← Chapters

အမျိုးသမီးငယ်၏တစ်ဖက်သက်အချစ်

Vol. 63 Ch. 879

အမျိုးသမီးငယ်၏တစ်ဖက်သက်အချစ်

Vol. 63 Ch. 879

သုခဘုံကလပ်၏ဧည့်ခံရေးဌာနက ယန်ဖန်းချောင်နှင့်ယွဲ့လီတို့၏‌ဆာလောင်မွတ်သိပ်မှု ပျောက်ကင်းစေရန် စားကောင်းသောက်ဖွယ်များ ခင်းကျင်းပေး၏။ ခင်းကျင်းပေးထားသော ညစာနှင့် သစ်သီး၀လံများကို ယန်ဖန်းချောင်နှင့်ယွဲ့လီတို့မှာ တစ်လုတ်ပြီးတစ်လုတ်စားပြီးနောက် ‌ဗိုက်များ ပေါက်ထွက်မတတ် ပြည့်တင်းသွားကြသည်။ သူတို့သည် ဗိုက်ကိုပွတ်ရင်း ဆင်းရဲ၍စွမ်းအားမဲ့သော‌ဘ၀ကို စားမြုံ့ပြန်နေကြ၏။

“မမလေးနဲ့ ဆရာရှင့်။ တခြားလိုအပ်တာများရှိရင် ပြောလို့ရပါတယ်နော်။ ကျွန်မတို့သူဌေးက ပြောခိုင်းလိုက်တာပါ။ ပြီးတော့ ဒီ VIP ကတ်နှစ်ကတ်ကိုလည်း ယူထားလိုက်ပါ။ ဆရာတို့အတွက် VIP အခန်းနှစ်ခန်းကို ပြင်ဆင်ပြီးပါပြီ။ အချိန်မရွေး သွားနားနိုင်ပါတယ်”

“ခင်ဗျားရဲ့သူဌေးလား” ယန်ဖန်းချောင်က စူးစမ်းစွာ မေး၏။ “ခင်ဗျားပြောချင်တာ ဒီသုခံဘုံစံအိမ်ရဲ့ ပိုင်ရှင်လား”

“ဟုတ်ပါတယ် ကျွန်မတို့ရဲ့သူဌေးပါ” အမျိုးသမီး၀န်ထမ်းက ဖြေသည်။

“‌ဒါပေမဲ့ ခင်ဗျားသူဌေးကို ကျွန်တော်တို့ သိတောင်မသိဘူး” ယန်ဖန်းချောင်က ဇဝေဇဝါဖြစ်နေသာ အမူအရာဖြင့် ပြောသည်။ “ဘာလို့ ကျွန်တော်တို့ကို VIP ကတ်ပေးရတာဘဲ။ မစ္စတာထန်နဲ့အ‌ရောင်းအ၀ယ်ကြောင့်လား”

“ရှင်ပြောတဲ့ မစ္စတာထန်ဆိုတာ ထန်ရှုမလားရှင့်” အမျိုးသမီး၀န်ထမ်းက မေး၏။

“ဟုတ်တယ်ဗျ” ယန်ဖန်းချောင်က ခေါင်းညိတ်သည်။

“ကျွန်မတို့သူဌေးရဲ့မျိုးရိုးနာမည်က အိုးရန်လို့ခေါ်ပါတယ်။  မစ္စတာထန်က သူဌေးရဲ့ချစ်သူဆိုတော့ သူ့ကိုလည်း သူဌေးလို့ပဲ ခေါ်ကြတယ်ရှင့်။ ရှင်တို့နှစ်ယောက်အတွက် သူစီစဉ်ပေးခဲ့တာတွေပါ”

ယန်ဖန်းချောင်၏စိတ်မှာ တုန်လှုပ်အံ့ဩသွားသည်။ ဤသို့ ကြီးကျယ်ခမ်းနားလှသော သုခဘုံစံအိမ်ကို ထန်ရှု၏ချစ်သူတည်ထောင်ခဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဤသည်ကရော ထန်ရှု၏စီးပွားရေးလုပ်ငန်းလော။

“မစ္စတာထန်က မိုက်လိုက်တာနော်” ယွဲ့လီက  လေးစားအားကျစွာ ပြော၏။ “သူ့ပိုင်ဆိုင်မှုက တစ်နိုင်ငံလုံးထက်တောင် များလောက်တယ်”

