ရုတ်ရုတ်သဲ
Vol. 75 Ch. 1045
အချိန်သည် အသက်တစ်ရှိုက်စီ ကုန်ဆုံးသွားသည်။ သူကား နိဗ္ဗာနသစ်သီးအတွက် ပုံမှန်အချိန်အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်မှာ ကြာလေပြီ။ သို့သော် အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူက ထိုနေရာတွင် ထိုင်နေလျက် နိဗ္ဗာနသစ်သီးအား အပြည့်အဝစုပ်ယူပြီးသွား၏။ သူသည် မျက်လုံးများကို ဖွင့်၍ ကျောက်စိမ်းပုလင်းကို ယူပြီး ဖွင့်တော့မည့်အချိန် တွန့်ဆုတ်သွားသည်။
သူ့ကိုယ်ထဲရှိ အမျှင်ပေါင်းများစွာသည် မှေးမှိန်လာပြီး လျင်မြန်စွာ ပျောက်ကွယ်ပေတော့မည်။ ကံဆိုးစွာနှင့် နိဗ္ဗာနသစ်သီးမှာ သူနှင့်အပြည့်အဝ တစ်သားတည်းမဖြစ်သေးချေ။ တစ်ဝက်ပင် မဖြစ်သေး။ ရာခိုင်နှုန်းအရဆိုလျှင် ဤအခိုက်အတန့်တွင် နိဗ္ဗာနသစ်သီးက တစ်ရာခိုင်နှုန်းခန့်သာ ပေါင်းစည်းသွားသည့်အလား ထင်ရသည်။
“ငါ ပါရာဂွန်ရဲ့ ဒီသွေးနမူနာအကုန်လုံးကို အပြည့်အဝ စုပ်ယူလိုက်ရင်တောင်မှ” သူက တွေးသည်။ “အများဆုံး လေးရာခိုင်နှုန်းပဲ စုပ်ယူနိုင်လိမ့်မယ်....
“ပါရာဂွန်သွေးက အစွမ်းမထက်တာလည်း မဟုတ်ဘူး။ အတုမလို့လည်း မဟုတ်ဘူး ... ဒီသွေးက ရောနှောခံထားရကြောင့်မလို့။ ဘယ်သူသိနိုင်မလဲ ဒီသွေး ဘယ်လောက်တောင် အရောခံခဲ့ရလဲဆိုတာ” သူက သက်ပြင်းခိုးချလိုက်သည်။ တာအိုဆရာအစည်းအရုံးသုံးခုတွင် ပါရာဂွန်သွေးနမူရာအစစ်များ ရှိလျှင်တောင်မှ ၎င်းတို့က အင်မတန် အထွတ်အမြတ်ထားခံရမှာဖြစ်သည်။
ပြီးပြည့်စုံသော သွေးစက်တစ်စက်အား သူ့ကို ဘယ်နည်းနှင့်မျှ ပေးမည်မဟုတ်ပေ။ သူသည် အက်ရှလွန်စာရင်းဝင် ဟုတ်သည်။ သို့သော် အမြင်ကျယ်ကျယ်ကြည့်လျှင် နောက်ထပ်အက်ရှလွန်စာရင်းဝင်တစ်ဦး ပေါ်လာမည်လား မပြောနိုင်ပေ။ တာအိုဆရာအစည်းအရုံးသုံးခုသည် သူ့ကို တန်ဖိုးထားသော်လည်း မရောရသေးသော ပါရာဂွန်သွေးကို သူ့အား မပေးနိုင်ပေ။
လွန်လွန်ကဲကဲ အရောခံထားရသော သွေးစက်တစ်စက်ကိုပင် အဖိုးထိုက်ရတနာတစ်ပါးအဖြစ် သတ်မှတ်၍ရသေးသည်။ အစကတည်းက သူတို့သည် သူ့ကို ပါရာဂွန်သွေးတချို့ ပေးရန် သဘောတူခဲ့ကြသော်လည်း ၎င်းက မူရင်းဖြစ်မည်ဟု မပြောခဲ့ဖူးပေ။
“ငါ ပြီးပြည့်စုံသွေးစက်ကို ရနိုင်ရင်တော့ အဲဒါကို စုပ်ယူပြီးရင် နိဗ္ဗာနသစ်သီးနဲ့ တစ်သားတည်း ပေါင်းစည်းနိုင်သွားပြီး အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မယ်” အင်မော်တယ်နယ်ပယ်ပါရာဂွန်အဆင့်ထက် ကျော်လွန်သော ကျင့်ကြံခြင်းအခြေခံကို အမြဲကိုင်စွဲနိုင်မည့်အရေးကို တွေးနေစဉ် မန်ဟို့မျက်လုံးများသည် တောင့်တမှုတို့ဖြင့် တောက်ပနေ၏။
