သတင်းဖွင့်ချခြင်း
Vol. 63 Ch. 880
အချိန်မှာ နေ၀င်ရီတရောအချိန်သို့ ရောက်ရှိသွားပြီး သုခံဘုံစံအိမ်ရှေ့ရှိ သတင်းထောက်များမှာ ဂိတ်၀ကို လည်ပင်းတမျှော်မျှော်ဖြင့် ကြည့်နေကြ၏။ ထမင်း၊ ဟင်းရောင်းသူများသည် လက်တွန်းလှည်းများကို တွန်း၍ လာရောက်အော်ဟစ်ကာ ရောင်းနေသော်လည်း သတင်းထောက်များမှာ ဗိုက်တဂွီဂွီ မြည်နေသည့်တိုင် စားသောက်လိုစိတ်မရှိကြချေ။
သူတို့လို မီဒီယာသမားများအတွက် ထုတ်ဝေရန် သတင်းဦးသတင်းထူးမရှိခြင်းက အဆုံးသတ်မရှိသည့် နှိပ်စက်ညှင်းဆဲမှုကို ခံနေရသည့်အလားပင်။
“မီဒီယာမိတ်ဆွေတို့။ ခင်ဗျားတို့အားလုံးကို စံအိမ်ရဲ့အရှေ့ဘက်ပန်းခြံဆီ ဖိတ်ခေါ်ဖို့ အမိန့်ရထားပါတယ်။ ညစာသုံးဆောင်ဖို့ ပြင်ထားပြီး အရေးကြီးကြေညာစရာလည်း ရှိပါတယ်” ကျင်းရှီက ဂိတ်တံခါး၀အတွင်းမှ ထွက်လာ၍ သတင်းထောက်ထောင်ပေါင်းများစွာကို ကြည့်ကာပြောလိုက်သည်။
“အရေးကြီးကိစ္စတဲ့။ သတင်းဦးများလား”
“ဘုရားရေ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတာလုပ်ငန်းက နောက်ဆုံးတော့ သတင်းပေးတော့မှာလား”
“သူတို့က ညစာစားပွဲလည်း ပြင်ထားတယ်တဲ့။ ဝိုး.. သုခံဘုံစံအိမ်မှာ ညစာစားရလိမ့်မယ်လို့ ထင်မထားဘူး။ သတင်းကောင်းကောင်းတစ်ပုဒ် ပေးပါစေ။ ငါ့အတွက် ထမင်းဆယ်နပ်ကျော်နဲ့ညီမျှပါတယ်”
“မြန်မြန်သွားကြစို့။ နေရာကောင်းရအောင်”
“.......”
သတင်းထောက်ထောင်ပေါင်းများစွာသည် စိတ်လှုပ်တရှား အော်ဟစ်ရင်း အစောင့်များ စောင့်ကြပ်နေသည့် သုခဘုံစံအိမ်ဂိတ်တံခါးအတွင်း ၀င်ရောက်သွားကြလေသည်။
အရှေ့ဘက်ပန်းခြံတွင် စားပွဲဝိုင်းရာပေါင်းများစွာက နေရာယူထား၏။ လှပချောမော၍ ကျက်သရေရှိသော အမူအရာနှင့် အမျိုးသမီး၀န်ထမ်းများက တစ်ဝိုင်းစီကို တာ၀န်ယူထားလေသည်။ အစားအသောက်များ၏မြင်ကွင်းသာမက ဟင်းလျာများ၏မွှေးပျံ့လှသော ရနံ့များက သတင်းထောက်များ၏ဗိုက်ကို တဂွီဂွီ မြည်သွားစေသည်။ သို့သော် ထိုင်ခုံများတွင် ထိုင်ပြီးသောအခါ သူတို့ထဲက တစ်ယောက်တလေကမှ တူကို ကောက်မကိုင်ကြချေ။ ကင်မရာများကို ထုတ်၍ မြောက်ဘက်အစွန်းရှိ မီတာ၀က်ခန့် မြင့်သော ယာယီစင်မြင့်ကိုသာ ချိန်ရွယ်ထားလိုက်ကြသည်။