“အေးဆို။ ဖော့ဘ်မဂ္ဂဇင်းရဲ့နှစ်စဥ်ကြေညာတဲ့စာရင်းက မှားနေတာ” ယန်ဖန်းချောင်က သဘောတူစွာ ခေါင်းညိတ်၍ ပြောလေသည်။ “မစ္စတာထန်က နှစ်တိုင်း ထိပ်ဆုံးမှာ ဖြစ်ရမှာ”

“ကျွန်မတို့ရဲ့သူဌေးက နာမည်ကြီးတာကို မကြိုက်ဘူးလေ” အမျိုးသမီး၀န်ထမ်းက ပြုံးလျက် ပြော၏။

ဒင်...ဒင်

သူတို့ စကားပြောနေကြစဉ် ယန်ဖန်းချောင်၏ဖုန်းမှ အသံတစ်သံထွက်ပေါ်လာ၏။ သူက ဖုန်းကိုထုတ်၍ ဝင်လာသော စာတိုကို ကြည့်ကာ ရုတ်တရက် ကြက်သေသေသွားတော့သည်။

“တစ်...နှစ်....သုံး......ကိုး”

“တစ်...နှစ်....သုံး......”

“တစ်......”

သုံးကြိမ်တိတိ ရေတွက်ပြီးသော ‌ယန်ဖန်းချောင်က ထုံထိုင်းစွာ ရေရွတ်လိုက်၏။ “ကိုးလုံး သန်း ၆၉၀“

“ဘာကြီးလဲ” ယွဲ့လီက နားမလည်နိုင်စွာဖြင့် မေးသည်။

ယန်ဖန်းချောင်၏မျက်နှာကြီးမှာ နီရဲတွတ်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ သူက နှုတ်ခမ်းများ တုန်ရီနေလျက် ပြော၏။ “ယွဲ့...ယွဲ့လီ။ ငါ့ကို ဆွဲဆိတ်လိုက်စမ်းပါ။ ငါ အိပ်မက်မက်နေတာထင်တယ်”

“ဘာဖြစ်တာလဲလို့” ယွဲ့လီက ထူးဆန်းသောမျက်နှာအမူအရာဖြင့် မေး၏။ “ဖုန်းကြည့်ပြီး ဘာဖြစ်သွားတာတုန်း”

‌ယန်ဖန်းချောင်၏အသံမှာ ကျယ်လာပြီး သူက အလောတကြီး ပြန်ဖြေသည်။ “သန်း ၆၉၀ ထက်တောင်များ‌‌သေးတယ်။ ထန်ရှု....မစ္စတာထန်က သူ့စကားတည်သွားတယ်....သူ တကယ်ကြီး ငါ့ဘဏ်အကောင့်ထဲကို ဒေါ်လာသန်း ၁၀၀ ထည့်ပေးခဲ့တာဟ။ အဲ့ငွေတွေကို ယွမ်ပြောင်းလိုက်ရင် သန်း ၆၉၀ ထက်တောင် များသေးတယ်။ တကယ်....တကယ်....တကယ့်ကို လူကောင်းတစ်ယောက်ပဲ”

ယွဲ့လီက သူ့အနားကပ်၍ စာတိုအားသေချာဖတ်ပြီးနောက် ကြည်နူး၀မ်းသာစွာ သက်ပြင်းချလိုက်သည်။ “လူကြီးလူကောင်းတစ်ယောက်ရဲ့ စကားက အဖိုးတန်ပြီး တောင်တစ်လုံးမျှ လေးနက်တယ်တဲ့။ ဖန်းချောင် နင် နောက်ကျရင် သူ့အတွက် အလုပ်ကြိုးစား။ သူ နင့်ကို တောက်ပတဲ့အနာဂတ်တစ်ခု ပေးနိုင်မယ်လို့ ငါယုံကြည်တယ်”

ယန်‌ဖန်းချောင်က ပြတ်ပြတ်သားသား ခေါင်းညိတ်၍ တည်ကြည်စွာ ပြောလေသည်။ “ငါ တကယ် ကြိုးစားမှာပါ”

သုခဘုံကစံအိမ်၏ဂိတ်၀တွင်။

‌မိုရှောင်ဟန်သည် သူမ၏ငယ်ရွယ်နုပျိုမှုကို ပြသသော အ၀တ်အစားများကို လှပတင့်တယ်စွာ ၀တ်ဆင်ထား၏။ သူမမျက်လုံးများကတော့ သူမ‌အရှေ့တွင် ရပ်နေသော ကျင်းရှီကို ရင်တဒိန်းဒိန်းခုန်လျက် စိုက်ကြည့်နေချေသည်။

