လိုအပ်သည်များ လုပ်ဆောင်ခြင်း
Vol. 63 Ch. 870
ဒေါသကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသော မြောင်၀မ်ထန်မှာ သူ၏တူသည် ဤမျှတုံးအနေလိမ့်မည်ဟု ထင်မထားခဲ့ချ။ သူသည် လူအချို့ကို ရန်စစော်ကားခဲ့မိသည်ကို ယခုထိ သဘောမပေါက်သေးချေ။
ဖြောင်း.....
သူက မြောင်ချင်းလဲ့အား ဒေါတသကြီး ရိုက်၍ အော်ဟစ်လိုက်၏။”ထန်ရှုရဲ့ထန်မိသားစု၊ ကျန်းယွဲ့မင်ရဲ့ ကျန်းမိသားစု၊ ဂူချန်းမင်ရဲ့ ဂူမိသားစုနဲ့ ကျန့်ချင်းဖန်ရဲ့ ကျန့်မိသားစုကွ။ အဲ့ဒီမိသားစုထဲက ပေကျင်းရဲ့အင်အားကြီးမိသားစု ထန်မိသားစုကို မင်းသိပြီးသားပဲ။ ဒါပေမဲ့ ကျန်း၊ဂူ နဲ့ ကျန့်ချင်းဖန်တို့ရဲ့မိသားစုတွေကလည်း ရှန်ဟိုင်းမှာ အင်အားကြီးတွေပဲ။ သူတို့တစ်ယောက်စီတိုင်းက ယွမ် ၁၀ ဘီလီထက်မနည်းတဲ့ပိုင်ဆိုင်မှုနဲ့ အဆက်အသွယ်တွေ ရှိတယ်။ ဒါတောင် မင်းက သူတို့လေးယောက်လုံးကို ရန်စခဲ့တယ်။ လေးယောက်ပေါင်းပြီး ငါတို့မိသားစုကို အမှုန့်ကြိတ်အောင် လုပ်နေတာလား”
မြောင်ချင်းလဲ့မှာ ပါးတစ်ခြမ်းကို ကိုင်ရင်း နာကျင်မှုကြောင့် တုန်ရီနေ၏။ သူ့မှာ ရူးတော့မည့်အလား ခံစားနေရသည်။ ကျန်းယွဲ့မင်နှင့် ဂူချန်းမင်တို့ကသာ သူ့ကို အနိုင်ကျင့်ခဲ့သူများဖြစ်သည်။ ထို့အပြင် ဘယ်အချိန်တုန်းက ကျန့်ချင်းဖန်ကို ရန်စခဲ့မိပါသနည်း။ တူဖြစ်သူ၏ဒေါသထွက်ပြီး စိတ်ရှုပ်ထွေးနေသောအမူအရာကြောင့် မြောင်၀မ်ထန်မှာ ပို၍ စိတ်ပျက်သွားမိသည်။ တုန်ယင်နေသောလက်များဖြင့် သူသည် စီးကရက်တစ်လိပ်ကို ထုတ်၍ အရှိုက်အနည်းငယ်ဖွာလိုက်ပြီး ကုတင်ထောင့်၌ ထိုင်ကာ ပြော၏။ “မင်း အခုထိ သဘောမပေါက်သေးဘူးပဲ”
“ဘယ်လိုလုပ် သဘောပေါက်မှာလဲဗျ။ ကျွန်တော် ထန်ရှုကိုပဲ ရန်စခဲ့တာ။ အဲ့ဒီသုံးယောက်နဲ့ ဘယ်တုန်းက ပက်သက်ခဲ့မိလို့လဲ” မြောင်ချင်းလဲ့က အော်ပြောသည်။
