← Chapters

အံဩဖွယ် လက်ဆောင်များ

Vol. 63 Ch. 873

အံဩဖွယ် လက်ဆောင်များ

Vol. 63 Ch. 873

ကမ်းလှမ်းချက်က ရှန်းကျီလေအား အတော်လေး အံ့အားသင့်သွားစေ၏။ အချိန်တိုအတွင်း‌ ပေါင် ၂၀ ဘီလီယံရှာရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။ သူ၏ဆော့ဘက်မျိုးနွယ်စု နှစ်သန်းပေါင်းများစွာ စုဆောင်းခဲ့သည့် ပိုင်ဆိုင်မှုများကို ရောင်းချလျှင်ပင် ထိုမျှငွေပမာဏရရန် ‌အတော်လေး ကြိုးစားအားထုတ်‌ရလိမ့်မည်။

သို့‌သော် သူသာ ကျောက်စိမ်း၊ ရွှေ၊ ငွေ၊ ပုလဲနှင့် အခြားရတနာများဖြင့် လဲလှယ်နိုင်ပါက ထိုရတနာများကို အပြင်လူများအား ရောင်းချနေရန် မလိုတော့ပေ။ ကုန်သွယ်ရေးအရာရှိများနှင့်လည်း ဆက်ဆံနေစရာ လိုတော့မည်မဟုတ်သဖြင့် ပို၍ ကောင်းမွန်၏။ ထို့အပြင် သူ၏မျိုးနွယ်စုသည် နှစ်ရာပေါင်းများစွာ ဇာတ်မြုပ်နေခဲ့သဖြင့် အခြားမျိုးနွယ်စုများကား သူတို့ရှုံးနိမ့်သွားပြီဟု ထင်နေကြသော်လည်း ထိုသို့မဟုတ်ပေ။ သူတို့သည် ထိုရာစုနှစ်များအတွင်း တစ်စုံတစ်ခုကို လျှို့ဝှက်စီစဉ်နေခဲ့ကာ မကြာမီကမှ ထိုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်၏။

ဗန်ပိုင်းယားသခင်။

မျိုးနွယ်စုတစ်ခုလုံး၏အင်အားကို ပေါင်းစည်းပြီး တစ်ယောက်ယောက်အား ဗန်ပိုင်းယားသခင်အဆင့်သို့ တိုးမြှင့်ပေးရန်ဖြစ်သည်။ ဗန်ပိုင်းယားသခင်ဖြစ်လာခဲ့သူမှာ ရာစုနှစ်များစွာ ကျင့်ကြံနေခဲ့သော ရှန်းကျီလေ၏အဘေးဖြစ်သည်။ ၎င်းကား သူတို့မျိုးနွယ်စုကို လောဘတကြီးမျက်လုံးများဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သော အခြားမျိုးနွယ်စုများကို တိုက်ခိုက်၍ အရင်းအမြစ်များကို သိမ်းပိုက်နေသည့် အဓိကအကြောင်းအရင်းလည်းဖြစ်ပေသည်။

“ရှေးဟောင်းပစ္စည်းတွေရော မစ္စတာထန်။ မင်း အဲ့ဒါတွေကိုရော လိုအပ်သေးလား။ ငါတို့မှာ ရှေးဟောင်းရှားပါးပစ္စည်းတွေ အများကြီးရှိတယ်။ ငါမှတ်မိတာမှန်ရင် တရုတ်လူမျိုးတွေက ခက်ခဲနေတဲ့အချိန်မှာ ရွှေစုဆောင်းတတ်ကြပြီး ကြွယ်၀တဲ့အချိန်မှာ အလှပစ္စည်းတွေ စုဆောင်းတတ်ကြတယ်တဲ့ ဟုတ်တယ်မလား။ အင်း အခုကလည်း တည်ငြိမ်အေးချမ်းနေတဲ့အချိန်ဆိုတော့ မင်း လိုအပ်မလားလို့ပါ”

