်။ ဟွမ်ဖူထောင်ထျန်းက ကျန်းရီကို လျင်မြန်စွာ ထိန်းကိုင်လိုက်သည်။ ကျန်းရီက အားဖျော့စွာ အသက်ရှူထုတ်လိုက်ပြီး ပြောလိုက်၏။

“လဆုတ်တပ်မဟာရဲ့ ဓားပြလေးထောင် အသတ်ခံလိုက်ရပြီ။ စစ်ထူမျိုးနွယ်က လူတစ်ရာကျော်လောက်ပဲ ဒဏ်ရာရသွားတယ်...”

“ကောင်းတယ်...”

ဟွမ်ဖူထောင်ထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။ တပ်မဟာလေးခုထဲမှ နှစ်ခုကို ရှင်းထုတ်နိုင်လိုက်ပေပြီ။ ပူပြင်းနေတပ်မဟာကိုသာ ရှင်းပြီးသွားလျှင် နတ်ဆိုးတပ်မဟာသည် ကရားထဲတွင် ပိတ်မိနေသော လိပ်တစ်ကောင်ကဲ့သို့ သေမည့်အချိန်ကိုသာ စောင့်နေရတော့မည်ဖြစ်သည်။

ကျန်းရီက လက်ဟန်ပြလိုက်ရာ စစ်ထူရီရှောင်က မြေပုံကို အလျင်အမြန် ယူလာပေးလိုက်၏။ ကျန်းရီက မျက်မှောင်ကြုတ်၍ မြေပုံကိုကြည့်လိုက်သည်။ သူသည် တုန်ရီနေသော လက်ချောင်းဖြင့် အနီးမှ ကျွန်းလေးတစ်ကျွန်းကို ညွှန်ပြကာ ပြောလိုက်၏။

“ပူပြင်းနေတပ်မဟာက ဒီကို ရောက်နေပြီ။ ခန်းမသခင်နူကို မီးအရိပ်ကျွန်းကနေစောင့်ပြီး အလစ်တိုက်ခိုက်ခိုင်းလိုက်ပါ။ ဒီနေရာနဲ့ မီးအရိပ်ကျွန်းက မိုင်ငါးသိန်းပဲ ဝေးတယ်။ တိုက်ပွဲအဟုန်လှိုင်းတွေက ဒီနေရာအထိ ရိုက်ခတ်လာမှာပဲ။ အဲ့အချိန်ကျရင် နတ်ဆိုးတပ်မဟာက သေချာပေါက် သိသွားလိမ့်မယ်။ အစ်ကိုရီရှောင် ကျွန်တော်တို့ အစီအစဉ်ရဲ့ ဒုတိယအပိုင်းကို စလို့ရပြီ”

“ဟားဟားဟား...”

စစ်ထူရီရှောင်က ဝမ်းသာအားရ ကျယ်လောင်စွာ ရယ်လိုက်ပြီး ကျန်းရီကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ညီလေးကျန်းရဲ့ အဲ့နတ်ဘုရားအတတ်ရှိနေမှတော့ ဓားပြတပ်မဟာသုံးခု မပြောနဲ့ ကောင်းကင်ဧကရာဇ်(၁၀၀,၀၀၀)ကိုတောင် အလွယ်လေး ရှင်းပစ်နိုင်မှာပဲ။ ညီလေးကျန်း မစိုးရိမ်ပါနဲ့... အကုန်လုံး ပြင်ဆင်ထားပြီးပါပြီ။ ဝမ်ကွမ်း... အမိန့်တွေ ပို့လိုက်တော့၊ ပုန်းအောင်းနေတဲ့အဖွဲ့ လှုပ်ရှားတော့လို့...”