ထိုစကားကြောင့် မြောင်၀မ်ထန်မှာ သူ့တူအား ထပ်မံကန်ချင်စိတ်ပေါက်သွားသည်။ သို့သော် သူက စိတ်ထိန်း၍ ဒေါသတကြီး ကျယ်လောင်စွာ ပြော၏။ “ကျန်းယွဲ့မင်နဲ့ ဂူချန်းမင်တို့က လေလံပွဲမှာ ထန်ရှုဘက်က ရပ်တည်ခဲ့တယ်ကွ။ မင်း အဲ့ဒါ ဘာအဓိပ္ပာယ်လဲသိလား။ သူတို့ရဲ့ဆက်ဆံရေးက မရင်းနှီးဘဲနဲ့ သူ့ဘက်က ရပ်တည်ပေးမယ်ထင်လား။ ကျန့်ချင်းဖန်ဦးစီးတဲ့ မနေ့ညကပွဲမှာ မင်းက သူ့မျက်နှာကို အိုးမည်းသုတ်လိုက်တာပဲ။ အခု ပြောစမ်း။ အဲ့ဒါတွေက သူ့ကို ရန်စတာဟုတ်လား၊ မဟုတ်ဘူးလား။ ကျန်းယွဲ့မင်၊ ဂူချန်းမင်၊ ကျန့်ချင်းဖန် ဘယ်သူပဲဖြစ်ဖြစ် မင်းလုပ်ရပ်က သူ့တို့ကို ပမာမခန့်လုပ်တယ်ထင်မှာပဲ။ အဲ့ဒါက သူတို့ကို ရန်စတာမဟုတ်ဘူးလား”
မြောင်ချင်းလဲ့သည် ထိုအချိန်က ဒေါသစိတ်မွှန်နေခဲ့သဖြင့် ဤသို့ မစဉ်းစားမိခဲ့ချေ။ ယခု သူ၏ဦးလေး မြောင်၀မ်ထန် ပြောပြမှသာ ရုတ်တရက် နားလည်သွား၏။ ချက်ချင်းဆိုသလို သူ၏ဒေါသမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး သူ့တစ်ကိုယ်လုံး လေးပင်လာကာ ထိတ်လန့်တုန်လှုပ်လာသည်။
မြောင်၀မ်ထန်က နှာတစ်ချက်မှုတ်၍ ကုတင်ပေါ်ရှိ တုန်ရီနေသော မိန်းကလေးအား ကြည့်ကာ အော်ဟစ်လိုက်၏။ “အ၀တ်၀တ်ပြီး ဒီနေရာက ထွက်သွားစမ်း။ ဒီကောင်ကို နောက်ဘယ်တော့မှ မဆက်သွယ်နဲ့။ ဆက်သွယ်လို့ကတော့ မင်းကို ဟွမ်ပူမြစ်မှာ ငါးစာကျွေးပစ်မယ်”
“.....ကျွန်မ...”
မိန်းကလေးမှာ ကြောက်လန့်တုန်ရီလျက် မြောင်ချင်းလဲ့ကို အားကိုးတကြီး လှမ်းကြည့်သော်လည်း သူက ဂရုပင်မစိုက်ချေ။ သူမသည် သူမခန္ဓာကိုယ်အား စောင်ဖြင့်ပတ်လျက် အ၀တ်များကို ကတုန်ကယင်ဖြင့် ကောက်လိုက်သည်။ ထို့နောက် ခြေဗလာဖြင့် အခန်းတွင်းမှ ပြေးထွက်သွား၏။ အ၀တ်အမြန်၀တ်ပြီးနောက် အချိန်ဆွဲမနေဘဲ ထွက်သွားလေသည်။
မြောင်၀မ်ထန်မှာ စီးကရက်တစ်လိပ်ကို ကုန်သည်အထိ သောက်ပြီးနောက် ပြာခွက်ထဲတွင် ထိုးခြေလိုက်သည်။ ထို့နောက် သူက ခြေထောက်တစ်ဖက်ဖြင့် မြောင်ချင်းလဲ့အား ကန်ကာ ထထိုင်၍ အခန်းတံခါး၀ထံ လျှောက်သွားလေသည်။ “သူ့ကို ဆေးရုံခေါ်သွားပြီး သေချာစောင့်ကြည့်ထားကြ။ ပြဿနာထပ်ရှာလို့ကတော့ ငါ ကိုယ်တိုင် အရေခွံ့ဆုတ်ပစ်မယ်”
“နားလည်ပါပြီ”
သက်လတ်ပိုင်းလူနှစ်ယောက်က မှုန်ကုပ်နေသော မျက်နှာများဖြင့် မြောင်းချင်းလဲ့ကို စိုက်ကြည့်ကာ အကြမ်းပတမ်း ဆွဲထူလိုက်ကြသည်။ မြောင်ချင်းလဲ့ သူတို့အား ခွေးသာသာကောင်များဟု ခေါ်ခဲ့သည်ကို မှတ်မိနေကြသေး၏။