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးများ တလက်လက် တောက်ပနေသည်။
“မပြီးပြည့်စုံသေးဘူးဆိုတော့ .... ပြီးပြည့်စုံတဲ့ ပါရာဂွန်သွေးစက်ကို ငါ့ဘာသာပဲ ဖန်တီးလိုက်တော့မယ်” သူက အံတင်းတင်းကြိတ်ရင်း သိုလှောင်အိတ်ထဲမှ ကြေးမုံကို ဖြေးဖြေးချင်း ထုတ်လိုက်သည်။ သူသည် ကုန်ကျစရိတ်ကို စိတ်ပူနေ၏။ အမှန်တွင် ကြေးမုံပင်လျှင် ပါရာဂွန်သွေးကို ပွားနိုင်လောက်အောင် အစွမ်းထက်ပါ့မလား သူ မသေချာပေ။
သို့သော် စိတ်ပိုင်းဖြတ်လိုက်သောအရိပ်အယောင်က သူ့မျက်နှာကို စိုးမိုးသွားပြီး သူက ကြေးမုံကို တခဏကြည့်ပြီးနောက် ပါရာဂွန်သွေးပုလင်းကို ၎င်းမျက်နှာပြင်ပေါ် တင်လိုက်သည်။ ချက်ချင်းပင် ပုလင်းမှာ ကြေးမုံထဲ နစ်ဝင်စပြုလာသည်။
ထို့နောက် ကြေးမုံမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးသော ပုံစံမျိုးဖြင့် ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။ ၎င်းသည် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး မန်ဟို့လက်ထဲမှ လေပေါ်ပျံတက်သွား၏။ တောက်ပသောအလင်းတန်းများက အံ့မခန်းလိလိ အရှိန်အဝါတစ်ခုနှင့်အတူ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်း နေအိမ်တစ်ခုလုံးမှာ အဝေးသို့ ဖြာထွက်သွားသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ဤအရှိန်အဝါ ဖြာထွက်မှုအား ဘာမှမလုပ်လျှင် ၎င်းကား ကိုးပင်လယ်နတ်လောကတစ်ခုလုံးနှင့် နဝမပင်လယ်တစ်ခုလုံး ပြည့်နှက်သွားပေတော့မည်။ ထို့နောက် နဝမတောင်ပင်လယ်တစ်ခုလုံး ပျံ့နှံ့ပြီးနောက်ဆုံး .... တောင်ပင်လယ်လောကတစ်ခုလုံး စိုးမိုသွားလိမ့်မည်။
အိမ်အပြင်တွင် ကြက်တူရွေးသည် ပင်လယ်စာများနှင့် အမွှေးအတောင်ပါသားရဲများကို လဲလှယ်ပြီးနောက်တွင် ၎င်းဘဝ မည်မျှအိုကေစိုပြေတော့မည်လဲတွေးရင်း အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပြီး လေလယ်တွင် ဂုဏ်ယူစွာ ပျံဝဲနေလေ၏။
၎င်းက သွားရည်တမြားမြားနှင့် တွေးနေပြီးနောက် ချက်ချင်းပင် မိစ္ဆာကျင့်ကြံသူအားလုံးဘက် လှည့်ကာ ဟိန်းဟောက်လိုက်သည်။ “ကဲ အခု ငါကိုယ်တော် သခင်ငါးစကား နားထောင်။ မင်းတို့အားလုံး...”
