← Chapters

ဧရာမအပေးအယူ

Vol. 63 Ch. 872

ဧရာမအပေးအယူ

Vol. 63 Ch. 872

ခပ်ချောချောလူငယ်က သူ၏အတောင်များကို ပြန်ရုတ်လိုက်သည်။ သူြမျက်လုံးများရှိ သွေးရောင်မှာ ပျောက်ကွယ်သွားပြီး အစွယ်များကလည်း တဖြည်းဖြည်း ကျုံ့၀င်သွား၏။ သူက ထန်ရှုကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရူးမိုက်မိုက် မပြုမူရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက တရုတ်စကားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ပြော၏။ “ငါတို့ တရုတ်မှာ လူတစ်ယောက်လာရှာတာ။ ပြဿနာလာရှာတာမဟုတ်ဘူး။ ငါတို့ ဘယ်သူ့ကိုမှလည်း မသတ်ခဲ့ဘူး။ စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းကသာ ငါတို့ကို ရန်လာစတာ”

“သွေးစုပ်တာပဲဖြစ်ဖြစ် သတ်တာပဲဖြစ်ဖြစ် နှစ်ခုလုံးက တူတူပဲ” သွမ့်မုလင်းက ပြောသည်။ “မင်းတို့ ‌ဗန်ပိုင်းယားတွေ သွေးသောက်ဖို့လိုတာ သိပေမယ့် တရုတ်လူမျိုးတွေကိုတော့ လာမထိနဲ့”

“ကျုပ်တို့က သူတို့ဆီက သွေးနည်းနည်းပဲယူတာ။ သူတို့အတွက် အသက်အန္တရာယ်မရှိဘူး။ ခဏပဲ အားနည်းမှာ” ခပ်ချောချောလူငယ်က ဒေါသတကြီး ပြော၏။ “ပြီးတော့ သူတို့သွေးကိုမစုပ်ခင် မေ့မြောအောင် လုပ်ထားပြီးသား။ ကျုပ်တို့ ဖြစ်တည်မှုကို ပေါက်ကြားအောင် လုပ်မှာမဟုတ်ဘူး။ ထပ်ပြောရရင် အဲ့ဒီမိန်းကလေးတွေအားလုံးအတွက် ဟိုတယ်မှာ ငွေထားခဲ့ပြီးသား”

“မင်းက ငွေပါထားခဲ့တာလား” ထန်ရှုမှာ အံ့အားသင့်သွားသည်။ “ဘယ်လောက်လဲ”

“တစ်သိန်း” လူငယ်က ဖြေသည်။

“ယွမ်တစ်သိန်းလား။ အတော်များသားပဲ” ထန်ရှုက ခေါင်းညိတ်၏။ “လျော့သွားတဲ့အတွက် အာဟာရဖြည့်ဖို့ လုံလောက်ပါတယ်”

“စတာလင်ပေါင်ကွ” လူငယ်က ထပ်ပြောသည်။ “ဒါပေမဲ့ အဲ့ဒီမိန်းမတွေက တုံးလွန်းအားကြီးတယ်။ သူတို့က စတာလင်ပေါင်မှန်းမသိပဲနဲ့ ရဲတောင်‌ ခေါ်လိုက်သေးတယ်။ တကယ့်စောက်ရူးတွေ”

အဟွတ်....အဟွတ်။

ထန်ရှုမှာ ထိုမိန်းကလေးများအစား ရှက်မိသည်။ သူတို့သွေးပမာဏ အနည်းငယ်သာ‌ ပေးလိုက်ရပြီး ယွမ်ရှစ်သိန်းကျော် ပြန်ရလိုက်၏။ သူတို့သာ အမှန်တကယ် ငွေကြိုက်ပါက စတာလင်ပေါင်မှန်း သိသွားပါက ပျော်သွားကြပေလိမ့်မည်။

“ထန်ရှု”

အိုးရန်လူလူက‌ ပြေးလာပြီး ထန်ရှု၏လက်မောင်းကို ဆွဲကိုင်လိုက်၏။ သူမ၏ရုပ်ရည်သွင်ပြင်ကြောင့် သွမ့်မုလင်းအပါအ၀င် လူအားလုံးမှာ အံ့အားသင့်သွားကြသည်။