ဖုန်းပုရှီနှင့် ဟွမ်းဖူထောင်ထျန်းတို့ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။ ကျန်းရီ၏ နတ်ဘုရားအတတ် ရှိနေပါက ဓားပြတပ်မဟာများ ထပ်ရောက်လာလျှင်ပင် သေဖို့ရောက်လာခြင်းသာ ဖြစ်ပေလိမ့်မည်။ စစ်ထူမျိုးနွယ်၏ ဟင်းလင်းပြင်ပြောင်းရွှေ့ခြင်းကလည်း အဓိကလိုအပ်သော အတတ်တစ်ခုဖြစ်သည်။ မဟုတ်လျှင် နတ်ဘုရားတစ်ပိုင်းအုပ်စုတစ်စုသည်ပင် မိုင်းသန်းချီအကွာအဝေးကို အလွန်လျင်မြန်စွာ သွားနိုင်လိမ့်မည်မဟုတ်ပေ။ ကောင်းကင်နားလည်သိမြင်ခြင်းနှင့် ဟင်းလင်းပြင်ပြောင်းရွှေ့ခြင်းတို့က ပြီးပြည့်စုံသော ပေါင်းစပ်မှုဖြစ်သည်။ ထိုပေါင်းစပ်မှုက တိုက်ပွဲတစ်ပွဲကို စတင်ရန် သက်ရောက်မှုအကောင်းဆုံး လက်နက်ဖြစ်ပေသည်။

စစ်ထူနူက ရွှယ်ရှုံးအား ကျန်းရီသည် စစ်ထူအောင်း၏ရင်ထဲတွင် စစ်ထူရီရှောင်ထက်ပင် သာလွန်နေပြီဟု ပြောခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကျန်းရီ၏ ကောင်းကင်နားလည်သိမြင်ခြင်းအတတ်ကြောင့် ဖြစ်သည်။ အကယ်၍ ကျန်းရီသာ စစ်ထူမျိုးနွယ်အား ထိုမှော်အတတ်ကို လက်‌ဆောင်ပေးလိုက်လျှင် စစ်ထူအောင်းသည် ကျန်းရီ အလိုရှိသည့်အရာမှန်သမျှကို ပေးလောက်ပေသည်။

ချမ်ဝမ်ကွမ်းက တံဆိပ်ပြားကို ထုတ်လိုက်ပြီး သတင်းပို့လိုက်သည်။ သူ၏မျက်လုံးကျဉ်းလေးများတွင် တောက်ပမှုများနှင့် ပြည့်နှက်နေပေသည်။ ဤတစ်ကြိမ်တွင် သူသည် အစီအစဉ်များဆွဲရန် ကြိုးစားလုပ်ဆောင်ခဲ့၏။ အကယ်၍ ဤတိုက်ပွဲသာ အောင်မြင်လျှင် ကျန်းရီက အဓိကအကျိုးပြုသူ ဖြစ်မည်ဖြစ်ပြီး သူက ဒုတိယလိုက်ပေလိမ့်မည်။ ထို့ပြင် စစ်ထူရီရှောင်သည် ကိုယ်တိုင်သတင်းမပို့ဘဲ ချမ်ဝမ်ကွမ်းကိုသာ ပို့ခိုင်းသဖြင့် ချမ်ဝမ်ကွမ်းက မည်မျှ အလေးထားခံရကြောင်း သိနိုင်ပေသည်။

အချိန်သည် ဖြည်းဖြည်းချင်း ဆက်၍ကုန်ဆုံးသွား၏။

သတ်မှတ်ချိန်တစ်နာရီ ပြည့်တော့ပေမည်။ အားလုံး စိတ်လှုပ်ရှားနေကြ၏။ ဤတိုက်ပွဲသည် ဓားပြတပ်မဟာများကို ရှင်းပစ်ရန်မဟုတ်ဘဲ ဓားစာခံများကို ကယ်တင်ရန်ဖြစ်သည်။ ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းကို အချိန်အကြာကြီး ဆက်တိုက်အသုံးပြုခဲ့၍ တစ်ကိုယ်လုံး တုန်ရင်နေပေသည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့အတွက်ကြောင့်သာ မဟုတ်လျှင် ကျန်းရီတစ်ယောက် အစောကတည်းက လဲပြိုကျသွားလောက်ပေပြီ။

ဝုန်း...