သို့သော် ၎င်း စကားပြော၍ပင် အဆုံးပင် မယုံကြည်နိုင်ဖွယ်စွမ်းအားကြီးက ၎င်းကို ရုတ်တရက် အငမ်းမရ စုပ်ယူလိုက်သည့်အလား ၎င်းတစ်ကိုယ်လုံး တုန်တက်သွားသည်။ ၎င်းသည် လျင်မြန်စွာ ပိန်ချုံးခြောက်ကပ်လာရာ ပါးစပ်အဟောင်းသားနှင့် အံ့ဩနေတော့၏။ ၎င်းက သိသိသာသာ အံ့ဩမှင်သက်နေသော မျက်နှာထားဖြင့် မန်ဟိုနှင့် အိမ်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ထို့နောက် မန်ဟို့နောက် စလိုက်ကတည်းက အော်ခဲ့ဖူးသမျှထဲ အစူးဝါးဆုံးနှင့် အစိုးရိမ်ဆုံးအော်သံကြီးဖြင့် အော်တော့သည်။
၎င်းသည် ပုံမှန်အားဖြင့် အေးအေးဆေးဆေးသမားဖြစ်သည်။ မည်သည့်အရာကိုမဆို ယခုလို ပြင်းပြင်းထန်ထန် မတုံ့ပြန်ခဲ့ဖူးပေ။ အမွှေးအထူဆုံး သတ္တဝါများဖြင့် ဆုံတွေ့ခဲ့ရစဉ်တုန်းပင် ထိုကဲ့သို့ မဖြစ်ဖူးခဲ့။ ၎င်းမှာ မိုးကောင်းကင်ကြီး ပြိုကျတော့မည့်အလား၊ တစ်လောကလုံး ပေါက်ကွဲတော့မည့်အလား၊ အချိန်မရွေး မေ့လဲတော့မတတ် ဂနာမငြိမ်ဖြစ်နေသည်။
“သူ အသက်ရှင်နေသေးတယ်” ကြက်တူရွေးက စူးစူးဝါးဝါးအော်သည်။ ထို့နောက် ၎င်းသည် အင်မတန် ပျာယာခတ်နေသောပုံစံဖြင့် နေအိမ်ထံသို့ အမြန်ဆုံး ထိုးဆင်းသွား၏။ ၎င်းကား အလွန်မြန်လွန်းသဖြင့် အမွှေးအတောင်များဖြင့် ကျွတ်ကျန်ခဲ့လေသည်။ ၎င်း၏ခန္ဓာကိုယ်သည် မတုန်ရီစဖူး ကြောက်လန့်တုန်ရီနေ၏။
နေအိမ်ထဲတွင် မန်ဟိုသည် သဘာဝနိယာမအကုန်လုံးကို လျစ်လျူရှုထားနိုင်ပုံရသော၊ နင်းခြေပစ်နိုင်ပုံရသော အရှိန်အဝါတစ်ခု၏ ပြင်းအားကြီးကြောင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေ၏။
ရုတ်တရက် သူ့နားထဲတွင် မှန်ထဲမှ တီးတိုးရေရွတ်နေသောအသံတစ်သံကို ကြားလိုက်ရသည်။ အသံသည် ဟိုးရှေးရှေးတုန်းက ပျံ့လွင့်လာသည့်အလား ရှေးကျပြီး သူ့စိတ်ကို ချာချာလည်စေ၏။ ရုတ်တရက် မရေမတွက်နိုင်သောပုံရိပ်များ သူ့မျက်လုံးထဲတွင် ပေါ်ပေါ်လာတော့သည်။
ထိုပုံရိပ်အားလုံးအနက် သုံးခုကိုသာ သူ ပြတ်ပြတ်သားသား မြင်လိုက်ရလေသည်။ ကျန်ပုံရိပ်ကား ဝါးတားတားသာ။ သို့သော် သူ မြင်ရသည့် ပုံရိပ်သုံးခုက သူ့ကို ခေါင်းနပန်းကြီးသွားစေပြီး သူ့မျက်နှာတွင် လုံးလုံးလျားလျား အံ့ဩမယုံနိုင်ဖြစ်နေသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားစေသည်။
