ကောင်းကင်ဘုံတာအိုလမ်းကြောင်း
Vol. 63 Ch. 874
ကျောက်စိမ်းရုပ်နှစ်ရုပ်မှာ အတွင်း၌ တဟုန်းဟုန်းတောက်နေသော မီးလျှံများရှိသကဲ့သို့ ရဲရဲနီနေ၏။ သို့ရာတွင် ကျောက်စိမ်းရုပ်တစ်ခုစီတွင် ခပ်ရေးရေး အမှတ်အသားတစ်ခုရှိသည်။ ကံကောင်းထောက်မစွာနှင့် ထန်ရှုသည် မျက်သိလျှင်သူဖြစ်ရာ ၎င်းတို့ကို သတိထားမိသွား၏။ သူသာ သာမန်လူတစ်ယောက်သာဆိုပါက ကြည့်ရုံနှင့် ၎င်းကို မြင်ရမည်မဟုတ်ပေ။
မြောင်၀မ်ထန်မှာ ထန်ရှု ဤပစ္စည်းနှစ်ခု၏အရည်အသွေးကို မသိမည်စိုးသောကြောင့် အလောတကြီး ရှင်းပြ၏။ “ညီလေးထန်။ ဒီကျောက်စိမ်းရုပ်နှစ်ရုပ်က ငါတို့ မိသားစုရဲ့ ဆွေစဥ်မျိုးဆက် လက်ဆင့်ကမ်းခဲ့တဲ့ အဖိုးတန်ရတနာတွေပါ။ ဒဏ္ဍာရီတွေအရ ဒီအရုပ်တွေက ၁၂ ရာသီခွင်အတိုင်း ထွင်းထုထားတဲ့ ၁၂ ရုပ်ထဲကလို့ ပြောကြတယ်။ ဒီ ၁၂ ရုပ်လုံးကို စုဆောင်းနိုင်တဲ့လူက လျှို့ဝှက်ချက်တစ်ခုကို သိရှိနိုင်ပြီး စွမ်းအားအကြီးအကျယ် ရလိမ့်မယ်လို့ ငါတို့ မိသားစုမှတ်တမ်းထဲမှာ မှတ်သားထားတယ် ညီလေးထန်”
ဤအချိန်တွင် ထန်ရှု၏မျက်နှာအမူအရာမှာ တည်ကြည်နေပြီး သူ၏မျက်လုံးများက ကျောက်စိမ်းရုပ်နှစ်ရုပ်အား မျက်တောင်တစ်ချက် မခတ်ဘဲ စိုက်ကြည့်နေသည်။ သူက ၎င်းတို့ကို ကောက်ယူလိုက်ပြီး တစ်ရုပ်ချင်းစီကို တစ်ခုစီ အသေအချာ ကိုင်လိုက်သည်။
၎င်းတို့အထဲ၌ စွမ်းအားများ ပါရှိနေ၏။ စွမ်းအားမှာ ထန်ရှု ကမ္ဘာပေါ်တွင် တွေဖူးသမျှ အရာ၀တ္ထုတိုင်းတွင် ပါရှိသည့် စွမ်းအားထက် အလွန့်အလွန် များပြား၏။ ချင်အင်ပါယာကျောက်စိမ်းတံဆိပ်တုံးတွင် ပါ၀င်သော စွမ်းအားသည် သမုဒ္ဒရာပြင်ကျယ်မျှ ရှိသည်ဆိုလျှင် ထိုကျောက်စိမ်းရုပ်တစ်ရုပ်စီတွင် ပါဝင်သည့် စွမ်းအားများကား မရေမတွက်နိုင်သော ကြယ်စင်များပမာ ရှိလေသည်။
အကယ်၍.....အကယ်၍ တစ်ယောက်ယောက်သာ ဤကျောက်စိမ်းရုပ်နှစ်ရုပ်ကို ဖောက်ခွဲလိုက်ပါက ၎င်းမှ ပြင်းအားသည် ကမ္ဘာလုံးတစ်လုံးတည်းသာမကဘဲ ကမ္ဘာလုံး ၁၀၀ ကိုပင် စိစိညက်ညက် ကြေသွားမည်ဖြစ်ကြောင်း ထန်ရှု တပ်အပ်ပြောနိုင်၏။
