စိတ်ရင်းဖြင့် လည်ပတ်ခြင်း
Vol. 63 Ch. 875
ထန်ရှုသည် မြောင်၀မ်ထန်အား လိုက်ပို့ပြီးနောက် မိုရီနှင့် ကွေ့ချန်းချုံ တို့ကို ချက်ချင်းသွားတွေ့၏။ သူတို့နှစ်ယောက်သည် ဗန်ပိုင်းယားများ၏သွေးထဲမှ ဆဲလ်ရှင်များကို အောင်အောင်မြင်မြင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းကို တရုတ်တိုင်းရင်းဆေးများနှင့် ပေါင်းစပ်ကာ လူများအတွက် အကျိုးရှိမည့်ဆေးများ ဖော်စပ်ရန် ကြိုးစားနေကြသည်။
ထို့ကြောင့် ထန်ရှုသည်ကျိချွိမိန်ထံမှ ရရှိခဲ့သော သိုလှောင်လက်စွပ်အား မိုရီကို ယာယီပေးခဲ့၏။ ရှန်းကျီလေနှင့် သူ၏လက်အောက်ငယ်အား ငါးယောက်သည် သူတို့၏သွေးအတော်များများကို ပေးခဲ့၍ ကျောက်စိမ်းပုလင်းထဲတွင် သိုလှောင်ထားခဲ့ကြသည်။ ထိုပုလင်းအား ချိပ်ပိတ်ထားသော သိုလှောင်လက်စွပ်ထဲတွင် ထည့်ထားလိုက်သည်။
ရှန်းကျန်သည် သုံးရက်ကြာသောအခါ သူမ၏အစ်ကိုဖြစ်သူ ရှန်းကျီလေနှင့်အတူ ထွက်ခွာသွားသည်။ ရှန်းကျီလေသည် တရုတ်အင်ပါယာကျောက်စိမ်းတံဆိပ်တုံးနှင့် ထန်ရှု တောင်းဆိုသည့် ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ တစ်ပတ်အတွင်း ပို့ပေးပါမည်ဟု အာမခံခဲ့၏။ ပစ္စည်းများ၏အရေအတွက်ကို တွက်ဆပြီး ပျမ်းမျှတန်ဖိုးအား ကျန် ပေါင် ၁၅ ဘီလီယံထဲမှ နှုတ်ရပေမည်။
နောက်ဆုံးတွင်တော့ ထန်ရှု၏ဘ၀မှာ အေးဆေးတည်ငြိမ်သွားလေပြီ။ ထို့နောက်ပိုင်းရက်များတွင် ထန်ရှုသည် သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံပြီး အားလပ်သည့်အချိန်ကို အိမ်တွင် စာလေ့လာ၏။ ရက်များကုန်လွန်သွားပြီး သူ၏ပထမနှစ်ပြီးဖို့ ၂ ရက်သာ ကျန်တော့လေသည်။
နေမင်းကား ဧရာမမီးလုံးအလား ကောင်းကင်တွင် တောက်ပနေ၏။
ကြယ်ပြာအိမ်ရာ၀င်းတွင်။
လောလောဆယ်တွင် ထန်ရှုသည် တိတ်တဆိတ် စာဖတ်နေသော်လည်း သူ၏စိတ်ကား အနားမနေချေ။ သူ၏နောက်ထပ်လှုပ်ရှားရမည့်အစီအစဉ် ....သူ လုပ်ရမည့်အရေးအကြီးဆုံးအရာက ကမ်းဇတ်လုံကွမ်ပင်လယ်အော်သို့ သွား၍ အင်မော်တယ်နေအိမ်ကို ဖွင့်ရမည်။ ထို့နောက် နဂါးကိုးကောင်ကျွန်းသို့ သွားရမည်။ ထိုနေရာရှိ ပြန်လည်ပြုပြင်ရေးပရောဂျက်မှာ အရေးကြီးသောအခြေအနေသို့ ရောက်ရှိနေလေပြီ။ ယင်းကျွန်းသည် အနာဂတ်တွင် သူ၏အခြေစိုက်စခန်းဖြစ်လာမည်ဖြစ်၍ ပြဿနာများ ပေါ်ပေါက်လာ၍မရပေ။
