← Chapters

မင်းရဲ့သူဌေးက ဘယ်သူလဲ

Vol. 63 Ch. 871

မင်းရဲ့သူဌေးက ဘယ်သူလဲ

Vol. 63 Ch. 871

မု၀မ်ရင်၏ကြော်ငြာကုမ္ပဏီမှာ ယခုတွင် ၀န်ထမ်းပေါင်း တစ်ရာကျော်ဖြင့် အောင်မြင်နေပြီဖြစ်သည်။ ထို၀န်ထမ်းများထဲမှ အများစုကား တရုတ်နိုင်ငံ၏ထိပ်တန်း ကြော်ငြာစီစဉ်သူများ ဖြစ်၏။

ယခုတွင် ထန်ရှုသည် ဤကုမ္ပဏီ၏နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည်။ ရာထူးကြီးစီနီယာများဖြစ်စေ၊ ၀န်ထမ်းသစ်များဖြစ်စေ နှစ်၀က်အတွင်း ကုမ္ပဏီ ဤမျှတိုးတက်လာခြင်းမှာ သူတို့သူဌေး၏ချစ်သူ၊ ခမ်းနားသော ထန်လုပ်ငန်းစု၏သူဌေး ထန်ရှုကြောင့် ဖြစ်ကြောင်း သိကြသည်။

ထန်ရှုသည် မု၀မ်ရင်နှင့်အတူ လျှောက်လမ်းကျယ်ကြီးမှတဆင့် အထွေထွေမန်နေဂျာ၏ရုံးခန်းသို့ လျှောက်လာ၏။ သူ၏ရောက်ရှိလာမှုက ဤမျှ ရုတ်ရုတ်သဲသဲ ဖြစ်စေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

“ဘုရားရေ သူ‌ဌေးရဲ့ချစ်သူက အရမ်းချောတာပဲ။ ဒီလိုရုပ်ချော၊ ဥစ္စာပေါ ကောင်လေးတစ်ယောက်သာ ရလို့ကတော့ ငါ သေပျော်ပါပြီ”

“သူက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ သူဌေးလား။ သူဌေးနဲ့ လိုက်ပါပေတယ်။ ငါတို့ ကုမ္ပဏီက သူဌေးကိုကြိုက်နေတဲ့ ကျက်သရေတုံးအရုပ်ဆိုးကောင်တွေနဲ့ ကွာပါ့။ မင်းသားလေးနဲ့ ဖားပြုတ်တွေလိုပဲ”

“ဒါက ခမ်းနားသောထန်လုပ်ငန်းစုရဲ့ နာမည်ကြီးသူဌေးပေါ့။ သူက တရုတ်တစ်ပြည်လုံး ဟိုးလေး‌တကျော်ကျော်ဖြစ်သွားစေတဲ့ နတ်ဆေးသမားတော် ထန်ရှုလည်း ဟုတ်တယ်ဆို။ နောက်ဆုံးတော့ ငါ့ရဲ့အိုင်ဒေါကို တွေ့ခွင့်ရခဲ့ပြီ”

“ဘုရားရေ ငါ ဘာလို့ သူနဲ့ ၀င်မတိုက်ခဲ့ရတာလဲ။ ငါ ဒီလူကို သွားတွေ့ရမယ်...”

“လေးစားစရာလူပဲ....”

“.....”

