← Chapters

ကောင်းမွန်စွာ ပြောင်းလဲသွားသော ဘ၀များ

Vol. 63 Ch. 876

ကောင်းမွန်စွာ ပြောင်းလဲသွားသော ဘ၀များ

Vol. 63 Ch. 876

ပါးလွှာလှသော ဘဏ်ကတ်သည် ယွဲ့လီနှလုံးသားနှင့် မျက်၀န်းများကို တဆစ်ဆစ် နာကျင်နေစေ၏။ သူမကိုယ်သူမ ငွေအတွက်နှင့် ရောင်းရလိမ့်မည်ဟု ထင်မထားခဲ့သလို သူမကို ၀ယ်ယူသူမှာ ငယ်စဉ်ကတည်းက အတူကတကွကြီးပြင်း၍ သဘောကျနှစ်သက်ခဲ့ရသည် ယောက်ျားလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟုလည်း တွေးပင်မတွေးဖူးခဲ့ချေ။

ယွဲ့လီက နှုတ်ခမ်းလေးကို ကိုက်ရင်း တိတ်ဆိတ်နေသည်။ မိနစ်၀က်ခန့်ကြာပြီးနောက် သူမကမော့ကြည့်၍ လေးပင်စွာ ပြော၏။ “ယွမ် ၃၀၀၀၀၀။ နင် တစ်ပတ်အတွင်း ယွမ် ၃၀၀၀၀၀ ပေးရင် နင့်ရဲ့ချစ်သူ‌ဖြစ်ပေးမယ်။ နင်ဆန္ဒရှိရင် လက်ပါထပ်ပေးမယ်”

“မင်း ရူးနေလား” ယန်ဖန်းချောင်က အော်သည်။

ယွဲ့လီက ပြုံး၏။ သို့သော် ယင်းအပြုံးကား ၀မ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသည့် အပြုံးပင်။ သူမ၏မျက်၀န်းလေးမှာ တားဆီးမရတော့ဘဲ မျက်ရည်များတသွင်သွင် စီးကျလာ၏။ သူမမှာ တရှိုက်ရှိုက် ငို‌နေသော်လည်း ခံစားချက်ကို အားတင်း၍ ထိန်းချုပ်နေလေသည်။ “ငါမရူးဘူး။ ဒါပေမဲ့ ငါ ငွေမက်တယ်။ ငွေကပေးတဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုကို ကြိုက်တယ်။ ငါပြောတဲ့အတိုင်း ယွမ် ၃၀၀၀၀၀ ပေးရင် ငါ နင်ကြိုက်တာဘာမဆို လုပ်ပေးမယ်။ ဒါပေမဲ့ အဲ့ဒီငွေပမာဏမရှိဘူးဆိုရင်တော့ ငါနဲ့ဝေးဝေးနေပြီး ဘယ်တော့မှ လာမတွေ့ပါနဲ့”

“ငါ....”

ယန်ဖန်းချောင်၏နှလုံးသားမှာလည်း ယောက်ယက်ခတ်နေ၏။ သူသည် ယွဲ့လီကို ရူးရူးမူးမူးချစ်သော်လည်း သူ့မိသားစုအခြေအနေကြောင့် အမြဲတမ်း မထိုက်တန်သလို ခံစားနေခဲ့ရလေသည်။ သူမည်မျှ ဤမြို့၌ ကြိုးစားပါစေ သူ့မိသားစုနှင့်ဆက်နွယ်နေဆဲဖြစ်သဖြင့် စိတ်ဓာတ်ကျခဲ့ရ၏။

အထက်တန်းအောင်ပြီးနောက်တွင် သူသည် စာမသင်တော့ဘဲ ကျန်းမြို့သို့ တစ်ယောက်တည်းသွားခဲ့၏။ အခက်အခဲမှန်သမျှကို အံကြိတ်ခံရင်း စိတ်ကူးမိသမျှအလုပ်များ၊ ပြစ်မှုများကို ကျူးလွန်ခဲ့လေသည်။ ထိုအရာအားလုံး၏ရည်ရွယ်ချက်ကား တစ်ခုသာ။ ငွေစုဆောင်း၍ ယွဲ့လီကို စောင့်ဆိုင်းရန်ဖြစ်သည်။ ယွဲ့လီသည် ကောလိပ်စာမေးပွဲဖြေဆို၍ ကျန်းမြို့ကောလိပ်တွင် တက်ရောက်မည်ဖြစ်သည်။ သူမ ထိုမြို့၌ နေစဉ်အတောအတွင်း သူမကိုကာကွယ်ပေးရန်နှင့် စောင့်ရှောက်ရန် ‌ငွေလိုသည်ဆိုသည့်အတွက်ကြောင့်ပင်။