ထန်ရှုသည် သူ၏မူလဖရိုဖရဲစွမ်းအားကို ကျောက်စိမ်းနဂါးရုပ်ထဲသို့ မရဲတရဲ ပို့လွှတ်လိုက်သော်လည်း သူ၏စွမ်းအားမှာ ရေထဲလွှတ်လိုက်သော ငါးတစ်ကောင်ကဲ့သို့ ရုန်းကန်နေခြင်းမရှိချေ။ သို့သော် သူသည် ကျောက်စိမ်းနဂါးရုပ်၏ခေါင်းရှိ မီးခိုးရောင်အမှတ်အသားထံ စွမ်းအား ပို့လွှတ်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်မှာ အသိစိတ်ကင်းလွတ်သွားပြီး စုပ်ယူ....မဟုတ်သေး....အတိအကျပြောရလျှင် မီးခိုးရောင်အမှတ်အသားထဲသို့ စုပ်ယူခံလိုက်ရ၏။
၎င်းကား ကြီးမားကျယ်ပြောသော စကြ၀ဠာကြီးပင်။
ထန်ရှုသည် ဟင်းလင်းပြင်စကြ၀ဠာထဲတွင် ရပ်နေကြောင်း သိလိုက်ရ၏။ မရေမတွက်နိုင်သော ကြယ်တာရာများက သူ့ကို လှည့်ပတ်ကာ နေရာတိုင်းတွင် ပျံ့ကျဲနေသည်။ ရွှေကြိုးမျှင်များက ယင်းကြယ်စင်များအား တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးလျက် အဆုံးမရှိသော ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော သုံးဖက်မြင်မြေပုံတစ်ခုကို ဖော်ဆောင်ထားချေသည်။
“ဒီရွှေကြိုးမျှင်တွေက....”
ထန်ရှု၏နှုတ်ခမ်းများ တုန်ရီလာပြီး သူ၏မျက်လုံးများကတော့ စူးရဲသွားသည်။ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများမှာ ထိုရွှေကြိုးမျှင်များကို သတိထားမိမည် မဟုတ်ပေ။ သူကတော့ တစ်ချိန်တစ်ခါက ဤကြိုးမျှင်တို့ကို လက်မောင်းမှ လက်ချောင်းများအား လှုပ်ရှားစေသကဲ့သို့ အသုံးပြုခဲ့ဖူးသဖြင့် မှတ်မိနေခြင်းဖြစ်၏။
ထိုကြိုးမျှင်များမှာ.....ကောင်းကင်ဘုံတာအိုလမ်းကြောင်း....ကမ္ဘာမြေပေါ်ရှိ ကောင်းကင်ဘုံတာအိုလှည့်ပတ်ရာ လမ်းကြောင်းပင်။
‘ဘယ်သူကများ လုပ်ခဲ့တာလဲ။ ဘယ်သူကများ ဒီကျောက်စိမ်းအရုပ်တွေထဲကို ကောင်းကင်ဘုံတာအိုလမ်းကြောင်း ထည့်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလဲ။ ငါ မြေကြီးကိုဆွဲဖြဲပြီး ကောင်းကင်ကိုအစိတ်စိတ်အမွှာမွှာ လုပ်ပစ်နိုင်တဲ့ အင်မော်တယ်ကမ္ဘာက အထွတ်အထိပ်ဖြစ်ခဲ့တုန်းကတောင် ဒီလိုမျိုးလုပ်နိုင်မှာမဟုတ်ဘူး။ မဟုတ်မှ...မဟုတ်မှ အင်မော်တယ်ကမ္ဘာက အဟန့်အတားတွေကို ကျော်ဖြတ်ပြီး နတ်ဘုရားဘ၀ကို ရောက်သွားတဲ့ နတ်ဘုရားတစ်ပါးများ လုပ်ခဲ့တာလား’
