← Chapters

အချစ်စစ်ကို ငွေနဲ့ဝယ်လို့မရဘူး

Vol. 63 Ch. 878

အချစ်စစ်ကို ငွေနဲ့ဝယ်လို့မရဘူး

Vol. 63 Ch. 878

ဟောင်လဲ့က အနီရောင်ကျောက်စိမ်းမျောက်ရုပ်ကို တိတ်တဆိတ် စစ်ဆေးပြီးနောက် သူမအစစ်အမှန်အနှစ်သာရစွမ်းအားကို မျက်လုံးတွင် အသုံးပြုလိုက်သည်။ ကျောက်စိမ်းမျောက်ရုပ်၏ခေါင်းကို ကြည့်နေသည့် သူမ၏မျက်လုံးများမှာ တောက်ပလာလေသည်။

‘အင်း ခေါင်းမှာ မီးခိုးရောင်အမှတ်အသားရှိတယ်’

သူမ၏မျက်၀န်းများတွင် အံ့ဩမှင်သက်နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ချက်ချင်း ကျောက်စိမ်းရုပ်ကို စားပွဲပေါ်တင်ပြီးနောက် ဖုန်းကို ထုတ်ကာ ထန်ရှုကို ခေါ်လိုက်သည်။

“ကျောက်စိမ်းမျောက်ရုပ်ကို တွေ့ပြီ သူဌေး”

“ငါ့ကို စောင့်နေ”

ဟောင်လဲ့က ဖုန်းချ၍ မော့ကြည့်လိုက်သောအခါ စိုးရိမ်နေသော ‌ယန်ဖန်းချောင်နှင့် ယွဲ့လီကို တွေ့လိုက်ရ၏။ သူမက ပြုံး၍ ပြောသည်။ “မင်းတို့ စိတ်ပူစရာမလိုပါဘူး။ ငါ ကျောက်စိမ်းမျောက်ရုပ်ကို စစ်ဆေးပြီးပြီ။ ငါမှန်ရင် ဒါက သူဌေးရှာနေတဲ့ ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်ထဲက တစ်ရုပ်ပဲ။ အင်း မှန်မမှန်ကတော့ သူဌေး ဆုံးဖြတ်မှာ‌ပေါ့။ ဒါပေမဲ့  သူ မကြာခင် ရောက်လာတော့မှာပါ။ အစစ်ဖြစ်ကြောင်း အတည်ပြုပြီးတာနဲ့ မင်းတို့ဘဏ်အကောင့်ထဲကို ဒေါ်လာသန်း ၁၀၀ ချက်ချင်း လွှဲပေးလိုက်မယ်”

“ကောင်းလိုက်တာ” ယန်ဖန်းချောင်မှာ တအံ့တဩ ရေရွတ်လိုက်မိသည်။

“မောင်‌လေး မင်းပြောတာ ဒီကျောက်စိမ်းရုပ်ကို ယွမ် ၂၀၀ နဲ့၀ယ်ခဲ့တာဆို။ အဲ့ဒီအကြောင်း ပြောပြလို့ရမလား” ဟောင်လဲ့ကပြုံး၍ မေး၏။

“အဲ့ဒါက....” ယန်ဖန်းချောင်မှာ ထိုသို့ပြောမိသည်ကို နောင်တရသွား၏။ သူ ယွမ် ၂၀၀ တည်းနှင့် ၀ယ်ခဲ့သောကြောင့် ဟောင်လဲ့နှင့် သူမ၏သူဌေးက ဒေါ်လာသန်း ၁၀၀ ‌မပေးတော့မည်ကို စိုးရိမ်သွားလေသည်။

‘ပြောပြီးတာကို ပြန်ရုပ်သိမ်းလို့မှမရတော့တာ။ ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့။ သူတို့ ဒေါ်လာ သန်း ၁၀၀ မပေးဘဲ ယွမ် ၁ သန်းပဲ ပေးမယ်ဆိုရင်တောင် ရတဲ့ဈေးနဲ့ရောင်းရမှာပဲ”