ကျင်းရှီက စင်ပေါ်သို့ တက်လာ၏။ သူက မိုက်ကရိုဖုန်းအား မကိုင်ချေ။ သို့သော် သူ၏ကျယ်လောင်သောအသံကို သတင်းထောက်အားလုံး ပြတ်ပြတ်သားသား ကြားရ၏။ “ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးတို့။ ကျုပ်တို့သူဌေးက အရင်ညစာသုံးဆောင်ပြီး ဝိုင်သောက်သုံးဖို့ မှာကြားထားပါတယ်။ မဟုတ်ရင် အဓိကသတင်းကြီးကို ကြေညာတဲ့အခါမှာ သုံးဆောင်ဖို့ အချိန်ရှိမှာမဟုတ်ပါဘူးတဲ့။ ပြီးတော့ သူဌေးက အလေအလွင့်ဖြစ်တာကို မကြိုက်ပါဘူး။ ဒါကြောင့် တစ်ခုမှ အလဟဿမဖြစ်ရအောင် အားရပါးရ သုံးဆောင်ကြပါ။ ကျေးဇူးတင်ပါတယ်”
ထို့သို့ပြောပြီးနောက် ကျင်းရှီသည် စင်ပေါ်မှ ထွက်ခွာသွား၏။
သတင်းထောက်အားလုံးမှာ ကြောင်အသွားကြလေသည်။ ဤသို့ သတင်းမကြေညာခင် ညစာသုံးဆောင်ခိုင်းသည့် ဖြစ်ရပ်မျိုးအား ယခုမှ တွေ့ကြုံဖူးကြခြင်းပင်။ သို့သော် ထိုသို့စီစဉ်မှုက သူတို့၏စိတ်ကို နွေးထွေးသွားစေ၏။ ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်း၏ပိုင်ရှင်သည် သူတို့၏အခြေအနေကို ကောင်းကောင်းနားလည်လိမ့်မည်။ သတင်းထောက်များ ပထမဆုံးလုပ်သည့်အရာမှာ ဦးဆုံးသတင်းပို့သူဖြစ်စေရန် သတင်းများအလုအယက်ရေး၍ ဓာတ်ပုံများရိုက်ကြခြင်းသာ။
“ဟုတ်ပြီ ကိုယ့်လူတို့။ မြန်မြန်စားကြစို့။ စားပြီးရင် သတင်းယူကြတာပေါ့”
သတင်းထောက်တစ်ယောက်က ဟစ်ကြွေးပြီးနောက် တူကို ကိုင်ကာ ဝံပုလွေတစ်ကောင်အလား အငမ်းမရစားတော့၏။ ကျန်သတင်းထောက် ထောင်ပေါင်းများစွာကလည်း သူ၏ဦးဆောင်မှုကြောင့် အားရပါးရစားပြီးနောက် လက်ဖက်ရည် သောက်နေကြသည်။ သို့သော် မည်သူကမှ ဝိုင်ပုလင်းများကို လက်ဖျားနှင့်ပင် မထိကြချေ။
နာရီ၀က်ကြာပြီးနောက် ဟောင်လဲ့သည် ဗန်းတစ်ဗန်းဆီကို ကိုင်ထားသော ၀န်ထမ်းသုံးယောက်နှင့်အတူ ရောက်ရှိလာ၏။ သူမ၏ပန်းပွင့်အဆင်စကတ်လေးသာမက လေတွင်ဝဲလွင့်နေသော ဆဲနွယ်များက သူမကို ကျက်သရေရှိကာ တင့်တယ်နေစေစသည်။ သူမက မိုက်ကိုကိုင်၍ လူအုပ်ကြီးအား ပြုံးကြည့်လိုက်၏။ “မီဒီယာမိတ်ဆွေတွေအားလုံး ကြိုဆိုပါတယ်။ ကျွန်မက ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဟောင်လဲ့ပါ။ ကျွန်မ ကြေညာစရာ အကြောင်းအရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ကျွန်မတို့ရဲ့အထူးဧည့်သည်သုံးဦးက ကျွန်မတို့၀ယ်မယ်လို့ ကြေညာထားတဲ့ အစစ်အမှန် ကျောက်စိမ်းရုပ်သုံးရုပ်ကို ယူလာပေးတာပါ”