‘ဒါဆို....ကမ္ဘာပေါ်မှာ နတ်ဘုရားတစ်ပါး ရှိခဲ့တယ်ပေါ့။ အဲ့ဒီနတ်ဘုရားက ကမ္ဘာက ဇာတိခံတာ မဟုတ်ရင် ကောင်းကင်ဘုံတာအိုကို ဒီကျောက်စိမ်းရုပ်တွေထဲထည့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ တခြားကမ္ဘာတွေကနေ နတ်ဘုရားဘ၀ရောက်သွားတဲ့သူတွေက အဲ့ဒီကမ္ဘာကို ဖျက်ဆီးနိုင်တယ်။ လောကရဲ့ ကောင်းကင်ဘုံတာအိုစည်းမျဉ်းတွေကိုတော့ ဘယ်တော့မှ မထိန်းချုပ်နိုင်ဘူး'
‘ဖျက်ဆီးရတာ အရမ်းလွယ်ပေမယ့် ထိန်းချုပ်ဖို့က သိပ်ခက်တယ်'
ရုတ်တရက် ထန်ရှုမှာ သူ၏ဦးနှောက်ကို အပ်တစ်ချောင်းဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ နာကျင်သွား၏။ ၎င်းက သူ၏အသိစိတ်ကို ထိုနေရာမှ ချက်ချင်း လွင့်ထွက်သွားစေသည်။ သူသည် ပါးစပ်မှ သွေးတစ်လုတ်အန်လိုက်ရသည့်အပြင် သူ၏မျက်လုံးနှင့် နှာခေါင်းပေါက်များမှလည်း သွေးများ စီးကျလာ၏။
“ညီလေးထန်” ၀မ်မြောင်ထန်မှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ခေါ်လိုက်သည်။
ထန်ရှုက စိတ်ကိုပြန်လည်ထိန်းချုပ်၍ ခေါင်းခါရမ်းလိုက်သည်။ “ကျွန်တော် အဆင်ပြေပါတယ်။ ပြန်ကန်အားပါ။ အစ်ကိုမြောင် ဒီကျောက်စိမ်းရုပ်နှစ်ရုပ်က မတရားအဖိုးတန်တယ်။ အဖိုးတန်လွန်းလို့ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံနေတဲ့ ကျင့်ကြံသူတွေတောင် သူတို့ကို ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်။ ကျွန်တော် ခင်ဗျားကို ဖုံးကွယ်မနေတော့ဘူး။ အင်မော်တယ်ကမ္ဘာကို တက်နိုင်သွားတဲ့လူတွေ ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ အစစ်အမှန်ရွှေရောင်အင်မော်တယ်တောင် ဒါကို မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့....”
“ဒါပေမဲ့ ဘာဖြစ်လဲ” မြောင်၀မ်ထန် အလျင်အမြန် မေးသည်။
“အင်မော်တယ်ကမ္ဘာရဲ့ အန္တိမအဆင့်ကို ရောက်သွားရင်တော...အဲ့ဒီအခါကျရင်တော့ ထိန်ချုပ်နိုင်တယ်ဆိုရုံလေး ထိန်းချုပ်နိုင်လိမ့်မယ်” ထန်ရှု တစ်ဆက်တည်း ပြော၏။ “ပြီးတော့ ကျွန်တော်မှန်းတာမှန်ရင် ဒီအရုပ် ၁၂ ရုပ်လုံးကို စုဆောင်းပြီး လုံး၀ထိန်းချုပ်နိုင်သွားရင် ဒီအရုပ်တွေက အင်မော်တယ်ကမ္ဘာအထွတ်အထိပ်လူတစ်ယောက် ကောင်းကင်ဘုံအပြစ်ဒဏ်ကို ချောချောမွေ့မွေ့ ကျော်လွှားနိုင်အောင် ကူညီပေးလိမ့်မယ်။ အင်မော်တယ်ကမ္ဘာကို ကျော်လွှားပြီး နတ်ဘုရားလောကကို တက်ရောက်နိုင်အောင်ပေါ့”
“ဟင်း....”