ထန်ရှုက သူမအား အသာအယာ ‌ပြုံးပြ၏။ ထို့နောက် သူက လူငယ်အား ထပ်မံမေးလိုက်သည်။ “ဒါနဲ့ မင်းရှာနေတဲ့လူဆိုတာ ဘယ်သူလဲ”

“ငါ့ညီမ ရှန်းကျန်” ခပ်ချောချောလူငယ်က ဖြေ၏။

“မင်းက ဆော့ဘက် ကလား” ထန်ရှုက တအံ့တဩ မေးလေသည်။

ခပ်ချောချောလူငယ်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူက လေးပင်စွာ မေး၏။ “မင်း ဘယ်လိုလုပ်သိတာလဲ။ မင်းက ဘယ်ကကောင်လဲ”

ထန်ရှုက ပြုံးရုံသာပြုံး၍ သွမ့်မုလင်းအား လှည့်ကြည့်လိုက်သည်။ “စီနီယာသွမ့်မု သူတို့ကို ကျွန်တော့်လက်ထဲ လွှဲပေးလိုက်ပါ။ ကျွန်တော်တို့နိုင်ငံထဲမှာ ပြဿနာမရှာစေရဘူးလို့ အာမခံပါတယ်။ ဒီလို သွေးစုပ်တဲ့ပြဿနာတွေလည်း ထပ်မဖြစ်စေရပါဘူး။ သူတို့ တစ်ပတ်အတွင်း တရုတ်နိုင်ငံကနေ ထွက်သွားစေရပါမယ်”

“ငါ မင်းကို ယုံပြီး စိတ်ချပါ့မယ်။ ဒါပေမဲ့ မင်း သူတို့ကို သိလို့လား” သွမ့်မုလင်းက မျက်မှောင်ကြုတ်၍ မေး၏။

“ဒီသုခဘုံကလပ်ထဲမှာ နေတဲ့ ဗန်ပိုင်းယားတစ်ယောက်ရှိပါတယ်။ သူရဲ့ညီမ ရှန်းကျန်ပါ” ထန်ရှုက ပြုံး၍ ဖြေသည်။

သွမ့်မုလင်းက တခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြော၏။ “ဒါဆို မင်းကို အပ်လိုက်မယ်”

ထိုသို့ပြောပြီးနောက် သူက အလာပသလာပ ပြောမနေတော့ဘဲ စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းကို ခေါ်၍ ထွက်သွားတော့သည်။ သူတို့ သုခဘုံစံအိမ်အတွင်းမှ ထွက်လာသောအခါ ဗလတောင့်တောင့် သက်လတ်ပိုင်းလူက မခံမရပ်နိုင်သော မျက်နှာအမူအရာဖြင့် ပြော၏။ “ခေါင်းဆောင် အဲ့ဒီသုခဘုံကလပ်ရဲ့ခေါင်းဆောင်က ဘယ်သူလဲ။ ဘာလို့ ဗန်ပိုင်းယားတွေကို သူ့လက်ထဲ ထည့်လိုက်ရတာလဲ။ ဗန်ပိုင်းယားတွေ ပြဿနာမရှာအောင် ရှင်းပစ်လိုက်ရမှာမဟုတ်ဘူးလား”

သွမ့်မုလင်း၏အိုမင်းနေသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြောလေသည်။ “မင်းက သီးသန့်ကျင့်ကြံနေတာကနေ ထွက်လာတာဆိုတော့ လတ်တလောကိစ္စ‌တွေကို သိမှာမဟုတ်ဘူး။ ငါတို့နိုင်ငံမှာ အင်အားအကြီးဆုံးအဖွဲ့က ငါတို့စွမ်းရည်အသုံးပြုသူအဖွဲ့မဟုတ်ဘူး။ သူ့ရဲ့ ထာ၀ရခန်းမပဲ။  ငါတောင် ထာ၀ရခန်းမရဲ့ စွမ်းအားအစစ်အမှန်က ဘယ်လောက်ကြောက်ဖို့ကောင်းသလဲ သေချာမသိသေးဘူး”

“ထာ၀ရခန်းမဟုတ်လား။ ကျွန်တော် ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ” သက်လတ်ပိုင်းလူမှာ စိတ်ရှုပ်ထွေးနေချေသည်။

“ထာ၀ရခန်းမက အရင်တည်းက ဇာတ်မြုပ်ပြီး နေတာ။ ငါတောင် လွန်ခဲ့တဲ့နှစ်နှစ်ကမှ သိတာ” သွမ့်မုလင်းက ရှင်းပြသည်။ “‌ယေဘုယျအချက်လေးတွေပဲ သိရသေးတာတောင် ထာ၀ရခန်းမရဲ့အင်အားက ငါတို့စွမ်းရည်အသုံးပြုသူအဖွဲ့ထက် ထောင်ပေါင်းများစွာ သာလိမ့်မယ်”

ဟင်......