သို့သော် ငွေပမာဏကား ယွမ် ၃၀၀၀၀၀ ဖြစ်နေချေသည်။

ယခုတွင် သူတွင် ငွေများလိုက်လံခြစ်ကုပ်စုဆောင်းလျှင်တောင်မှ အများဆုံး ယွမ် ၁၀၀၀၀၀ သာ စုဆောင်းနိုင်လိမ့်မည်။ ယွမ် ၃၀၀၀၀၀ ၏ တစ်၀က်ပင် မရှိချေ။

ယွဲ့လီ၏မျက်၀န်းလေးများ၌ နောင်တများ ပြည့်နှက်ချေသည်။ ယန်ဖန်းချောင် အဆက်တွေ့နေရသည်ကို သူမ မမြင်လိုချေ။ သို့သော် အသက်တစ်ချောင်းကယ်ရန်အတွက် ငွေလိုသည်။ သူမနှင့် အေးအတူပူအမျှ ကျော်ဖြတ်ခဲ့သော သူမအမေဖြစ်သူအတွက်ပင်။

“ဟားဟား..”

ယွဲ့လီသည် ခါးသီးစွာရယ်ရင်း ယန်ဖန်းချောင်ကို မကြည့်မိရန် စိတ်ထိန်းထား၏။ ထို့နောက် သူမက သူ့ကို ဖြတ်လျှောက်သွားဝောာ့သည်။

ယန်ဖန်းချောင်သည် ကြိမ်ဖန်များစွာ ပါးစပ်ဟ၍ စကားပြောလို၏။ သို့သော် သူ့မှာ ပြောနိုင်စွမ်းမရှိချေ။ သူ့တွင် ငွေမရှိဟူသောအသိက သူ၏နှလုံးသားကို ဓားဖြင့်မွှမ်းနေသလို နာကျင်နေစေ၏။ သူသည် ယွဲ့လီအဘယ်ကြောင့် ယွမ် ၃၀၀၀၀၀ ကို လိုချင်နေသလဲကိုသာ ခပ်ရေးရေး တွေးတောနေမိ၏။

“မန်ကျီ ငါ ဒီဆေးလိပ်ကုန်ရင် မြို့ကို ပြန်ဦးမယ်။ နောက်ခုနစ်ရက်အတွင်း ယွဲ့လီကို စောင့်ကြည့်ထားပေး။ သူ့ကို တစ်ယောက်ယောက် အနိုင်ကျင့်ရင် ငါ့ကို ချက်ချင်း အကြောင်းကြား ဟုတ်ပြီလား”

“အေး” မန်ကျီက လေးပင်စွာ ခေါင်းညိတ်၏။

သူတို့နှစ်ယောက်ဆိုင် သတင်းစာဆိုင်ရှေ့၌ ခုံတွင် ထိုင်လိုက်ကြသည်။ ဆေးလိပ်သောက်နေကြစဉ် ယန်ဖန်းချောင်သည် သတင်းစာတစ်ရွက်ကို ယူ၍ ခေါက်ခြေနေမိ၏။

“တကယ် ကံမကောင်းတာပဲ”

မန်ကျီမှာ တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သော်လည်း ခါးသီးစွာပြုံး၍ ခေါင်းခါလိုက်လေသည်။

စိတ်ဓာတ်ကျစရာအတွေးများ မတွေးမိအောင် ယန်ဖန်းချောင်က မေး၏။ “ဘာက ကံမကောင်းတာလဲ”

“ဆင်းရဲလို့ ကံမကောင်းတာလေ။ ချမ်းသာဖို့ကို တွေးတောင်မတွေးရဲဘူး။ မိသားစုအမွေပစ္စည်းတစ်ခုခုရှိရင် ချက်ချင်း ချမ်းသာမှာ။ ဖန်းချောင်။ ငါတို့ ဘိုးဘေးတွေက ဘာလို့ မိသားစုအမွေအနှစ်ဆိုပြီး ကျောက်စိမ်းရုပ်တစ်ရုပ်ကို မထားခဲ့တာလဲ မသိဘူးနော်”

“ဘာလို့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောနေတာတုန်း” ယန်ဖန်းချောင်က မျက်မှောင်ကြုတ်လိုက်၏။ “မင်းပြောနေတာတွေ ငါတစ်လုံးမှ နားမလည်ဘူး”