တူ....တူ...တူ
သူ၏ဖုန်းသည် ရုတ်တရက် ကျယ်လောင်စွာမြည်လာသဖြင့် သူ၏အတွေးရထား ပြတ်တောက်သွားတော့သည်။
ထန်ရှုက မိုဘိုင်းစခရင်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ချက်ချင်း မျက်ခုံးများ တွန့်ချိုးသွားကာ မေးလေသည်။ “ဘာကိစ္စလဲ အားဝူ”
“ခေါင်းဆောင်ခန်း ရှန်ဟိုင်းကို ရောက်နေပါတယ် သူဌေး”
“ခန်းရှလား”
“ဟုတ်ပါတယ်”
ထန်ရှုက သိလိုစိတ်ပြင်းပျစွာ မေးသည်။ “သူက ဘာလို့ ကြိုတင်မသိမပေးဘဲ ရှန်ဟိုင်းကို လာတာလဲ။ ထူးဆန်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် ထားလိုက်တော့။ အခု သူဘယ်မှာလဲ”
“ကျွန်တော်တို့သူလေ သူ့ကို အခုလေးတင် ရှန်ဟိုင်းလေဆိပ်မှာ တွေ့လိုက်ရပါတယ်” မိုအားဝူက ဖြေ၏။
ထန်ရှုက ခပ်တိုတိုသာ ပြန်ဖြေပြီးနောက် ဖုန်းချကာ ခန်းရှ၏ဖုန်းအား ချက်ချင်း ခေါ်လိုက်၏။ သူ စကားမပြောရသေးသော်လည်း သူမ၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာလေသည်။ “ပျော်ဖို့ကောင်းတယ်သိလား။ နင့်ကို အံ့ဩသွားအောင် လုပ်မလို့ ရည်ရွယ်ထားပေးမယ့် နင်က ငါ ရှန်ဟိုင်းရောက်နေတာကို ကြိုသိနေပြီ”
“ဘာလို့ ဒီအချိန်ကြီး ရှန်ဟိုင်းကို လာတာတုန်း” ထန်ရှုက ခပ်ဟဟရယ်၍ မေး၏။
“နင့်ကို လွမ်းလို့လေ” ခန်းရှက ရယ်လျက်ဖြေသည်။ “ပြီးခဲ့တဲ့ရက်တွေတုန်းက ငါ အားနေတယ်လေ ပြီးတော့ နောက်ရက်တွေလည်း လုပ်စရာမရှိဘူး။ ဒါကြောင့်မလို့ ကိုယ့်ကိုကိုယ် အားလပ်ရက်ပြန်ပေးလိုက်တာ။ ဘယ်ကိုသွားရမလဲ စဉ်းစားခဲ့ပေမယ့် နင်မရှိတဲ့နေရာတိုင်းက ပျင်းစရာကောင်းလွန်းလို့ ရှန်ဟိုင်းကို လာခဲ့တာ။ ဘာပဲဖြစ်ဖြစ် နင့်နောက်ဆုံးစာမေးပွဲတွေပြီးရင် ကြယ်တာရာမြို့ကို ပြန်ရအောင်”
“ကြယ်တာရာမြို့ကို ပြန်ရမယ်။ ငါက အဲ့ဒီမှာ ဘာလုပ်ရမှာလဲ” ထန်ရှု နားမလည်နိုင်စွာ မေး၏။