သက်လတ်ပိုင်းလူမှာ ပင့်သက်ရှိုက်မိပြီး ‌တအံ့တဩ မေး၏။ “တကယ်ကို ကြောက်စရာကောင်းတဲ့စွမ်းအားပဲ။ ဒါပေမဲ့ နိုင်ငံက ဘယ်လိုလုပ်ခွင့်ပြု.....”

သွမ့်မုလင်းက လက်မြှောက်၍ စကားစဖြတ်လိုက်သည်။ သူက ခေါင်းခါ၍ ခါးသက်သက် ရယ်လိုက်၏။ “နိုင်ငံကလား။ ငါတို့နိုင်ငံမပြောနဲ့။ တစ်ကမ္ဘာလုံး နိုင်ငံတွေအကုန်ပေါင်းရင်တောင် ‌ထာ၀ရခန်းမကို အမြစ်ဖြတ်နိုင်မှာမဟုတ်ဘူး။ ဒီကျင့်ကြံသူအဖွဲ့ကို ဘယ်တော့မှ ရန်မစမိစေနဲ့။ သူတို့က သာမန်ကိစ္စတွေကို ၀င်ပါမှာမဟုတ်သလို သူများပိုင်နက်ကိုလည်း ကျူးကျော်မှာ မဟုတ်ဘူး”

ကျင့်ကြံသူတွေလား

ဗလတောင့်တောင့် သက်လတ်ပိုင်းလူမှာ ကြက်သီးမွေးညင်းများ ထသွား၏။ သူသည် အတိတ်တုန်းက ကျင့်ကြံသူများကို တွေ့ခဲ့ဖူးသော်လည်း ထာ၀ရခန်းမသည် ကျင့်ကြံသူများနှင့် ဖွဲ့စည်းထားလိမ့်မည်ဟု ထင်မထားခဲ့ချေ။

“ဒါဆို အဲ့ဒီထန်ရှုက....”

“ငါ အမှန်အတိုင်းပြောရရင် သူ့ရဲ့သရုပ်မှန်ကိုလည်း မသိသေးဘူး” သွမ့်မုလင်းက ကူကယ်ရာမဲ့စွာ ပြောသည်။ “ထာ၀ရခန်းမရဲ့ကျင့်ကြံသူတွေအကုန်လုံးက သူ့ကို သူဌေးလို့ ခေါ်ကြတယ်။ ဒါပေမဲ့ ကြောက်စရာခွန်အားကို ပိုင်ဆိုင်ထားတဲ့ ထာ၀ရခန်းမရဲ့တည်ထောင်သူကတော့ ဆရာသခင်လို့‌ ခေါ်တယ်။ သူ့ထက် အသက်ကြီးတဲ့ တချို့လူတွေကတောင် သူ့ကို ဆရာအဘိုးလို့ခေါ်ကြတယ်”

“ဒါ....”

ဗလ‌တောင့်တောင့် သက်လတ်ပိုင်းလူမှာ ကြောင်အသွားတော့သည်။ ထိုသို့ စီနီယာအဆင့်မျိုးနှင့် မျိုးဆက်ရာထူးများက သူ့ကို ကြက်သီးမွေးညင်းများပင် ထသွားစေ၏။ ထန်ရှုသည် အင်မတန်ငယ်ရွယ်သော်လည်း မြေးတပည့်များပင် ရှိချေသည်။ အရေးအကြီးဆုံးကား သူ၏ဆရာသခင်ကမည်သူနည်း။ သူ့တွင် အခြားအကြီးအကဲများ ရှိ‌သည်လော။

သုခဘုံစံအိမ်တွင်။

ထန်ရှုက ဆော့ဘက်မှ ဗန်ပိုင်းယားခုနစ်ယောက်ကို ရှင်းကျန်နေသည့် ဥရောပစတိုင်အဆောက်အဦးဆီသို့ ခေါ်သွား၏။ အိုးရန်လူလူက မွှေးရနံ့သင်းပျံ့နေသော လက်ဖက်ရည်ကြိုနေစဉ် ထန်ရှုက မေးသည်။ “ရှင်းကျန်က ဘယ်မှာလဲ။ ဒီမှာ တိုက်ပွဲဖြစ်သွားတာကို သူ သတိမထားမိဘဲ ထွက်မလာတာ မဖြစ်နိုင်ဘူး”