ယန်ဖန်းချောင်က စိတ်ထဲမှ ဈေးသတ်မှတ်ထားလိုက်သည်။

ထို့နောက် သူက ချက်ချင်း ယွဲ့လီအား ကြည့်ကာ ပြော၏။ “တကယ်တော့ ကျွန်တော် အထက်တန်းတည်းက ယွဲ့လီကို ကြိုက်နေခဲ့တာ။ သူ့ကို ချစ်သူများနေ့မှာ လက်ဆောင်ပေးချင်တယ်လေ အဲ့ဒါကြောင့် ဘာပေးရမလဲ လိုက်ရှာခဲ့တယ်။ နောက်ဆုံးပေါ် အ၀တ်တွေ၊ လက်၀တ်လက်စားတွေ ပေးချင်ပေမယ့် ဒီကျောက်စိမ်းရုပ်လေးရောင်းနေတဲ့ဆိုင်လေးကို လမ်းမှာတွေ့သွားရော။ ကျွန်တော့်မျက်လုံးထဲမှာ အရမ်းလှ‌တယ်ဗျာ။ ပြီးတော့‌ ဈေးကလည်း ယွမ် ၂၀၀ ဆိုတော့ ၀ယ်ခဲ့လိုက်တယ်။ ဒါပေမဲ့... ချစ်သူများနေ့ကျတော့ ယွဲ့လီက ကျောင်းမလာဘူးလေ။ အဲ့ဒါနဲ့ ဒီကျောက်စိမ်းမျောက်ရုပ်လေးကို မပေးလိုက်နိုင်ဘူး။ အဲ့အချိန်တည်းကစပြီး ဒီအရုပ်က ကျွန်တော့်စာအုပ်စင်ပေါ်မှာ ရှိနေခဲ့တာပဲ”

ယွဲ့လီ၏မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် ၀င်းပသွားသည်။ “နင်...အထက်တန်းကျောင်းတည်းက....”

ယန်ဖန်းချောင်က ယွဲ့လီ၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ သူမနှစ်ကြိမ်တိတိ ရုန်းကန်သော်လည်း သူက လွှတ်မပေးချေ။ ထို့နောက် သူက ခေါင်းညိတ်၍ ပြော၏။ “ငါ မင်းကို အလယ်တန်းတည်းကနေပြီး အခု မင်းတက်နေတဲ့ ထိပ်တန်း‌ကျောင်းကို ရောက်သွားတဲ့အချိန်အထိ ကြိုက်နေခဲ့တာ”

ဟောင်လဲ့သည် သူမရှေ့ရှိ ဆယ့်ရှစ်နှစ်အရွယ် လူငယ်နှစ်ယောက်ကို ကြည့်လိုက်၏။ သူတို့၏ခံစားချက်များမှာ စစ်မှန်ကြောင်း သူမ ပြောနိုင်ပေသည်။ သူမက ခပ်ဖွဖွ ပြုံး၍ ဆို၏။ “မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တကယ်ကြိုက်ကြတယ်ဆိုတာ ငါ မြင်ရပါတယ်။ ပြီးတော့ မင်းတို့က ကံလည်းကောင်းတယ်။ ယွမ် ၂၀၀ တန် အရုပ်တစ်ရုပ်ကို ဒေါ်လာသန်း ၂၀၀ နဲ့‌ရောင်းနိုင်တော့မယ်ဆိုတော့ ကောင်းကင်ဘုံက မင်းတို့ကို ကောင်းချီးပေးလိုက်တာပဲ။ ဒါပေမဲ့ မင်းတို့ကို ကြားစေချင်တဲ့ စကားလေးတွေ ရှိတယ်”

ယန်‌ဖန်းချောင်နှင့် ယွဲ့လီတို့က ချက်ချင်း ဟောင်လဲ့အား ကြည့်လိုက်ကြသည်။ “ကျေးဇူးပြုပြီး ပြောပါဗျာ”

