မျှော်လင့်ချက်ရောင်ခြည်
Vol. 63 Ch. 881
ချန်ကျန့်ရှဲ၏ရိုးသားသည့် မျက်နှာမှာ ယခုတွင် အနည်းငယ် မနေထိမထိုင်သာ ဖြစ်နေ၏။ ဟောင်လဲ့က ချောချော့မော့မော့ပြောသည်။ “စိတ်မပူပါနဲ့ မစ္စတာချန်။ ရှင်ပေးတဲ့ ကျောက်စိမ်းနွားရုပ်က ကျွန်မတို့ရှာနေတဲ့ဟာမှန်ရင် ဒေါ်လာသန်း ၁၀၀ ထဲက တစ်ပြားမျှမယူပါဘူး”
“ကောင်းတယ်။ ကောင်းတယ်။ ကျွန်တော် ခင်ဗျားကို ယုံလိုက်ပါမယ်”
ချန်ကျန့်ရှဲ၏စိတ်ခံစားချက်မှာ တည်ငြိမ်သွားပြီး သူ သက်ပြင်းရှည်ကြီးချကာ လျှောက်သွား၏။ သူ၏တင်ပါး ဆိုဖာနှင့် ထိလိုက်ချိန်တွင် သူက အလောတကြီး ထရပ်၍ ရှက်ကိုးရှက်ကန်း ပြောသည်။ “ကျွန်...ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ရဲ့ အ၀တ်တွေက ညစ်ပတ်နေတာ။ ကျွန်တော်ထိုင်ပြီး ခင်ဗျားရဲ့ဆိုဖာ ပေသွားလို့ မဖြစ်ပါဘူး။ ခုံပေါ်မှာပဲ ထိုင်ပါ့မယ်”
ထိုသို့ပြောပြီးနောက် သူက ပါလာသော ခွေးခြေခုံကို ထုတ်ကာ ဆိုဖာ၏ထောင့်စွန်း၌ ကပ်ထိုင်လိုက်၏။
သူ၏အပြုအမူကြောင့် ဟောင်လဲ့မှာ ငိုရခက်၊ ရယ်ခက် ဖြစ်နေချေသည်။ သူမ စကားပြောတော့မည့်အချိန်မှာပင် အခန်းတံခါးအပြင်ရှိ ထန်ရှုကို သတိထားမိသွား၏။ သူမက ချက်ချင်း သွားနှုတ်ဆက်ကာ ပြောသည်။ “ဒါက ကျောက်စိမ်းနွားရုပ်ပါ သူဌေး”
ထန်ရှုသည် ၎င်းကိုယူ၍ ချန်ကျန့်ရှဲအား အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် နွားရုပ်အား စစ်ဆေးကြည့်လိုက်၏။ စစ်ဆေးပြီးနောက် နွားရုပ်သည် ၁၂ ရာသီခွင်အရုပ်များထဲမှ တစ်ရုပ်ဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။
“ကိုင်ထားဦး ဟောင်လဲ့”
ထန်ရှုက ကျောက်စိမ်းနွားရုပ်အား ဟောင်လဲ့ကိုပေးကာ ချန်ကျန့်ရှဲ၏အရှေ့သို့ လျှောက်သွား၍ ပြော၏။ “ခင်ဗျားက ဦးလေးချန်ကျန့်ရှဲမလား။ ကျွန်ဝောာ်က ကျောက်စိမ်းရုပ်ရဲ့၀ယ်သူ ထန်ရှုပါ။ ကျွန်တော်စစ်ဆေးကြည့်လိုက်တော့ ခင်ဗျားအရုပ်က ကျွန်တော်လိုချင်တဲ့အရုပ် မှန်ပါတယ်။ အခုက မနက်ပဲရှိသေးတော့ ဘဏ်ကနေ ငွေလွှဲဖို့က နေခင်းလောက်ထိ စောင့်ရပါမယ်”
“ငါ မင်းကို သိတယ်။ မင်းက နတ်ဆေးသမားတော်ပဲ” ချန်ကျန့်ရှဲက စိတ်လှုပ်တရှားပြော၏။ “မင်း....မင်း တကယ် ၀ယ်မှာလား”
“ဟုတ်ကဲ့။ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ” ထန်ရှုက ပြုံး၍ ပြောသည်။