‘အင်မော်တယ်’ ဆိုသည်မှာ သူနှင့် ဝေးလံနေလွန်းသဖြင့် မြောင်၀မ်ထန်မှာ ပင့်သက်ရှိုက်လိုက်မိသည်။ ထို့အပြင် အန္တိမအဆင့်နှင့် နတ်ဘုရားလောက....သူ နားလည်နိုင်သည့် အတိုင်းအတာထက် များစွာ ကျော်လွန်နေချေသည်။
“ညီလေးထန် အင်မော်တယ်ကမ္ဘာနဲ့ နတ်ဘုရားလောကဆိုတာ တကယ်ရှိတာလား” မြောင်၀မ်ထန်က တွေးတွေးဆဆ မေး၏။
ထန်ရှုက သူ့အား လေးလေးနက်နက် စိုက်ကြည့်ရင်း တည်ကြည်စွာ ဖြေလေသည်။ “ကျွန်တော် ထပ်ပြီး ဖုံးကွယ်မနေတော့ဘူး။ တကယ်ကို ကျုပ်တို့ကမ္ဘာကြီးတည်ရှိနေတဲ့ ပြင်ညီထက်မြင့်တဲ့ တခြားကမ္ဘာတွေရှိတယ်။ ဥပမာ အင်မော်တယ်ကမ္ဘာ၊ ဗုဒ္ဓလောက၊ မိစ္ဆာလောက၊ မွန်းစတားလောက၊ တစ္ဆေလောက၊ ဝိညာဉ်လောက အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ သူတို့အားလုံးရဲ့အထက်မှာတော မွန်းစတားတွေ၊ မိစ္ဆာတွေ၊ သရဲတွေ၊ အင်မော်တယ်တွေ၊ ဗုဒ္ဓတွေ နဲ့ သူတော်စင်တွေ မရေမတွက်နိုင်အောင်ရှိတဲ့ နတ်ဘုရားလောကပဲ”
“ကျွန်တော် တစ်ခု ပြောပြတယ်။ ကျွန်တော်တို့ကမ္ဘာက သဲမှုန်လေးတစ်မှုန်ဆိုရင် အင်မော်တယ်ကမ္ဘာက နဂါးငွေ့တန်း၊ နတ်ဘုရားလောကက အဆုံးမရှိ၊ ကန့်သတ်ချက်မရှိတဲ့ စကြ၀ဠာကြီးပဲ”
မြောင်၀မ်ထန်မှာ တဆတ်ဆတ် တုန်ရီနေပြီး ပင့်သက်ရှိုက်ကာ မေး၏။ “မင်း တစ်ခုလောက် ပြောပြလို့ရမလား ညီလေးထန်။ မင်း ဒီအကြောင်းတွေကို ဘယ်လိုလုပ် သိနေတာလဲ”
“အခုအချိန်မှာ ခင်ဗျားကို ပြောပြလို့ အဆင်မပြေသေးဘူး။ ကျွန်တော့်ကို အချိန်နည်းနည်းလောက် စောင့်ပေးပါဦး” ထန်ရှုက ခေါင်းခါ၍ ပြောသည်။ “ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး အင်မော်တယ်ကမ္ဘာကို ရောက်သွားတဲ့တစ်နေ့ကျ ပြောပြပါ့မယ်”
ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး အင်မော်တယ်ကမ္ဘာကို ရောက်တဲ့တစ်နေ့တဲ့လား
မြောင်၀မ်ထန်မှာ မိုးကြိုးပစ်ခံထားရသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းနေ၏။
ထန်ရှုက ကျောက်စိမ်းရုပ်နှစ်ရုပ်အား ရင်သပ်ရှုမောဖွယ် ကြည့်နေချေသည်။ အချိန်အတော်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်းပြော၏။ “အစ်ကိုမြောင် ကျွန်တော်နဲ့ အပေးအယူလုပ်ချင်လား”
“ဘယ်လို အပေးအယူလဲ” မြောင်၀မ်ထန်က မေးသည်။
“ကျွန်တော့်ကို ဒီကျောက်စိမ်းရုပ်နှစ်ရုပ်ကို ပေးပါ။ ကျွန်တော် ခင်ဗျားကို တကယ့်အင်မော်တယ်ကျင့်စဉ် ပြန်ပေးမယ်” ထန်ရှုက ပြော၏။ “ခင်ဗျားသာ သေချာကျင့်ကြံရင် နောင်တစ်ချိန်မှာ အင်မော်တယ်ကမ္ဘာကို တက်နိုင်တဲ့ အခွင့်အရေးရှိတယ်။ ခင်ဗျားဆန္ဒရှိရင် ရွှေအမြုအထွတ်အထိပ်အဆင့်ကို မရောက်မချင်း ကာကွယ်ပေးပါ့မယ်လို့ ကတိပေးပါတယ်”
ရွှေအမြုတေအထွတ်အထိပ်အဆင့်...အဲ့ဒါက ဒဏ္ဍာရီထဲမှာပဲ ရှိတာမဟုတ်ဘူးလား
မြောင်၀မ်ထန်မှာ သဘောတူကြောင်း အားရ၀မ်းသာအော်ဟစ်လိုက်ချင်သော်လည်း သူ ထန်ရှုဆီ လာခဲ့ရသည့် အဓိကအကြောင်းအရင်းကို သတိရသွား၏။ “ညီလေးထန် ငါတို့မိသားစုအပေါ် ကျရောက်မယ့်ကပ်ဘေး ...”