ပထမဆုံးပုံရိပ်က ကောင်းကင်တစ်ခုနှင့် ကြယ်မရှိသော အာကာသတစ်ခုပင်။ ၎င်းက ကမောက်ကမဖြစ်နေသော ပုံရိပ်တစ်ခုပင်။ နက္ခတ်တာရာများကင်းမဲ့လျက် ဗလာကျင်းနေသည်။ ထို့နောက် အမြင့်ဆုံးအရှိန်ဖြင့် ရွေ့လျားလာနေသော အလင်းတန်းတစ်တန်း ပေါ်လာသည်။ ထိုအလင်းထဲတွင် အံ့ဩဖွယ်ကောင်းစွာနှင့် ... ကြေးမုံတစ်ချပ်ရှိနေ၏။
ပျံသန်းလာနေစဉ် ကြေးမုံ၏မျက်နှာပြင်က တဖျပ်ဖျပ် လက်နေသည်။ ချက်ချင်းပင် နက္ခတ်တာရာတစ်ခု ဘေးတွင် ပေါ်လာသည်။ ၎င်း တရိပ်ရိပ် ဆက်လာနေသည်နှင့်အမျှ နက္ခတ်တာရာများသည် တရစပ် တစ်ခုပြီးတစ်ခု ပေါ်လာ၏။
အဆုံးတွင် ၎င်း၏တဖျပ်ဖျပ် လက်နေသောအလင်းရောင်က အာကာသကို ကမ္ဘာလောကများ မွေးဖွားနေသည့်အလား ဖြစ်စေသည်။
၎င်းက အဆုံးသတ်မရှိသည့်အလား မရပ်မနား ဆက်လာနေသည်။ သို့သော် နောက်ဆုံးတော့ ၎င်းသည် မရေမတွက်နိုင်သော ကမ္ဘာလောကများ ပြည့်နေသည့် ကြယ်တာရာကောင်းကင်ကျယ်ကို ဖန်ဆင်းပြီးနောက် ပျောက်ကွယ်သွား၏။
မန်ဟို့စိတ်နှလုံး ချာချာလည်သွားသည်။
သူ မြင်လိုက်ရသည့် ဒုတိယပုံရိပ်မှာ ဖန်ဆင်းခံခဲ့ရသော ကမ္ဘာလောကများနှင့် နက္ခတ်တာရာအမျိုးမျိုးအပေါ်တွင် မရေမတွက်နိုင်သော ဖြစ်တည်မှုများ အခြေချနေထိုင်လာကြသည့်မြင်ကွင်းဖြစ်သည်။ သူတို့သည် ကျင့်ကြံသူများမဟုတ်ဘဲ မဖော်ပြနိုင်လောက်အောင် များပြားသော သက်ရှိသတ္တဝါများဖြစ်ကြ၏။
တချို့က သားရဲများနှင့်တူပြီး တချို့ကျ အရည်များဖြစ်နေသည်။ တချို့ကို အငွေ့များဖြင့် ဖွဲ့စည်းထားပြီး တချို့ကိုတော့ သတ္တု သို့မဟုတ် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ အမျိုးအစားမဖော်ပြနိုင်သော ဖြစ်တည်မှုများ ရှိပြီး လောလောဆယ်တွင် ၎င်းတို့အားလုံးသည် ရုန့်ရင်းဆန်ခတ် တိုက်ခိုက်နေကြသည်။
ဤဖြစ်တည်မှုအားလုံးသည် မန်ဟို့ထက် အဆများစွာ အစွမ်းထက်၏။ သူတို့က တာအိုနယ်ပယ်တွင် ဖြစ်ကြလေသည်။
မန်ဟိုမှာ တာအိုနယ်ပယ်ဖြစ်တည်မှုများ ဤမျှ များပြားနိုင်ကြောင်း စိတ်ကူးပင် မကြည့်နိုင်ခဲ့ပေ။ အင်မတန်မှ များပြားလွန်းပြီး အကုန်လုံးက တစ်ဖက်ကို တစ်ဖက် တိုက်ခိုက်ရင်း ပစ္စည်းတစ်ခုကို လုနေကြသည်....