ချန်ကျန့်ရှဲက စိတ်လှုပ်တရှား ပြောပြန်၏။ “ထန်....နတ်ဆေးသမားတော်ထန်။ ဒေါ်လာသန်း ၁၀၀ က များလွန်းပါတယ်။ မင်း လိုအပ်တယ်ထင်သလောက်ပဲ ပေးလို့ရပါတယ်။ ငါ့သားလေး အိမ်၀ယ်ပြီး လက်ထပ်နိုင်ဖို့နဲ့ ငါ့သမီးလေး ကောလိပ်ပြီးနိုင်ရင် ရပါပြီ”
“အဲ့ဒီလိုမလုပ်နိုင်ဘူး ဦးလေးချန်။ ကျွန်တော် ထန်ရှုက အမြဲတမ်း စကားတည်တယ်” ထန်ရှုက ခေါင်းခါရမ်း၍ ပြော၏။ “ဒေါ်လာသန်း ၁၀၀ လို့ ကတိပေးထားတဲ့အတွက် တစ်ပြားမှမလျှော့ဘဲ ပေးမှာပါ။ ဒီလိုလုပ်ကြတာပေါ့။ ကျွန်တော်ကို ကျောက်စိမ်းနွားရုပ် အရင်ပေးရင် ခင်ဗျားရဲ့ဘဏ်အကောင့်ထဲကို ယွမ် သန်း ၆၉၀ လွှဲပေးပါ့မယ်။ အစွန်းထွက်ကိုတော့ ငွေသား ပေးပါ့မယ်”
“ဒါပေမဲ့ ငါ့မှာ ဘဏ်အကောင့်မရှိဘူး။ ချက်စာအုပ်ပဲရှိတယ်” ချန်ကျန့်ရှဲက ခေါင်းကုတ်၍ ပြောလေသည်။
ချန်ကျဝေ့က သူ့ကို ဆွဲ၍ တိုးတိုးပြော၏။ “အစ်ကိုကျင့်ရှဲ အကောင့်နံပါတ်က အဲ့ဒီစာအုပ်အဖုံးမှာ ရေးထားတယ်ဗျ”
ထန်ရှုက ပြုံးလိုက်သည်။ ထို့နောက် သူက ညီအစ်ကိုနှစ်ယောက်၏ ခက်ခက်ခဲခဲ လာခဲ့ရသော ခရီးအကြောင်းမေး၍ အလာပသလာပ ပြောခဲ့သည်။ သူတို့မှာ ဗိုက်ဆာနေကြသဖြင့် ဧည့်ခံကျွေးမွေး၍ ဝိုင်များတိုက်ခဲ့သည်။ ထို့နောက် သူကိုယ်တိုင် VIP အခန်းသို့ လိုက်ပို့ခဲ့၏။ ထန်ရှုသည် ထွက်ခွာမသွားခင် ညီအစ်ကိုနှစ်ယောက်၏ကိုယ်တိုင်းအတိုင်း အဝတ်အစားနှစ်စုံ ပြင်ဆင်ပေးရန် အမိန့်ပေးခဲ့သည်။
ဇိမ်ခံ VIP အခန်းတွင်း၌။
ချန်ကျဝေ့သည် နူးညံ့အိစက်နေသော ကော်ဇောပေါ်တွင် ရပ်၍ အလင်းများတောက်ပနေသော ခရစ်တကယ်မီးအိမ်များကို မော့ကြည့်နေ၏။ သူက သက်ပြင်းအကြိမ်ကြိမ်ချပြီးနေက် အိပ်ခန်း၊ ရေချိုးခန်းတို့ကို စစ်ဆေးပြီး ဝရံတာငယ်ဆီသို့ ရောက်ခဲ့သည်။ တောက်ပလင်းလက်နေသည့်အရာများကို မြင်ခဲ့ရ၍ သူ၏အမြင်မှာ ဝေဝါးနေချေသည်။ ထို့နောက်သူ ဧည့်ခန်းထဲသို့ ပြန်လျှောက်လာရာ ဆိုဖာပေါ်တွင် တိတ်တဆိတ် ထိုင်နေသော ချန်ကျန့်ရှဲကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်တရှား ပြော၏။ “အစ်ကိုကျန့်ရှဲ ဒီတစ်ခါ အစ်ကိုနဲ့လိုက်လာရတာ တကယ်ကောင်းတယ်ဗျာ။ စည်းစိမ်တွေ ခမ်းနားကြီးကျယ်တဲ့အပြင်အဆင်တွေက သုခဘုံမှာ အိပ်မက်မက်နေရသလိုပဲ။ ဒီလို အခန်းမျိုးမှာ နေရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ တွေးဖူးဘူး”