‘ရှေးဟောင်းရှားပါးပစ္စည်းတွေဟုတ်လား။ သူတို့က အတိတ်သမိုင်းကြောင်းတွေပါတဲ့ ပစ္စည်းတွေမလား'

“ငါ အဲ့ဒီလိုပစ္စည်းတွေကို ဂရုမစိုက်ဘူး။ ငါ့အိမ်မှာ အလကား နေရာရှုပ်တယ်။ ထားလိုက်” ထန်ရှုက‌ ခေါင်းခါရမ်း၍ ပြောသည်။ “ကျောက်စိမ်းတွေ၊ ရွှေ၊ ငွေ၊ ပုလဲတွေပဲ စိတ်၀င်စားတယ်။ အဲ့ဒါတွေပြီးရင်တော့ တွင်းထွက်ပစ္စည်းတွေ၊ အဖိုးတန်ဆေးပင်တွေ၊ သားရဲအကြွင်းအကျန်တွေနဲ့ ထူးခြားရှားပါးတဲ့ပစ္စည်းတွေကို စိတ်ဝင်စားတယ်။ တခြားဟာတွေတော့ ဘာမှမလိုချင်ဘူး”

ရှန်းကျီလေက နောင်တရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “နှမြောစရာပဲ။‌ ဆော့ဘက်မှာက ရှေးဟောင်းရှားပါးပစ္စည်းတွေ အများကြီးပဲလေ။ အများစုက တရုတ်ကရတဲ့ပစ္စည်းတွေ။ ဥပမာ တရုတ်အင်ပါယာ‌ကျောက်စိမ်းတံဆိပ်တုံးလို....”

ထိုသို့ပြောပြီးနောက် သူက ကူကယ်ရာမဲ့စွာ ခေါင်းခါရမ်းလိုက်၏။

တရုတ်အင်ပါယာ‌ကျောက်စိမ်းတံဆိပ်တုံး

ထန်ရှုမှာ ချင်မင်းဆက်၏အချုပ်အခြာအာဏာကို ကိုယ်စားပြုသော တရုတ်အင်ပါယာကျောက်စိမ်းတံဆိပ်တုံးကို သတိရလိုက်သဖြင့် ရုတ်တရက် ကြောင်အသွား၏။ ၎င်းအထဲ၌ သမုဒ္ဒရာပြင်ကျယ်ကဲ့သို့ အတောမသတ်နိုင်သော စွမ်းအားများပါရှိပြီး သူ၏ယခုကျင့်ကြံအဆင့်နှင့် စုပ်ယူ၍ မရနိုင်ပေ။ သို့သော် သူ၏ကျင့်ကြံအဆင့် အမြင့်တစ်နေရာသို့ရောက်သွားလျှင် ဥပမာ အင်မော်တယ်ကမ္ဘာသို့ တက်သွားနိုင်လျှင် ထိုစွမ်းအားကို စုပ်ယူပြီး သူ၏ကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်နိုင်မည်ဖြစ်သည်။ ဤသို့စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသော အင်မော်တယ်တစ်ယောက်၏စိတ်ဝိညာဉ်ခန္ဓာမှာ ကျစ်လစ်သိပ်သည်းလာပြီး သူ၏ခွန်အားမှာလည်း တဟုန်ထိုးတိုးတက်သွားပေလိမ့်မည်။

နက်နဲသိမ်‌‌မွေ့ပြီး အရာအားလုံးကို လွှမ်းမိုးနိုင်သည့် ဗုဒ္ဓကျောင်းတော်၏ကျင့်စဉ်တစ်ခုမှာ အနန္တဗုဒ္ဓပိဋကကျမ်းတော်ဖြစ်သည်။ ထန်ရှုသည် ၎င်းကျင့်စဉ်၏ပုံတူကျမ်းတစ်ခုကို ဗုဒ္ဓလောက၏ဆန်ကုန်မြေလေးလူတစ်ယောက်ကို အနိုင်ယူပြီးနောက် ရရှိခဲ့ခြင်းဖြစ်၏။ ထိုကျမ်းတွင် ယုံကြည်မှုစွမ်းအားကို ကိုယ်ကျိုးအတွက် အသုံးပြုနိုင်မည့်နည်းလမ်းအား ဖော်ပြထားလေသည်။

