ငွေတိုးတောင်းခြင်း
Vol. 63 Ch. 882
ထန်ရှုက မု၀မ်ရင်ထံမှ အကြည့်လွှဲကာ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။ စာမေးပွဲခန်းမထဲမှ ထွက်လာသော ကျောင်းသား၊ ကျောင်းသူအားလုံးက သူမကို ကြည့်ကာ ကြက်သေသေနေကြသဖြင့် ထန်ရှုမှာ ငိုရခက်၊ရယ်ရခက် ဖြစ်နေ၏။
”ဘာလို့ ဒီလောက်တောင်လှနေရတာလဲ မိန်းမလှလေးရဲ့” ထန်ရှုက ခေါင်းခါရင်း ခပ်ယဲ့ယဲ့ပြုံးကာ ရှေ့သို့လျှောက်သွားလိုက်သည်။
မု၀မ်ရင်က ခပ်မတ်မတ်ရပ်၍ လက်ပိုက်ကာ ခန္ဓာကိုယ်လေးကို လှုပ်ရမ်းလိုက်၏။ သူမ၏စကတ်လေးက လေအဝေ့တွင် မျောလွင့်၍ သူမ၏ရေမွေးနံ့ကား လေထဲတွင် ပျံ့နှံ့သွားသည်။ သူမက နှစ်နှစ်ခြိုက်ခြိုက် ရယ်၍ပြော၏။ “ကဲ ဘာလို့ ဒီလောက်လှတဲ့ချစ်သူကို မြင်ရတာတောင် မှိုင်တွေနေရတာတုန်း”
မုဝမ်ရင်၏တောက်ပလှသော အပြုံးမှာ ဆွဲဆောင်မှုရှိလွန်းသဖြင့် စိတ်ဓာတ်မာကျောပြီး သူမနှင့်ရင်းနှီးနေသည့်တိုင် ထန်ရှုမှာ မှင်သက်သွားရ၏။ ထို့နောက် သူက စိတ်ထိန်းကာ မု၀မ်ရင်ကို လက်ကောက်၀တ်မှ ဆွဲခေါ်၍ ကားတံခါးဆီ လျှောက်သွားလေသည်။ ကားတံခါးကို ဖွင့်ပြီးနောက် ခရီးသည်နေရာ၌၀င်ထိုင်ကာ တံခါးပိတ်ကာ ပြော၏။ “မောင်းတော့”
“မောင်းဖို့ အကြောင်းပြချက်ပေးလေ” မု၀မ်ရင်က ပြုံးလျက် ပြော၏။
ထန်ရှုက သူမဆိုလိုသည်ကို သဘောပေါက်ပြီး ပြောသည်။ “မင်းသိလား။ ငါ့ချစ်သူရဲ့အလှကို ငါတစ်ယောက်ပဲ မြင်ခွင့်ရှိတယ်။ အခြားဘယ်ယောက်ျားသားကိုမှ ကြည့်ခွင့်မပေးနိုင်ဘူး။ ဘယ်လိုလဲ အကြောင်းပြချက်က လုံလောက်ရဲ့လား”
“ခစ်ခစ်.....”
မုဝမ်ရင်က ချိုသာစွာ ပြုံးလိုက်ပြန်သည်။ သူမ၏အပြုံးမှာ တောက်ပလွန်းပြီး သူမ၏မျက်၀န်းလေးများမှာ ရေစက်ရေပေါက်များကဲ့သို့ ကြည်လင်နေ၏။
သူမက ကားကိုစက်နှိုး၍ ပြုံးကာ ပြောသည်။ “ဆိုတော့ ငါတို့ ဘယ်သွားကြမလဲ”
ထန်ရှုက တခဏ စဉ်းစားပြီးနောက် ပြော၏။ “မင်း ဒီနေ့၀တ်ထားတာ အရမ်းလှတော့ ငါ ဒီနေ့ မင်းကို ဒကာခံပြီး ၀ယ်ကျွေးပါ့မယ်။ အခုမှ သတိရတယ်။ ဒီနားကလမ်းထဲမှာ ဘာဘီကျူးရောင်းတဲ့ဆိုင်လေးရှိတယ်။ အင်း မင်း ကောင်းကင်အမိုးကြီးအောက်မှာနေပြီး မြေကြီးကြမ်းပြင်မှာ ထိုင်ပြီးတော့ အသားကင်စားချင်ရင် ပြောတာပါ”
“ခစ်.....”