အထွေထွေမန်နေဂျာ၏ရုံးခန်းထဲတွင်။

ထန်ရှုက ဆိုဖာတစ်လုံးပေါ်တွင် ခြေချိတ်ထိုင်ရင်း ရုတ်ရုတ်သဲသဲဖြစ်နေသော အခြေအနေများကို ကြည့်လိုက်၏။ သူက မု၀မ်ရင်ကို ကျောပေးလျက် ပြုံးကာ ပြောလိုက်သည်။ “လူတစ်ယောက်က အမြင့်ကို ရောက်‌ပြီး သူအောက်က သက်ရှိတွေကို ကြည့်လိုက်ရင် ခံစားရတဲ့အထီးကျန်မှုကို တားဆီးလို့မရဘူး။ လူတွေက သူတို့လိုချင်တာရဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာ အထီးကျန်မှုကပဲ စောင့်နေမယ်ဆိုတာ မသိကြဘူး”

မု၀မ်ရင် ရယ်လျက် ပြောသည်။ “နင်ရော ထိပ်ဆုံးကို မရောက်သေးဘူးလား”

ထန်ရှုကို မု၀မ်ရင်ကို လှည့်ကြည့်၍ ခေါင်းခါရမ်းကာ ပြော၏။ “ငါ အခုအချိန်မှာ မင်းကို ပြောပြလို့မရတဲ့ ကိစ္စလေးတွေ ရှိတယ်။ ဒါပေမဲ့ ငါ အထီးကျန်မှုကို ကောင်းကောင်းကြီး ခံစားခဲ့ဖူးပြီ”

မု၀မ်ရင်သည် ထန်ရှုက ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိသဖြင့် ခေါင်းညိတ်ကာ‌ ပြောသည်။ “နင် ထိပ်ဆုံးရောက်ပြီး အောက်ကဖြစ်တည်မှုကို ငုံ့ကြည့်တဲ့အခါပဲဖြစ်ဖြစ်၊ လူကြားထဲမှာ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ငါ နင်နဲ့အတူ ရှိနေမယ်”

“ဝိုး...မိန်းမလှလေးမုဆီက ဒီလို ကြည်နူးစရာစကားလေးတွေ ကြားရမယ်လို့ ထင်မထားဘူး” ထန်ရှုက ပြုံးလျက် ကျီစယ်လိုက်သည်။ “အင်း အဲ့လိုကြားရတာ စိတ်ချမ်းသာစရာပဲ”

“နင်က တော်တော် အမြင်ကတ်စရာကောင်းတာပဲ” မု၀မ်ရင်သည် သူမ၏ ပြလေ့ပြထမရှိသော မိန်းကလေးဆန်မှုဖြင့် ထန်ရှုအား မျက်စောင်းလေးထိုးလိုက်သည်။

ဒေါက်...ဒေါက်

တံခါးခေါက်သံကြားလိုက်ရပြီး မု၀မ်ရင်၏အတွင်းရေးမှူးမိန်းကလေးက ၀င်လာ၏။ “သူဌေး မစ္စတာထန် လက်ဖက်ရည်လာပို့တာပါ”

“ကျေးဇူး‌ပါ” ထန်ရှုက ပြုံး၍ ခေါင်းညိတ်ပြသည်။

အတွင်းရေးမှူးမိန်းက‌လေးက ပြန်လည်ပြုံးပြ၏။ သူမ အပြင်ထွက်သွားချိန်တွင် အော်ဟစ်သံအား ကြားလိုက်ကြသည်။ “ဟေ့ ဒီမှာ ဘာလို့စုပြုံနေကြတာလဲ။ ကိုယ့်အလုပ် ကိုယ်သွားလုပ်ကြ”

မိန်းကလေးငယ်များ၏ ပွစိပွစိပြောသံများကို တံခါးအပြင်တွင် ကြားရနိုင်၏။ ထိုမိန်းကလေးများက အတွင်းရေးမှူးကို တစ်ချက်ကလေးပင် မကြောက်ဘဲ ပြုံး၍ ထန်ရှု၏အချစ်ရေးအကြောင်း မေးမြန်းနေကြလေသည်။

ရုံးခန်းအတွင်း၌ မု၀မ်ရင်က တခစ်ခစ် ရယ်၏။ “ဒီနေ့က ကုမ္ပဏီက မိန်းကလေးတစ်ယောက်မှ အလုပ်လုပ်တော့မှာမဟုတ်ဘူး”