“ရှန်းကျီလေ မင်း အဲ့ဒီ အင်ပါယာကျောက်စိမ်းတံဆိပ်တုံး‌အကြောင်း ထပ်ပြောပြလို့ရမလား” ထန်ရှုက မေး၏။

“အဲ့ဒါက ‌တရုတ်ပြည်ရဲ့ ဟိုးအရင်တုန်းက အင်ပါယာတံဆိပ်တုံးတဲ့။ ပြီးတော့ မစ္စတာဟီကျောက်စိမ်းနဲ့ထုတားတဲ့ လောကချိပ်တံဆိပ်အ‌မွေအနှစ်လို့လည်း ပြောသေးတယ်” ရှန်းကျီလေက ပေါ့ပေါ့ပါးပါး ပြောသည်။

“အဲ့ဒီ လောကချိပ်တံဆိပ်အ‌မွေအနှစ်အကြောင်း ပြောပြစမ်းပါ” ထန်ရှုက ဆက်မေး၏။

ရှန်းကျီလေက တခဏ စဉ်းစားပြီးနောက် ဖြေသည်။ “အဲ့ဒါက လေးထောင့်ပုံ၊ လေးလက်မလောက်ရှည်ပြီးနောက် အပေါ်မှာ လက်သည်းပါတဲ့နဂါးငါးကောင်ကို ထွင်းထားတယ်။ ရှေ့မျက်နှာမှာ ‘ကောင်းကင်ဘုံမှ ထောက်ခံပေးထားသည်။ ဧကရာဇ် အသက်ရှည်ကျန်းမာပါစေ‌လော့’ လို့ရေးထားတယ်။ ငါ့ရဲ့အဘေးက စာလုံးရေးထားတဲ့ပုံကို လေ့လာကြည့်လိုက်တော့ တရုတ်ရဲ့အစောပိုင်းကာလတွေတုန်းကတဲ့”

ထန်ရှု၏နှလုံးခုန်မှာ မြန်လာသည်။ သူသည် ဤအရာသည် တရုတ်အင်ပါယာကျောက်စိမ်းတံဆိပ်တုံးအစစ်အမှန်ဖြစ်ရမည်ဟု စိတ်ပိုင်းဖြတ်ပြီးသားဖြစ်၏။ သို့သော် ဤတံဆိပ်တုံးသည် အဘယ်ကြောင့် ဗန်ပိုင်းယားများလက်ထဲ ရောက်ရှိသွားသနည်း။

ထိုမျှသာမက ချင်ဧကရာဇ်၏ အင်ပါယာကျောက်စိမ်းတံဆိပ်တုံးသည် ယုံကြည်မှုစွမ်းအားအမြောက်အမြား ပါရှိထားပြီးဖြစ်၏။ ထိုသို့ဆိုလျှင် လောကချိပ်တံဆိပ်အမွေအနှစ်ဆိုသည်ကရော။ ချင်မင်းဆက်အချိန်ကာလတွင် ၀န်ကြီးချုပ်လီရှီသည် မစ္စတာဟီကျောက်စိမ်းကို ‌ထွင်းထုစေခဲ့ပြီး ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့ကြ၏။ လောကအား ဖြောင့်မတ်မှန်ကန်စွာ အုပ်ချုပ်ရန် ကောင်းကင်ဘုံ၏ထောက်ခံချက်အား ဧကရာဇ်ကိုပေးသနားသည်ဆိုသော စာကြောင်းအရ ၎င်းအမွေအနှစ်ကို ချင်မင်းဆက်အတွင်း၌ အသုံးပြုခဲ့ကြပေလိမ့်မည်။ ဤအမွေအနှစ်၌ ယုံကြည်မှုစွမ်းအား ပါရှိနေသည်လော။ ပါရှိပါကလည်း မည်မျှ ကြီးမားကျယ်ပြောပါသနည်း။