မု၀မ်ရင်မှ ထန်ရှု၏အကြံပေးချက်ကို ဆွဲဆောင်မှုရှိစွာ မျက်လုံးဝေ့၍ ရယ်မောလိုက်၏။ ထို့နောက် သူက ပြုံး၍ ပြောသည်။ “ဒီနေ့က နင့်ရဲ့ပထမနှစ်နောက်ဆုံးနေ့ဆိုတော့ အောင်ပွဲခံဖို့ ငါ ဒကာခံမှာပါ။ ကနုတ်ဥယျာဉ်စံအိမ်ကို သွားကြတာပေါ့”
“အင်း မိန်းမလှလေးက အကြံပြုမှတော့ ကနုတ်ဥယျာဉ်စံအိမ်ကို သွားကြတာပေါ့ကွာ”
“ဟားဟားဟား...”
မိန်းမလှလေး၏ရယ်သံလွင်လွင်လေးနှင့်အတူ ကားမှာ ထွက်ခွာသွားတော့သည်။
သို့ထိတိုင် ကျောင်းသားအုပ်ထဲတွင် ပွစိပွစိပြောနေသံများအား ကြားရ၏။ တချို့ကောင်လေးများက “ချစ်သူမရှိတဲ့ချစ်သူများနေ့” ဟူသော သီချင်းကို အော်ဆိုနေကြသည်။
ကနုတ်ဥယျာဉ်စံအိမ်။ ၎င်းသည် ဧည့်သည်များအလိုရှိသမျှ ဟင်းလျာများ ရရှိနိုင်သည့် ရှန်ဟိုင်း၏အဆင့်မြင့်စားသောက်ခန်းမဖြစ်သည်။ ထိုနေရာမှာ ဟင်းလျာကောင်းများရှိသည်ဟု သတင်းမွှေးသလို မိုးထိတိုင်မြင့်မားသော ဈေးနှုန်းများကြောင့်လည်း နာမည်ကြီး၏။
“၀မ်ရင် မင်း ဒီနေရာကို ရောက်ဖူးလား”
မု၀မ်ရင်နောက်မှနေ၍ ကနုတ်ဥယျာဉ်စံအိမ်အတွင်းသို့ ထန်ရှုလိုက်လာခဲ့သည်။ သူမသည် ဧကရာဇ်ခန်းမဆီသို့ ဦးတည်နေသော လမ်းကြောင်းများကို ရင်းနှီးစွာ လျှောက်သွားသဖြင့် သူ့မှာ အံ့အားသင့်နေမိ၏။
“အင်း နှစ်ခေါက်ရောက်ဖူးတယ်” မု၀မ်ရင်က ခပ်ဟဟရယ်လျက် ဖြေသည်။
“ဒီနေရာက တော်တော်ဈေးကြီးတယ်လို့ ပြောကြတယ်နော်။ ရှန်ဟိုင်းမှာ ဈေးအကြီးဆုံးတဲ့။ မင်း ဒီနေရာကို လာချင်လိမ့်မယ်လို့ ငါမထင်ထားဘူး”
“ဟင့်အင်း ငါ ဒီနေရာကို လာခဲ့ပေမယ့် ဒီနေရာမှာ ဘာမှမစားခဲ့ဖူးဘူး” မု၀မ်ရင်က ခေါင်းခါရမ်းလျက် ပြောသည်။ “ဟိုးနှစ်တွေတုန်းက ပထမတစ်ခေါက်လာပြီး ငါ့အဖေကို လာရှာခဲ့ဖူးတယ်။ ဒုတိယတစ်ခေါက် ငါ့အချစ်ဆုံးသူငယ်ချင်းနဲ့လာတုန်းကတော့ သူ့ကောင်လေး နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာ ဖမ်းမိခဲ့တယ်လေ”
“ဟားဟားဟား” ထန်ရှုက ရယ်လျက် ပြုံးကာ ပြော၏။ “မင်းသူငယ်ချင်းတော့ အတော်လေး စိတ်မကောင်းဖြစ်သွားမှာပဲ”
“ဘာလို့ အဲ့ဒီလိုထင်ရတာလဲ” မု၀မ်ရင်က မေးသည်။
“မင်းသူငယ်ချင်းက ဒေါသကို ထိန်းနိုင်လား” ထန်ရှုက ပြုံးကာ ပြော၏။