“အင်း ပါမောက္ခမိုရီက မနေ့တုန်းက သူ့သွေးတွေကို အများကြီး ယူသွားခဲ့တယ်လေ။ အဲ့ဒါနဲ့ ‌ဒေါသထွက်ပြီး ဟန်ကျင်းထုံဆီ တိုင်ပြောမလို့ ထွက်သွားတာပဲ။ ငါ သူ့ကိုဖုန်းခေါ်ပေမယ့် ဖုန်းပိတ်ထားတယ်”

“မင်း ဘာပြောလိုက်တယ်” ရှန်းကျီလေမှာ မျက်နှာပျက်သွားပြီး ရုတ်တရက် ထရပ်ကာ အော်၏။ “မင်းက ငါ့ညီမရဲ့ သွေးကို ဖောက်ယူရဲတယ်ပေါ့။ ဗန်ပိုင်းယားတွေရဲ့ သွေးကိုဖောက်တာ ငါတို့အတွက် အန္တရာယ်များတာ မသိဘူးလား”

ထန်ရှုက မျက်လုံးဝေ့၍ ခပ်ပေါ့ပေါ့ ပြောသည်။ “ရှန်းကျန်သာ သူ့အတွက်အန္တရာယ်ရှိတယ်လို့ထင်ရင် ငါတို့ဆီမှာ နေပြီး သူ့ရဲ့သွေးကို သုတေသနလုပ်ဖို့ သဘောတူမှာမဟုတ်ဘူး။ ‌ဆေးလုံးကိုသာ သောက်ကြည့်လိုက်။ အရသာရှိတယ်လို့ထင်ရင် ဒီမှာ တစ်ပတ်လောက်နေပြီး ငါ့ရဲ့သုတေသနပညာရှင်တွေကို ကူညီပေး”

ဆေးလုံးလား

ရှန်းကျီလေသည် သူ၏ညီမဖြစ်သူထံမှ အဆက်အသွယ်ရရှိခဲ့ပြီး ဆေးလုံးအကြောင်းကို သိရှိခဲ့ရ၏။ သူက လက်ထဲရှိ ကြည်လင်နေသော ဆေးလုံးကို ကြည့်ရင်း တခဏ တုံ့ဆိုင်းနေလေသည်။ ထို့နောက် သူ့အနောက်ရှိ ဗန်ပိုင်းယားဆီ ပစ်ပေး၍ ခပ်ဩဩလေသံဖြင့် ပြော၏။ “မင်း သောက်လိုက်”

“ဟုတ်ကဲ့” ဗန်ပိုင်းယားလူငယ်မှာ တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ဆေးလုံးအား ချက်ချင်း မြိုချလိုက်၏။

“အားး.....”

ဗန်ပိုင်းယား၏မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်လာသည်။ သူ၏တောင်ပံများမှာ ချက်ချင်း ပြန့်ကားထွက်လာပြီး မျက်လုံးများကား သွေးချင်းနီလာကာ အစွယ်များရှည်ထွက်လာ၏။

ရှန်းကျီလေနှင့် ကျန်ဗန်ပိုင်းယားငါးယောက်က ချက်ချင်း အတောင်ပံများ ဖြန့်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

“အရူးကောင်” ထန်ရှုက ရေရွတ်လိုက်ပြီး ရှန်းကျီလေအား ထူးမခြားနားမျက်နှာဖြင့် စိုက်ကြည့်နေ၏။ သူက ခြေထောက်ချိတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို ရှိုက်၍ ကြည့်နေလိုက်သည်။

မိနစ် ၂၀ ခန့်ကြာသော် ထိုဗန်ပိုင်းယားထံမှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ထွက်လာ၏။ သူ၏အဝောာင်ပံများမှာ သိသိသာသာ ကြီးမားလာပြီး ၎င်းတို့အကြားရှိ အစင်းကြောင်းများမှာ ကြည်လင်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မှော်အက္ခရာများမှာ အရေအတွက်များပြားလာ၏။ ထိုမြင်ကွင်းကြောင့် ရှန်းကျီလေနှင့် ကျန်ဗန်ပိုင်းယားများမှာ ချက်ချင်း သဘောပေါက်သွား၏။ ဤသည်ကား သူ၏သွေးစီးကြောင်းခိုင်မာလာပြီး သူ၏ခွန်အားများလည်း တိုးတက်လာသည့် လက္ခဏာပင်။