ထန်ရှုသည် ထိုသို့တွေးပြီးနောက် ချက်ချင်း မေး၏။ “မင်းက ငါတို့နိုင်ငံရဲ့ အင်ပါယာကျောက်စိမ်းတံဆိပ်တုံးကို ဘယ်လိုလုပ်ရတာလဲ”

“လူတစ်ယောက်ဆီက....သူ အဲ့ဒီတံဆိပ်တုံးကို တရုတ်နိုင်ငံကနေ ခက်ခက်ခဲခဲ ထုတ်ခဲ့ရတယ်ပြောတာပဲ” ရှန်းကျီလေက ပြုံး၍ ပြော၏။ “သူဘယ်လိုထုတ်လာလဲဆိုတာတော့ ငါမသိဘူး။ ငါ့အဘေးက သူ့သွေးကို စုပ်ပြီး ယူလာတာဆိုတာပဲ သိတယ်”

ထန်ရှုက အသက်ပြင်းတစ်ချက်ရှူသွင်း၍ ဖြည်းဖြည်းချင်း‌ ပြောသည်။ “ငါ ရှေးဟောင်းပစ္စည်းတွေကို မကြိုက်ဘူး။ ဒါပေမဲ့ လောကချိပ်တံဆိပ်အမွေအနှစ်က ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ပစ္စည်းဆိုတော့ ငါတို့နိုင်ငံအတွက် အဖိုးတန်တယ်။ ဒါကြောင့် အဲ့ဒါဘယ်မှာရှိလဲ သိရပြီဆိုတော့ ပြန်ယူရမယ့် တာ၀န်ရှိတယ်။ ဆိုတော့ ငါ အဲ့ဒီတရုတ်အင်ပါယာကျောက်စိမ်းတံဆိပ်တုံးကို ပေါင် ၅ ဘီလီယံနဲ့၀ယ်မယ်”

၅ ဘီလီယံ....အရောင်းအ၀ယ်‌ရဲ့ လေးပုံတစ်ပုံတောင်

ရှန်းကျီလေ၏မျက်လုံးများတောက်ပသွားပြီး သူက ထန်ရှု စကားပြန်ရုပ်သိမ်းမည်စိုးသောကြောင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြော၏။ “ရတာပေါ့။ ဒါဆို ၀ယ်ဈေးထဲက ပေါင် ၅ ဘီလီယံ လျှော့လိုက်ပြီ။ ဒါနဲ့ ငါတို့ ဆော့ဘက်မျိုးနွယ်စုမှာ တရုတ်ကလာတဲ့ ပစ္စည်းကောင်းတွေ အများကြီးရှိသေးတယ်။ မင်း လိုချင်....”

“ငါ အခု အဲ့ဒီ‌အင်ပါယာကျောက်စိမ်းတံဆိပ်တုံးကလွဲပြီး ဘာမှမလိုချင်သေးဘူး” ထန်ရှုက လက်ဝှေ့ရမ်း၍ ပြောသည်။ “ဒါပေမဲ့ ငါ တရုတ်ကထွက်ပြီး မင်းတို့ဆော့ဘက်မျိုးနွယ်စုကို လာလည်တဲ့အခါကျ ကြည့်ကြတာပေါ့။ ငါကြိုက်တာတွေရှိရင် ဆေးလုံးနဲ့လဲလို့ရတာပဲ”