“ဟေ့ ဖြည်းဖြည်းလုပ်ကြ” မြောင်ချင်းလဲ့က သနားစရာလေသံဖြင့် အော်သည်။
မြောင်၀မ်ထန်သည် ဆွဲခေါ်ခံသွားရသော တူဖြစ်သူအား စိတ်မပါစွာဖြင့် တစ်ချက်သာ လှည့်ကြည့်၏။ သူသည် ကြယ်ပြာအိမ်ရာသို့ ချက်ချင်း သွား၍ ထန်ရှုကို တွေ့လိုစိတ် ပြင်းပျနေသည်။ သို့သော် အချိန်ကို ကြည့်လိုက်ရာ ထန်ရှု အားလပ်မည့်အချိန်မဟုတ်ပေ။ အိပ်စက်နေချိန်အတွင်း၌ အလောတကြီး အနှောင့်အယှက်ပေးလိုက်ပါက ထန်ရှု၏ဒေါသမှာ သူ့အပေါ်သို့ အလုံးအရင်းဖြင့် ကျရောက်လာပေလိမ့်မည်။
“လခွမ်း။ အဲ့လူသုံးယောက် စိတ်ကွက်သွားလည်း အရေးမကြီးပါဘူး။ သူတို့က ရှန်ဟိုင်းမှာပဲ အင်အားကြီးတာ ဟိုက်ချင်းပြည်နယ်က ငါ့မိသားစုကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ အရေးကြီးတာက ထန်ရှု ကသိကအောက်မဖြစ်ဖို့ပဲ။ အထူးသဖြင့် သူဖုန်းထဲမှာ ပြောခဲ့တဲ့စကားတွေ။ သူသာ အဲ့ကိစ္စကို မကူညီဘူးဆိုရင် ....”
မြောင်၀မ်ထန်မှာ နောက်ထပ်စီးကရက်တစ်လိပ်ကို ထုတ်၍ ရှိုက်ဖွာလိုက်သည်။ ထန်ရှုပြောခဲ့သည့်စကားလုံးများမှာ သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ အချိန်အတော်ကြာပြီးနောက် သူက ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ ထို့နောက် ပြော၏။ “အိမ်ကမီးခံသေတ္တာထဲမှာ အဝါရောင်သေတ္တာတစ်လုံးရှိတယ်။ အဲ့ဒါကို အဝူကို ပေးပြီး ရှန်ဟိုင်းကို မြန်နိုင်သမျှမြန်မြန် လွှတ်လိုက်။ ငါ အဲ့ဒါကို အရေးတကြီး လိုတယ်”
ထိုသို့ပြောပြီးနောက် ဖုန်းချကာ နောက်ထပ်နံပါတ်တစ်ခုကို ခေါ်လိုက်သည်။
“အစောကြီး ဖုန်းခေါ်တာပါလား ဒုတိယညီလေး။ တစ်ခုခုဖြစ်လို့လား” မြောင်၀မ်ထန်၏အစ်ကိုကြီးဖြစ်သူ မြောင်၀မ်ယဲ့၏အသံအား ကြားရနိုင်သည်။
“တော်တော်မသေးတဲ့ မတော်တဆမှုတစ်ခုပါ အစ်ကိုကြီး” မြောင်၀မ်ထန်က ခါးသက်သက်ရယ်၏။
ဖြစ်ကြောင်းကုန်စင်ပြောပြီးနောက်တွင် မြောင်၀မ်ထန်က ခါးသီးစွာ ပြောသည်။ “ကျွန်တော် ထန်ရှုအကြောင်း ကောင်းကောင်းသိတယ် အစ်ကိုကြီး။ သူက အသေးအဖွဲနဲ့ ရန်ငြိုးထားတတ်တဲ့လူမဟုတ်သလို အကြောင်းအရင်းမရှိဘဲ အဓိပ္ပာယ်မရှိတာကို ပြောတတ်တဲ့လူမဟုတ်ဘူး”