တောင်ဘက်မှနေ၍ တုန်ခါလှိုင်းလေးတစ်ခု ရောက်ရှိလာ၏။ ထိုတုန်ခါလှိုင်းက ဂယက်တစ်ခုကဲ့သို့ ဖြစ်ပြီး ငှက်စိမ်းကုန်သည်အဖွဲ့အစည်းမှ လူများကို ကြက်သီးထသွားစေလေသည်။ မိုလုံနှင့် သူ့လူများက ကောင်းကင်ထက်တွင် ဝံ့ဝံ့ကြွားကြွား ရပ်နေကြသည်။ သူတို့အားလုံး၏ မျက်နှာထားများ ပြောင်းလဲနေပေပြီ။

“တော်‌တော် အင်အားကြီးတဲ့ အာကာပြင်တုန်ခါမှုပဲ။ အဲ့ဘက်မှာ ဘာတွေဖြစ်နေတာလဲ”

မိုလုံ မျက်မှောင်ကြုတ်သွားသည်။ သူသည် နောက်လိုက်ငါးယောက်အား အမှောင်ထုကို အသုံးချ၍ တောင်ဘက်သို့ တိတ်တဆိတ်သွားကြည့်ရန် မျက်ရိပ်ပြလိုက်၏။ သူတို့သည် ဤနေရာမှပင် တိုက်ပွဲအဟုန်လှိုင်းကို ခံစားနေရပေရာ တိုက်ပွဲပြင်က သိပ်မဝေးလောက်ပေ။

“အဲ့ဒါက ဘာတုန်ခါလှိုင်းလဲ”

ထိုအခိုက်တွင် ဖုန်းလွင်က အံ့ဩတကြီး အော်ပြောလိုက်သည်။

“မိုလုံ... အဲ့ဘက်မှာ ဘာလို့ အဲ့လောက်ပြင်းထန်တဲ့ တုန်ခါလှိုင်းတွေ ရှိနေရတာလဲ။ ခင်ဗျားတို့က စစ်ကူတွေ ငှားထားတာလား။ ခင်ဗျားတို့က ကျုပ်တို့ကုန်သည်အဖွဲ့အစည်းကို ရှင်းပစ်ဖို့ ကြံနေတာလား”

“ပေါက်ကရစကားတွေ...”

မိုလုံ စိတ်လှုပ်ရှားသွားပြီး ပြန်ပြောလိုက်သည်။

“စစ်ကူတွေ ငှားထားတာ ခင်ဗျားတို့ပဲ ဖြစ်မယ်ဆိုတာ ကျုပ်ပြောရဲတယ်။ ကျုပ်တို့ နတ်ဆိုးတပ်မဟာက အနီးက တပ်မဟာတွေနဲ့ ရန်သူတွေပဲ။ ဘယ်လိုလုပ် ကျုပ်တို့က သူတို့ကို ငှားလို့ရမှာလဲ”

“အပိုတွေ ပြောမနေနဲ့”

ဖုန်းလွင်က အေးစက်စက် ပြောလိုက်သည်။

“ကျုပ်တို့ဥက္ကဋ္ဌက သတင်းလှမ်းပို့တယ်။ ကျုပ်တို့ ကောင်းကင်ကျောက်တုံး သန်းနှစ်သိန်းပေးမယ်။ ဓားစာခံတွေကို ချက်ချင်း လွှတ်လိုက်”

“ခဏနေဦး...”

မိုလုံက တောင်ဘက်ကို ကြည့်လိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောကို မသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။

“ကျုပ်ရဲ့ ထောက်လှမ်းရေးတွေ ပြန်လာတဲ့အထိ စောင့်ဦး။ ခင်ဗျားတို့က စစ်ကူတွေ ငှားထားလား၊ မထားလားဆိုတာ ဘယ်သူသိမှာလဲ”

တပ်မဟာသုံးခု ရောက်လာသင့်နေပေပြီ။ သို့သော် သူတို့တစ်ယောက်မှ ဤနေရာတွင် ရှိမနေပေ။ မိုလုံသည် ဓားစာခံများကို လွှတ်ပေးမည် မဟုတ်ပေ။ ဖုန်းလွင်က စိတ်မရှည်တော့ဘဲ အော်ပြောလိုက်၏။

“မစောင့်နိုင်ဘူး... ခင်ဗျားတို့ အခုချက်ချင်း ဓားစာခံတွေကို လွှတ်ပေးမလား ဒါမှမဟုတ် ကျုပ်တို့ တိုက်ပွဲကို စရမလား။ ခင်ဗျားတို့က ဓားစာခံတွေကို တခြားနေရာပို့နေမလားဆိုတာ ဘယ်သူသိနိုင်မလဲ”

“ခင်ဗျားတို့ တိုက်ပွဲစချင်ရင် စလေ”