“မချမ်းသာခင်တုန်းက အခက်အခဲတွေ အတူတကွ ဖြတ်ကျော်ခဲ့ပေမယ့် ချမ်းသာသွားတော့ အဲ့ဒီလိုမလုပ်နိုင်တော့တဲ့ စုံတွဲတွေကို ငါ တွေ့ဖူးတယ်” ဟောင်လဲ့က ပြောသည်။ “ငါတို့သူဌေးသာ ဒီမျောက်ရုပ်က အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးရင် မင်းတို့ ဒေါ်လာ သန်း ၁၀၀ ရမှာဆိုတော့ မီလျံနာတွေ ဖြစ်သွားမှာပဲ။ ဒါပေမဲ့ မင်းတို့ရဲ့စစ်မှန်ပြီး ဖြူစင်တဲ့အချစ်ကို ငွေကြောင့် ဝေဝါးမသွားစေဖို့ မျှော်လင့်တယ်။ မင်းတို့က ငယ်သေးတော့ ဆုံးရှုံးမှုဆိုတာကို နားလည်ဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ တစ်ခုပြောပြမယ်။ မင်းတို့ ဒေါ်လာသန်း ၁၀၀ ထက် အဆပေါင်းများစွာ ချမ်းသာရင်တောင် အချစ်စစ်ကို ငွေနဲ့၀ယ်လို့မရဘူး”

ယန်ဖန်းချောင်က ယွဲ့လီကို ကြည့်ပြီးနောက် ဟောင်လဲ့ဘက် လှည့်ကာ ပြောသည်။ “ခင်ဗျားရဲ့စကားကို တစ်သက်လုံး မှတ်ထားပါ့မယ်။ သူ ကျွန်တော့်ကို ထားမသွားသရွေ့ ကျွန်တော်လည်း သူ့အပေါ် လက်လျှော့မှာ မဟုတ်ပါဘူး”

ယွဲ့လီက စကားတစ်ခွန်းမှမပြောသော်လည်း ယန်ဖန်းချောင်၏လက်ကို ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ညနေ လေးနာရီအချိန်တွင် ထန်ရှုသည် သုခဘုံစံအိမ်သို့ အလောတကြီး ရောက်လာ၏။ သူသည် ဟောင်လဲ့တည်ရှိရာနေရာကို မေးပြီး နောက်ဆုံးတော့ VIP အခန်းထဲသို့ ရောက်လာလေသည်။ ကျောက်စိမ်းရုပ်၏ပိုင်ရှင်စုံတွဲမှာ သူ့ထက်ငယ်နေသဖြင့် အံ့အားသင့်သွား၏။

“သူဌေး သူက ယန်ဖန်းချောင်၊ သူကတော့ ယွဲ့လီတဲ့”

ဟောင်လဲ့က ထန်ရှုနှင့် မိတ်ဆက်ပေးလေသည်။

ထန်ရှုက ခပ်ဖွဖွပြုံး၍ ထိုနှစ်ယောက်ကို ကြည့်ကာ ပြော၏ “တွေ့ရတာ ၀မ်းသာပါတယ်။ ငါက ထန်ရှုပါ။ ပိုင်ရှင်ဆီကနေ ကျောက်စိမ်းရုပ်တွေကို ဈေးကြီးပေး ၀ယ်မယ့်သူပေါ့”

ယန်ဖန်းချောင်က ထန်ရှုကိုမြင်လိုက်ရသည့်အခါ ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့် အနည်းငယ်အံ့အားသင့်သွား၏။ ပို၍ အံ့ဩဖွယ်ကောင်းသည်ကား ဤသူဌေးဆိုသူသည် ငယ်ရွယ်နေပြီး သူ့အသက်ထက် နှစ်အနည်းငယ်သာ ကြီးသည့် အချက်ပင်။