ထိုပစ္စည်းက ... ကြေးမုံမှတစ်ပါး အခြားမဟုတ်ပေ။
သူတို့၏တိုက်ပွဲက ဖော်ပြ၍ပင်မရနိုင်သော လှိုင်းဂယ်အမြောက်အမြား ဖြစ်ပေါ်လာစေသည်။ ရုတ်တရက် ကြေးမုံသည် တုန်ခါသွားပြီး အထဲမှာ ပုလဲနှစ်လုံးထွက်လာသည်။ တစ်လုံးက အဖြူ။ တစ်လုံးက အမည်း။ ပုလဲတစ်လုံးစီက ဆန့်ကျင်ဘက်အရပ်သို့ ခွဲထွက်သွားကြသည်။
တကယ်တော့ ထိုပုလဲနှစ်လုံးက စောစောကတည်းက ကြေးမုံ၏ ဆန့်ကျင်ဘက်နှစ်ဖက်တွင် စီခြယ်ခံထားရခြင်းဖြစ်ကြောင်း မန်ဟို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေပြီ။ ပုလဲများသည် သာမန်ပစ္စည်းများမဟုတ်ဘဲ ... ကြေးမုံပိုင်ဆိုင်သော လက်အောက်ခံပစ္စည်းများဖြစ်နေသည်။
သို့ထိတိုင် ၎င်းတို့က ကြောက်စရာကောင်းလောက်အောင် ကြီးမားမြင့်မြတ်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလား မန်ဟို့ကို မွန်းကြပ်နေသောခံစားချက်ဖြင့် ကျန်ရစ်စေခဲ့သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သို့ထိုတိုင် ... အံ့ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသော်ငြား ၎င်းတို့သည် ... ကြေးမုံအတွက် လက်အောက်ခံများ ဖြစ်နေသေး၏။
၎င်းတို့က သာမညပစ္စည်းများသာ ဖြစ်သည်။
တတိယပုံရိပ်တွင် မန်ဟိုသည် နောက်ထပ်ကမ္ဘာတစ်ခုကို မြင်လိုက်ရသည်။ ၎င်းသည် နှစ်ပေါင်းများစွာ လဲလျောင်းနေသော အလောင်းများအပြည့်ဖြင့် ကမ္ဘာတစ်ခုဖြစ်၏။ တစ်ကမ္ဘာလုံးကား သုဿန်တစပြင်အလားပင်။
အလင်းတန်းတစ်တန်းက ဖြတ်သန်းပျံသန်းလာသည်။ ထိုအလင်းတန်းထဲတွင်ကား ကြေးမုံ။ ကြေးမုံသည် ဖြတ်သွားရုံလေးသာ ဖြစ်သော်ငြား ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖြစ်ပျက်သွားသောအရာက မန်ဟို့အား ခေါင်းနပန်းကြီးသွားစေသည်။ အလောင်း တစ်လောင်းပြီးတစ်လောင်း .... မြောက်တက်လာသည်။ အသွေးအသားသစ်များ ဖွံဖြိုးလာပြီး မျက်စိတစ်မှိတ်အတွင်း သူတို့ကား အသက်ပြန်သွင်းခံလိုက်ရလေပြီ။ သူတို့၏မျက်လုံးများသည် ရူးမိုက်မှုတို့ဖြင့် ပြည့်နှက်နေပြီး ထို့ထက်ပို၍ပင် အားကောင်းသည်ကား မျှော်လင့်ချက်ဖြစ်၏။ သူတို့မှာ ဤအခိုက်အတန့်လေးအတွက် နှစ်ပေါင်းအသင်္ချေတိုင်အောင် စောင့်စားခဲ့ရသည့်အလားပင်။
ရုတ်တရက် လက်တစ်ဖက်ထွက်လာသည်။ ဆွတ်ဖြူနေသော အရိုးဖြူပေါ်တွင် အသွေးအသားတို့ လျင်မြန်စွာ ဖုံးလာသည်။ ၎င်းပေါ်လာသည့်အခိုက်အတန့်တွင် မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့စိတ်နှလုံး တုန်ရီသွား၏။ ထိုလက်ထံမှ သူရရှိလိုက်သော ခံစားချက်မှာ တစ်ယောက်သော ကျင့်ကြံသူထံမှသာ ရရှိခဲ့ဖူးသည့် ခံစားချက်နှင့် လွန်စွာဆင်တူသည်။
ထိုတစ်ယောက်သောသူကား .... အဖြူရောင်ဝတ်ရုံနှင့် ပါရာဂွန်ပင်လယ်အိပ်မက်မှတစ်ပါး အခြားမဟုတ်ပေ။