မန်ကျီက မျက်လုံးဝှေ့ပြီးနောက် ယန်ဖန်းချောင့်လက်ထဲရှိ သတင်းစာကို ဆွဲယူလိုက်သည်။ ထို့နောက် သူက ရှေ့ဆုံးစာမျက်နှာရှိ သတင်းခေါင်းစဉ်ကို ပြကာ ပြော၏။ “ငါ ဘာပြောတာလဲသိချင်ရင် ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်လိုက်”

ယန်ဖန်းချောင်မှာ တစ်ချက်ကြည့်လိုက်သည်။ စက္ကန့်တချို့ကြာသော် သူ၏သူငယ်အိမ်များမှာ ကျုံ့၀င်သွား၏။ သူက ၀မ်းသာအားရဖြင့် မန်ကျီကိုပင် စကားတစ်ခွန်းမပြောဘဲ ယွဲ့လီနောက်သို့ ‌အပြေးလိုက်သွားလေသည်။

“ယွဲ့လီ”

မိနစ်အနည်းကြာသော် ယွဲ့လီကို လိုက်မှီသွား၏။

ယွဲ့လီမှာ ဖြူဖျော့နေရှာသည်။ သူမက အရှေ့ရှိ သူ့ကို ကြည့်ကာ ပြော၏။ “နင် ဘာများပြောချင်သေးလို့လဲ”

“ငါ့မေးခွန်းကို အမှန်အတိုင်းဖြေပေးပါ” ယန်ဖန်းချောင်က လေးနက်တည်ကြည်စွာ ပြောသည်။ “မင်းဖြေတာတောင်မှ ငါ ယွမ် ၃၀၀၀၀၀ မပေးနိုင်ဘူးဆိုရင် ငါ့ကို မင်း နောက်ထပ် တွေ့စရာမလိုတော့ပါဘူး”

“မေးလေ” ယွဲ့လီက သက်ပြင်းတစ်ချက်ရှုသွင်း၍ ပြော၏။

“ဘာလို့ ယွမ် ၃၀၀၀၀၀ ကို အလောတကြီးလိုချင်နေရတာလဲ” ယန်ဖန်းချောင်က မေးသည်။

“ငါအမေကို ဆရာ၀န်ပြချင်လို့” ယွဲ့လီက ဖြေ၏။

‘အဲ့ဒါကြောင့်ကိုး’

ယန်ဖန်းချောင်မှာ ထိုအကြောင်းကို ယခုမှ တွေးမိသွားသည်။ သူမ၏အ‌ဖြေကို ကြားလိုက်ရသည်နှင့် သူသည် စိတ်လှုပ်ရှားတုန်ရီစွာဖြင့် ပြော၏။ “မင်းက ပကာသနတွေကို မမက်မောခဲ့ဘူးဆိုတာ ငါ သိပါတယ်။ ငါနဲ့လိုက်ခဲ့။ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ အကဲဖြတ်ပွဲကို သွားကြမယ်။ ငါ နင့်ကို ယွမ် ၃၀၀၀၀၀ ထက်ပိုတဲ့ငွေတွေ တစ်ပတ်အတွင်း ပေးနိုင်တယ်။ သုံးသိန်းပဲဖြစ်ဖြစ် သိန်းသုံးဆယ်ပဲဖြစ်ဖြစ် ကွာ ယွမ်သန်း ၃၀၀ ဆိုရင်တောင် ပေးနိုင်တယ်ဟာ”

“နင် ရူးသွားပြီ” ယွဲ့လီက အော်၍ သူ့ကို တွန်းဖယ်လိုက်သည်။

ယန်ဖန်းချောင်က သတင်းစာကို သူမအရှေ့၌ မြှောက်၍ ခပ်ဩဩလေသံဖြင့် ပြောလေသည်။ “မင်း ဒီသတင်းစာထဲက အကြောင်းကို သိပြီးပြီလား ငါမသိဘူး။ ဒါပေမဲ့ သူတို့ပြောထားတဲ့ ကျောက်စိမ်းရုပ်တစ်ရုပ် ငါ့မှာ ရှိတယ်။ ၁၂ ရာသီခွင်အရုပ်ထဲက ကျောက်စိမ်းမျောက်ရုပ်ပဲ”