“ငါ ...ငါ  မြို့စားအဆင့်ကို တက်သွားပြီ” ဗန်ပိုင်းယားက အားရ၀မ်းသာရေရွတ်လိုက်သည်။

ရှန်းကျီလေမှာ ပါးစပ်အဟောင်သားဖြစ်သွားပြီး ထန်ရှုကို အားယူ၍ လှည့်ကြည့်လိုက်၏။ ထန်ရှု သူ့ကို အရူးကောင်ဟု ခေါ်ခဲ့ရသည့်အကြောင်းအရင်းကို နားလည်သွား၏။ သူသည် ‌ဆေးလုံးကို ရရှိခဲ့သည်တိုင် သူ၏လက်အောက်ငယ်သားအား သောက်စေခဲ့သည်။ သူ...သူသာ ‌ထိုဆေးလုံးကို သောက်ခဲ့လျှင် မြို့စားအဆင့်မှ မှုးမတ်အဆင်သို့ တက်သွားမည်လော။

‘စောက်သုံးမကျတဲ့ငါ’

ရှန်းကျီလေက သူ၏လက်အောက်ငယ်သားကို အားကျသောမျက်၀န်းများဖြင့် ကြည့်နေချေသည်။ သူက အသက်ပြင်းတစ်ချက် ရှုသွင်းပြီးနောက် အတောင်ပံကို ပြန်သိမ်း၍ အစွယ်နှင့်မျက်လုံးနီများကိုလည်း ပျောက်သွားစေ၏။ ထို့နောက် ခြောက်ကပ်ကပ်ပြုံး၍ ပြောသည်။ “မင်း...မစ္စတာထန်မလား။ အဲ့ဆေးလုံးကို ဘယ်ကရတာလဲ သိခွင့်ရှိမလား”

ထန်ရှုက မျက်လုံးဝေ့လိုက်ပြီး ခပ်ဆတ်ဆတ် ‌ဖြေ၏။ “ဒီလိုဆေးလုံးမျိုးက ဂေါ်ဘီထုပ်၀ယ်သလို ၀ယ်လို့ရတယ်များ ထင်နေတာလား။ မင်း လိုချင်သလောက် တောင်းလို့ရတယ်ဆိုပြီးတော့လေ။ အဲ့ဆေးလုံးကို ဖော်ဖို့ ငါ အရင်းအမြစ်တွေ ဘယ်လောက်အထိ သုံးခဲ့ရသလဲ သိလား”

“....ဒါ....”

ရှန်းကျီလေက လက်နှစ်ဖက်ကို ပွတ်၍ နောင်တရနေသော်လည်း စိတ်ရှုပ်ထွေးနေဟန်ရှိသည့် အမူအရာဖြင့် ပြော၏။ “ငါမှားခဲ့တာ ၀န်ခံပါတယ်။ ဒါပေမဲ့ မင်းတို့တရုတ်ရိုးရာမှာ ကြီးသူက ငယ်သူရဲ့အမှားကို ခွင့်လွှတ်ပေးရမယ်ဆိုတဲ့ ဆိုရိုးရှိတယ်မလား။ မင်း ငါ့ကို ကျေးဇူးပြုပြီး....ရောင်း....အာ...။ ဟုတ်ပြီ။ မင်း ငါ့ကို အဲ့ဒီ‌ဆေး‌လုံးနည်းနည်းလောက် ရောင်းလို့ရမလား။ ငါ ‌ဈေးကြီးပေးဝယ်ပါ့မယ်”

“ဈေးကြီးပေးမယ်ပေါ့” ထန်ရှု၏အမူအရာမှာ ထူးဆန်းစွာ ပြောင်းလဲသွား၏။ ”ဘယ်လောက် ပေးမှာလဲ”

ကျန်းရှီလေမှာ ထိုစကားကို ကြားသည်နှင့် တက်ကြွသွားပြီး ‌အံ့အားသင့်ဖွယ် စိတ်လှုပ်ရှားမှုဖြင့် ချက်ချင်း ပြန်ဖြေ၏။ “တစ်လုံးကို ပေါင်သန်း၁၀၀ ပေးမယ်”