“ကောင်းတယ်” ရှန်းကျီလေက လက်သီးဆုပ်၍ စိတ်လှုပ်တရှား‌ ဝှေ့ရမ်းလိုက်သည်။

ညနေရောက်သောအခါ ရှန်းကျန်သည် ဟန်ကျင်းထုံ၏နေအိမ်မှ ပြန်ရောက်လာခဲ့၏။ သူမ၏ကားထဲမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာစဉ် သူမ၏မျက်နှာလှလှလေးအား အံ့အားသင့်မှုတို့က ဖုံးလွှမ်းသွား၏။ သူမ၏နှာခေါင်းမှာ တရှုံ့ရှုံ့ဖြစ်သွားပြီး သူမက မယုံကြည်နိုင်စွာဖြင့် ပြောလေသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီနေရာမှာ တိုက်ပွဲဖြစ်ခဲ့တာ သေချာတယ်။ ပြီးတော့ ဗန်ပိုင်းယားတွေရဲ့အနံ့ကိုလည်း ရနေတယ်။ ဒီနေရာမှာ နောက်ထပ်ဗန်ပိုင်းယားတွေရှိတာ ဖြစ်နိုင်လို့လား”

ဝှစ်။

သူမအရှေ့သို့ လူရိပ်တစ်ခုက လျှပ်းစီးတမျှအမြန်နှုန်းဖြင့် ရောက်လာ၏။ မိုအားဝူက မျက်နှာအမူအရာတည်လျက် ပြောသည်။ “မစ္စရှန်းကျန် ကျွန်တော်တို့ သူဌေးက ‌‌တွေ့ချင်ပါတယ်တဲ့”

“ထန်ရှု ပြန်ရောက်နေပြီလား” ရှန်းကျန်က အလျင်အမြန် မေး၏။

“ဟုတ်ပါတယ်” မိုအားဝူက ဖြေသည်။

ထို့နောက် သူမက နေရာအား လက်ညှိုးထိုး၍ ပြော၏။ “ဒါပေမဲ့ ဒီနေရာမှာ ဘာဖြစ်သွားတာလဲ။ ဗန်ပိုင်းယားအနံ့တွေ ရနေလို့လေ”

“မင်းရဲ့အစ်ကိုနာမည်က ရှန်းကျီလေလား” မိုအားဝူက မေး၏။

“ရှင် ဘယ်လိုလုပ်သိတာလဲ” ရှန်းကျန်က အလန့်တကြား ပြောသည်။

“မင်းရဲ့အစ်ကို သုခဘုံစံအိမ်ကို ရောက်လာပြီး စွမ်းရည်အသုံးပြုအဖွဲ့အစည်းက အဖွဲ့၀င်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်” မိုအားဝူက ရှင်းပြ၏။ “ဒါပေမယ့် သူဌေးရောက်လာပြီး ဖြေရှင်းခဲ့တယ်။ မင်းရဲ့အစ်ကို ရှန်းကျီလေက အခု သူဌေးနဲ့အတူ ရှိနေပါတယ်”

“သူတို့ဘယ်မှာလဲဟင်” ရှန်းကျန်က စိတ်လှုပ်ရှားစွာဖြင့် မေး၏။

“မင်းရဲ့အိမ်မှာပါ”

ဝှစ်။

သူမ၏ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

အနောက်တိုင်းစတိုင်အဆောက်အဦးတွင်။

မောင်နှမနှစ်ယောက်က ပြန်လည်တွေ့ဆုံနေကြသည်။ ထန်ရှုသည် သူတို့ကို မနှောင့်ယှက်လိုသဖြင့် အိုးရန်လူလူ၏အိမ်သို့ လိုက်သွား၏။ ထန်ရှု အနားယူချိန်ပင်မရလိုက်ဘဲ သူ၏ဖုန်းကား မြည်လာသည်။ လင်းလာသော စခရင်ကို ကြည့်လိုက်သောအခါ မြောင်၀မ်ထန်ခေါ်ဆိုခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ထန်ရှုက တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဖုန်းကိုင်လိုက်သည်။