“ဧည့်သည့်သုံးဦးတဲ့”
သတင်းထောက်အားလုံးမှာ စိတ်လှုပ်ရှားသွားပြီး ဟောင်လဲ့နှင့်အနီးဆုံး စားပွဲဝိုင်းရှိ သတင်းထောက်တစ်ယောက်က အော်၏။ “မစ္စဟောင် အဲ့ဒီဧည့်သည်သုံးဦးက ဘယ်သူတွေလဲ။ သူတို့ယူလာတဲ့ ကျောက်စိမ်းရုပ်တွေရော ဘာအရုပ်တွေလဲဗျ”
“သူတို့ရဲ့ သရုပ်မှန်ကို ဖော်ပြဖို့က ဒီနေ့အတွက် ဒုတိယအကြောင်းအရာပါရှင်” ဟောင်လဲ့က ပြုံး၍ ပြောသည်။ “အခုတော့ သူတို့ယူလာပေးတဲ့ ကျောက်စိမ်းရုပ်သုံးရုပ်ကို ပြသချင်ပါတယ်”
ထိုသို့ပြောပြီးနောက် သူမက အနောက်ရှိ ၀န်ထမ်းသုံးယောက်အား အမူအရာပြလိုက်၏။ ထိုသုံးယောက်က လင်ဗန်းများပေါ်တွင် ဖုံးအုပ်ထားသည့် အဝါရောင်ပိုးစများကို ဖယ်ရှားလိုက်သည်။ ထိုအခိုက်အတန့်မှာပင် ကင်မရာအားလုံးက အသက်၀င်လှသည့် ထိုကျောက်စိမ်းရုပ်သုံးရုပ်အပေါ် ကျရောက်သွားလေသည်။
“ဒါတွေက ကျောက်စိမ်းရုပ်သုံးရုပ်ပါ။ မျောက်၊ ကြက်ဖနဲ့ ယုန်ရုပ်တွေပါပဲ” ဟောင်လဲ့က ၀မ်းသာအားရပြုံး၍ ပြော၏။ “ကျွန်မတို့ဆီမှာရှိတဲ့ နဂါးရုပ်နဲ့ကျားရုပ်ကို ပေါင်းလိုက်ရင် စုစုပေါင်းငါးရုပ် ရှိသွားပါပြီ။ ကျန်တဲ့ခုနစ်ရုပ်ကို မိတ်ဆွေတို့လည်း ကူညီပြီး ရှာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကင်မရာမီးရောင်များမှာ ပတ်၀န်းကျင်တစ်ခုလုံးတွင် လင်းထိန်နေပြီး လူအားလုံးက ကျောက်စိမ်းရုပ်များကို ဝိုင်းအုံကြည့်နေကြလေသည်။
ဟောင်လဲ့က ဆက်ပြော၏။ “ကျွန်မကြေညာချင်တဲ့ ဒုတိယအကြောင်းအရာကတော့ ကြက်ဖရုပ်နဲ့ မျောက်ရုပ်ကို ယူလာပေးတဲ့ ဧည့်သည်နှစ်ယောက်က သူတို့ရဲ့သရုပ်မှန်ကို ချပြလိုစိတ်မရှိဘူးဆိုတာပါပဲ။ ဒါကြောင့် ဘယ်သူဘယ်ဝါဆိုတာကို ကျွန်မတို့ ပြောပြလို့မရပါဘူး။ ယုန်ရုပ်ကို ယူလာပေးတဲ့ဧည့်သည်ကတော့ အင်တာဗျူးဖြေပေးဖို့ ဆန္ဒရှိပါတယ်တဲ့”
“ကောင်းတယ်။ သူက အခုဘယ်မှာလဲရှင့်”
“ဘယ်သူမှမရှိတာထက်စာရင် တစ်ယောက်ရှိသေးတာက တော်ပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီလူက ဘယ်မှာတုန်း”
“ဘယ်သူများလဲ”
“......”