သို့ထိတိုင် ချန်ကျန့်ရှဲမှာ မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်နေ၏။ သူ၏စိုးရိမ်ပူပန်နေမှုကို မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရလေသည်။
ချန်ကျဝေ့က သူ၏မူမမှန်မှုကို သတိထားမိသွားသဖြင့် နားမလည်နိုင်စွာ မေး၏။ “ဘာဖြစ်နေတာလဲ အစ်ကို”
“နတ်ဆေးသမားတော်ထန်က ကျောက်စိမ်းနွားရုပ်ကို ယူသွားပြီ။ မင်း သူ့ကို ဘယ်လိုထင်လဲ။ စကားပြန်ရုပ်သိမ်းမယ်ထင်လား” ချန်ကျန့်ရှဲက ချိတုံချတုံ မေးလိုက်သည်။
“အာ....” ချန်ကျဝေ့၏မျက်နှာအမူအရာမှာ အေးခဲသွားပြီး သူက အချိန်အတော်ကြာ စဉ်းစားလိုက်၏။ ထို့နောက် သူက စိတ်မတင်မကျဖြစ်နေသာပုံစံဖြင့် စိုးရိမ်စွာ မေးလေသည်။ “ဟုတ်တယ်။ သူက ဘာလို့ ကျောက်စိမ်းနွားရုပ်ကို ယူသွားတာလဲ။ သူသာ လူလိမ်ဆိုရင် ကျွန်တော်တို့ ဘာမှ ရတော့မှာမဟုတ်ဘူး။ သူ့ကို သွားရှာကြစို့”
ချန်ကျန့်ရှဲက သူ့ကို ဆွဲကာ မချင့်မရဲပြော၏။ “သူ့ကို မရှာခင် သေချာစဉ်းစားကြရအောင်လား။ နတ်ဆေးသမားဝောာ်ထန်က ငါတို့ကို မလိမ်လောက်ပါဘူး။ သူက ဘယ်လိုလူမျိုးလဲ။ တီဗွီကကနေ သူ့ကောင်းသတင်းကို အမြဲတမ်း ကြားနေရတာပဲမလား။ ငါ နည်းနည်း စိုးရိမ်လွန်သွားတာပါ”
“ကောင်းပြီလေ။ ဒါဆို သူ့ကို ရှာပြီး ပိုက်ဆံနည်းနည်းလောက် အရင်သွားတောင်းကြတာပေါ့” ချန်ကျဝေ့က ခေါင်းညိတ်၍ ပြောသည်။ “အဲ့ဒါဆို ကျွန်တော်တို့ ပိုက်ဆံအတွက် စိတ်ပူစရာမလိုတော့ဘူး”
“အေး မှန်တယ်” ချန်ကျန့်ရှဲက ချက်ချင်း သဘောတူ၏။
ဆယ်မိနစ်ကြာသော် ညီအစ်ကိုနှစ်ယောက်သည် VIP အခန်းတွင်းမှ ထွက်၍ ထန်ရှုအား နေရာတိုင်းတွင် လိုက်ရှာနေကြသည်။ ဟောင်လဲ့က သူတို့ရှေ့၌ ပေါ်လာပြီး အနက်ရောင်အိတ်တစ်လုံးကို ပေးကာ ပြော၏။ “ဒါက ငွေသား ယွမ် ၅သိန်းပါ။ စုစုပေါင်းပမာဏရဲ့ အစွန်းထွက်လေးတွေကို ငွေသားနဲ့ပေးပြီးတော့ ကျန်တာကိုတော့ ဘဏ်အကောင့်ထဲ ထည့်ပေးပါ့မယ်။ မနက်ဖြန်နေ့လည်ဆို ဘဏ်အကောင့်ထဲ ငွေရောက်နေမှာပါ”
“ငါး...ငါးသိန်း” ချန်ကျန့်ရှဲမှာ တဆတ်ဆတ် တုန်လာ၏။ သူသည် အိတ်ကိုယူ၍ ဇစ်ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ယွမ် ၁၀၀၀ တန် အထပ်လိုက်ကို တွေ့လိုက်၏။ သူ့မှာ တုန်ရီနေတော့သည်။ သူ့ဘ၀တွင် ဤမျှငွေပမာဏကို မမြင်ဖူးခဲ့ချေ။ ယခုတော့ ၎င်းငွေများက သူ့အပိုင်ဖြစ်နေလေပြီ။
ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချန်ကျဝေ့အား ကြည့်လိုက်၏။ “ငါတို့ နတ်ဆေးသမားတော်ထန်ကို အထင်လွဲမိသွားပြီ ငါ့ညီ။ သူက ကောလဟလတွေအတိုင်း စိတ်ကောင်းရှိတဲ့ လူကောင်းတစ်ယောက်ပဲ။ ငါတို့ကို မလှည့်ဖြားပဲ စကားတည်ခဲ့တယ်။ ငါတို့ စိုးရိမ်ခဲ့မိတာ မှားသွားပြီ”
ချန်ကျဝေ့က ငွေများကို မျက်လုံးများ ပြူးထွက်မတတ် ကြည့်၍ ပြောလိုက်သည်။ အင်း အစ်ကိုပြောတာမှန်တယ်။ နတ်ဆေးသမားတော်ထန်က ရိုးသားပြီး စိတ်ရင်းကောင်းတာပဲ။ တကယ့်ကို လူကောင်းတစ်ယောက်ပဲ”
ဟောင်လဲ့မှာ ညီအစ်ကိုနှစ်ယောက်၏ခံစားချက်အစစ်အမှန်များကို သိလိုက်ရသဖြင့် ငိုရခက်၊ ရယ်ရခက်ဖြစ်သွားပြန်သည်။ ထို့နောက် သူမက ပြုံး၍ ပြော၏။ “တကယ်ကို ကျွန်မရဲ့သူဌေးက စကားတည်ပါတယ်။ ဒါပေမဲ့ တခြားကျောက်စိမ်းရုပ်ကို လာရောင်းတဲ့လူတွေနဲ့ ယှဉ်ရင် သူ ရှင်တို့ကို ဆက်ဆံတဲ့ပုံက ပိုပြီးကြင်နာပါတယ်။ သူ ဘာလို့ အဲ့ဒီလိုလုပ်ခဲ့ရသလဲ ကျွန်မနားလည်သွားပြီ။ ရှင်တို့က ရိုးသားတဲ့ လူရိုးတွေမှန်း သူမြင်ခဲ့ရလို့ပဲ။ ဘာပဲဖြစ်ဖြစ် အခန်းထဲပြန်ပြီး နားလိုက်ပါဦး။ ငွေတွေ ဘဏ်အကောင့်ထဲ ရောက်သွားရင် ရှင်တို့ ရှန်ဟိုင်းမှာ ဆက်နေလို့လဲရသလို အိမ်ပြန်လို့လဲရပါတယ်။ သူဌေးက ရှင်တို့ နေတဲ့အတောအတွင်း ကုန်ကျစရိတ်ကို မယူဖို့ မှာထားပါတယ်”
သုခဘုစံအိမ်၏မြောက်ဘက် တောအုပ်များရှိရာတွင် အနောက်တိုင်းစတိုင်အဆောက်အဦးများစွာ ရှိ၏။ ၎င်းတို့ထဲမှ တစ်ခုကား လောလောလတ်လတ် ပြန်လည်မွမ်းမံထားလေသည်။ ၎င်းသို့ သုခဘုံစံအိမ်ပိုင်ရှင် အိုးရန်လူလူသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ပြောင်းရွှေ့နေထိုင်ခဲ့၏။
လရောင်အောက်တွင် အိုးရန်လူလူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည်။ သူမ၏အသက်ရှုသံခပ်ဖွဖွများက အပြင်တွင် တိုက်ခတ်နေသော လေအေးကဲ့သို့ ဗီလာ၏တည်ငြိမ်အေးဆေးမှုကို ဖော်ပြနေ၏။
ကျောက်စိမ်းရုပ်ခြောက်ရုပ်....နွား၊ ကျား၊ ယုန်၊ မျောက်နှင့် ကြက်ဖတို့ကို ကုတင်ဘေးရှိ စားပွဲပေါ်တွင် တင်ထားသဖြင့် လရောင်အောက်တွင် တောက်ပနေချေသည်။ ထန်ရှုသည် ၎င်းစားပွဲရှေ့တွင် ထိုင်လျက် ကျောက်စိမ်းရုပ်တစ်ရုပ်စီကို စူးစူးစိုက်စိုက် ကြည့်နေ၏။
သူ စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ သူသာ ကျောက်စိမ်းရုပ် ၁၂ ရုပ်လုံးကို စုဆောင်းနိုင်ပြီး လျှို့ဝှက်အဓိပ္ပာယ်ကို သိရှိနိုင်လျှင် သူ၏ကျင့်ကြံခြင်းမှာ အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်လာပြီး သူ တက်လှမ်းနိုင်ရန် ကြာတော့မည်မဟုတ်ချေ။