သို့သော် ထိုလက်၏စွမ်းအားက ပါရာဂွန်ပင်လယ်အိပ်မက်ထက် ကျော်လွန်သည်ဟု မန်ဟိုခံစားလိုက်သည်မှလွဲ၍။
လက်သည် ကြေးမုံထံသို့ ဆန့်တန်း၍ ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်သည်။ ထိုလှုပ်ရှားမှုက လက်ကြီးသည် ကြယ်တာရာများနှင့် မိုးကောင်းကင်တို့ကို ၎င်းလက်ဝါးပေါ်တွင် တည်ရှိနိုင်သည်အထိ သေးငယ်သွားအောင် ချုံ့ပစ်နိုင်သည့်အလား ကြယ်တာရာကောင်းကင်ကို ဖိနှိပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် မြင်ကွင်းသည် အဆုံးသတ်သွား၏။ မန်ဟိုမှာ သွေးတစ်ပွက်အန်လိုက်ရပြီး ပုံရိပ်များ ပျောက်ကွယ်သွားလေသည်။
“အဲဒီကြေးမုံ.... ဘယ်ကလာတာလဲ...” သူက တွေးရင်း တစ်လောကလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။ သူသည် ကြေးမုံနှင့် ကြေးမုံထဲသို့ နစ်ဝင်နေဆဲဖြစ်သော ပါရာဂွန်သွေးပုလင်းကို ငုံ့ကြည့်လိုက်၏။
မန်ဟို့အတွက် အအံ့ဩဖွယ်အကောင်းဆုံးမှာ ကြေးမုံမျက်နှာပြင်မှာ ... မပြည့်စုံတော့ကြောင်း မြင်လိုက်ရခြင်းဖြစ်သည်။
၎င်းက ကြေမွသွားပြီး အပိုင်းအစတစ်ခုသာ ကျန်ခဲ့သည်။ ကြေးမုံက ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် သူ့ကို ထိုပစ္စည်းရရှိအောင် ကူညီပေးခဲ့သည်ကို သူ မည်ကဲ့သို့ မေ့နိုင်မည်နည်း။ (အပိုင်း ၆၁၃၊ ၆၁၈၊ ၆၁၉ မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်)
အရာအားလုံးကို ဖော်ပြရန် အချိန်ယူလိုက်ရသော်လည်း တကယ်တမ်း လျှပ်တပြက်အတွင်း ဖြစ်သွားခဲ့၏။ ဤအခိုက်အတန့်တွင် ကြက်တူရွေးက ရုတ်တရက် ပေါ်လာပြီးနောက် ကြေးမုံထဲ ကရောသောပါး ဝင်သွားသည်။ ကြေးမုံသည် တုန်ခါလာပြီး ဖြာထွက်နေသော အလင်းရောင်က ပို၍ပင် အားကောင်းလာ၏။ ဤအခိုက်အတန့်တွင် ပါရာဂွန်သွေးပုလင်းကား အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။
ကြောက်ခမန်းလိလိ အရှိန်အဝါမှာ ဖြာမထွက်တော့ဘဲ အိမ်ထဲတွင်သာ ရပ်သွားသည်။ အသက်ဆယ်ရှိုက်ကြာသော် ၎င်းသည် ကြေးမုံထဲ ပြန်ဝင်ရင်း တဖြေးဖြေး မှေးမှိန်လာကာ တစမကျန် ပျောက်ကွယ်သွားတော့၏။
အရှိန်အဝါ ပြန်ဝင်သွားပြီးနောက် ကြက်တူရွေး ထွက်လာသည်။ ၎င်းမှာ ဆင်းရဲဒုက္ခများကို ကြုံတွေခဲ့ရသည့်အလား ပိန်ချုံးခြောက်ကပ်နေတော့သည်။ ၎င်းက မန်ဟို့ကို ကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးကာ မြေကြီးပေါ် ဘုတ်ခနဲ ပြုတ်ကျသွား၏။ တခဏကြာသော် ၎င်းမှာ ကုန်းရုန်းထသော်လည်း ထိုနေရာတွင် ဟောဟဲဟောဟဲ လှိုက်လျက်သာ လှဲနေနိုင်လေသည်။
ကြက်တူရွေးကို ယခုလို အခြေအနေနှင့် မြင်တွေ့ရခြင်းက မန်ဟို့အား ယခုတင် မြင်တွေ့ခဲ့ရသော ပုံရိပ်များကို ပြန်မြင်ယောင်သွားစေပြီး သူ့မှာ မမေးဘဲ မနေနိုင်တော့ပေ။ “ငါသာ ပါရာဂွန်သွေးကို ကြေးမုံအပေါ် မတင်ခဲ့ရင်...”