“ဟင့်အင်း သူက ထပေါက်တော့မယ့် ဗုံးတစ်လုံးလိုပဲ” မု၀မ်ရင်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ “ထန်ရှု ငါက နင့်အတွက် တစ်ယောက်တည်းသော မိန်းကလေးမဟုတ်တာတောင် ငါ ဘာလို့ နင့်အနားမှာနေတာလဲသိလား”
“အမ်...” ထန်ရှုက စကားလွန်သွားကြောင်း သတိထားလိုက်မိသဖြင့် နောင်တရသွား၏။ သို့သော် သူ၏စကားများကို ပြန်ရုပ်သိမ်း၍ မရတော့သဖြင့် ရှေ့ဆက်သာတိုးနိုင်တော့သည်။ “ဘာလို့လဲ”
သူ၏မျက်၀န်းလေးများတွင် ဖုံးကွယ်ထားသော ခါးသီးမှုတို့နှင့်အတူ မု၀မ်ရင်က ပြော၏။ “နင့်အပေါ်ထားတဲ့ ငါ့အချစ်က အရေးကြီးဆုံးဖြစ်ပြီး တခြားဘယ်ခံစားချက်နဲ့မှ အစားထိုးလို့မရဘူး။ အဲ့ဒါပြီးတော့ လူ့အဖွဲ့အစည်းရှိသေးတယ်။ နင်သိလား ငါတို့နိုင်ငံ ပြန်လည်ဖွဲ့စည်းပြီးနောက်မှာ မိန်းကလေးတွေအတွက် ပိုမိုကောင်းမွန်လာတယ်။ ဒါပေမဲ့ မိန်းမတွေက နိမ့်ကျပြီး ယောက်ျားတွေက မြင့်မြတ်တယ်ဆိုတဲ့အယူအဆက လူတွေရဲ့ အသွေးအသားထဲအထိ စွဲနေတုန်းပဲ။ ငါတောင် ခြွင်းချက်မဟုတ်ဘူး။ “အမျိုးသမီးတွေက ကောင်းကင်တစ်၀က်ကို အုပ်စိုးတယ်” ဆိုတဲ့ပြောစကားက “အမျိုးသားတွေဟာ အိမ်တစ်အိမ်ရဲ့ထောက်တိုင်ဖြစ်တယ်” ဆိုတဲ့စကားထက် သာပါသေးတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ မိန်းမတွေက အားနည်းတယ်လို့ ခံစားနေရတုန်းပဲ။ သူတို့ကို ကာကွယ်ပေးနိုင်မယ့် လူတစ်ယောက်ရှိစေချင်တာက အဓိကပြဿနာဖြစ်နေတယ်
“ငါကိုယ်တိုင် မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် ပတ်၀န်းကျင်ရဲ့အမျိုးသမီးတွေအပေါ် လွှမ်းမိုးနိုင်စွမ်းက ဘယ်လောက်ကြီးမားသလဲ ငါကောင်းကောင်းသိတယ်။ ဥပမာ အိုးရန်လူလူနဲ့ နာမည်ကြီးခန်းရှပေါ့။ ငါတို့နဲ့ဆက်ဆံနေတဲ့ ယောက်ျားတွေကို တစ်လင်တစ်မယားစနစ်နဲ့ ချုပ်ထားလို့မရဘူး။ ရှန်ဟိုင်း၊ ဟောင်ကောင်၊ မကာအို ဒါမှမဟုတ် ထိုင်၀မ်မှာ အင်အားကြီးယောက်ျားတွေက မိန်းမတစ်ယောက်မက ရှိကြတယ်။ ငါ့အဖေလိုပေါ့။ သူက ငါ့အမေကိုချစ်ပြီး ဂရုစိုက်ပေမယ့် သူ့ရဲ့အလှကြိုက်တဲ့စိတ်က အရိုးထဲစွဲနေတယ်လေ။ အဲ့ဒါကြောင့် ငါ့အမေအပြင် တခြားမိန်းမတွေ ရှိလာတာပဲ