“ရှင်က ထန်ရှုလား” ယွဲ့လီက မျက်‌လုံးလေးများ ဝိုင်းစက်လျက် မေး၏။

“မင်း ငါ့ကို သိလို့လား” ထန်ရှု ပြုံး၍ ပြန်မေးသည်။

ယွဲ့လီက ဆန်စေ့ကောက်နေသော ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ခေါင်းလေးကို တဆတ်ဆတ် ညိတ်လိုက်၏။ “ကျွန်မ ရှင့်အကြောင်း‌ သတင်းတွေကို ဖတ်ဖူး၊ မြင်ဖူးတယ်။ ရှင်က တရုတ်တိုင်းရင်းဆေးရုံကြီးရဲ့ သမားတော်အပြင် ပရဟိတသမားလည်း လုပ်သေးတယ်မလား။ ဟုတ်တယ်။ ရှင်က ခမ်နားသောထန်လုပ်ငန်းစုရဲ့သူဌေးပဲ”

ဘေးတွင် ယန်ဖန်းချောင်မှာ စိတ်နှင့်လူကပ်သွား၏။ သူသည် ထန်ရှုကို ရင်းနှီးနေသလို ခံစားရသော်လည်း ယွဲ့လီပြောပြသည့်အခါမှသာ မှတ်မိသွားခြင်းဖြစ်၏။ ထိုအချိန်တွင် သူသည် လူ့အဖွဲ့အစည်း၌ တစ်ယောက်တည်း နှစ်နှစ်တိတိ ကျင်လည်၍ အတွေ့အကြုံပြည့်၀နေသည့်တိုင် စိတိလှုပ်ရှားတုန်လှုပ်မိသွား၏။

သူ၏စံပြပုဂ္ဂိုလ် ထန်ရှု။

“မင်းက မျက်လုံးကောင်းတာပဲ။ အင်း အဲ့ဒီလူက ငါပါ” ထန်ရှုက ပြုံး၍ ပြောသည်။

“ရှင်က စိတ်သဘောထားကောင်းပါတယ်။ ကျွန်မ.... ကျွန်မရဲ့အမေကို ကယ်ပေးနိုင်မလားဟင်” ယွဲ့လီက အလောတကြီး မေး၏။

“ဟမ် ဘယ်လို”

ထန်ရှုမှာ ကြောင်အသွားသည်။ သူ ဤနေရာသို့ ကျောက်စိမ်းမျောက်ရုပ်၀ယ်ရန် လာခဲ့သည်မဟုတ်ပါလော။ အဘယ်ကြောင့် ကယ်တင်ရှင် ဖြစ်သွားရသနည်း။

ယန်ဖန်းချောင်က ယွဲ့လီအမေ၏အခြေအနေကို ရုတ်တရက် သတိရသွားပြီး ပြော၏။ “သ....သူဌေး...ထန်။ ယွဲ့လီရဲ့အမေက သွေးကင်ဆာဖြစ်နေတာပါ။ ကျွန်တော်တို့ ရှန်ဟိုင်းကို ကျောက်စိမ်းရုပ်လာရောင်းရတဲ့ အကြောင်းအရင်းက သူ့အမေကို ဆေးကုပေးဖို့ပါ”

ထန်ရှုက တခဏတိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်၏။ “ဟုတ်ပြီ။ ငါ့ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ယူသွားပြီး မင်းတို့ ပြန်သွားပြီးရင် မင်းတို့အမေကို ရှန်ဟိုင်းကို ပြန်ခေါ်လာခဲ့။ မင်းတို့ ယူလာတဲ့ ကျောက်စိမ်းမျောက်ရုပ်က ငါလိုတဲ့ဟာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မင်းအမေကို ကုပေးမယ်လို့ ကတိပေးတယ်”

“ကျေးဇူးပါ။ ကျေးဇူးပါရှင်” ယွဲ့လီမှာ မျက်ရည်များစီးကျလျက် တရှုံ့ရှုံ့ငိုတော့သည်။

ထန်ရှုက ခေါင်းခါ၍ ယွဲ့လီကို တစ်သျှူးပေးရန် ဟောင်လဲ့အား အမူအရာပြလိုက်သည်။ ထို့နောက် သူက ပြော၏။ “စိတ်အေးအေးထားပါ။ ငါတို့ လုပ်ရမယ့် အရေးကြီးကိစ္စတွေ ရှိသေးတယ်။ ဒါနဲ့ ‌မင်းတို့ ကျောက်စိမ်းမျောက်ရုပ် ယူလာတယ်မလား”