ကျန့်မြောင်ယွမ်က အစောင့်လေးယောက်နှင့်အတူ စင်ပေါ်သို့ တက်လာသည်။ သူက ဟောင်လဲ့ရှေ့တွင် ရပ်ပြီးနောက် ခေါင်းညိတ်ကာ အလျင်အမြန် ဂါ၀ရပြုလိုက်၏။
“ကျွန်မ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်” ဟောင်လဲ့က ပြုံး၍ ပြောသည်။ “ဒီက လူကြီးမင်းက ဖူကန်စီရင်စုရဲ့ကျန့်မြောင်ယွဲ့ပါ။ သူက ဖူကန်စီရင်စုမှာ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်းကို ပိုင်ဆိုင်ထားပါတယ်။ အခု သူဌေးကျန့်က စကားဆက်ပြောပါလိမ့်မယ်”
ကျန့်မြောင်ယွဲ့က မိုက်ကိုကိုင်ရင်း လူအုပ်ကြီးအား တစ်ချက်ဝေ့ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်တိတ်ဆိတ်နေပြီးနောက် ခါးသီးသော အပြုံးတစ်ခုက သူ၏မျက်နှာထက်တွင် ဖြစ်ပေါ်လာ၏။ ထို့နောက် သူက စပြောတော့သည်။ “အမှန်အတိုင်းပြောရရင် ကျုပ် အခုအချိန်မှာ ပိုင်ဆိုင်မှုသန်းချီတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီလို့ လူအများက ထင်ကြလိမ့်မယ်။ အဲ့ဒါက ကျုပ်ချမ်းသာခဲ့တဲ့အချိန် လွန်ခဲ့တဲ့လအနည်းငယ်တုန်းကတော့ မှန်ခဲ့ပါတယ်။ ကျုပ်က စားစရာသောက်စရာပူစရာမလိုဘဲ စံအိမ်ကြီးထဲမှာ နေနိုင်ပြီး ဇိမ်ခံကားတွေစီးနိုင်ခဲ့ပါတယ်။ ချမ်းသာတဲ့သူငယ်ချင်းတွေလည်း အများကြီးရှိခဲ့တာပေါ့
“ဒါပေမဲ့ စီးပွားရေးလုပ်ရတာ ခက်ခဲလာခဲ့တယ်။ ကျုပ်ရဲ့ကုမ္ပဏီက ကိစ္စအရပ်ရပ်ကြောင့် အရှုံးပေါ်ခဲ့တယ်။ ဘယ်သူငယ်ချင်းကမှလည်း မကူညီခဲ့ဘူး
“ကျောက်စိမ်းယုန်ရုပ်က တကယ်တော့ ကျုပ်အကြိုက်ဆုံးပစ္စည်းတစ်ခုပါ။ ကျန့်မိသားစုရဲ့အမွေအနှစ်အဖြစ် သားစဉ်မျိုးဆက် လက်ဆင့်ကမ်းသွားဖို့တောင် စိတ်ကူးခဲ့ဖူးပါတယ်။ ကျုပ်ကုမ္ပဏီ ဒုက္ခရောက်နေတဲ့အချိန်မှာတော့ အဲ့ဒီအရုပ်ကို ရှန်ဟိုင်းက သုခဘုံစံအိမ်ဆီ ယူလာခဲ့ရပါတယ်
“လွန်ခဲ့တဲ့ နှစ်နာရီတုန်းက ကျုပ်ရဲ့ဘဏ်အကောင့်ထဲ ၀င်လာခဲ့တဲ့ ယွမ် သန်း ၆၉၀ ထဲက သန်း ၁၉၀ ကို ကျုပ်ကုမ္ပဏီအကောင့်ထဲ ထည့်လိုက်ပါပြီ။ ကျောက်စိမ်းယုန်ရုပ်က ကျုပ်ကုမ္ပဏီကို ကယ်ခဲ့ပြီး ကျုပ်ရဲ့ပိုင်ဆိုင်မှုကို တိုးပွားလာစေတာပေါ့