“ယောက်ျားလေးတွေလည်း စိတ်ဓာတ်ကျပြီး အလုပ်လုပ်နိုင်ကြမယ် မထင်ဘူး” ထန်ရှုက ပြုံး၍ ပြောသည်။

ထိုသို့ပြောပြီးနောက် သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်၏။

နေ့လည်ရောက်သောအခါ ထန်ရှုသည် ကုမ္ပဏီ၌ နေ့လည်စာစားပြီးနောက် ထွက်ခွာသွား၏။ ကျန့်ချင်းဖန်သည် မနေ့ညက တွေ့ခဲ့သော မိတ်ဆွေများနှင့် မု၀မ်ရင်အား မိတ်ဆက်ပေးရန် ရောက်လာသဖြင့် မု၀မ်ရင်မှာ အလုပ်များနေတော့သည်။

“တိုက်ပွဲတစ်ခု ဖြစ်နေတယ် သူဌေး”

ပြန်လမ်းတွင် မိုအားဝူသည် ဖုန်းကိုင်လျက် ထန်ရှုအား အစီအရင်ခံလိုက်သည်။

“ဘာကြောင့်လဲ။ တိုက်နေတာက ဘယ်သူ‌‌‌တွေလဲ” ထန်ရှုမှာ ကြောင်အသွား၏။

“စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းရဲ့ အဖွဲ့၀င်တွေနဲ့ အနောက်တိုင်းဗန်ပိုင်းယားတွေက သုခဘုံစံအိမ်မှာ တိုက်နေကြတယ်လို့ ကျွန်တော့်ဖုန်းထဲ မက်ဆေ့၀င်လာခဲ့ပါတယ်”

ထန်ရှု၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှန်းကျန် ထိုနေရာ၌ရှိသည်ကို သတိရလိုက်၏။ အနောက်တိုင်းဗန်ပိုင်းယားတွေက ရှန်းကျန်ဆီကို လာတာလား။ ဒါမှမဟုတ် သူတို့က မဟူရာကလပ်ကလား။

ထိုသို့တွေးပြီးနောက် သူက ခပ်ဩဩလေသံဖြင့် ပြောသည်။ “သုခဘုံစံအိမ်မှာ‌ စောင့်ကြပ်နေတဲ့လူကို အကြောင်းကြားပြီး ဗန်ပိုင်းယားတွေကို တဇွတ်ထိုးမလုပ်ဖို့ သတိပေးခိုင်း။ မလိုက်နာရင် ညှာတာမနေဖို့ပါ‌ ပြောလိုက်”

“နားလည်ပြီ” မိုအားဝူက ပြန်ဖြေ၍ ဖုန်းကို ယူလိုက်သည်။

......

သုခဘုံစံအိမ်တွင်။

သွမ့်မုလင်းသည် နဂါးခေါင်းလက်ကိုင်ရှိသည့် တောင်ဝှေးကို အားပြု၍ ရပ်နေ၏။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေလေသည်။ စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းမှ စွမ်းရည်အသုံးပြုသူ ၁၂ ယောက်မှာလည်း ဒဏ်ရာများရလျက် လူ ၇ ယောက်....အတိအကျပြောရလျှင် တောင်ပံများ ဖြန့်လျက် ရပ်‌နေသော ‌ဗန်ပိုင်းယား ၇ ယောက်ကို ကြည့်နေကြသည်။

သူတို့အားလုံး၏အလယ်တွင် ရပ်နေသူကား ဆံပင်ရွှေရောင်နှင့်မျက်လုံးပြာများ ပိုင်ဆိုင်ထားသည့် ခပ်ချောချောလူငယ်တစ်ယောက်ပင်။ သူသည် ပေါ့ပေါ့ပါးပါး အဖြူရောင်အ၀တ်များကို ၀တ်ဆင်ထားသော်လည်း ၎င်းတို့တွင် သွေးများ ပေကျံနေ၏။ ထိုအခိုက်အတန့်တွင် သူ၏ကြောက်မက်ဖွယ်အရှိန်အဝါမှာ တဟုန်ထိုးမြင့်တက်နေသည်။ သူ့လက်ထဲတွင် အ‌မှောင်အရှိန်အဝါကို ထုတ်လွှတ်နေသော အရိုးခေါင်းတောင်ဝှေးတစ်ချောင်းကို ကိုင်ထား၏။