‘ငါ နောက်ဆုံးစာမေးပွဲပြီးတာနဲ့ ကမ်းဇတ်လုံကွမ်ပင်လယ်အော်ကိုသွားပြီး အင်မော်တယ်နေအိမ်ကို ဖွင့်ရမယ်။ အဲ့ဒီကနေ ဘာတွေကြုံတွေ့ပြီး ဘာတွေပဲရလာရလာ။ ဒီကျောက်စိမ်းရုပ်ခြောက်ရုပ်ထဲက ကောင်းကင်ဘုံတာအိုလမ်းကြောင်းကို နားလည်နိုင်ဖို့ သီးသန့်ကျင့်ကြံရမယ်။ ဘယ်လောက်ပဲခက်ခဲပါစေ ဒီလောကရဲ့ ကောင်းကင်ဘုံတာအိုစည်းမျဉ်းတွေကို နားလည်မှဖြစ်မယ်'
ထန်ရှုက စိတ်ပိုင်းဖြတ်ထားသော အကြည့်များဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
သူသည် အင်မော်တယ်ကမ္ဘာသို့ အမြဲတမ်း ပြန်လည်တက်ရောက်ချင်ခဲ့သည်။ သူ၏အရင်ဘ၀ဟောင်းကို ချေဖျက်၍ ဘ၀သစ်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အင်မော်တယ်ကမ္ဘာ၏အနန္တသက်ရှိများကို ကြည့်ရှုချင်သည်။
သို့ထိတိုင် သူ အလိုရှိဆုံးအရာကား သူ၏မိသားစုဝင်များနှင့် ချစ်ရသူများကိုပါ အင်မော်တယ်ကမ္ဘာသို့ ခေါ်ဆောင်သွားရန်ဖြစ်သည်။ အထူးသဖြင့် တစ်ခါမှမကျင့်ကြံခဲ့ဖူးသော သူ၏အမေပင်။ သူမကို သူနှင့်အတူ ခေါ်သွားနိုင်ရန် တတ်စွမ်းသမျှ အရာအားလုံး လုပ်ရမည်။ ဤမတိုင်ခင် သူသည် ကျင့်ကြံနေရသော်လည်း သူ၏စိတ်ထဲတွင် ခက်ခဲနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏အမေအား ခေါ်သွားနိုင်မည့်နည်းလမ်းကို ရှာမတွေ့ခဲ့သည့်အတွက်ကြောင့်ပင်။
ယခုတွင်တော့ ဤကျောက်စိမ်းရုပ်များ ပေါ်လာသည့်အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာလေပြီ။
ကောင်းကင်စကြ၀ဠာပညာရပ်သည် မိစ္ဆာသခင်ကြီးများပင်လျှင် ရယူရန် အိပ်မက်မက်နေသည့် မိစ္ဆာလောက၏အထွတ်အထိပ်ကျင့်စဉ်ကျမ်းစာဖြစ်၏။ သို့ထိတိုင် သူသည် ဤမိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။ သူ အနာဂတ်တွင် ပိုမိုသန်မာလာမည်ဟု ယုံကြည်၏။ သို့သော် ဆိုးကျိုးက သူဤပြင်ညီလောကကို ဖောက်ထွက်နိုင်လျှင်တောင်မှ သူတစ်ယောက်တည်းသာ ထွက်ခွာနိုင်ပြီး သူ၏ဆွေမျိုးမိတ်ဆွေများကို ခေါ်ယူမသွားနိုင်ပေ။