“ကျုပ် နောင်တတော့ ရမိပါတယ်။ ဒါပေမယ့် စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုကိုလည်း ခံစားနေတယ်။ ကျောက်စိမ်းယုန်ရုပ်တစ်ခုတည်းက ၁၂ ရာသီအရုပ်မဟုတ်ဘဲ နောက်ထပ် ၁၁ ရုပ်ရှိနေသေးတဲ့အတွက် ကျေနပ်မိပါတယ်။ ကျုပ်ကတော့ ယုန်ရုပ်ကို ယူလာခဲ့ပြီးပြီ။ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းလည်း ကျန်တဲ့အရုပ်တွေကို အမြန်ဆုံးရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ”
ကျန့်မြောင်ယွဲ့၏မိန့်ခွန်းအား နှေးလည်းမနှေးသလို မြန်လည်းမမြန်ချေ။ သို့သော် စင်အောက်ရှိ သတင်းထောက်များမှတော့ အစွမ်းကုန် စိတ်တက်ကြွနေကြ၏။ ကျောက်စိမ်းယုန်ရုပ်လေးတစ်ရုပ်က ဈေးကွက်ထဲတွင် ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော ကုမ္ပဏီတစ်ခုအား ကယ်တင်ပေးလိုက်သည်။ မည်သူကမှ မကူညီခဲ့သည့် ဤသူဌေးအား ၎င်းသည် ဒေဝါလီခံရမည့်အရေးမှ ကူညီပေးခဲ့ပေသည်။
၎င်းအကြောင်းအရာကသာ အဓိကအချက်အလက်ဖြစ်ချေသည်။
သတင်းထောက်အားလုံးမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေကြ၏။ နဖူးရှိသွေးကြောစိမ်းများမှာလည်း ထောင်နေကြချေသည်။
အချိန်များကုန်လွန်သွားပြီး သန်းခေါင်ယံအချိန်သို့ ရောက်ရှိသွားသည်။
ရှန်ဟိုင်းဘူတာရုံ၌ ချန်ကျန့်ရှဲသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ထွက်လာ၏။ သူက ခွေးခြေခုံတစ်လုံးကို လက်တစ်ဖက်က ကိုင်ထားပြီး ပခုံးတွင် သားရေအိတ်တစ်လုံးကို လွယ်ထား၏။ သူ၏၀မ်းကွဲညီ ချန်ကျဝေ့က သူနှင့်အတူ လျှောက်လာလေသည်။
“အစ်ကို ကျွန်တော်တို့ ရှန်ဟိုင်းကိုတော့ ရောက်လာပေမယ့် ၀ယ်မယ့်သူကို ဘယ်မှာသွားရှာရမှာလဲ” ချန်ကျဝေ့၏မျက်နှာအချိုးအစားမှာ စူးရှခက်ထန်ပြီး ဗလတောင့်တောင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူ၏အသံအား ဩဩရှရှ ဖြစ်လေသည်။
ချန်ကျန့်ရှဲက မသေချာမရေရာစွာ ဖြေ၏။ “သတင်းစာထဲမှာတော့ သုခဘုံစံအိမ်လို့ ပြောပေမယ့် ငါတို့ အဲ့ဒီနေရာကို ဘယ်လိုရှာကြမလဲ။ သတင်းစာထဲက ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ရမလား”
“ဆက်လိုက်လေ”
ချန်ကျဝေ့မှာ မြို့ကြီးပြကြီးသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ သူက စိတ်မသက်သာစွာဖြင့် ခေါင်းညိတ်ပြ၏။