“ဆန်ကုန်မြေလေးကောင်။ ငါ အဲ့ဒီကောင်ရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်ချင်တယ် ညီလေး” မြောင်၀မ်ယဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် ဒေါသူပုန်ထနေပြီး သူ၏သွေးသား သူ၏သားအရင်းခေါက်ခေါက်ကိုပင် သတ်ပစ်လိုစိတ် တဖွားဖွား ဖြစ်နေ၏။
“အရင်ဆုံး စိတ်လျှော့ပါ အစ်ကိုကြီး။ ကျွန်တော် ဆုံးမထားပါတယ်” မြောင်၀မ်ထန်က ခါးသီးစွာ ပြောသည်။ “အခု ကျွန်တော်တို့လုပ်ရမယ့် အရေးကြီးဆုံးအရာက ကျွန်တော်တို့မိသားစုအပေါ် ကျရောက်လာမယ့် ကပ်ဘေး ပျောက်သွားအောင် ထန်ရှုကို ကူညီပေးဖို့ ဖျောင်းဖြရမယ်။ မြောင်ဒေသက မျက်မမြင်အဘွားအိုနဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကို အစ်ကို သိတယ်မလား။ ထန်ရှုက သူ့ရဲ့ဆက်ခံသူပဲ။ သူ့ရဲ့အမွေနဲ့ ကျွန်တော်တို့မိသားစုကို ကူညီနိုင်မယ်လို့ ယုံကြည်တယ်”
“သူ ကူညီလာအောင် လုပ်နိုင်မယ့်နည်းလမ်းရှိလား” မြောင်၀မ်ယဲ့က အလျင်အမြန် မေး၏။
“မရှိသေးဘူး။ ဒါကြောင့် အစ်ကို့ရဲ့ ကျောက်စိမ်းကျားကို လိုချင်တယ်” မြောင်၀မ်ထန်က ပြောသည်။ “ကျွန်တော့်လက်ထဲကို ကျောက်စိမ်းကျားထည့်လိုက်။ သူ အဲ့ဒီပစ္စည်းနှစ်ခုကို မြင်သွားရင် ကူညီလောက်တယ်”
“အဲ့ဒါက...” မြောင်၀မ်ယဲ့မှာ တွန့်ဆုတ်နေ၏။
“ကျောက်စိမ်းနဂါးနဲ့ ကျောက်စိမ်းကျားက ကျွန်တော်တို့မိသားစုရဲ့ ဘိုးဘွားအမွေအနှစ်ဆိုတာ သိပါတယ် အစ်ကိုကြီး”မြောင်၀မ်ထန်က ပြောသည်။ “ကျွန်တော်တို့ရဲ့ ဆွေစဉ်မျိုးဆက်မှတ်တမ်းမှာလည်း အဲ့ဒီနှစ်ခုက ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ၁၂ ရာသီခွင်အရုပ်တွေရဲ့ ရတနာလို့ ရေးထားတာလည်း သိပါတယ်။ ဒါပေမဲ့ ထန်ရှုပြောတဲ့အတိုင်း ကျွန်တော်တို့ မိသားစုသာ တကယ် ကပ်ဘေးကြုံရမယ်ဆိုရင် အဲ့နှစ်ခုက ကူညီနိုင်မှာမဟုတ်ဘူး”
မြောင်၀မ်ယဲ့သည် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် သက်ပြင်းရှည်ကြီးချကာ ခေါင်းညိတ်လိုက်၏။ “ဟင်းးး......ကောင်းပြီလေ။ တစ်ယောက်ယောက်ကို လာယူခိုင်းလိုက်”
“ဟုတ်ကဲ့”
...........