ယွဲ့လီ၏မျက်လုံးလေးများမှာ ပန်းကန်ပြားတမျှ ပြူးကျယ်သွားပြီး သူမက သတင်းစာကို မယုံသင်္ကာစွာ ဖတ်လိုက်သည်။ ထို့နောက် သူမကာ ယန်ဖန်းချောင်အား တုန်ရီနေသော အသံဖြင့် မေး၏။ “တ...တကယ် ...နင့်မှာ ကျောက်စိမ်းမျောက်ရုပ်ရှိတာလား”

“အေး။ သတင်းစာထဲမှာ နဂါးရုပ်နဲ့ ကျားရုပ်ပုံပါတယ်။ သူတို့အရုပ်က နီရဲနေပြီးတော့ အရမ်းအသက်၀င်တယ်။ ငါ့အရုပ်ထွင်းထားတဲ့ပုံနဲ့ဆင်တော့ တစ်စုံတည်းပဲဖြစ်ရမယ်”

ယွဲ့လီမှာ တုန်ရီနေ၏။ အချိန်တော်ကြာပြီးနောက် သူမက ခက်ခက်ခဲခဲ ပြောလေသည်။

“ဒါဆို ငါ နင်နဲ့ လိုက်ခဲ့မယ်”

.......

အရှေ့မြောက်ဒေသတစ်နေရာ မှောင်ခိုဈေးကွက်တွင်။

ချန်ကျန့်ရှဲသည် အဘိုးကြီးတစ်ယောက်၏အိမ်ရှေ့တွင် ရပ်နေသည်မှာ လေးနာရီတိတိရှိနေလေပြီ။ သူသည် ခန္ဓာကိုယ်သွက်လက်ဖြတ်လတ်သော်လည်း ရဲရဲတောက်ပူနေသည့် နေကြောင့် အနေရခက်နေ၏။

“ထွက်သွားစမ်း။ ငါနဲ့ ဝေးဝေးကို ထွက်သွား။ မင်းက ငါ့ရဲ့ ကျောက်စိမ်းနွားရုပ်ကို လိုချင်တယ်ပေါ့။ ဆုတောင်းနေလိုက်ကွ” အဘိုးကြီးတစ်ယောက်ကြိမ်းမောင်းသံအား ခြံ၀န်းထဲမှ ကြားရနိုင်၏။

ချန်ကျန့်ရှဲက တောင်းပန်လေသည်။ “ကျွန်တော့်မှာ‌ ရွေးချယ်စရာမရှိလို့ပါ အဖေရယ်။ လင်းလေးက သူ့ရဲ့ဇနီးလောင်းကို လက်ထပ်ချင်နေတာ။ ပြီးဝော့ အဖေ့ရဲ့အိမ်နဲ့ခြံကိုလည်း ပြင်ရဦးမယ်လေ။ ပြီးတော့ ယာယာကို ကျောင်းထားဖို့ ငွေကလည်း လိုသေးတယ်။ အဖေ့မြေး တစ်သက်လုံး လူပျို‌ဖြစ်နေတာကို ကြည့်နေတော့မလိုလားဗျ။ ဒါမှမဟုတ် အဖေးမြေးမလေးကို ကျောင်းထွက်ခိုင်းမလို့လား။ အဖေရယ် အဲ့ကျောက်စိမ်းနွားကို သိမ်းထားလည်း စားလို့သောက်လို့မရပါဘူး။ ခမ်း‌နားသောကျောက်မျက်ရတနာလုပ်ငန်းကို ရောင်းလိုက်တာကောင်းပါတယ်ဗျာ”

အချိန်အတော်ကြာသည်အထိ အိမ်အတွင်းမှ အသံကို မကြားရတော့ချေ။

နောက်ဆုံးတွင် အိမ်တံခါးပွင့်လာပြီး ဆံဖြူအဘိုးကြီးတစ်ယောက်က အဝါရောင်ချည်စဖြင့် ထုပ်ပိုးထားသော သေတ္တာတစ်လုံးကို ပစ်ပေးကာ ချန်ကျန့်ရှဲအား ဒေါသတကြီး ဆဲဆိုလိုက်၏။ “ဒီစောက်အရုပ်ကို ယူပြီး ထွက်သွားစမ်း။ ပြီးရင် ငါ့ဆီကို ထပ်မလာခဲ့နဲ့။ ငါကပဲ ဒီအရုပ်ကို တပ်မက်ပြီး မိသားစုကို ဆင်းရဲစေတဲ့ လူပေါ့လေ။ ငါ အသက်ရှင်နေတဲ့အချိန်မှာ ရောင်းရလိမ့်မယ်လို့ ထင်မထားဘူး။ တကယ့်ကို အပြစ်ကြီးကျူးလွန်မိပြီ”

ချန်ကျန့်ရှဲသည် သေတ္တာကို ကိုင်၍ အဘိုးကြီးအား ဂါ၀ရပြုလိုက်သည်။ အကြိမ်အတော်ကြာ ကန်တော့ပြီးနောက် သူက ထရပ်၍ အဝေးသို့ ပြေးထွက်သွားတော့သည်။

....