“မင်း ဘယ်မှာလဲ ညီလေးထန်။ ငါ မင်းနဲ့အခု တွေ့ရမှဖြစ်မယ်” ‌မြောင်၀မ်ထန်၏အလောတကြီးလေသံကား ဖုန်းထဲမှ ‌ထွက်ပေါ်လာ၏။

“ခင်ဗျား အဲ့ဒီကိစ္စကို စိတ်စွဲနေတုန်းလား အစ်ကိုမြောင်။ ကျွန်တော့်အထင်တော့ မေ့လိုက်တာကောင်းမယ်နော်” ထန်ရှုက ခြောက်ကပ်ကပ်ရယ်၍ ပြော၏။ “ကျွန်တော် ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုကို သိပေမယ့် အလွယ်တကူ မပြောပြရဲဘူး။ စိတ်မရှိပါနဲ့ဗျာ”

“ညီလေးထန် ငါတို့ သေရေးရှင်ရေးကို အတူတိုက်ခိုက်ခဲ့တဲ့ အချိန်ကို သတိရပေးပါကွာ” မြောင်၀မ်ထန်၏အသံမှာ တောင်းပန်တိုလျှိုးနေ၏။ “ကျေးဇူးပြုပြီး ငါ့မိသားစုကို ကယ်ပေးပါကွာ”

ထန်ရှုက သူ၏တောင်းဆိုချက်ကို နားထောင်ကာ မျက်လုံးဝေ့လိုက်သည်။ အနာဂတ်၌ မြောင်မိသားစုအပေါ် မည်သည့်အန္တရာယ်မှ ကျရောက်မည်မဟုတ်ပေ။ မြောင်၀မ်ထန် သူ၏တူအား ပညာပေးရန်အတွက် အဓိပ္ပာယ်မရှိသည့် စကားများ ပစ်‌ကျွေးခဲ့ခြင်းသာ။ သို့ထိတိုင် သူ့မှာ အမှန်တကယ် ကြောက်လန့်သွားပုံပင်။

“ကောင်းပါပြီ။ ဒါဆို သုခဘုံစံအိမ်ကို လာခဲ့ပါ”

“အိုကေ”

ဖုန်းချပြီးနောက် ထန်ရှုသည် ခပ်ယဲ့ယဲ့ပြုံး၍ အိုးရန်လူလူ၏ကုတင်ထက်တွင် လှဲလိုက်သည်။ ထို့နောက် သူက ခေါင်းခါရမ်းလိုက်၏။ “လူလူ။ သူငယ်ချင်းတစ်ယောက်ကို ခြောက်လှန့်လိုက်တာ မကောင်းဘူးမလား”

“အခြေအနေပေါ် မူတည်တာပေါ့” အိုးရန်လူလူက ပြုံး၍ ဖြေသည်။ “အမ်...ဒါနဲ့ နင်‌ခြောက်လှန့်ခဲ့တဲ့လူက ဘယ်သူလဲ ဟန်နီရဲ့”

“မြောင်၀မ်ထန်” ထန်ရှုက ပြော၏။

“ဟက်.....ဟားဟားဟား” အိုးရန်လူလူမှာ မရယ်ဘဲမနေနိုင်တော့ပေ။ သူမက ပြုံးနေလျက် ဆက်ပြောလေသည်။ “နင်တို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ခြောက်လှန့်လိုက်တာတုန်း။ ဖုန်းထဲက သူ့အသံကို ကြားရတာ တော်တော် ကြောက်နေတဲ့ပုံပဲ”

ထန်ရှုက အကြမ်းဖျင်းရှင်းပြပြီးနောက် ကူကယ်ရာမဲ့နေသော မျက်နှာဖြင့် ပြောလေသည်။ “မင်းသိလား။ ငါက သူ့တူကို ပညာပြချင်ရုံပဲ။ ငါ‌‌ ပြောလိုက်တဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကို တကယ်ကြီးယုံပြီးတော့ အကူအညီလာတောင်းမယ်လို့ ထင်မထားဘူး။ မနက်ကတောင် အိမ်ကနေ ခက်ခက်ခဲခဲ ပထုတ်ခဲ့ရ‌တာကို အခု သူက ဒီညလာတွေ့ဦးမယ်တဲ့”