“အိုးရန်မိသားစုရဲ့ခေါင်းဆောင် အိုးရန်လူလူရဲ့အဖေမှာလည်း မိန်းမတစ်ယောက်မက ရှိတယ်။ အိုးရန်လူလူရဲ့အမေက ငါအရင်တည်းက ကြားဖူးနေခဲ့တဲ့ အံ့မခန်းအမျိုးသမီးတစ်ယောက်ဖြစ်တာတောင် အိုးရန်လူလူရဲ့အဖေက သစ္စာမရှိနိုင်ခဲ့ဘူးလေ”
ထိုသို့ပြောနေချိန်တွင် ခါးသီးနာကျည်းမှုများက သူမမျက်နှာပေါ်တွင် အတိုင်းသားပေါ်နေ၏။
ထန်ရှုက သက်ပြင်းတစ်ချက်ရှုသွင်း၍ ခေါင်းခါရမ်းလိုက်သည်။ “ယောက်ျားတစ်ယောက်သာ မိန်းမတစ်ယောက်ကို တကယ်ချစ်ရင် အရာအားလုံးကို လက်လွှတ်နိုင်ပြီး ဘယ်မိန်းမကိုမှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး”
“ဟုတ်လို့လား” မု၀မ်ရင်က ပြုံး၍ မေး၏။
“အင်း ငါ အဲ့ဒီလိုလူမျိုး မြင်ဖူးတယ်” ထန်ရှုက လေးနက်စွာ ပြောသည်။
“မြင်ဖူးတယ်လား။ ဘယ်မှာလဲ” မု၀မ်ရင်မှာ အံ့အားသင့်သွားပြီး မှင်သက်စွာ မေး၏။
ထန်ရှုမှာ တိတ်ဆိတ်သွားသည်။ သူပြောခဲ့သည့်လူမှာ သူကိုယ်တိုင်ဖြစ်၏။ ယခုအချိန်၌ သူ့တွင် မိန်းကလေးတစ်ယောက်ထက်ပို၍ ရှိနေလိမ့်မည်။ အင်မော်တယ်ကမ္ဘာ၌ ရွှဲ့ကျင်းချန် သူ့ကိုသစ္စာဖောက်ခင်တုန်းက သူမမှလွဲ၍ မည်သည့်မိန်းကလေးကိုမှ မချစ်နိုင်တော့ဟု ယုံကြည်ခဲ့လေသည်။
သူတို့သည် နှစ်ထောင်ပေါင်းများစွာ ယှဉ်တွဲနေထိုင်ခဲ့ကြပြီး တစ်ယောက်
အကြောင်းတစ်ယောက် ကောင်းကောင်းသိကြ၏...
သူတို့၏ဆက်ဆံရေးကို ငြီးငွေ့ပင်ပန်းရမည့်အစား သူသည် သူမအား တစ်နေ့ထက်တစ်နေ့ ပိုပို၍ ချစ်ခဲ့၏။ နှစ်ကြာရှည်လေ အရည်အသွေးကောင်းလေဖြစ်သော ဝိုင်များကဲ့သို့ပင်။
ဧကရာဇ်ချင်သည် အချစ်ရေးကြောင့် ရူးသွပ်ခဲ့ပြီး အချစ်ရေးကြောင့်ပင် သေဆုံးခဲ့သည်။ သူ၏ဇနီးကို နှစ်ပေါင်းများစွာ ကာကွယ်ရန်အတွက် ကောင်းကင်ဘုံကို တိုက်ခိုက်ကာ သေခြင်း၊ရှင်ခြင်းစက်၀န်းကို စိန်ခေါ်ခဲ့၏။ ကောင်းကင်ဘုံစည်းမျဉ်းများက ဖိနှိပ်သည့်တိုင်၊ စိတ်ဝေဒနာများက နှိပ်စက်သည့်တိုင်၊ ကောင်းကင်ဘုံမိုးကြိုးအပြစ်ဒဏ်ကို ခံရသည့်တိုင် သူသည် အလျှော့မပေးခဲ့ချေ။ သူ့ကို လက်မလျှော့စေသည့်အရာမှာ သူ့ဇနီး၏မျက်နှာလေးသာဖြစ်၏။ သူမသေခင် နှစ်သန်းပေါင်းများစွာ၌ တမ်းတနေခဲ့ရသည့် သူ့ဇနီးနာမည်ပင်။
မု၀မ်ရင်သည် ငြိမ်ကျသွားသော ထန်ရှုကို ကြည့်ရင်း ရင်ထဲမှ နာကျင်လာ၏။ မည်သို့ချစ်ခြင်းမျိုးဖြစ်သည်ကိုတော့ သူမ မသိသော်လည်း တစ်ချိန်တစ်ခါတုန်းက ထန်ရှု၌ချစ်ရသူတစ်ဦး ရှိခဲ့လိမ့်မည်။