ဒီလူက...ယောက်ျားဆန်လိုက်တာ

ထိုလူမှာ မချောသော်လည်း ခန့်၏။ သူမ၏ ဆယ်ကျော်သက်လူငယ်ဘ၀မှာ ကုန်ဆုံးခဲ့ပြီး ချောမောသောယောက်ျားပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ သို့သော် ထိုယောက်ျားမှာ သူမအရှေ့ရှိ လုံခြုံရေးအစောင့်နှင့် မည်သို့မှ မယှဉ်နိုင်ချေ။

‘ဒီကြက်ဖရုပ်ကသာ တကယ့် ဒေါ်လာသန်း ၁၀၀ ‌ရှာပေးနိုင်မယ်ဆိုရင် ဒီ ဦးကို အပိုင်ရအောင်လုပ်ရမယ်။ သူ့ဒီအလုပ်ကို လုပ်စရာမလိုစေရဘူး။ အိမ်မှာ ဟင်းချက်ပြီး ငါ့ကို စောင့်နေတာကို မြင်ချင်လိုက်တာနော်'

သူမသည် စိတ်ကူးယဉ်ကမ္ဘာထဲတွင် မျောလွင့်ရင်း ကျင်းရှီနောက်မှ VIP အခန်းသို့ လိုက်လာခဲ့၏။ အဆင့်မြင့်နေရာများစွာသို့ ရောက်ဖူးသည့်တိုင် သူမသည် ဤအခန်း၌ အတွင်းပိုင်းပြင်ဆင်ထားမှုကို ငေးမောမကြည့်ဘဲ မနေနိုင်ချေ။

“ဒီမှာ ဦး ရှင့်ရဲ့နာမည်က”

“ကျုပ်ရဲ့နာမည်က ခင်‌ဗျားနဲ့ဘာမှ မပက်သက်ဘူးထင်ပါတယ်။ ဒီမှာ စောင့်နေပါ။ သူဌေးကို အကြောင်းကြားထားတော့ သူ မကြာခင် ရောက်လာပါလိမ့်မယ်” ကျင်းရှီက ဂရုမစိုက်ဘဲ ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် သူက ချာခနဲ လှည့်ကာ VIP အခန်း၏တံခါးထံသို့ လျှောက်သွား၏။

မိုရှောင်ဟန်က လက်မြှောက်လိုက်သော်လည်း သူမပါးစပ်မှ မည်သည့်စကားလုံးမှ ထွက်မသွားချေ။ ကျင်းရှီအခန်းတံခါးမှ ထွက်သွားတော့မည့်အချိန်မှာပင် သူမက သတ္တိမွေး၍ ပြောလိုက်သည်။ “ဦး ရှင့်ရဲ့အလုပ်က ပင်ပန်းရင် ကျွန်မက ဒေါ်လာသန်း ၁၀၀ ရတော့မှာနော်။ ကျွန်မ ရှင့်ကို ထောက်ပံ့နိုင်တယ်သိလား”

“.....”

တံခါးမှထွက်ရန်ပြင်နေသော ကျင်းရှီမှာ အံ့ဩမှုကြောင့် ချော်လဲမတတ်ပင်ဖြစ်သွား၏။ သူ့မှာ ငိုရခက်၊ ရယ်ရခက် အမူအရာဖြင့် မိုရှောင်ဟန်အား စိုက်ကြည့်ပြီးနောက် အလျင်အမြန် ထွက်သွားတော့သည်။

မိနစ်အနည်းငယ်ကြာသော် ထန်ရှုသည် VIP အခန်းထဲသို့ ရောက်လာကာ မိန်းမလှလေး မိုရှောင်ဟန်အား ကြည့်လိုက်၏။ ထို့နောက် သူက ပြုံး၍ ပြောသည်။ “တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်‌တော်က ကျောက်စိမ်းရုပ်တွေကို ၀ယ်မယ့် ထန်ရှုပါ။ ကျွန်တော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ မစ္စ...”