“သူဌေးထန် နင်သိလား။ တဖြည်းဖြည်းနဲ့ နင့်မှတ်ဉာဏ်လည်း မကောင်းတော့ဘူး။ ကိုယ်တိုင် ၀င်မပက်သက်ဘဲ တခြားသူတွေကိုပဲ အလုပ်ခိုင်းနေတာမလား” ခန်းရှက စနောက်လိုက်သည်။ “မြို့သစ်ပရောဂျက်က ဇွန်လ ၁ ရက်နေ့မှ ဖွင့်ဖို့ စီစဉ်ထားတာလေ။ ဒါပေမဲ့ လွန်ခဲ့တစ်နှစ်က လွန်မိသားစုက တောင်နံရံရွာ နဲ့ ပြဿနာဖြစ်သွားတော့ ပရောဂျက်ကို အခုထိ ဆိုင်းငံ့ထားတာပဲ။ ဒီတစ်ကြိမ်မှာ ငါတို့ အတော်လေး ပြင်ဆင်ထားတာလေ။ ဒါပေမဲ့ နင်ပွဲမတက်ဘူးဆိုရင် ငါတို့က ဘယ်လိုဖွင့်မတုန်း”
ထန်ရှုမှာ စိတ်နှင့်လူကပ်သွားပြီး ရုတ်တရက် ပြုံးကား ပြောသည်။ “မင်းသာ သတိမပေးရင် ငါတကယ် မေ့သွားတော့မလို့။ ကောင်းပြီလေ ကြယ်ပြာအိမ်ရာဝင်းကို လာခဲ့ချေ”
“အိုကေ စောင့်နေနော်”
နေ့လည်တွင် ခန်းရှသည် ခရီးဆောင်အိတ်တစ်လုံးနှင့်အတူ ရောက်ရှိလာ၏။ သူမသည် ထန်ရှုကို မြင်သောအခါ သူမ၏မျက်နှာလှလှလေး၌ ပေါ်လာသော စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားချေ။ သူမက သူ့ကို တင်းတင်းကြပ်ကြပ် ဖက်၍ ရင်ခွင်ထဲ၌ မှီကာ မေးလေသည်။ “မတွေ့ရတာ တော်တော်ကြာပြီနော်။ ဖုန်းနဲ့ပဲ ဆက်သွယ်နေရတာ။ ငါ့ကို လွမ်းနေရဲ့လား”
“လွမ်းပါတယ်ကွာ” ထန်ရှုက ပြုံး၍ ဖြေသည်။
ခန်းရှက နှုတ်ခမ်းလေးစူ၍ တိုးညှင်းစွာပြော၏။ “ဟင့် လွမ်းတယ်လဲပြောသေးတယ်။ ကြယ်တာရာမြို့ကို လာတောင်မတွေ့ဘူး။ အရင်ရက်တုန်းက ချင်းချန်တောင်ကို သွားပြီး အဲ့မှာ အချိန်အတော်ကြာ နေခဲ့တယ်ဆို”
“ငါ လုပ်ရမယ့် အရေးကြီးကိစ္စတစ်ခု ရှိလို့ပါ” ထန်ရှုက ပြောသည်။
“နင့်မှာ အရေးကြီးကိစ္စတွေ လုပ်စရာရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ တကယ်ကြီးလား အရမ်းအလုပ်များတာပဲ” ခန်းရှက ရေရွတ်၏။ “ငါတို့ ခမ်းနားသောထန်လုပ်ငန်းစုနဲ့ ထာ၀ရခန်းမကို အုပ်ချုပ်တာအပြင် ဘာလုပ်စရာရှိသေးလို့လဲ”
ထန်ရှုမှာ မရယ်မိဘဲ မနေနိုင်ချေ။ “အဲ့နှစ်ခုကလွဲပြီး ဘာရှိဦးမလဲ။ ကျင့်ကြံခြင်းပဲပေါ့။ ကြွယ်၀ချမ်းသာမှုတွေကနေ ဘယ်လောက်ပဲဂုဏ်ဝါနဲ့ အကျိုးအမြတ်ရရ ငါ့အတွက် အရေးမကြီးတာ မင်းသိပါတယ်။ ငါအမြဲတမ်းလုပ်နေခဲ့တာက သန်မာလာပြီး ကျင့်ကြံခြင်းလောကတွေ တက်နိုင်အောင်ပဲ”