“ကျွန်တော် တစ်ခါတည်း ကူညီဖြေရှင်းပေးလိုက်ပါ့မယ်” ထန်ရှုက ခပ်ဩဩ ပြောသည်။
“ဒါဆို သဘောတူတယ်” မြောင်၀မ်ထန်က စိတ်လှုပ်တရှား ပြော၏။
သူသည် စိတ်ထဲမှ ကောင်းကျိုးဆိုးကျိုးများကို တွက်ချက်လိုက်ပြီး ကိစ္စအချို့ကို နားလည်သွား၏။ ထိုကျောက်စိမ်းရုပ်နှစ်ရုပ်မှာ သူနှင့်သူ့မိသားစုအပေါ်တွင် မည်သည့်အကျိုးကျေးဇူးမှ မရှိသော်လည်း ထန်ရှုအတွက်တော့ များစွာ အကူအညီရစေသည်။ ထိုနှစ်ရုပ်အား ဘိုးဘေးဘောင်ဆက် လက်ဆင့်ကမ်းခဲ့သည်မှလွဲ၍ မည်သည့်အသုံး၀င်မှုမှ မရှိသဖြင့် ထန်ရှုထံမှ အင်မော်တယ်ကျင့်စဉ်များနှင့် လဲလှယ်လိုက်သည်က ပို၍ကောင်းမွန်ပေသည်။
နှစ်နာရီကြာပြီးနောက် ထန်ရှုသည် အင်မော်တယ်ကမ္ဘာမှ ကျင့်စဉ်တစ်ခုအား မြောင်၀မ်ထန်ထံ လွှဲပြောင်းလိုက်၏။ သူက မြောင်၀မ်ထန်၏နှစ်ထောင်းအားရဖြစ်နေသော အမူအရာကို ကြည့်ကာ လေးလေးနက်နက် ပြောသည်။ “ခင်ဗျားမှာ တာအိုကျင်ကြံခြင်းအခြေခံရှိနေပြီးသားဆိုတော့ ဒီအင်မော်တယ်ကျင့်စဉ်ကိုသာ ကျင့်ရင် ခင်ဗျားရဲ့ကျင့်ကြံခြင်းကို တစ်ဆင့်မြှင့်နိုင်လိမ့်မယ်။ ခင်များ မြန်မြန်အဆင့်တက်ချင်ရင်တော့ ဇွဲရှိရှိ ကျင့်မှရလိမ့်မယ်။ ခင်ဗျား ကြိုးစားရင် အများဆုံး ဆယ်နှစ်ကြာတာနဲ့ ရွှေအမြုတေအထွတ်အထိပ်အဆင့်ရဲ့ အင်အားကြီးလူဖြစ်နေမယ်လို့ ကျွန်တော် အာမခံတယ်”
ဆယ်နှစ်အတွင်း ရွှေအမြုတေအထွတ်အထိပ်အဆင့်တဲ့...