“ကျွန်မရဲ့မျိုးရိုးနာမည်က မိုပါ” မိုရှောင်ဟန်က ပြောသည်။ “ဒါနဲ့ ထူးဆန်းလိုက်တာ။ ရှင့်ကို မြင်ဖူးသလိုပဲ။ ပြီးတော့ ရှင့်နာမည်က...ထန်ရှုနော်။ နတ်ဆေးသမားတော်တစ်ယောက်ရဲ့ နာမည်နဲ့ တူနေသလို....”

မိုရှောင်ဟန်၏အသံမှာ ရုတ်တရက် ပျောက်သွားပြီး သူမ၏မျက်လုံးများကတော့ ပန်းကန်ပြားများသဖွယ် ပြူးကျယ်သွားလေသည်။ သူမက တအံ့တဩ ရေရွတ်လိုက်၏။ “မှတ်မိပြီ။ ရှင်က နတ်ဆေးသမားတော် ထန်ရှုပဲ”

“ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ” ထန်ရှုက ပြုံး၍ ပြောသည်။

“ကျောက်စိမ်းရုပ်‌တွေ ၀ယ်ဖို့အတွက် ဒေါ်လာ သန်း ၁၀၀ တောင် သုံးဖို့လိုလို့လား။ ဘုရား...ရှင်က ဘယ်လိုလုပ် အရမ်းချမ်းသာနေတာလဲ။ မဟုတ်သေးဘူး။ ဆယ်ရုပ်အတွက်ဆို ဒေါ်လာသန်း ၁၀၀ ပဲကုန်မှာမဟုတ်ဘူး။ ဒါဆို...ရှင်က ဒေါ်လာ ၁ ဘီလီယံတောင် သုံးမှာပေါ့”

“အဲ့လောက်ထိ လျှောက်တွေးမနေပါနဲ့” ထန်ရှုက ပြုံး၍ ပြော၏။ “ကျွန်တော်တို့ မိတ်ဆက်ပြီးပြီဆိုတော့ အရောင်းအ၀ယ် စလိုက်ကြတာပေါ့။ ခင်ဗျားရဲ့ကျောက်စိမ်းကြက်ဖရုပ်က အခုဘယ်မှာလဲ”

မိုရှောင်ဟန်က ပင့်သက်ရှိုက်ပြီးနောက် မယုံသင်္ကာဖြစ်နေသော လေသံဖြင့် မေး၏။ “တကယ်ပဲ ကျောက်စိမ်းကြက်ဖရုပ်အတွက် ဒေါ်လာသန်း ၁၀၀ ပေးမှာလား”

“ပေးမှာပါ” ထန်ရှုက ပြတ်ပြတ်သားသား ဖြေသည်။

မိုရှောင်ဟန်က ၀မ်းသာအားရ ခေါင်းညိတ်လိုက်ပြီးနောက် သူမလွယ်လာသော အိတ်ထဲမှ ကျောက်စိမ်းရုပ်ကို ထုတ်လိုက်သည်။ ထို့နောက် ထန်ရှုကို ပေး၍ ပြော၏။ “ဒီဟာပဲ”

လက်ခံစစ်ဆေးကြည့်ပြီးနောက် ထန်ရှု၏စိတ်ထဲတွင် ပျော်ရွှင်၀မ်းမြောက်သွားလေသည်။ သူက ခေါင်းညိတ်၍ ပြော၏။ “အင်း။ ဒါက ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်‌တွေထဲက ‌ကြက်ဖရုပ်ပဲ မစ္စမို။ အခုကစပြီး ဒါက ကျွန်တော့်အပိုင်ဖြစ်သွားပြီ။ ခင်ဗျားရဲ့ဘဏ်အကောင့်ကို ပြောပြပါ။ ကျွန်တော် ငွေလွှဲခိုင်းလိုက်ပါ့မယ်”

ထိုအခိုက်အတန့်တွင် ထွက်သွားခဲ့သော ကျင်းရှီက ထန်ရှုထံ အပြေးလာ၍ ‌ပြောသည်။ “ကျောက်စိမ်းရုပ်ရှိတယ်လို့ ပြောတဲ့လူ နောက်တစ်ယောက် ရှိပါတယ်။ ကျွန်တော်တို့လူတွေ သူ့ကို ခေါ်လာနေပါပြီ သူဌေး”

ထန်ရှု၏မျက်လုံးများ တောက်ပသွားပြီး သူက အလျင်အမြန်‌ မေးလိုက်သည်။ “ဘယ်အရုပ်ကို ယူလာတယ်ဆို‌တာရော ပြောလား”