ထန်ရှု၏ဆုံးဖြတ်ချက်ကြောင့် စိတ်နှလုံးလှုပ်ရှားသွားသော ‌ယန်ဖန်းချောင်က ပြောလေသည်။ “ဟုတ်ကဲ့ ယူလာပါတယ်”

ထန်ရှုသည် ကျောက်စိမ်းမျောက်ရုပ်ကို ကိုင်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ၎င်းက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်သွား၏။ သူရှာနေသည့် ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်များထဲမှ တစ်ရုပ်ဖြစ်လေသည်။ သူက စိတ်ထဲတွင် ထခုန်လိုက်ပြီး ဟောင်လဲ့အားပြော၏။ “သူတို့ကို ဘဏ်အကောင့်ဖွင့်ပေးပြီး အဲ့အကောင့်ထဲကို ဒေါ်လာ သန်း ၁၀၀ ထည့်ပေးလိုက်ပါ”

“မလိုပါဘူး သူဌေးထန်” ယန်ဖန်းချောင်က အလျင်အမြန် ပြော၏။ “ယွဲ့လီအမေရဲ့ ရောဂါကို ကုပေးမယ်ဆိုရင် ငွေအများကြီးပေးဖို့မလိုပါဘူး။ ယွမ်တစ်သန်း လောက်ဆို လုံလောက်ပါတယ်”

“ဟင်” ထန်ရှုက သူ့ကို တအံ့တဩ ‌ကြည့်ကာ‌ မေးလေသည်။ “မင်းတကယ်ပဲ ဒေါ်လာသန်း ၁၀၀ ကို လက်လွှတ်မလို့လား”

ယန်ဖန်းချောင်၏မျက်နှာထက်တွင် အင်မတန် တုံ့ဆိုင်းနေမှုကို မြင်ရနိုင်၏။ သို့သော် သူက ပြတ်သားစွာ‌ ခေါင်းညိတ်၍ ပြောလေသည်။ “ဟုတ်ကဲ့။ ယွဲ့လီရဲ့အမေကို ကုပေးမယ်ဆိုရင် လုံလောက်ပါပြီ”

“မင်းက ကျောင်းသားလား” ထန်ရှုက မေး၏။

“ကျွန်တော် ကျောင်းထွက်ထားပါတယ်” ယန်ဖန်းချောင်က ခေါင်းခါရမ်းသည်။ “ကျန်းမြို့မှာ အလုပ်လုပ်နေတာ နှစ်နှစ်ရှိပါပြီ”

“မင်းအတွက် ဒေါ်လာသန်း ၁၀၀ က ဘယ်လောက်တန်ဖိုးရှိလဲ သိလား” ထန်ရှုက ထပ်မံ မေးသည်။

ယန်ဖန်းချောင်က ပြော၏။ “သိပါတယ်။ ဒါပေမဲ့ ကျွန်တော်....”

ထန်ရှုက ပြုံး၍ သူ့‌အရှေ့သို့ လျှောက်သွားကာ မေးသည်။ “ဒါနဲ့ မင်း ငါ့လက်အောက်မှာ အလုပ်လုပ်ချင်လား”

ယန်ဖန်းချောင်မှာ လားလားမှမသက်ဆိုင်သော စကားကြောင့် ကြောင်အသွား၏။ ထို့နောက် သူက ပြန်ဖြေသည်။ “သူဌေးအောက်မှာ အလုပ်လုပ်ရမယ်ဆိုတာက”