“ခင်ဗျားတို့ ထွက်သွားလိုက်တာကောင်းမယ်။ ခင်ဗျားတို့ဘယ်သူလဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ မထွက်သွားလို့ ကျုပ်မညှာတာရင် ကျုပ်အဆိုးမဆိုနဲ့” ခပ်ချောချောလူငယ်က လည်ပင်းကို တဂျွတ်ဂျွတ်မြည်အောင် ချိုးလိုက်သည်။ သူ၏နီရဲနေသောမျက်လုံးများနှင့် ချွန်ထက်လှသော အစွယ်များက ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း ညွှန်ပြနေလေသည်။

“မင်းကို မနေ့ညတည်းက ထွက်သွားဖို့ သတိပေးပြီးသား။ ဒါ ငါတို့နိုင်ငံ မင်းတို့ရဲ့အနောက်တိုင်းမဟုတ်ဘူး” သွမ့်မုလင်းက အေးစက်စက် ပြန်ပြောသည်။ “ဒါပေမဲ့ မင်းတို့က နားမထောင်တဲ့အပြင် တရုတ်လူမျိုးတွေကို တိုက်ခိုက်ပြီးတော့ သူတို့သွေးကိုလည်း သောက်ခဲ့သေးတယ်”

“သွေးက ကျုပ်တို့ရဲ့အစာ သောက်ရမှာပဲ။ ခင်ဗျားက ကျုပ်တို့ကို အားနည်းသွားစေချင်တာလား” ခပ်ချောချောလူငယ်က ကြက်သီးထဖွယ်အပြုံးဖြင့် ပြောသည်။ “ပြီးတော့ ကျုပ်တို့က သွေးပဲစုပ်တာ။ အသေလည်းမသတ်သလို ကျွန်အဖြစ်လည်း ခေါ်သွားတာမဟုတ်ဘူး။ ခင်ဗျားတို့ စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းက ဒီလိုအသေးအဖွဲတွေကို ဂရုစိုက်လို့လား”

“ငါတို့နဲ့ မျိုးနွယ်ချင်းမတူတဲ့အတွက် ခံယူချက်ကလည်း တူမှာမဟုတ်ဘူး” သွမ့်မုလင်းက အေးစက်စက် ဖြေသည်။ “မင်း တရုတ်မှာနေတာ ငါတို့အတွက် အန္တရာယ်တစ်ခုပဲ။ ဆိုတော့ အခုချက်ချင်းထွက်သွားစမ်း။ မင်းတို့ကို သတ်တော့မှ ငါတို့အဆိုးမဆိုနဲ့”

ခပ်ချောချောလူငယ်၏တောင်ပံများမှာ လှုပ်ခတ်သွားပြီး သူက အရိုးခေါင်းတောင်ဝှေးကို လွှဲရမ်းလိုက်သည်။ အနက်ရောင်ဆိုင်ကလုန်းနှစ်ခုက ရုတ်ချည်းပေါ်လာကာ စွမ်းရည်အသုံးပြုသူနှစ်ယောက်ထံ ပြေး၀င်သွား၏။

“ရွှေအကာအရံ”