ရှန်ဟိုင်း ကြယ်ပြာအိမ်ရာဝင်းတွင်။
ထန်ရှုသည် အိပ်ယာမှ နိုးလာ၏။ ရေချိုးပြီးနောက် အိမ်အောက်ထပ်သို့ ဆင်းလာရာ အေပရွန်၀တ်ထားသော မု၀မ်ရင်ကို မီးဖိုချောင်ထဲ၌ တွေ့လိုက်ရသည်။ ထို့နောက် ဟင်းလျာများ၏မွေးရနံ့က သူ၏နှာဖျား၌ ရစ်သီလာ၏။
“ဘယ်အချိန် လာနှိုးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတာ” ထန်ရှုကို မြင်သည်နှင့် မု၀မ်ရင်က ပြုံးလျက်ပြောသည်။
ထန်ရှုက သူမ၏အသွင်အပြင်ကို စေ့စေ့စပ်စပ် ကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။ “၀မ်ရင်ရေ။ တခြားယောက်ျားလေးတွေသာ မင်း ဒီလို အေပရွန်၀တ်ပြီးအိမ်ရှင်မလုပ်နေတာ မြင်လိုက်ရလို့ကတော့ ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြမှာပဲ။ မင်း။အခုလို၀တ်ထားတော့လည်း ခံစားချက်က တစ်မျိုး”
မု၀မ်ရင်က မျက်လုံးလေးများ ပိတ်သွားသည်အထိ ပြု့း၍ ရှက်သံဝဲဝဲဖြင့် နူးညံ့စွာ ပြောသည်။ “နင်သာ ဆန္ဒရှိရင် ငါ နေ့တိုင်း အိမ်မှာပဲနေပြီးတော့ အိမ်ရှင်မလုပ်နိုင်ပါတယ်”
ထန်ရှုက တဟားဟားရယ်၍ ပြော၏။ “ငါကတော့ ဆန္ဒရှိပေမယ့် ကျေးဇူးပဲကွာ။ မင်းကို အိမ်မှာနေခိုင်းရင် ဘယ်မျှတမလဲ။ မင်းရဲ့ ပါရမီတွေ အလဟဿဖြစ်သွားမှာပေါ့။ ကဲ လာလာ မနက်စာစားကြစို့”
မု၀မ်ရင်မှာ အချက်အပြုတ်လည်း ကျွမ်းကျင်ပေသည်။ သူမချက်ထားသော ဟင်းလျာလေးပွဲနှင့်စွပ်ပြုတ်တစ်ပွဲမှာ အစပ်အဟပ်တည့်လှပြီး အရသာအင်မတန်ရှိ၏။
သူတို့နှစ်ယောက် တူများအား ချလိုက်စဉ် မိုအားဝူက အပြင်မှ ၀င်လာကာ ခပ်တိုးတာ ပြောလိုက်သည်။ “သူဌေး မြောင်၀မ်ထန် ရောက်နေပါတယ်”
ထန်ရှုနှင့်မု၀မ်ရင်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ထန်ရှုက ခပ်ဟဟရယ်၍ ပြောလေသည်။ “ငါ့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ဒီလောက်အထိ ကြောက်သွားလိမ့်မယ်လို့ ထင်မထားဘူး။ ကောင်းပြီ ၀င်လာခိုင်းလိုက် အားဝူ”
“ဟုတ်ကဲ့”
မိုအားဝူက ခေါင်းညိတ်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ မကြာမီ မြောင်၀မ်ထန်အား ဧည့်ခန်းသို့ ခေါ်လာ၏။