“အင်း ငါ ဉာဏ်ကောင်းပြီး အကျင့်စာရိတ္တကောင်းတဲ့လူတွေ လိုတယ်လေ” ထန်ရှုက ခပ်ဟဟရယ်၍ ပြေသည်။ “မင်းက ၁၀ ဘီလီယံလောက် ချမ်းသာနေရင်တောင် အဲ့ဒါတွေက ငါ့အတွက် အရေးမပါဘူး။ ဒါပေမယ့် မင်းရဲ့အကျင့်စရိုက်က ကောင်းတယ်ဆိုရင်တော့ မင်းက ၁၀ ဘီလီယံ အဆပေါင်းများစွာ တန်ဖိုးရှိတယ်။ မင်းသာ သဘောတူပြီး ငါ့ကို သစ္စာရှိမယ်ဆိုရင် မင်းဘ၀တိုးတက်စေမယ့် အခွင့်အရေးတွေ ဖန်တီးပေးမယ်”

ယန်ဖန်းချောင်၏စိတ်မှာ တုန်ရီနေပြီး သူ၏နှလုံးသားမှာ မိုးကြိုးပစ်ခံသကဲ့သို့ ခံစားနေရ၏။

ထန်ရှုသည် မည်သူနည်း။ သူသည် တရုတ်နိုင်ငံ၏အံ့ဖွယ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ချေသည်။ ခမ်းနားသောထန်လုပ်ငန်းစုတစ်ခုတည်း၏ ပိုင်ဆိုင်မှုများကပင် ဘီလီယံချီလေသည်။

ထိုမျှသာမက သူ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတတာလုပ်ငန်းအား အင်တာနက်တွင် ရှာကြည့်ခဲ့သေးသည်။ ၎င်းသည် ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်မှုရှိသည့် ကျောက်မျက်ရတနာလုပ်ငန်းတစ်ခုဖြစ်၏။ ယခုတွင် ထိုလုပ်ငန်းကား ထန်ရှုအပိုင် ဖြစ်နေချေသည်။ ထန်ရှုတွင် အပြင်လူများမသိသည့် ပိုင်ဆိုင်မှု မည်မျှရှိနေသေးသလဲ သူ မှန်း၍ပပ်မရပေ။

သို့သော် ထိုသို့ ပုဂ္ဂိုလ်က...တကယ့်တကယ် ချမ်းသာကြွယ်ဝသူက သူ့ကို မြေတောင်မြှောက်ပေးရန် ကမ်းလှမ်းနေချေသည်။

“ကျွန်‌တော် လုပ်ချင်ပါတယ်” ယန်ဖန်းချောင်က နှုတ်ခမ်းများ တုန်ယင်နေလျက် အလျင်အမြန်ပြော၏။

ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်၍ ပြုံးကာပြောသည်။ “ဟုတ်ပြီ။ ဒါဆို မင်းရဲ့ဘဏ်အကောင့်ကို ဟောင်လဲ့ကိုပေးလိုက် သူ ဒေါ်လာသန်း ၁၀၀ လွှဲပေးလိမ့်မယ်။ ပြီးတော့ မင်းတို့ကို ကြည့်ရတာ ပင်ပန်းနေတဲ့ပုံပဲ။ သုခဘုံစံအိမ်မှာ အနားယူချေ။ မင်းတို့အတွက် အခန်းပြင်ထားလိုက်မယ်။ အစားအသောက်၊ အ၀တ်နဲ့ အခန်းအတွက် ငွေတစ်ပြားမှ ပေးစရာမလိုဘူး”

ယန်ဖန်းချောင်မှာ ကြောင်အသွားသည်။ ထန်ရှု အဘယ်ကြောင့် ဒေါ်လာသန်း ၁၀၀ ကို ပေးရသလဲ သဘောမပေါက်ချေ။ သူက နားမလည်သည့်အတွက် မချင့်မရဲ မေး၏။ “သူဌေး ကျွန်တော့်ကို ဒေါ်လာ သန်း ၁၀၀ ပေးဦးမလို့လား။ တကယ်ကြီးလားဗျ”