ထိုစွမ်းရည်အသုံးပြုသူနှစ်ယောက် လွင့်ထွက်သွားသည့်အချိန်မှာပင် ဗလတောင့်တောင် သက်လတ်ပိုင်းဒြပ်စင်ပညာရှင်တစ်‌ယောက်က‌ ရှေ့ထွက်လာ၍ သူ၏အထူးစွမ်းရည်ကို အသက်သွင်းလိုက်သည်။ များစွာသော သတ္တုများ အရည်ပျော်သွားပြီး စွမ်းရည်အသုံးပြုသူနှစ်ယောက်အား အနက်ရောင်ဆိုင်ကလုန်းများမှ ကာကွယ်ရန် ဒိုင်းတစ်ခုအဖြစ် အသွင်ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် သတ္တုအပ်တစ်ချောင်းက လျှပ်စီးအလား အနက်ရောင်ဆိုင်ကလုန်းအား ဖောက်ထွက်ကာ ‌ခပ်ချောချောလူငယ်၏ရင်ဘတ်တွင် ထိုးစိုက်သွား၏။

“ဟက်...” လူငယ်က မသတီစရာအပြုံးဖြင့် ပြုံးလိုက်သည်။ သူ၏ရင်ဘတ်ကြွက်သားများအား တောင့်တင်းထားသဖြင့် အပ်သည် စင်တီမီတာ၀က်ခန့်သာ ထိုး၀င်သွားနိုင်၏။

ထိုသို့ဖြင့် တိုက်ပွဲ တဖန်စတင်ပြန်သည်။

ထိုအချိန်တွင်မူ လူရိပ်လေးခုက အရပ်လေးမျက်နှာမှ လျှပ်စီးများသဖွယ် ပြေးဝင်လာကြ၏။ တဟုန်းဟုန်းထနေသော အရှိန်အဝါများဖြင့် အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက် ဖြစ်ပေသည်။ သူတို့၏ထွက်ပေါ်လာမှုကြောင့် နှစ်ဖွဲ့လုံးမှာ မျက်နှာပျက်သွားကြပြီး တိုက်ပွဲကို ခေတ္တ ရပ်ဆိုင်းလိုက်၏။

“ကျုပ်တို့ သူဌေးက အမိန့်ပေးလိုက်တယ်။ ခင်ဗျားတို့ သုခဘုံစံအိမ်မှာ တိုက်ခိုက်ခွင့်မရှိဘူး။ သူ့အမိန့်ကို မနာခံလို့ ခင်ဗျားတို့ကို တိုက်ခိုက်ရင် ကျုပ်တို့အဆိုးမဆိုနဲ့” ထာ၀ရခန်းမ၏ အရပ်အရှည်ရှည်၊ ဗလတောင့်တောင့် ကျွမ်းကျင်သူက လေးနက်စွာ အော်ဟစ်လိုက်သည်။ သူ၏အသတ်အဖြတ်အရှိန်အဝါကား ပွက်ပွက်ဆူနေ၏။

သွမ့်မုလင်းက ဗလတောင့်တောင့်လူအား မျက်မှောင်ကြုတ်၍ ကြည့်ကာ မေးလိုက်သည်။ “မင်းရဲ့သူဌေးက ဘယ်သူလဲ”

“ခင်ဗျား မကြာခင် သိရမှာပါ” ဗလတောင့်တောင့်လူက ဂရုမစိုက်ဟန်ဖြင့် ဖြေသည်။ “သူ ဒီကိုလာနေပြီဆိုတော့ အများဆုံးနာရီ၀က်အတွင်း ရောက်လိမ့်မယ်”

နာရီ၀က်လား..