“သိပါတယ်။ အဲ့ဒါကြောင့် သတင်းကောင်းပြောပြမလို့” ခန်းရှက ရယ်လျက် ပြော၏။ “နင်သိလား ငါလေ အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်သွားပြီ။ နောက်ဆို ငါလည်း စွမ်းအားကြီးလာတော့မှာ”
“မင်း....အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီဟုတ်လား” ထန်ရှုမှာ အံ့ဩ၀မ်းသာဖြစ်နေချေသည်။
“နင် ထင်မထားဘူးမလား” ခန်းရှက ဂုဏ်ယူစွာ ပြောသည်။ “ဟီးဟီး ကံကောင်းသွားတာလေ တစ်နှစ်လုံး နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ ငါ့သူငယ်ချင်းက ငါ့ဆီလာလည်တာလေ။ ငါတို့တွေ့တုန်းက သူ့မှာ ပုတီးကြိုးတစ်ကြိုး ပါလာတယ်။ အဲ့ဒီထဲကနေ ချီစီးဆင်းမှုကို ခံစားလိုက်ရတယ်လေ။ သူက ငါ့အဲ့ဒီပုတီးကြိုးကို ကြိုက်မှန်းလည်းသိရော ပေးခဲ့တာပဲ။ ဒီမှာလေ.....ဒီကြိုးပဲ”
ထန်ရှု၏အကြည့်သည် ခန်းရှ၏မြှောက်ထားသော လက်ကောက်၀တ်အပေါ် ကျရောက်သွား၏။ ထိုပုတီးလုံးများသည် အနည်းငယ်မှိန်နေသော်လည်း အရောင်စုံ၍ စုစုပေါင်း ၃၆ လုံးရှိလေသည်။ သူ ၎င်းကို ထိလိုက်သည့်အခါ စိတ်ဝိညာဉ်ချီသာမက သူ၏လက်မှတဆင့် ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသော စိတ်ဝိညာဉ်စွမ်းအင်ကိုပါ ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားရ၏။
‘မှော်ပစ္စည်းတစ်ခု။ စိတ်ဝိညာဉ်စုစည်းအပ်နှင်းခြင်းအစီအရင် ပါနေတာပဲ'
စိတ်ဝိညာဉ်စုစည်းအပ်နှင်းခြင်းအစီအရင်ပါသော မှော်ပစ္စည်းတစ်ခုကို ထန်ရှု ကမ္ဘာပေါ်၌ မတွေ့ခဲ့ဖူးချေ။ ၎င်းသည် အင်မော်တယ်ကမ္ဘာရှိ သာမန်ကျွမ်းကျင်သူများ ထုတ်လုပ်နိုင်သည့် တွေ့မြင်နေကျ ပစ္စည်းတစ်ခု ဖြစ်ချေသည်။
‘ငါ့နှယ် ဘာလို့ ဒီလောက်တောင် တုံးရတာပါလိမ့်။ ငါက လောကရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို အမြဲတမ်း စုပ်ယူနေစရာမလိုပေမယ့် ငါ့ညွှန်ကြားချက်အတိုင်း ကျင့်ကြံနေတဲ့လူတွေ အရင်တုန်းက တာအိုကျင့်ကြံသူတွေလေ။ စိတ်ဝိညာဉ်စုစည်းအပ်နှင်းခြင်းအစီအရင်ပါတဲ့ ပစ္စည်းတွေသာ ရှိလို့ကတော့ သူတို့ကျင့်ကြံအဆင့်တွေက တဟုန်ထိုး တိုးတက်လာမှာပဲ’