ကြက်တူရွေးက ဟစိဟစိ အသက်ရှူနေပြီးနောက် အံ့အားသင့်နေသော လေသံဖြင့် ပြန်ဖြေသည်။ “မင်းနဲ့ ဘာလို့ဆိုင်ရမှာတုန်း။ ငါ ဒီတိုင်း နမော်နမဲ့ ဖြစ်သွားပြီး တစ်ယောက်ယောက် ဒီကြေးမုံကို ပြုစားနေတာ သတိမထားမိလိုက်တာ။ ကြေးမုံကို သုံးမနေရင် ကိစ္စရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ သုံးလိုက်တာနဲ့ မင်း ဘာကိုပဲပွားပွား အဲ့ဒါက ... ဟမ်”
စကားပြောနေရင်းတန်းလန်း ကြက်တူရွေးမှာ ရုတ်တရက် စိတ်နှင့်ကိုယ်ကပ်သွားပုံပင်။ ၎င်းက တောင်ကြည့်မြောက်ကြည့်ကြည့်ပြီး အော်တော့သည်။ “ဟုတ်တယ်။ သောက်ကျိုးနည်း။ မင်းကိုး။ ဒါတွေအကုန်လုံး မင်းကြောင့်။ မင်း အခု ငါ့အပေါ် အကြွေးတင်သွားပြီ “
ကြက်တူရွေး မန်ဟို့ကို ဆူပူနေသော အခိုက်အတန့်တွင် တောင်ပင်လယ်လောက၏အပြင်၊ ကောင်းကင် ၃၃ ခု၏အပြင်တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်။ ခေါင်ဖျားဝေးလံသော ကြယ်တာရာကောင်းကင်ဟင်းလင်းပြင်တွင် ဧရာမခေါင်းတလားကြီးရှိသည့် ကမ္ဘာလောကပုံရိပ်ထဲတွင် ရှေးဆန်သောအသံကြီးတစ်သံသည် စိတ်လှုပ်ရှားမှုနှင့် ခိုင်မာပြတ်သားမှုအပြည့်ဖြင့် တစ်ကမ္ဘာလုံးသို့ ပဲ့တင်ထပ်လာသည်။
“ငါ ရှာတွေ့ပြီ။ အဲဒီမှာ ... အဲဒီနားမှာ
“ဒီလောက်နှစ်တွေကြာပြီး နောက်ဆုံးမှာတော့ မျှော်လင့်ချက် ပေါ်လာခဲ့ပြီ။ နတ်ဘုရားမျိုးနွယ်စု အမိန့်ပေးဖို့ အသင့်ပြင်
“စစ်ချီတက်ဖို့ အချိန်ကျပြီ။ ငါတို့ မျိုးနွယ်စုရဲ့ အပါယ်ဘုံနတ်ဘုရားကို နှိုးဖို့အတွက် ငါတို့ နောက်တစ်ကြိမ် .... ပါရာဂွန်အင်မော်တယ်လောကနဲ့ စစ်တိုက်ရတော့မယ်” ရှေးဆန်သောအသံကြီး ဟိန်းထွက်လာစဉ် ကမ္ဘာလောကပုံရိပ်သည် တုန်ခါစပြုလာ၏။
တစ်ချိန်တည်းမှာပင် ခေါင်းတလားအနား ရပ်နေသော အမျိုးသမီးသုံးယောက်က အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာလောကပုံရိပ်တစ်ခုလုံးသည် ဝေးဝါးလာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား အာကာသဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားတော့သည်။
“ကမ္ဘာစွမ်းအားကို ထုတ်လွှတ်ကြကုန်လော့။ ငါတို့အစစ်အမှန်ကမ္ဘာ သက်ဆင်းနိုင်စေဖို့အတွက် အဲဒီကို ခရီးနှင်ရအောင် ငါတို့နတ်ဘုရားလောကရဲ့ အမြင့်ဆုံးအရှိန်ကို ထုတ်လွှတ်ကြကုန်လော့”
***