မြောင်၀မ်ထန်မှာ စိတ်လှုပ်ရှားလွန်း၍ ငိုချင်စိတ်ပင် ပေါက်လာ၏။ ဤသည်မှာ သူတစ်ခါမှ စိတ်ကူးမယဉ်ဖူးသည့် အခွင့်အရေးကြီးတစ်ခုဖြစ်လေသည်။ အင်မော်တယ်ကျင့်စဉ်တစ်ခုကို ရရှိခဲ့သည်ဟု သတိရမိသောအခါ အိပ်မက်မက်နေသည့်အလားပင် ထင်မိ၏။
“ဒါဆို ငါ့မိသားစုအတွက်....” မြောင်၀မ်ထန်သည် သူ၏ရည်ရွယ်ချက်ကို မေ့ပျောက်မသွားချေ။
“အဲ့ဒါ....နည်းလမ်းနှစ်ခုရှိတယ်” ထန်ရှုက ပြောသည်။ “ပထမတစ်ခုက သုံးနှစ်အတွင်း မြောင်မိသားစုမှာ မိသားစု၀င်အသစ်တစ်ယောက် ထပ်တိုးလာလို့မရဘူး။ ခင်ဗျားတို့ အားလုံးရဲ့ လက်တွေ၊ ခြေတွေ ဖြတ်ပြီးတော့ စတေးရမယ်။ ခင်ဗျားတို့ရဲ့ လက်တွေ၊ ခြေတွေနဲ့ သွေးဆက်ကို ဖြတ်တောက်ပြီးတဲ့အခါမှ မြောင်မိသားစုအပေါ် ကျရောက်မယ့်ကပ်ဘေးကို ကာကွယ်နိုင်လိမ့်မယ်”
မြောင်၀မ်ထန်၏မျက်နှာအမူအရာမှာ သိသိသာသာ ပျက်သွားပြီး မချင့်မရဲ မေး၏။ “ဒုတိယတစ်ခုကရော”
“ကပ်ဘေးရဲ့ဇစ်မြစ်က တစ်ယောက်တည်းပဲ။ သူ ကတုံးတုံးပြီး မြောင်မိသားစုကနေ ထွက်ခွာပြီး တရုတ်ကနေပါ ထွက်သွားရမယ်။ သူ့တစ်သက်လုံး တရုတ်မှာ ဘယ်တော့မှ ခြေမချမှ ခင်ဗျားရဲ့မိသားစု အန္တရာယ်ကင်းလိမ့်မယ်”
‘မြောင်ချင်းလဲ့လား’ မြောင်၀မ်ထန်က စိတ်ထဲမှ တွေးလိုက်မိပြီး ချက်ချင်း ဒုတိယနည်းလမ်းကို ရွေးချယ်လိုက်၏။
အရင်ကအတိုင်းသာဆိုလျှင် မြောင်၀မ်ထန်သည် ထန်ရှုပြောသမျှ၏ ၉၉ ရာခိုင်နှုန်းကို ယုံကြည်မည်ဖြစ်သော်လည်း ၁ ရာခိုင်နှုန်းကတော့ သံသယ၀င်မိပေလိမ့်မည်။ အင်မော်တယ်ကျင့်စဉ်ကို ရရှိပြီးမှသာ ထန်ရှု၏ရည်မှန်းချက်များနှင့် စွမ်းအားများက မည်မျှကြီးမားကြောင်း လုံးလုံးလျားလျား နားလည်သွားခြင်းဖြစ်ပေသည်။
“ငါ ဘာလုပ်ရမလဲသိပါပြီ ညီလေးထန်” မြောင်၀မ်ထန်က မှိုင်တွေစွာ ပြော၏။
ထန်ရှုကခေါင်းညိတ်ပြီးနောက် ဆေးဘူးတစ်ဘူးကို ထုတ်လိုက်သည်။ သူက မြောင်၀မ်ထန်ကို ပေးကာ ဆို၏။ “အဲ့ဒီထဲမှာ အခြေခံတည်ဆောက်ခြင်း အဆင့်ကို အမြန်တက်နိုင်မယ့် အဆီအနှစ်စုဆောင်းခြင်းဆေးလုံး တွေရှိတယ်။ နှစ်ပတ်ကြာတိုင်း တစ်လုံးသောက်ရမယ်။ အကုန်လုံးကုန်သွားရင် ခင်ဗျား အခြေခံတည်ဆောက်ခြင်းအထွတ်အထိပ်အဆင့်ကို ရောက်သွားလိမ့်မယ်။ ငါးလကြာရင် ကျန်းမင်ကျွန်းကကျိချွိမိန်ကိုသွားရှာချေ။ သူက ခင်ဗျားလိုအပ်တဲ့ဆေးလုံးတွေကို ပေးလိမ့်မယ်”