အဟွတ်...အဟွတ်။

ထန်ရှုမှာ ရှန်းကျီလေ၏ကမ်းလှမ်းချက်ကြောင့် ဆေးလိပ်ငွေ့များပင် သီးသွားရ၏။ ဆေးတစ်လုံးအတွက် ပေါင်သန်း ၁၀၀...။ ထိုဆေးလုံးအား ဖော်စပ်ရန် ယွမ်သန်းအနည်းငယ်သာ သုံးခဲ့ရသော်လည်း ဤမျှမြင့်မားသော ဈေးဖြင့် ရောင်းချနိုင်တော့မည်။ မည်သို့ဆိုစေ ဤဆေးလုံးသည် သူ့အတွက် သာမန်သာဖြစ်သော်လည်း ဗန်ပိုင်းယားများအတွက် သွေးအဆင်မြှင့်တင်ပေးနိုင်သည် ဆေးလုံးတစ်လုံးမှာ ရတနာတစ်ပါးဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် အနည်းငယ်စိတ်သက်သာရာရသွား၏။

“ပေါင် သန်း ၂၀၀။ ၀ယ်ချင်၀ယ် မ၀ယ်ချင်နေ”

သေချာနားလည်သဘောပေါက်သွားပြီးနောက် ထန်ရှုက မဖြစ်နိုင်သော ဈေးကို ခေါ်လိုက်သည်။

ရှန်းကျီလေမှာ တခဏ တုံ့ဆိုင်းသွားသော်လည်း သူက လေးပင်စွာဖြင့် ခေါင်းညိတ်လိုက်၏။ “ယူမယ်။ မင်းမှာ ဘယ်လောက်များများရှိလဲ”

“တစ်ရာ” ထန်ရှုက ဖြေသည်။

“ဟမ် ထပ်ပြောပါဦး”

ရှန်းကျီလေမှာ အံ့အားသင့်မှုကြောင့် ကြောင်အသွားပြီး ကြက်သီးမွေးညင်းများထကာ ထပ်မံမေးလိုက်သည်။

ထန်ရှုက ထပ်ပြော၏။ “တစ်ရာရှိတယ်”

ရှန်းကျီလေမှာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ ထို့နောက် သူက အံကြိတ်လိုက်သည်။ “မင်းရဲ့ဆေးလုံးတွေက စောစောက ဆေးလုံးနဲ့ အာနိသင်တူရင် ငါ အကုန်လုံး၀ယ်မယ်။ ဒါပေမယ့် ပေါင် ၂၀ ဘီလီယံဆိုတာ နည်းတဲ့ငွေပမာဏမဟုတ်ဘူး။ ငါ ငွေစုဖို့ လ၀က်လောက်တော့ အချိန်ယူရလိမ့်မယ်”

ထန်ရှု သူ၏စကားများကို သာမန်ကာလျှံကာသာ‌ ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်တော့ အံ့ဩမှင်သက်နေမိသည်။ ပေါင်သန်း ၂၀၀ ကို တရုတ်ယွမ်သို့ ပြောင်းလဲလိုက်ပါက ယွမ် ၂၀၀ ဘီလီယံ ရှိ၏။ ဗန်ပိုင်းယားများကား အဘယ်အတွက်ကြောင့် ဤမျှ ချမ်းသာနေပါသနည်း။ သူတို့၏ကြွယ်၀မှုကို နှစ်သန်းပေါင်းများစွာ စုဆောင်းခဲ့လျှင်ပင် ဤသို့ သုံးဖြုန်းသင့်ပါရဲ့လော။

ရုတ်တရက် ထန်ရှုသည် တစ်စုံတစ်ခုကို သတိရသွား၏။ သူက ဆက်ပြောသည်။ “မင်းမှာ ငွေသားမရှိရင် ‌ကျောက်စိမ်း၊ မဟူရာကျောက်၊ ရွှေ၊ ငွေ၊ ပုလဲ၊ တခြားရတနာတွေနဲ့ လဲလို့ရတယ်။ ဒါမှမဟုတ် တွင်းထွက်ပစ္စည်းတွေ၊ ဆေးပင်တွေနဲ့ဆိုလည်း အဆင်ပြေတယ်။ သားရဲအကြွင်းအကျန်‌တွေနဲ့လည်း လဲလို့ရတယ်”

***

All Chapters