ချန်ကျန့်ရှဲက ငါးနှစ်ကျော်နေပြီဖြစ်သည့် သူ၏နိုကီယာဖုန်းစုတ်လေးကို ထုတ်ကာ သတင်းစာထဲမှ ဖုန်းနံပါတ်ကို ဆက်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်ရန် သိပ်မစောင့်လိုက်ရချေ။
“ဟယ်လို ဟောင်လဲ့ ပြောနေပါတယ်။ ဘယ်သူများလဲရှင့်”
“ဟယ်လို ဟယ်လို။ ကျွန်တော်တို့ ကျောက်စိမ်းနွားရုပ်ကို လာရောင်းတာပါ။ သတင်းစာထဲမှာ ၀ယ်မယ်ဆိုပြီး တွေ့လို့ အမှန်ပဲလားဗျ” ချန်ကျန့်ရှဲက စိတ်ထိန်း၍ မျှော်လင့်ချက်ကြီးစွာ မေးလိုက်သည်။
“ကျောက်စိမ်းနွားရုပ်လား။ ရှင်တို့က အခု ဘယ်မှာလဲ” ဟောင်လဲ့က မေး၏။ “ကျွန်မက ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဟောင်လဲ့ပါ။ ကျွန်မတကယ် ကျောက်စိမ်းရုပ်တွေကို ၀ယ်မှာပါ”
“ကျွန်...ကျွန်တော်တို့ ရှန်ဟိုင်းကို အခုလေးတင်ရောက်တာ။ ရထားပေါ်ကဆင်းပြီး ဘူတာရုံမှာဗျ” ချန်ကျန့်ရှဲက ပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ ပထမဆုံးရောက်ဖူးတာဆိုတော့ နေရာက အစိမ်းသက်သက် ဖြစ်နေတယ်။ ဘယ်ကို သွားရမလဲ မသိဘူးဗျ”
“ကျေးဇူးပြုပြီး ရှင်တို့ရောက်နေတဲ့ ဘူတာရုံကို ပြောပြပေးပါ။ ကျွန်မ တစ်ယောက်ယောက်ကို လွှတ်လိုက်...မဟုတ်ဘူး ကျွန်မကိုယ်တိုင် လာခဲ့ပါ့မယ်” ဟောင်လဲ့ကပြောသည်။
“ဘူတာရုံ ရှန်ဟိုင်းဘူတာရုံပဲ မဟုတ်ဘူးလား” ချန်ကျန့်ရှဲက ဇဝေဇဝါ မေး၏။
ဟောင်လဲ့မှာ ငိုရခက်၊ရယ်ရခက်နှင့် ပြန်ပြောလေသည်။ “ရှန်ဟိုင်းမှာ ဘူတာရုံတွေ အများကြီးရှိတယ်ရှင့်။ ရှင်....”
မိနစ်လေးဆယ်ကြာပြီးနောက် ဟောင်လဲ့သည် ကျင်းရှီနှင့်အခြားလူများနှင့်အတူ ရှန်ဟိုင်းဘူတာရုံသို့ ရောက်ရှိလာ၏။ ဖုန်းခေါ်ပြီးနောက် သူတို့သည် ခုံတန်းလျားတစ်ခုပေါ်တွင် နုံးခွေစွာ ထိုင်လျက် ဆေးလိပ်သောက်နေကြသော ချန်ကျန့်ရှဲနှင့် ချန်ကျဝေ့တို့ကို တွေ့လိုက်ရသည်။
“လူကြီးမင်းတို့။ ရှင်တို့ထဲက ဘယ်သူက ချန်ကျန့်ရှဲပါလဲ”