ခန်းရှမှာ ထန်ရှု၏အတွေးများကို မသိချေ။ သူမက ဂုဏ်ယူစွာ ပြုံးလိုက်၏။ “နင် ဘယ်လိုထင်လဲ။ ဒီပုတီးက ပစ္စည်းကောင်းမလား။ နင်နဲ့တွေ့ရင် နင့်ကျင့်ကြံအဆင့်တက်အောင် ပေးမလို့”
ထန်ရှုက သူမ၏လက်ကောက်ဝတ်ကို လွှတ်၍ ခေါင်းခါရမ်းကာ ဖြေသည်။ “ငါ့အတွက် ဒီပုတီးမလိုဘူး။ အမှန်အတိုင်းပြောရရင် ငါလည်း ဒီလိုပစ္စည်းမျိုးကို ထုတ်လုပ်နိုင်တယ်။ ထုတ်လည်းထုတ်မှာ။ ငါ အားတဲ့အခါက အဲ့တာတစ်သုတ်လောက် သန့်စင်ဦးမယ်”
“မှော်ပစ္စည်းလား။ နင် ဒီလိုဟာမျိုးကိုလည်း လုပ်နိုင်တယ်ပေါ့”
ထန်ရှုကို ကြည့်နေသော ခန်းရှ၏မျက်နှာလေးမှာ အံ့ဩမှင်သက်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သို့သော် ဂုဏ်ယူကျေနပ်နေခဲ့သည့် သူမ၏စိတ်မှာ ညှိုးငယ်သွားလေသည်။ ရှန်ဟိုင်းကို လာခဲ့သည့် အဓိကအကြောင်းအရင်းမှာ ဤအဖိုးတန်ရတနာကို ထန်ရှုအား ပေးလို၍ ဖြစ်သည်။ ယခုတွင် ထန်ရှုကား ၎င်းကို မလိုအပ်ချေ။
“အင်း ငါ တကယ် သန့်စင်နိုင်တယ်” ထန်ရှုက ခေါင်းညိတ်၏။ “ငါ အဲ့ဒီပုတီးကို မလိုပေမယ့် ငါ လေ့ကျင့်ပေးနေတဲ့လူတွေက လိုအပ်တယ်ဆိုတာ မင်းကြောင့်သိလိုက်ရတယ်။ လူတိုင်းမှာသာ ဒီမှော်ပစ္စည်းရှိရင် သူတို့ရဲ့ကျင့်ကြံခြင်းကို အများကြီး ကူညီရာရောက်မှာပဲ။ ကျေးဇူးတင်တယ်နော် ခန်းရှ”
ညှိုးငယ်နေသည့် ခန်းရှ၏စိတ်မှာ ချက်ချင်း ပျော်ရွှင်သွားပြီး သူမက ပြုံး၍ ပြော၏။ “ကျေးဇူးမတင်ပါနဲ့။ နင့်ကို ကူညီနေရရင် ငါ အပျော်ဆုံးပဲ”
အဆုံးသတ်မရှိသည့် ချစ်စကားများသည် စိတ်ကို ပျော်မွေ့စေသည်။ ကျောက်ခဲတမျှ မာကြောသော နှလုံးသားကို ပိုင်ဆိုင်ထားသည့်တိုင် ၎င်းတို့က ထန်ရှုကို နွေးထွေးစေသည်။ သူက ခန်းရှ၏ခရီးဆောင်အိတ်ကို လက်တစ်ဖက်ဖြင့် မလိုက်သည်။ နောက်လက်တစ်ဖက်က သူမ၏လက်ကိုကိုင်၍ သူကာ ပြုံးကာ ပြော၏။ “ဟုတ်ပြီ အပေါ်တက်ပြီး အနားယူကြတာပေါ့။ ညနေကျရင် ညစာအတူတူ စားကြမယ်”
သို့သော် ယနေ့ကား အံ့ဩတုန်လှုပ်ဖွယ် သတင်းတစ်ရပ်သည် တရုတ်နိုင်ငံတစ်ခုလုံးကို လေမှုန်တိုင်းတစ်ခုနှယ် ၀င်ရောက်မွှေနှောက်သွားသည့်နေ့ပင်။