“ငါ ထန်ရှုက ရိုးသားမှုကို အရေးပါဆုံးအရာလို့ သဘောထားတယ်” ထန်ရှုက တည်ကြည်စွာ ပြော၏။ “ငါ့စကားကို ဘယ်တော့မှ မရုပ်သိမ်းဘူး။ မင်းဆီကနေ ကျောက်စိမ်းမျောက်ရုပ် ၀ယ်ခဲ့တဲ့အတွက် ဒေါ်လာသန်း ၁၀၀ က ပေးကို ပေးရမှာပဲ”

ထိုသို့ပြောပြီးနောက် သူက ကျောက်စိမ်းမျောက်ရုပ်ကို ကိုင်ကာ ထွက်ခွာသွား၏။ အပြင်ရောက်သောအခါ သူ့အနောက်မှ လိုက်လာသော ဟောင်လဲ့ကို ကြည့်၍ ပြော၏။ “ငါတို့ ကျောက်စိမ်းမျောက်ရုပ်ကို ရှာတွေ့သွားပြီလို့ ချက်ချင်း ကြေညာလိုက်။ ရောင်းသူက သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားချင်တဲ့အတွက် ဘယ်သူဘယ်ဝါဆီကနေ ၀ယ်တာလို့တော့မကြေညာနဲ့”

“နားလည်ပါပြီ” ဟောင်လဲ့က တရိုတသေ ဖြေ၏။

“နောက်တစ်ခုရှိသေးတယ်။ သူတို့ပြန်သွားတဲ့အခါကျ လူတစ်ယောက်ထည့်ပေးလိုက်။ သူ့အမေက ငါနဲ့တွေ့ဖို့ ရှန်ဟိုင်းကို လာမှာဆိုတော့ ပိုအဆင်ပြေအောင်” ထန်ရှုက ဆက်ပြောသည်။

“အင်း ချီနန်က ရှန်ဟိုင်းမှာ ရောက်နေတယ် သူဌေး။ သူ့ကို တာ၀န်ပေးလိုက်ရင်ရော” ဟောင်လဲ့က ပြုံး၍ ပြော၏။

“အမ်” ထန်ရှုမှာ မှင်သက်သွားသည်။ “ချီနန် ပြန်ရောက်နေတာလား။ ကောင်းတယ်။ လမ်းမှာ လူနာကို ဂရုစိုက်ဖို့ တစ်ယောက်ယောက်ကို တာ၀န်ပေးခိုင်းလိုက်ချေ”

VIP အခန်းထဲတွင်။

ယန်ဖန်းချောင်မှာ အိပ်မက်‌မက်နေသည့်အလား ခံစားနေရကာ မူးဝေနေ၏။ သူက ရေရွတ်လိုက်သည်။ “ဒီနေ့က ငါ့မွေးကတည်းကနေ အခုအချိန်အထိ မယုံနိုင်စရာအကောင်းဆုံးနေ့ပဲ။ ယွဲ့လီ ငါ့ကို ဆိတ်ဆွဲလိုက်ပါလား။ အိပ်မက်မက်နေတာမဟုတ်မှန်း သေချာချင်လို့”

ယွဲ့လီက မငြင်းဆိုဘဲ သူ့ကိုဆိတ်ကာ လေးနက်စွာ ပြော၏။ “နင် အိပ်မက်မက်နေတာမဟုတ်ပါဘူး။ အကုန်အစစ်အမှန်တွေချည်းပဲ။ ငါတို့ကသာ ၀ယ်မယ့်လူက ထန်ရှုဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့တာ”

ယန်‌ဖန်းချောင်က သူမကို ကြည့်၍ ခေါင်းညိတ်၏။ “မင်းအမေရဲ့ရောဂါကို ကုပေးမယ်ဆိုရင် သူ တစ်ပြားမှမပေးလဲ ငါ ရောင်းမှာပါ။ မင်းက ငါ့ချစ်သူဖြစ်လာပြီး နောင်တစ်ချိန်က ငါ့နဲ့လက်ထပ်မှာဆိုတော့ ဘာပဲပေးရပေးရ တန်ပါတယ်”

All Chapters