မိုလုံက အကြောက်တရားကင်းမဲ့စွာ ပြောလိုက်ပြီး ထီမထင်သော မျက်နှာထားဖြင့် ဧရာမလှံကြီးတစ်ချောင်းကို ထုတ်လိုက်လေသည်။ ကျန်းရီ၏ မိတ်ဆွေများက သူတို့ထံတွင် ရှိနေသေးသဖြင့် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက တိုက်ပွဲမစဝံ့ကြောင်း သူသိပေသည်။ ကျန်းရီက ဤနေရာအထိ ပါလာခဲ့ခြင်းမှာ သူ၏မိတ်ဆွေများကို ကယ်တင်ရန်ဖြစ်ကြောင်း ထင်ရှားပေသည်။ ငှက်စိမ်းကုန်သည်အဖွဲ့အစည်းက တိုက်ပွဲစလျှင်လည်း ကျန်းရီက တိုက်ပွဲကို တားမည်ဖြစ်သည်။

ထင်ထားသလိုပင်။

ကျန်းရီ၏အသံ ပဲ့တင်ထပ်လာသည်။

“အကြီးအကဲဖုန်းလွင်... နည်းနည်းလောက် ထပ်စောင့်လိုက်ကြတာပေါ့”

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွား၏။ တစ်နာရီကြာပြီးနောက် အစောမှ ထွက်သွားသော ကောင်းကင်ဧကရာဇ်ငါးပါးနှင့် ထောက်လှမ်းရေးအချို့ ပြန်ရောက်လာ၏။ သူတို့က အဝေးမှနေ၍ မိုလုံထံ သတင်းပို့လွှတ်လိုက်ကြသည်။

“မကောင်းတော့ဘူး လက်ထောက်တပ်မှူးချုပ်... လင်းလက်ကြယ်၊ ပူပြင်းနေနဲ့ လဆုတ်တပ်မဟာတွေက ဘာလို့လဲမသိဘူး တောင်ဘက်ကိုသွားပြီး တိုက်ပွဲတစ်ပွဲစနေပြီ။ ပူပြင်းနေနဲ့ လင်းလက်ကြယ်တပ်မဟာတွေက လဆုတ်တပ်မဟာကို လိုက်တိုက်ခိုက်နေကြတယ်။ လဆုတ်တပ်မဟာက လူတွေက တောင်ဘက်ကို ထွက်ပြေးနေကြတာ...”

“ဘာ...”

မိုလုံက ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။ စစ်ကူသုံးဖွဲ့သည် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို မတိုက်ခိုက်ဘဲ အချင်းချင်း ပြန်တိုက်ခိုက်နေကြသည်လော။ သူတို့ သရုပ်ဆောင်နေခြင်းလော။ သူတို့သည် ငှက်စိမ်းကုန်သည်အဖွဲ့အစည်းကို ရင်ဆိုင်ရန် လှည့်ကွက်များ သုံးနေခြင်းလော။

“တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”

ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် စစ်ထူရီရှောင်က စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ ဟွမ်ဖူထောင်ထျန်းသည် မိုးကြိုးဓားနှင့် နတ်ဘုရားဒိုင်းကို ထုတ်လိုက်၏။ ချမ်ဝမ်ကွမ်းသည်လည်း စိတ်လှုပ်ရှားသဖြင့် လက်များတုန်ယင်နေသည်။

ဓားပြတပ်မဟာသုံးခုက အချင်းချင်း တိုက်ခိုက်နေခြင်း မဟုတ်ပေ။ သူတို့သည် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကို အထိအခိုက်မရှိ ကယ်တင်နိုင်ရန် နတ်ဆိုးတပ်ဟာကို စိတ်လှုပ်ရှားတုန်လှုပ်သွားအောင် လုပ်လိုက်ခြင်းပင်။ ထိုမှ သူတို့ အရှုပ်အထွေးကို အခွင့်ကောင်းယူနိုင်မည်ဖြစ်သည်။ ထိုအစီအစဉ်မှာ ချမ်ဝမ်ကွမ်းနှင့် စစ်ထူရီရှောင်တို့ ဆွဲထားသော အစီအစဉ်ပင်။

ယခုတွင် အခြေအနေက ရှုပ်ထွေးနေပြီဖြစ်သည်။

***

All Chapters