ပေကျင်းမြို့။

မြင်းတံတားအပြင် ဆဋ္ဌမလက်စွပ်လမ်းအနီးရှိ တိုက်တစ်လုံးထဲတွင် မိုရှောင်ဟန်သည် ကျောက်စိမ်းကြက်ဖရုပ်ကို ကိုင်ကာ ချိတုံချတုံဖြစ်နေ၏။

သူမတွင် ငွေအခက်အခဲမရှိချေ။ ပေကျင်းရှိ နိုင်ငံခြားကုမ္ပဏီတစ်ခု၏ ရာထူးကြီးစီနီယာ၀န်ထမ်းတစ်ဦးဖြစ်သည့်အတွက် သူမ၏လစာမှာ အတော်အတန်ကောင်းမွန်ပြီး မိသားစုအခြေအနေမှာလည်း အဆင်ပြေ၏။ သူမတို့သည် အတော်အသင့်ပြေလည်ပြီး တစ်နေ့နှင့်တစ်နေ့ ပူပန်စရာမရှိချေ။

သို့သော် မိုးထိတိုင်အောင် မြင့်မားသည် ဒေါ်လာသန်း ၁၀၀ ဆိုသော တန်ဖိုးက သူမအား အံ့အားသင့်သွားစေသည်။ သူမ၏ဘ၀တွင် ဤသို့ ဒေါ်လာသန်း ၁၀၀ ရရှိနိုင်မည့်အခွင့်အရေးရှိလာမည်ဟုထင်မထားချေ။ သူမအမေ မဆုံးပါးခင် အမွေပေးခဲ့သော ကျောက်စိမ်းကြက်ဖရုပ်သည် ဤမျှအဖိုးတန်နေလိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။

တူ...တူ..တူ

သူမ၏ဖုန်းမြည်သံကြောင့် အတွေးစများ ပြတ်တောက်သွားတော့သည်။

ဖုန်းစခရင်ပေါ်ရှိ နာမည်ကြောင့် သူမမှာ နှုတ်ခမ်းစူလိုက်မိ၏။ ဆယ်စက္က့န့်ကြာပြီးမှသာ ဖုန်းကိုင်လိုက်လေသည်။ “ခေါင်းဆောင်လီ ရှင်...”

“အကြောမရှည်စမ်းနဲ့။ ဘာလို့ အကြောင်းအရင်းမရှိဘဲ ရုံးပျက်ရတာလဲ။ ငါ လိုချင်တဲ့ စီမံကိန်းစာအုပ်ကို မပေးသေးတာလဲ။ မင်းရဲ့အထက်လူကြီးကို အာခံနေတာလားကွ” သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ ဒေါသသံအား ဖုန်းထဲမှ ကြားရနိုင်သည်။

မိုရှောင်ဟန်က ကျိုးနွံစွာ ပြန်ဖြေ၏။ “ခေါင်းဆောင်လီ ကျွန်တကယ် ‌အရေးကြီးကိစ္စလေးရှိလို့ပါရှင်။ ပြီးတော့ စီမံကိန်းစာအုပ်က တစ်၀က်ရေးပြီးပါပြီ။ နောက်ထပ်နှစ်ရက်လောက် အချိန်ပေးပါရှင်”

“လီးပဲ။ မင်းက တစ်ပတ်ကြာသွား‌တာ‌တောင် တစ်၀က်ပဲပြီးသေးတယ်ပေါ့။ မိုရှောင်ဟန် လုပ်နိုင်ရင်လုပ် မလုပ်နိုင်ဘူးဆိုရင် ထွက်သွားကွ။ မင်းကို နာရီ၀က်ပေးမယ်။ နာရီ၀က်အတွင်း ရောက်မလာရင် သူဌေးမာမှာ မျက်လုံးတွေ၊ နားတွေ ဘယ်လောက်ရှိလဲ သိရလိမ့်မယ်” ဖုန်းထဲမှ ဒေါသူပုန်လေသံအား ထပ်မံကြားလိုက်ရ၏။