တီဗီဌာနများ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ အင်တာနက်နှင့် ဆက်သွယ်ရေးမီဒီယာ....အားလုံးတို့သည် အကြောင်းအရာတစ်ခုတည်းကိုသာ အာရုံစိုက်နေကြ၏။ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းသည် ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်များကို ရှာဖွေနေ၏။ ကျောက်စိမ်းရုပ်ရှိသည့် မည်သူမဆို ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်း၏ အထွေထွေမန်နေဂျာဟောင်လဲ့ကို ဆက်သွယ်ရမည်။ ၁၂ ရုပ်တွင် ပါ၀င်ကြောင်း အတည်ပြုပြီးသည်နှင့် ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းသည် ၎င်းကို ဒေါ်လာသန်း ၁၀၀ ဖြင့် ၀ယ်ယူမည်ဖြစ်သည်။
ဒေါ်လာသန်း ၁၀၀။ ၎င်းသည် လူများစွာအတွက် မှန်းဆ၍ပင်မတတ်နိုင်သည့် ငွေပမာဏဖြစ်ချေသည်။ သတင်းကား အနုမြူဗုံးတစ်ဗုံးကဲ့သို့ တရုတ်လူမျိုးများအား အုတ်အော်သောင်းနင်းဖြစ်သွားစေ၏။
.....
ကျန်းပြည်နယ် ယန်းယင်စီရင်စုတွင်။
ယန်ဖန်းချောင်သည် နိုင်ငံ၏ထိပ်တန်း အထက်တန်းကျောင်းရှေ့ရှိ ခပ်စုတ်စုတ် သတင်းစာဆိုင်ရှေ့တွင် စီးကရက်သောက်နေ၏။ တစ်စုံတစ်ယောက်ကို စောင့်နေသည့်အလား သူ၏မျက်လုံးများက ဟိုဟိုသည်သည် ကြည့်နေချေသည်။
“မင်း သေချာမေးလာလား မန်ကျီ။ ယွဲ့လီက ငွေပေးနိုင်တဲ့လူရဲ့ ချစ်သူဖြစ်ပေးမယ်ဆိုတာ တကယ်လား” ယန်ဖန်းချောင်က မျက်မှောင်ကြုတ်၍ သူဘေးရှိ ပိန်ပိန်းပါးပါးလူငယ် မန်ကျီဆိုသူအား မေး၏။
“အေး ငါ သေချာလိုက်မေးလာတာ” မန်ကျီက ပြောသည်။ “ယွဲ့လီ ပြောခဲ့တာတဲ့။ အလှဘုရင်မယွဲ့ဆီကို ဒုန့်တာစတီးလုပ်ငန်းရဲ့သခင်လေး ၀မ်ဝေ့က ဆက်သွယ်လာတယ်တဲ့။ သူတို့အကြာကြီး စကားပြောခဲ့တယ်ဆိုပဲ”
“၀မ်ဝေ့လား” ယန်ဖန်းချောင်က မျက်မှောင်ကြုတ်၍ မေးသည်။ “အဲ့ကောင်က သူမိသားစုရဲ့စည်းစိမ်တွေက်ု သုံးဖြုန်းပြီး နေ့တိုင်း ပျော်ပါးနေတဲ့ကောင်မလား။ မင်းကိုတောင် အရင်တစ်ခါတုန်းက ရိုက်သွားသေးတယ်လေ။ သူက ဘယ်လိုလုပ် ယွဲ့လီနဲ့ အဆက်အသွယ်ရှိနေတာလဲ”