ထန်ရှုနှင့်မု၀မ်ရင်တို့ ထမင်းစားခန်းမှထွက်လာသောအခါ ဆူပုတ်မှိုင်တွေနေသော မြောင်၀မ်ထန်အား တွေ့လိုက်ရသည်။ ထန်ရှုက စိတ်မပါစွာ ပြုံးရင်း ဆို၏။ “အစ်ကိုမြောင်။ ရှန်ဟိုင်းကို နောက်ရက်နည်းနည်းကြာမှ လာခဲ့မယ်လို့ ပြောခဲ့တာမလား။ အခုရောက်နေပါရောလား။ ခင်ဗျားရဲ့တူကြောင့်လား”
“အဲ့ဆန်ကုန်မြေလေးကောင်ကို ရိုက်နှက်ပြီး ဆေးရုံကို ပို့ထားတယ် ညီလေးထန်” မြောင်၀မ်ထန်က ခါးသီးစွာပြုံးရင်း ပြော၏။ “ကျန်တဲ့မိသားစုသုံးခုဆီကိုလည်း သူ လုပ်ခဲ့တာ အငြိုးမထားဖို့ သွားပြောခဲ့တယ်။ အင်း အခု မင်းဆီလာခဲ့တာကတော့ မနေ့ညက ပြောခဲ့တာကြောင့်ပေါ့”
ထန်ရှုက မြောင်၀မ်ထန်အား ထိုင်ရန် အမူအရာ ပြလိုက်သည်။ ထို့နောက် သူကခေါင်းခါရမ်း၍ ပြော၏။ “အစ်ကိုမြောင်။ မနေ့ညက ကျွန်တော် မပြောသင့်တဲ့စကားတွေကို ပြောခဲ့မိတယ်။ ဒါကြောင့် အဲ့ဒီကိစ္စအတွက် ကျွန်တော့်ဆီ လာစရာမလိုပါဘူး။ ထပ်ပြောမိလို့ သက်တမ်းထဲက ဆယ်နှစ်အနှုတ်ခံရလို့ မဖြစ်ဘူးဗျ”
တန်ဖိုးက သက်တမ်းဆယ်နှစ်လျော့သွားမှာတဲ့လား
မြောင်၀မ်ထန်၏နှလုံးသားမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မှာ အနည်းငယ်တုန်ရီလာပြီး ဖြူဖျော့စွာ ပြော၏။ “ငါတို့တွေ အခက်အခဲတွေအများကြီးကို အတူ ကျော်ဖြတ်ခဲ့တဲ့ ညီအစ်ကိုတွေမလား ညီလေးထန်။ ငါ့ရဲ့မိသားစုကို ကူညီကို မင်းကို ငွေပမာဏဘယ်လောက်ဖြစ်ဖြစ် ပေးတာ မသင့်တော်မှန်း သိပါတယ်။ ဒါပေမဲ့...”
ထန်ရှုက ပြန်မဖြေဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြော၏။ “ကောင်းပြီလေ။ ကျုပ် စဉ်းစားလိုက်ပါ့မယ်။ ပြီးတော့ အဲ့ဒီနေ့ရောက်ဖို့ နှစ်နည်းနည်း လိုသေးတာဆိုတော့ သိပ်ပြီးလည်း စိတ်မပူပါနဲ့”
သူ၏နှလုံးသားထဲတွင် ပြည့်နှက်သွားသော ကူကယ်ရာမဲ့ခြင်းမှလွဲ၍ မြောင်၀မ်ထန်မှာ အမှန်တကယ် ဘာပြောရမလဲ မသိတော့ချေ။ ထန်ရှုက စိတ်ပူမည်မဟုတ်သော်လည်း သူ့မှာတော့ နေမထိထိုင်မသာ ဖြစ်နေရသည်။ ပြောရလျှင် ဤကား မြောင်မိသားစု၏ဘေးကင်းမှုနှင့် သက်ဆိုင်နေသည်မဟုတ်ပါလော။