သွမ့်မုလင်းက ဗန်ပိုင်းယား ၇ ကောင်အား အေးစက်စက် စိုက်ကြည့်၍ ခပ်သြသြ ပြော၏။ “မင်းတို့သူဌေးက ဒီနေရာရဲ့ပိုင်ရှင်ဆိုတော့ ငါတို့ ဒီမှာ နာရီဝက်စောင့်မယ်”

ဗန်ပိုင်းယားလူငယ်က ထိုလူလေးယောက်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူတို့ပိုင်ဆိုင်ထားသည့် ခွန်အားကို သူ ခံစားနေရ၏။ ထိုလေးယောက်အား သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ခြုံခိုတိုက်ရန် စောင့်ဆိုင်းနေကြသည့် အခြားကျွမ်းကျင်သူများ ရှိ၊မရှိ သူ သေချာမသိချေ။

“ဒီတရုတ်တွေက ရိုင်းစိုင်းလွန်းတယ် သခင်။ သူတို့ကို သတ်လိုက်ကြရအောင်” ‌ဗန်ပိုင်းယားတစ်ကောင်က တောင်ပံအား တဖြတ်ဖြတ် ခတ်လျက် ပြော၏။

လူငယ်က တိုက်ခိုက်ရန်အသင့်ဖြစ်နေသည့် ကျန်ဗန်ပိုင်းယားခြောက်ယောက်အား လက်ကာပြလိုက်သည်။ ထို့နောက် သူက ဗလတောင့်တောင့်လူကို ကြည့်၍ မေး၏။ “မင်းတို့သူဌေးက ဘယ်သူလဲ”

ထိုလူ အေးစက်စွာပင် ပြန်ဖြေသည်။ “မင်းကို နာရီ၀က်စောင့်ရင် တွေ့ရမယ်လို့ ပြောထားတယ်မလား။ အထူးသဖြင့် မင်းတို့ ဗန်ပိုင်းယားတွေ။ ငါတို့သူဌေးရောက်မလာခင် တိုက်ခိုက်လို့ကတော့ မင်းတို့အားလုံးကို အမြစ်ပြတ်သုတ်သင်ပစ်မယ်”

“အာကျယ်လိုက်တာ”

ခပ်ချောချောလူငယ်မှာ ဒေါသထွက်နေသော်လည်း တိုက်ခိုက်ခြင်းမပြုပေ။

အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးနေ၏။

အနီးရှိအမိုးတစ်ခုပေါ်တွင် ထိုင်နေသော အိုးရန်လူလူက တခဏ ရပ်ထားသော တိုက်ပွဲအား မှိုင်တွေကာ ကြည့်နေ၏။ နောက်မှ ရောက်လာခဲ့သော လူလေးယောက်ကိုသာ သူမ သိပေသည်။ သူတို့ကား သုခဘုံစံအိမ်ကို စောင့်ကြပ်ရန် ထန်ရှုနေရာချထားသူများ ဖြစ်၏။ သူမသည် ဗန်ပိုင်းယားကိုမြင်ခဲ့ဖူးသည်။ သုခဘုံစံအိမ်တွင် နေဖူးသော ရှန်းကျန်ပင်။ သို့သော် လွန်ခဲ့သောတစ်ရက်က မိုရီသည် သူမ၏သွေးကို အများအပြား သောက်သွားခဲ့သောကြောင့် ဟန်ကျင်းထုံကို ဒေါသတကြီးလိုက်ရှာခဲ့သော်လည်း ယခု ဤနေရာ၌မရှိချေ။

‘ထန်ရှုသာ ရှိနေရင် ကောင်းမှာပဲ။ နင်တို့က တကယ်ကြီး ငါ့နေရာမှာ လာတိုက်ရဲတယ်။ ငါ့စီးပွားရေးကို နှောင့်ယှက်တဲ့အတွက် ကောင်းကောင်းပညာပြပေးရမယ်'

အိုးရန်လူလူက တစ်ချက် သန်းဝေလိုက်ပြီး ပျင်းရိစွာဖြင့် ဖုန်းစခရင်အား ကြည့်နေလေသည်။

မိနစ် ၂၀ ကြာပြီးနောက် ဤနေရာသို့ တန်းတန်းမတ်မတ်‌ မောင်းနှင်လာသော ကားတစ်စီးကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွား၏။ အထဲ၌ မည်သူပါလာသည်လဲ သူမမသိသော်လည်း ဤသို့ ပျင်းရိပျင်းတွဲဖြင့် အချိန်ဖြုန်းနေရသည်ထက် ပို၍ကောင်းလေသည်။