သို့သော် ယခုတွင် သူ မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံလျှင်တောင် ကောင်းကင်ဘုံတာအိုစည်းမျဉ်းများကို နားလည်နိုင်လျှင် သူ၏ကိုယ်ကျိုးအတွက် အသုံးချနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် အင်မော်တယ်ကမ္ဘာသို့ အလွယ်တကူ တက်ရောက်၍ သူကျင့်ကြံရန် ခိုင်းစေထားသည့် သူ၏ဆွေမျိုးများ၊ လက်အောက်ငယ်သားများကိုလည်း ခေါ်ဆောင်သွားနိုင်မည်ဖြစ်သည်။
သူသာ ဆန္ဒရှိလျှင် ကမ္ဘာပေါ်တွင် ရှိသမျှသက်ရှိများကိုပါ ခေါ်ဆောင်သွားနိုင်လိမ့်မည်။
နောက်တစ်နေ့ရောက်သောအခါ ထန်ရှု၏အမိန့်ဖြင့် ဟောင်လဲ့သည် ပဉ္စမမြောက်ကျောက်စိမ်းရုပ်၊ ကျောက်စိမ်းနွားရုပ်ကို ရှာတွေ့ကြောင်း ကြေညာခဲ့သည်။ သို့သော် ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းသည် ရောင်းသူ၏သရုပ်မှန်ကို လျှို့ဝှက်ထားပေး၏။
သတင်းထောက်များ၏ အပြိုင်အဆိုင် သတင်းရေးမှုများကြောင့် သတင်းသည် အတောင်ပံများ ပေါက်နေသကဲ့သို့ ပျံ့လွင့်သွား၏။ မီဒီယာအားကြောင့် တစ်နိုင်ငံလုံးရှိ လူအားလုံး၏နားထဲ ၀င်ရောက်သွားလေသည်။ မီဒီယာ၏စွမ်းအားကြောင့် ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းသည် ဒေါ်လာသန်းပေါင်းများစွာသုံး၍ ကျောက်စိမ်းရုပ်များကို ၀ယ်ယူသည်ဟူသော သတင်းက တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားလေသည်။ ထို့အပြင် ထိုအကြောင်းမှာ ယခုမှစတင်ရုံဖြစ်၍ တစ်ကမ္ဘာလုံး အုံးအုံးကျွက်ကျွက်ဖြစ်သွားရန် ကြာမည်မဟုတ်ပေ။
ရက်အနည်းငယ်ကြာသော်။
ထန်ရှုသည် သူ၏စာမေးပွဲခန်းအတွင်းမှ အေးအေးဆေးဆေး ထွက်လာ၏။ သူသည် ဘာသာရပ်တိုင်းကို အောင်ရုံသာမက အမှတ်များပင် ကောင်းလိမ့်မည်ဟု ယုံကြည်ချက်ရှိလေသည်။
တီ.....တီ
စာမေးပွဲအဆောက်အဦးအပြင်ရှိ ကားဟွန်းသံက ထန်ရှု၏အာရုံကို ဖမ်းစားသွားသည်။
“ဟေ့ ကောင်လေး တို့နဲ့ ကားလိုက်စီးချင်လား” မိန်းကလေးတစ်ယောက်၏ချိုသာသောအသံက မီတာအနည်းငယ်အကွာမှ ထွက်ပေါ်လာလေသည်။
ထန်ရှုသည် အသံလာရာကို ကြည့်လိုက်ရာ ငိုရခက်၊ ရယ်ရခက် ဖြစ်သွား၏။
အသံပိုင်ရှင်ကား ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ဇိမ်ခံကားဘေးတွင် ရပ်နေသည့် မု၀မ်ရင်ပင်။ သူမသည် အပြာနုရောင် ပန်းပွင့်စကတ်လေးနှင့် လှပနေ၏။ ပန်းရောင်နေကာမျက်မှန်က သူမ၏ပိတုန်းရောင်ဆံနွယ်များကို အဖော်ပြုပေးနေသည်။ သူမက ထန်ရှုအား ပြုံး၍ ကြည့်နေ၏။ သူမ၏ခန္ဓာကိုယ်နှင့်အလှတရားမှာ အသက်၀င်လျက် ပန်းချီကားထဲမှ ထွက်လာသည့် နတ်ဘုရားမတစ်ပါးအလားပင်။
***