ချန်ကျန့်ရှဲက ထရပ်၍ အထက်တန်းစားအရှိန်အဝါရှိပြီး ကျက်သရေရှိစွာ လှပသည့် ဟောင်လဲ့ကို ကြည့်လိုက်သည်။ သူက အရပ်ရှည်ရှည် အားကောင်းမောင်းသန် ကျင်းရှီနှင့် သူ့အနောက်ရှိ ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် လူများကိုလည်း လှမ်းကြည့်လိုက်၏။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ ဖြေလေသည်။ “ကျွန်...ကျွန်...ကျွန်တော်က ချန်ကျန့်ရှဲပါ။ ခင်...ခင်..ခင်ဗျားက အထွေထွေမန်နေဂျာ ဟောင်...ဟောင်လဲ့လားဗျ”
ဟောင်လဲ့က လက်ဆန့်တန်း၍ ပြုံးကာ ပြောလေသည်။ “ဟုတ်ပါတယ်။ ကျွန်မက ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဟောင်လဲ့ပါ။ ရှန်ဟိုင်းကနေ ကြိုဆိုပါတယ် မစ္စတာချန်။ ကားက ကားပါကင်မှာပါ။ ကျေးဇူးပြုပြီး ရှင်ရဲ့အဖော်နဲ့အတူ ကျွန်မတို့နောက် လိုက်ခဲ့ပေးပါ”
“အ...ဪ...ဟုတ်ကဲ့”
ချန်ကျန့်ရှန်း၏မျက်နှာမှာ ဟောင်လဲ့နှင့် လက်ဆွဲနှုတ်ဆက်ခဲ့ရသောကြောင့် နီရဲတွတ်နေ၏။ သူသည် လက်ဆွဲမနှုတ်ဆက်ခင် ယောင်ယောင်အအဖြင့် သူ၏လက်ကို အင်္ကျီ၌ သုတ်ခဲ့မိသေးသည်။ ထို့နောက် သူသည် ချန်ကျဝေ့ကို ဆွဲခေါ်ကာ ဟောင်လဲ့တို့အဖွဲ့နောက်မှ လိုက်သွားတော့သည်။
သုခဘုံစံအိမ်ကို ပြန်ရောက်သောအခါ ဟောင်လဲ့က သူတို့အား VIP အခန်းသို့ ခေါ်သွား၍ ၀န်ထမ်းတစ်ယောက်အား ဟင်းပွဲများ ပြင်စေခဲ့သည်။ ထို့နောက် သူမက ပြုံး၍ ပြော၏။ “လူကြီးမင်းတို့ ရှင်တို့ယူလာတဲ့ ကျောက်စိမ်းနွားရုပ်ကို ပြပေးပါ။ ကျွန်မ စစ်ဆေးကြည့်ဖို့လိုပါတယ်။ အစစ်သာဆိုရင် ကျွန်မတို့ ဒေါ်လာ သန်း ၁၀၀ နဲ့၀ယ်ပါ့မယ်”
ဒေါ်လာသန်း ၁၀၀
ချန်ကျန့်ရှဲနှင့် ချန်ကျဝေ့ နှစ်ယောက်လုံးမှာ အင်မတန် စိတ်လှုပ်ရှားသွား၏။ ၎င်းကား များပြားလှသည့် ငွေပမာဏမဟုတ်ပါလော။ သူတို့အနေဖြင့် မှန်းဆ၍ပင် မရချေ။
ချက်ချင်းဆိုသလို ချန်ကျန့်ရှဲက သားရေအိတ်အစုတ်လေးထဲမှ ကျောက်စိမ်းနွားရုပ်ကို ထုတ်ကာ ဟောင်လဲ့အား ပေးလိုက်သည်။ “ဒါက ကျောက်စိမ်းနွားရုပ်ပါဗျ။ ကျွန်တော်တို့ ချန်မိသားစုရဲ့အမွေအနှစ်ပါ။ ကျွန်တော်အဖေ ပေးအောင်လို့ အချိန်အကြာကြီး တောင်းခဲ့ရပါတယ်။ မန်နေဂျာဟောင် ကျေးဇူးပြုပြီး မလိမ်ပါနဲ့နော်။ ကျွန်တော့်သားလေး လက်ထပ်နိုင်ဖို့ ငွေလိုအပ်နေလို့ပါ။ ကျွန်တော့်သမီးလေးရဲ့ ကျူရှင်ခတွေလည်း ပေးရဦးမှာ။ တကယ်...တကယ်လို့ အများကြီး မပေးချင်ဘူးဆိုရင် လျှော့ပြီးပေးလို့လည်း ရပါတယ်”
***