“ကျွန်တော် မေးကြည့်လိုက်တော့ ယုန်ရုပ်တဲ့” ကျင်းရှီက ဖြေ၏။

ထန်ရှုက အားရစွာ ခေါင်းညိတ်ပြီးနောက် မိုရှောင်ဟန်ဘက် လှည့်လိုက်သည်။ “မစ္စမို တခြားနေရာကနေ ရှန်ဟိုင်းကို လာခဲ့ရတာမလား။ ခင်‌ဗျားဆန္ဒရှိရင် သုခဘုံစံအိမ်မှာ အနားယူလို့ရပါတယ်။ ကုန်ကျစရိတ် ပေးစရာမလိုပါဘူး”

“နတ်ဆေးသမားတော် ကျွန်မ အဲ့ဒီ ကျောက်စိမ်းယုန်ရုပ်ကို ကြည့်လို့ရမလားဟင်” မိုရှောင်ဟန်က အလောတကြီး မေး၏။

ထန်ရှုက တခဏ တုံ့ဆိုင်းနေသော်လည်း ခေါင်းညိတ်၍ ခွင့်ပြုလိုက်သည်။

“ခင်ဗျား ကြည့်လို့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်လူကို ခင်‌ဗျားက ကြက်ဖရုပ် လာရောင်းတဲ့လူပါလို့ ပြောရမယ်။ ခင်‌ဗျားက သရုပ်မှန်ကို လျှို့ဝှက်ပေးထားမှာပါ”

“ကိစ္စမရှိပါဘူး” မိုရှောင်ဟန်က အလျင်အမြန် ခေါင်းညိတ်၍ ပြောသည်။ “ကျွန်မ သဘောတူတယ်”

ချက်ချင်းဆိုသလို ကျန့်မြောင်ယွမ်သည် အစောင့်များ၏လမ်းညွှန်မှုဖြင့် ရောက်ရှိလာ၏။ သူက ထန်ရှုကို မြင်မြင်ချင်း မှတ်မိသွားလေသည်။ သူက စိုးရိမ်နေသော်လည်း စိတ်လှုပ်ရှားနေသည့် မျက်နှာအမူအရာဖြင့် ထန်ရှုကို နှုတ်ဆက်၏။

ထန်ရှုက သူ့ကိုပြုံးပြ၍ ပြောလေသည်။ “မစ္စတာကျန့်။ ဒါက ကြက်ဖရုပ်ရဲ့မူလပိုင်ရှင်လေ။ စိတ်မရှိရင် အခုပဲ ယုန်ရုပ်ကို ကြည့်လို့ရမလား”

ကျန့်မြောင်ယွမ်က မိုရှောင်ဟန်ကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်း ယုန်ရုပ်ကို ထုတ်၍ ‌ထန်ရှုအား ပေး၏။ ထန်ရှု စစ်ဆေးကြည့်လိုက်သောအခါ ၎င်းသည် အမှန်တကယ် ၁၂ ရာသီခွင်အရုပ်များထဲမှ တစ်ရုပ်ဖြစ်လေသည်။

“မစ္စတာထန် ခင်ဗျားလိုအပ်တာ ဟုတ်ရဲ့လား”

“အဟုတ်ပဲ” ထန်ရှုက ခေါင်းညိတ်၏။

ကျန့်မြောင်ယွမ်က စိတ်လှုပ်တရှား မေးလေသည်။ “ဒါဆို ဘယ်တော့....”

ထန်ရှုက သူ၏တုံ့ဆိုင်းနေသော အမူအရာကို ကြည့်ကာ သဘောပေါက်လိုက်သည်။ သူက ပြုံး၍ ပြော၏။ “ကျွန်တော် နားလည်ပါတယ် မစ္စတာကျန့်။ ခင်ဗျားရဲ့ဘဏ်အကောင့်ပေးရင် ချက်ချင်း ငွေလွှဲပေးပါ့မယ်။ ကျွန်တော် ဒီကိစ္စအတွက် ဘဏ်တွေနဲ့ ညှိနှိုင်းပြီးသားပါ။ ဆိုတော့ ကျွန်တော်တို့ လွှဲပြီးတာနဲ့ နှစ်နာရီအတွင်း ခင်ဗျားရဲ့ဘဏ်အကောင့်ထဲ ငွေဝင်လာပါလိမ့်မယ်”