မိုရှောင်ဟန်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ ဒေါသလှိုင်းများက သူမ၏ရင်ဘတ်ထဲမှ အလိပ်လိပ် တက်လာပြီး အေယ်ဟစ်လိုက်၏။ “ထွက်သွား ဟုတ်လား။ ထွက်မယ်ရှင့်။ ရှင့်ရဲ့စောက်ရေးမပါတဲ့လူတွေကို ကျွန်မရဲ့ပစ္စည်းတွေ လွှင့်ပစ်ခိုင်းလိုက်ပြီမလား။ ပြီးတော့ ‌ရှင့်စောက်မျက်လုံး‌တွေ ဘယ်နလုံးရှိရှိ စောက်ဂရုမစိုက်ဘူးရှင့်”

ထိုသို့ပြောပြီးနောက် သူမက ဒေါသတကြီး ဖုန်းချ၍ စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ ရှန်ဟိုင်းကို သွားမည်ဖြစ်သည်။

.......

ဖုကန်စီရင်စုတွင်။

အနောက်တိုင်းစတိုင်ဗီလာတစ်လုံးထဲတွင် ကျန့်မြောင်ယွမ်သည် ငွေစာရင်းစာရွက်ကို မှိုင်တွေလျက် စိုက်ကြည့်နေရာ သူ၏ဆံပင်များပင် ကျွတ်‌တော့မည့်အလား၏။ သူ့ကုမ္ပဏီ၏စီးပွားရေးမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖြစ်ပွားခဲ့သော စီးပွားရေးပျက်ကပ်ထက် အခြေအနေဆိုးနေ၏။ အခုတွင် အမြတ်မှာ မရှိသလောက်ပင်။

‘ငွေတွေသာ ကောင်းကင်ပေါ်က ကျလာရင် ကောင်းမယ်ကွာ’

ကျန့်မြောင်ယွမ်က စီးကရက်ဘူးထဲရှိ နောက်ဆုံးအလိပ်ကို ထုတ်လိုက်သည်။ သူက နားထင်ကိုပွတ်၍ ဖုန်းထဲမှ ဝီချတ်ဂရုကို ဖွင့်လိုက်သည်။ သူ့တွင် လုပ်ငန်းရှင်သူဌေးများဖြစ်သည့် မိတ်ဆွေဟောင်းများစွာ ရှိ၏။ သူသည် အချိန်အတော်ကြာ စဉ်းစားနေခဲ့သော်လည်း မည်သူ့ထံမှ ငွေချေးရမလဲ မသိချေ။

“ပုံမှန်ကောင်းစားနေတဲ့အချိန်မှာတော့ သူငယ်ချင်းတွေက ဖို့သတ်လို့တောင်ရတယ်။ အခက်အခဲလည်း ဖြစ်ရော အရိပ်အယောင်တောင် မတွေ့တော့ဘူး”

ကျန့်မြောင်ယွမ်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။ သူ၏ဖုန်းကို စားပွဲပေါ် တင်တော့မည့်အချိန်တွင် သတင်းခေါင်းစဉ်တစ်ခုက သူ၏အာရုံကို ဖမ်းစားသွား၏။ အတိအကျပြောရလျှင် ကျောက်စိမ်းရုပ်နှစ်ရုပ် သတင်းပင်။

“နဂါးနဲ့ကျား ကျောက်စိမ်းရုပ်တွေလား”

ကျန့်မြောင်ယွမ်၏မျက်လုံးများမှာ ပြူးကျယ်သွား၏။ သူက သတင်းကို အသေအချာ ကြည့်ပြီးနောက် စာသားကို သေချာဖတ်လိုက်သည်။ စာဖတ်ပြီးသောအခါ သူ့မျက်နှာပေါ်ရှိ ဘ၀င်မကျမှုမှာ ပျောက်ကွယ်သွားပြီး ၀မ်းသာပျော်ရွှင်မှုက အစားထိုး၀င်ရောက်သွားသည်။

“ဒေါ်လာသန်း ၁၀၀ တဲ့”

သူက အလောတကြီး ထရပ်၍ သူ၏စာကြည့်ခန်းထဲ ပြေး၀င်ကာ ထောင့်တစ်နေရာရှိ သေတ္တာတစ်လုံးကို ဂရုတစိုက် ဖွင့်ကြည့်လိုက်၏။ သူ့ရှေ့တွင် ပေါ်လာသည်ကား အနီရောင်ရဲတောက်၍ လွန်စွာ အသက်၀င်သော....ကျောက်စိမ်းယုန်ရုပ်ပင် ဖြစ်ချေသည်။

***

All Chapters