“ငါ့ကို တစ်ခါရိုက်ခဲ့ပေမယ့် ငါ လူငှားပြီး သုံးခါပြန်ရိုက်ခဲ့တယ်” မန်ကျီက ပြောသည်။ “သူဌေး မင်းက ကျန်းမြို့မှာနေတာ နှစ်နှစ်ရှိနေပြီလေ။ စီရင်စုထဲကကောင်တွေက သူတို့လုပ်ခဲ့တဲ့ကိစ္စတွေကို တာ၀န်ယူတာမဟုတ်ဘူး။ ငါတောင် နာမည်ပျက်မှာစိုးလို့ မင်းကို ပြောမပြခဲ့တာ”
ယန်ဖန်းချောင်၏မျက်နှာမှာ အေးစက်သွား၏။ သူက အေးစက်စွာ နှာမှုတ်၍ ပြောသည်။ “ဟက် စိတ်မပူပါနဲ့။ ကလဲ့စားချေဖို့ ဆယ်နှစ်ဆိုတဲ့အချိန်က နောက်မကျဘူး။ ၀မ်ဝေ့က မင်းကို ရိုက်ရဲတယ်ဆိုရင် ငါ သူ့ကို အနှေးနဲ့အမြန် ပြန်ပြီး ရှင်းပစ်မယ်။ ဟမ် ယွဲ့လီ ထွက်လာပြီ”
ယန်ဖန်းချောင်က စီးကရက်ကို လွှင့်ပစ်ကာ ကျောင်းဂိတ်၀သို့ ပြေးသွား၏။ ခန္ဓာကိုယ်အချိုးအစားလှသည့် မိန်းမလှလေးတစ်ယောက်က ကျောင်းအတွင်းမှ ထွက်လာသည။ သူက သူမ၏လမ်းကို ပိတ်ရပ်လိုက်သည်။ “ယွဲ့လီ ငါ မင်းနဲ့ စကားပြောချင်တယ်”
ယန်ဖန်းချောင်ကို မြင်လိုက်ရသောအခါ ယွဲ့လီ၏မျက်ဝန်းလေးများမှာ စိတ်လှုပ်ရှားစွာ တောက်ပသွား၏။ သို့သော် ထိုအလင်းများက ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး သူမက အားတင်းပြုံးလိုက်သည်။ “ဘယ်တုန်းက ပြန်ရောက်တာလဲ ဖန်းချောင်”
“ငါ ဒီနေ့ပြန်လာတဲ့အကြောင်းအရင်းတစ်ခုပဲ ရှိတယ်” ယန်ဖန်းချောင်က ပြော၏။ “ငါ မင်းကို တစ်ခု မေးချင်တယ်။ မင်းအကြောင်း ကောလဟာလက အမှန်ပဲလား”
ယွဲ့လီ၏အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ပန်းရောင်သန်းနေသော သူမ၏ပါးလေးမှာလည်း ဖျော့တော့သွားသည်။ သူမမှာ ရှက်ရွံ့၍ ဖြူဖတ်ဖြူရော်ဖြစ်ကာ တိတ်ဆိတ်နေ၏။ သို့သော် ယန်ဖန်းချောင်၏အကြည့်ကြောင့် လိမ်ညာခြင်းငှာ မတတ်နိုင်ချေ။
ယန်ဖန်းချောင်က ဘဏ်ကတ်တစ်ကတ်ကို ထုတ်၍ ပေးကာ ပြော၏။ “ငါ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ငွေနည်းနည်းပဲ ရှာနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီကျောင်းသားတွေနဲ့ယှဉ်ရင်တော့ အများကြီးသာပါတယ်။ ဒီကတ်ထဲမှာ ငါ နှစ်နှစ်တိတိ စုထားတဲ့ ယွမ် ၆၅၀၀၀ ရှိတယ်”
“နင်....”
ယွဲ့လီက ယန်ဖန်းချောင်အား မယုံသင်္ကာစွာ ကြည့်လေသည်။
***