သူတို့နှစ်ယောက် စကားစမြည်ပြောနေစဉ် ထန်ရှုသည် စိတ်ပိုင်းမဖြတ်ရသေးကြောင်း မြောင်၀မ်ထန်သိလိုက်ရသည်။ ထန်ရှုကို ထပ်မံ ဖိအားမပေးလိုသဖြင့် သူ ရှန်ဟိုင်းမှမပြန်ခင် ထပ်လာဦးမည်ဟုပြောကာ ထွက်ခွာသွားတော့သည်။
ဧည့်ခန်းတွင်း၌။
မြောင်၀မ်ထန် ထွက်သွားသည်ကို ကြည့်ရင်း မု၀မ်ရင်က ခပ်တိုးတိုး မေး၏။ “နင် ဒီကိစ္စကို ဘယ်လိုအဆုံးသတ်စေချင်လဲ”
“လွယ်ပါတယ်” ထန်ရှု အေးဆေးစွာ ပြောသည်။ “ငါ မြောင်ချင်းလဲ့ကို ပညာပေးချင်တယ်။ မြောင်မိသားစုက သူ့ကို နှင်ထုတ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခိုင်းရင် အကောင်းဆုံးပဲ။ သူတို့ကိုအရူးလုပ်ဖို့ အကြောင်းပြချက် အလွယ်တကူရှာလို့ရတယ်”
မု၀မ်ရင်က ခေါင်းညိတ်၏။ “ဒီအကြောင်း မပြောတော့ကြရအောင်။ စကားမစပ် နင် ဒီနေ့ ဘာအစီအစဉ်ရှိလဲ”
“မစဉ်းစားရသေးဘူး” ထန်ရှုက ပြံး၍ ဖြေသည်။
မု၀မ်ရင်မှာ ချက်ချင်း တက်ကြွလာပြီး မေး၏။ “ငါ့ရုံးကို လိုက်ခဲ့မလား။ အခုဆို ကုမ္ပဏီက တိုးချဲ့ထားတော့ အကြီးကြီးဖြစ်နေပြီ။ လုပ်ငန်းကလည်း အဆင်ပြေနေတာဆိုတော့ ငါနဲ့လိုက်ပြီး ကုမ္ပဏီကလူတွေကို အာဏာပြပေးပါဦး”
“ဟမ်” ထန်ရှုက ငိုရခက် ရယ်ရခက် မျက်နှာဖြင့် စိုက်ကြည့်နေလေသည်။ “မင်းက သူဌေးမဟုတ်ဘူးလား။ မင်းရဲ့၀န်ထမ်းတွေကို ငါက အာဏာပြရမှာလား”
မု၀မ်ရင်မှာ အနည်းငယ်ရှက်ရွံ့သွားသော မျက်နှာလေးဖြင့် ထန်ရှု၏လက်မောင်းကို ကိုင်ကာ ပြောလေသည်။ “အင်း အဲ့ဒီလိုလုပ်ရမှာ။ကုမ္ပဏီ ဒီလောက်အထိ ကြီးလာတာ နင့်ကြောင့်လေ။ ဒါကြောင့် ကုမ္ပဏီ၀န်ထမ်းတွေက နင့်ဆို လေးစားကြတယ်။ နင်သာ လာရင် နောက်နောင် ဘယ်သူမှ ငါ့ကို သစ္စာဖောက်ရဲမှာ မဟုတ်ဘူး”
‘ဘာလို့ ဝူကျီတောင်ကို ရိုက်နိုင်စွမ်းရှိတဲ့ ဗုဒ္ဒရူလိုင်လို ခံစားနေရတာပါလိမ့်”
ထန်ရှုက ပြုံး၍ ပြော၏။ သူ့တွင် တစ်နေ့လုံး လုပ်စရာမရှိသဖြင့် သဘောတူလိုက်သည်။ “အင်းလေ ငါက အဲ့လောက်တောင် အာဏာရှိတယ်ဆိုရင်လည်း လိုက်ခဲ့ပါမယ်။ ဒါပေမဲ့ မင်း နေ့လည်စာ ၀ယ်ကျွေးရမယ်နော်”
***