‘ဒီနေရာက တော်တော်သက်၀င်စည်ကားနေတာပဲ။ ပိုပြီး အင်အားကြီးတဲ့လူ ဖြစ်ပါစေ'

အိုးရန်လူလူ စိတ်ကူးယဉ်လိုက်သည်။

လူအုပ်အတွင်းသို့ ကား၀င်ရောက်လာသည့်အခါ အထဲရှိလူကို မြင်လိုက်ရသဖြင့် သူ၏မျက်၀န်းထဲတွင် အံ့ဩမှင်သက်မှုများ ပြည့်နှက်သွား၏။ ထန်ရှု ပြန်ရောက်လာလေပြီ။

ထန်ရှုရောက်လာခြင်းက ထိုနေရာရှိလူအားလုံး၏ စိတ်၀င်စားမှုကို သိမ်းပိုက်လိုက်သည်။ သို့သော် တိုက်ပွဲ‌ကြောင့် ပျက်စီးသွားသော အဆောက်အဦးနှစ်ခုကို ကြည့်ရင်း ထန်ရှု၏မျက်ခုံးများမှာ တွန့်ချိုးသွား၏။

“စီနီယာသွမ့်မု ဒီကိစ္စကို ရပ်လိုက်ပါ။ ပြီးတော့ အပျက်အစီးတွေအတွက် ကုန်ကျစရိတ်ကိုလည်း တောင်းရဦးမယ်”

သွမ့်မုလင်းက ထန်ရှုအား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ပြော၏။ “ဒီလူတွေ ပေါ်လာကတည်းက မင်းက သူတို့သူဌေးဖြစ်မယ်ဆိုတာ ခန့်မှန်းပြီးသားပါ။ သုခဘုံစံအိမ်ကပါ မင်းရဲ့လုပ်ငန်းဖြစ်နေမယ်လို့ ထင်မထားဘူး။ ပြီးတော့ ငါ့ရဲ့စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းက မွဲတေမနေပါဘူး။ မင်းကို ကုန်ကျစရိတ် ပေးနိုင်တယ်”

ထန်ရှုက ‌ခပ်ဖွဖွပြုံး၍ ခပ်ချောချောလူငယ်အား လှမ်းကြည့်လိုက်သည်။ “မင်း ဘယ်ဗန်ပိုင်းယားကလန်ကလာလဲ ဂါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ပိုင်နက်မှာ ပျက်စီးအောင်လုပ်ခဲ့တယ်။ အဲ့ဒါကြောင့် ကုန်ကျစရိတ်တော့ ပြန်ပေးရမှာပဲ။ မင်းတို့ ဗန်ပိုင်းယားတွေက စောက်ရမ်းချမ်းသာတယ်ဆိုတော့ သန်း ၁၀၀ တောင်းရမယ်”

“မင်းက ဘယ်ကကောင်လဲကွ” ခပ်ချောချောလူငယ်က အေးစက်စက် ပြောသည်။

“ငါက သုခဘုံကလပ်ရဲ့သူဌေးပဲ” ထန်ရှုက ပြောသည်။

ခပ်ချောချောလူငယ်က ထန်ရှုဘေးရှိ မိုအားဝူအား ကြည့်ပြီးနောက် တခဏ စဉ်းစားကာ ပြော၏။ “မင်း ငါတို့ကို ဒီစွမ်းရည်အသုံးပြုသူတွေ မနှောင့်ယှက်အောင် လုပ်ပေးရင် ပေးမယ်”

“ဟားဟား” ထန်ရှုက ခပ်သော့သော့ ရယ်ကာ ပြော၏။ “မင်း စကားအရ တရုတ်ကို ပြဿနာရှာဖို့ လာခဲ့တဲ့ပုံပဲ”

***

All Chapters