သူမသည် ထက်မြက်ဉာဏ်ကောင်းသော မိန်းကလေးတစ်ဦးဖြစ်သည့်အပြင် သူ၏နှလုံးသား၌သတ္တမအာရုံရှိသည်ဟုပင် ဆိုနိုင်၏။ ထန်ရှု၏စကားအသွာားအလာအရ ထန်ရှုပြောခဲ့သူသည် သူကိုယ်တိုင်ဖြစ်ကြောင်း သိပေသည်။
‘ဘာကများ သူ့စိတ်ကို ပြောင်းလဲသွားစေတာပါလိမ့်’
မု၀မ်ရင်မှာ အဖြေကို သိချင်မိသော်လည်း နက်နက်နဲနဲရှာဖွေရမ် ကြောက်ရွံ့နေမိသည်။
ဒေါက်...ဒေါက်
အခန်းတံခါးပွင့်သွားပြီး လှပသော ၀န်ထမ်းမိန်းကလေးနှစ်ဦးက မီနျူးနှစ်ခုကို ကိုင်လျက် ၀င်လာကြ၏။ ထန်ရှုက သူ့မျက်လုံးများထဲရှိ နာကျင်မှု၊ မဖြေဆည်နိုင်မှုများအား ဖုံးကွယ်၍ မု၀မ်ရင်အား ဟင်းလျာမှာရန် အမူအရာပြလိုက်သည်။
ဟင်းလျာကောင်းများနှင့် အရည်အသွေးမြင့်သော ဝိုင်က မု၀မ်ရင်နှင့်ထန်ရှုတို့၏မူလစကားစကို မေ့ပျောက်သွားစေ၏။
တူ....တူ....တူ
ထန်ရှုက ဖုန်းကို ကြည့်လိုက်သောအခါ ဟောင်လဲ့၏နာမည်ကို တွေ့လိုက်ရ၏။ သူ့မှာ စိတ်လှုပ်ရှားသွားလေသည်။ ကျောက်စိမ်းရုပ်လေးရုပ် ရရှိခဲ့သည်မှာ ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်ကာ ကျန် ခြောက်ရုပ်၏သတင်းအစအနကို မရရှိခဲ့ချေ။ ဟောင်လဲ့၌သတင်းကောင်းများ ရှိနေသလော။
“ဘာများလဲ ဟောင်လဲ့”
ဟောင်လဲ့၏လေသံမှာတော့ အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေချေသည်။ “သူဌေး ကျောက်စိမ်းကြွက်ရုပ်ရှိတဲ့နေရာကို သိထားပေမယ့် ပြဿနာလေးတစ်ခုဖြစ်နေတယ်”
“ဘာပြဿနာလဲ” ထန်ရှု၏မျက်ခုံးများမှာ တွန့်ချိုးသွား၏။
“ငါ့ကိုဆက်သွယ်လာတဲ့လူက နိုင်ငံခြားက သူ့မှာ ကျောက်စိမ်းကြွက်ရုပ်ရှိတယ်တဲ့” ဟောင်လဲ့က ရှင်းပြသည်။ “သူက အင်တာနက်ကနေ ဓာတ်ပုံပို့ပေးလိုက်တယ်။ ဈေးကို အနည်းဆုံး သန်း ၅၀၀ ပိုပေးမှ ရောင်းနိုင်မယ်တဲ့။ မဟုတ်ရင် ငါတို့ ၁၂ ရုပ် ဘယ်တော့မှမပြည့်စေရဘူးလို့ ပြောတယ်”
“သူ တောင်းဆိုတဲ့အတိုင်း လုပ်ပေးလိုက်”
ထန်ရှုက တုံ့ဆိုင်းခြင်းမလျင်းမရှိဘဲ ဖြေ၏။
“ဒါပေမဲ့ သူဌေး ဒါက...” ဟောင်လဲ့က အလျင်အမြန် ပြောသည်။
“အဲ့ဒီကျောက်စိမ်းရုပ်တွေက ငါ့အတွက် အရေးကြီးတယ်” ထန်ရှုက လေးနက်စွာ ပြော၏။ “အဲ့ဒီအရုပ်တွေကို ငါအသုံးချမယ့် ကိစ္စက ကမ္ဘာကြီးကိုတောင် တုန်လှုပ်သွားစေနိုင်တယ်။ ငါတို့ အဲ့ဒီအရုပ်ကို ရတာနဲ့ ဒေါ်လာ သန်း ၅၀၀ လွှဲပေးမယ်လို့ ပြောလိုက်ပါ”