“နားလည်ပြီ။ ကျေးဇူးတင်ပါတယ် ညီလေးထန်”
မြောင်၀မ်ထန်က စိတ်လှုပ်ရှားဖွင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပေသည်။
ထန်ရှုက ခေါင်းခါရင်း စိတ်ထဲမှ သက်ပြင်းချနေမိ၏။ သူသည် ဤလူအား ဈေးပေါသော အပေးအယူဖြင့် အခွင့်ကောင်းယူခဲ့မိလေသည်။ သို့သော် သူသည် မြောင်၀မ်ထန်ကို ဤတစ်ကြိမ်သာ ကူညီ၍ လျစ်လျူရှုလိုက်နိုင်သော်လည်း နောက်နောင် အခက်အခဲရှိပါက ထပ်မံကူညီရန် စိတ်ပိုင်းဖြတ်လိုက်၏။
ညအမှောင်ထဲတွင် ထန်ရှုသည် ထန်ရှုသည် မြောင်ဝမ်ထန်အား သုခဘုံကလပ်၏ကားပါကင်နေရာသို့ လိုက်ပို့ပေးသည်။ ထို့နောက် သူအသိချင်ဆုံးအရာတစ်ခုကို မေး၏။ “အစ်ကိုမြောင် ခင်ဗျားတို့မိသားစုမှာ ၁၂ ရုပ်ထဲက နဂါးရုပ်နဲ့ကျားရုပ်ပဲ ရှိတာဆိုတော့ ကျန်တဲ့အရုပ်တွေကို ကျွန်တော် ဘယ်မှာရှာလို့ရနိုင်မလဲ”
“ငါ့မိသားစုမှာတော့ အဲ့ဒီနှစ်ရုပ်ပဲရှိတယ်။ မင်း ကျန်တဲ့အရုပ်တွေကို လိုချင်တယ်ဆိုရင် လျှို့ဝှက်ရှာပေးမယ်လေ” မြောင်၀မ်ထန်က ပြောသည်။ “ငါ သတင်းရတာနဲ့ မင်းကိုအကြောင်းကြားလိုက်မယ်”
ထန်ရှုက တခဏ စဉ်းစားပြီးနောက် ခေါင်းခါရမ်းကာ ပြော၏။ “လျှို့ဝှက်ရှာစရာမလိုပါဘူး။ ပွင့်ပွင့်လင်းလင်းပဲ လုပ်ကြတာပေါ့။ ကျန်အရုပ်တွေသာ ကျွန်တော်တို့နိုင်ငံထဲမှာ ရှိနေရင် ကျွန်တော်တို့ မကြာခင် ရှာတွေ့မှာပါ။ ဒါကြောင့် ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်တစ်ရုပ်ရှိရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀၊ ကျောက်စိမ်းရုပ်ရှိတဲ့နေရာကို အတိအကျပြောနိုင်ရင် ဒေါ်လာ ၁၀ သန်းပေးမယ်လို့ ကြေညာလိုက်မယ်”
မြောင်၀မ်ထန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ပုံကြီးချဲ့မလွန်းဘူးလား ညီလေးထန်။ မင်း အဲ့ဒ့ါကို ကြေညာလိုက်ရင် တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော် ဖြစ်သွားမှာနော်”
“နောက်ထပ် ကျောက်စိမ်းရုပ်တွေကို ရှာနိုင်ပြီး တစ်ရုပ်ကိုပဲ တွေ့တယ်ဆိုရင်တောင်မှ ငွေရော ကြေညာရတာရောက တန်ပါတယ်” ထန်ရှုက ဆို၏။
***