အိုးရန်လူလူမှာ ဖြစ်ကြောင်းကုန်စဉ်ကို သိပြီးနောက် အချိန်အတော်ကြာ ရယ်မောနေခဲ့၏။ ထို့နောက် သူမက ပြောသည်။ “ဟန်နီ နင်က တကယ်တော်တာပဲ။ ‌မြောင်၀မ်ထန်လို အကောင်ကြီးကြီးလူကိုတောင် လှည့်စားနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဖြေရှင်းဖို့က လွယ်ပါတယ်။ မြောင်၀မ်ထန်နောက်တစ်ခါအကူအညီတောင်းရင် ထပ်ပြီး ပေါက်ကရပြောလိုက်။ သူ့ကို အဆုံးအစွန်အထိ နှပ်ချရမှာပေါ့”

“ငါလည်း အဲ့ဒီလို တွေးထားတာပဲ” ထန်ရှုက ခေါင်းညိတ်သည်။

နာရီ၀က်ကြာ‌သော် မြောင်၀မ်ထန်သည် နောက်လိုက်နှစ်ယောက်နှင့်အတူ သုခဘုံကလပ်သို့ ရောက်လာ၏။ ဧည့်ခန်း၌ ထိုင်နေသည့် ထန်ရှုကို မြင်သောအခါ လှလှပပ ထုပ်ပိုးထားသော လက်ဆောင်ဘူးနှစ်ခုကို ထုတ်၍ ပင်ပန်းနွမ်းနယ်စွာ ပြောလေသည်။ “ညီလေးထန်။ ဒီနှစ်ခုက ငါတို့မိသားစု ဘိုးဘေးစဉ်ဆက် ထိန်းသိမ်းခဲ့တဲ့ ရတနာနှစ်ခုပါ။ မင်း ငါ့မိသားစုကို ကူညီပေးရင် မင်းအပိုင်ပါပဲ”

အဟွတ်..အဟွတ်။

ထန်ရှုမှာ စိတ်ထဲမှ မျက်နှာပူ‌နေခြင်းကို ဖုန်းကွယ်ရန် ချောင်းဟန့်လိုက်၏။ ထို့နောက် သူက ပြောသည်။ “ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့ဗျာ။ ဒါတွေရဲ့ အစ်ကို့ရဲ့ မိသားစုအမွေအနှစ်တွေလေ။ ကျွန်တော် မယူရက်ပါဘူး။ အစ်ကိုမြောင်..ကျွန်တော်....”

“မယူရင် မင်း ဒီအစ်ကိုကို ဂရုမစိုက်လို့ဘဲ မှတ်လိုက်မယ် ညီလေးထန်” မြောင်၀မ်ထန်က တည်ကြည်လေးနက်စွာဖြင့် ထန်ရှုစကားကို ဖြတ်ပြော၏။ “မင်းကို လက်‌ဆောင်ပေးတယ်လို့ သဘောထားပေးပါ။ လက်ခံနိုင်မလား”

“ကျွန်တော်....”

ထန်ရှုက ပါးစပ်ဟပြီးနောက် ‌‌စကားပြောရန် ‌ပြင်လိုက်‌သော်လည်း မြိုသိပ်လိုက်၏။

မြောင်၀မ်ထန်မှာ သူယူလာသည့်ပစ္စည်းများကို ထန်ရှု မကြိုက်မည်စိုးသောကြောင့် လက်ဆောင်ဘူးနှစ်ဘူးအား အလျင်အမြန် ဖွင့်ပြလိုက်သည်။ ထို့နောက် သူက အနီရောင် ကျောက်စိမ်းနဂါးနှင့် ကျောက်စိမ်းကျားတို့ကို ထုတ်လိုက်၏။

“ဒါတွေက....”

***

All Chapters