“နားလည်ပါပြီ” ဟောင်လဲ့က နာခံ၍ ဖုန်းချသွားသည်။
မု၀မ်ရင်သည် ထန်ရှု ကျောက်စိမ်းရုပ်များ စုဆောင်းနေရသည့် အကြောင်းအရင်းကို မမေးခဲ့ချေ။ သို့သော် ထန်ရှု၏စကားကို ကြားပြီးနောက် မေးမြန်း၏။ “ကျောက်စိမ်းရုပ်တစ်ရုပ်အတွက် အဲ့ဒီလောက်ငွေတွေအများကြီး သုံးဖို့ လိုလို့လား”
“အင်း။ ကျောက်စိမ်းရုပ်တွေက ငါ့အတွက် တန်ဖိုးတောင်ဖြတ်လို့မရဘူး” ထန်ရှုက ခေါင်းညိတ်၏။ “အမှန်အတိုင်းပြောရရင် ကျောက်စိမ်းရုပ် ၁၂ ရုပ်သာ ပြည့်စုံသွားရင် ငါတစ်ယောက်တည်း အကျိုးအမြတ်ရမှာမဟုတ်ဘူး။ မင်းအတွက်ပါ အကျိုးရှိတယ်”
“ဘယ်လို အကျိုးအမြတ်လဲ” မု၀မ်ရင်က စူးစမ်းသည်။
“အခုတော့ ပြောလို့မရသေးဘူး” ထန်ရှုက ခေါင်းခါရမ်း၍ ပြော၏။ “ဒါပေမဲ့ ငါ့ကို ယုံပါ။ မင်း မကြာခင်သိရလိမ့်မယ်”
တူ....တူ....တူ
ဟောင်လဲ့က ထပ်မံဖုန်းခေါ်၏။ ထန်ရှု ဖုန်းကိုင်လိုက်သည့်အခါ ဒေါသတချောင်းချောင်း ထွက်နေသည့်အသံက ထွက်ပေါ်လာလေသည်။ သူမက ကျယ်လောင်စွာ ပြော၏။ “သူဌေး ဒီလူက သက်သက် အကျင့်ယုတ်နေတာပဲ။ ငါ ဒေါ်လာသန်း ၅၀၀ ပေးမယ်လို့ သဘောတူခဲ့ပေမယ့် သူက နောက်ထပ် သန်း ၃၀၀ ထပ်တောင်းနေတယ်။ အခု သန်း ၈၀၀ ရမှ ရောင်းနိုင်မယ်တဲ့။ ပြီးတော့ စရံငွေအနေနဲ့ သန်း ၃၀၀ ကို အခုချက်ချင်း လွှဲပေးဖို့ ပြောနေတယ်”
“သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ” ထန်ရှု၏မျက်လုံးများတွင် ကျောချမ်းဖွယ်အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူက လေးပင်စွာ မေး၏။ “မင်း သူ့တည်နေရာကို ခြေရာခံလို့ရမလား”
“ခက်ခဲပေမယ့် ဖြစ်နိုင်တယ်” ဟောင်လဲ့က ဖြေသည်။
“ဒါဆိုရင် ဖြစ်နိုင်ချေနှစ်ခုလုံးအတွက် ပြင်ဆင်ထားတာပေါ့။ သူ့တောင်းဆိုချက်အတိုင်း လိုက်လျောမယ်လို့ ပြောလိုက်။ သန်း ၈၀၀ တင်မကဘူး ၁ ဘီလီယံပေးမယ်လို့ပြောချေ” ထန်ရှုက ပြော၏။ “သူ ငါ့ကို ကြွက်ရုပ်ရောင်းသရွေ့ ၁ ဘီလီယံပေးမယ်။ ဒါပေမယ့် ငါတို့ ငွေစုဖို့ လ၀က်လောက်လိုတယ်လို့ ပြောလိုက်။ လ၀က်အတွင်း ငွေတစ်၀က်ကို သူ့ဘဏ်အကောင့်ထဲ လွှဲပေးမယ်လို့ပါထည့်ပြော”
***