“ကောင်းတယ် ကောင်းတယ်” ‌ကျန့်မြောင်ယွဲ့က ပျော်ရွှင်စွာ ပြော၏။

“အချက်အလက်ပေါက်ကြားမှာကိုလည်း စိတ်မပူပါနဲ့” ထန်ရှုက ပြုံးပြသည်။ “ပြီးတော့ ခင်ဗျားတို့နှစ်ယောက်က အဝေးက လာခဲ့ရတာဆိုတော့ ကျွန်တော်တို့ သုခဘုံစံအိမ်မှာ အနားယူလို့ရပါတယ်။ ကုန်ကျစရိတ်မတောင်းပါဘူး”

ကျန့်မြောင်ယွဲ့က အင်တင်တင် မျက်နှာထားဖြင့် ပြော၏။ “မစ္စတာထန် ကျုပ်က အချက်အလက်တွေကို လျှို့ဝှက်မထားခိုင်းချင်ရင်ရော”

“ခင်ဗျား လျှို့ဝှက်မထားချင်ဘူးလား” ထန်ရှုမှာ အံ့အားသင့်သွားသည်။ “ရပါတယ်။ ခင်ဗျားဆန္ဒရှိရင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာပေးလို့ရပါတယ်”

“ဒါဆိုရင် ကျေးဇူးပါ‌ဗျာ” ကျန့်မြောင်ယွမ်က လေးနက်စွာ ပြော၏။ “ကျုပ်က ဒီကျောက်စိမ်းယုန်ရုပ်ရဲ့ မူလပိုင်ရှင်ဖြစ်ပြီးတော့ ဒေါ်လာသန်း ၁၀၀ နဲ့ ရောင်းခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံးကို သိစေချင်တယ်”

“ရပါတယ်ဗျာ” ထန်ရှုက ခွင့်ပြု၍ ပြုံးကာ မေးလိုက်သည်။ “ဒါနဲ့ မစ္စတာကျန့် တချို့လူတွေက ငွေတွေအများကြီးရရင် လျှို့ဝှက်ထားချင်ကြတာလေ။ ခင်ဗျားက ဘာလို့ အဲ့ဒီလိုမဟုတ်တာလဲ”

“အမှန်အတိုင်းပြောရရင် ကျုပ်ကို အထင်သေးရှုံ့ချပြီး ငြင်းဆိုခဲ့တဲ့လူတွေကို သိစေချင်လို့” ကျန့်မြောင်ယွမ်က ခါးသီးနာကျည်းနေသော မျက်နှာအမူအရာဖြင့်ပြော၏။ “ကျန့်မြောင်ယွမ်ဆိုတဲ့လူက ချောင်ပိတ်‌မိနေပြီး ကူကယ်ရာမရှိတဲ့လူမဟုတ်ဘူးဆိုတာ သိစေချင်တယ်။ ကျုပ် ဒီကိုမလာခင်တုန်းက ကျုပ်ရဲ့စီးပွားရေးလုပ်ငန်းက ဒုက္ခရောက်နေခဲ့တာ။ အရင်းအနှီးတွေက ကြပ်တည်းပြီး အရေးပေါ်အခြေအနေ ဖြစ်နေတာပေါ့။ သူငယ်ချင်းကောင်းလို့ ထင်ထားမိတဲ့ လူတွေဆီက ငွေချေးခဲ့မိတယ်။ ဒါပေမဲ့ သူတို့က ကျုပ်ကို ရှောင်ဖယ်သွားကြတာများ ပုလိပ်ရောဂါကူးမှာ ကြောက်နေသလိုပဲ။ သူတို့ ပြောခဲ့တဲ့စကားတွေမှာ နားမခံနိုင်စရာတွေတောင် ပါတယ်....”

ထန်ရှုသည် သူ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး စိတ်ထဲမှကြိတ်၍ ကျေးဇူးတင်နေမိ၏။ ကျန့်မြောင်ယွမ်၏ကုမ္ပဏီအခက်အခဲဖြစ်၍ သူ့သူငယ်ချင်းများက သူ့ကို မကူညီခဲ့သည်မှာ ကောင်းပေသည်။ မဟုတ်လျှင် သူသည် ရှန်ဟိုင်းသို့ လာ၍ ကျောက်စိမ်းယုန်ရုပ်အား ရောင်းလိမ့်မည်မဟုတ်ချေ။

***

All Chapters