အဓိကရွေးချယ်ခြင်းအဆင့်
Vol. 91 Ch. 1275
"နံပါတ်တစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်"
မူရုံဖှေးဝူက အရင်ဂုဏ်ပြုလာတယ်။
လီဖူချန်းက ပြောလိုက်တယ်"ဒါ မတော်တဆလေးပါပဲ။ တစ်ယောက်မှ သူတို့ရဲ့ခွန်အားအပြည့်ကို မထုတ်ပြရသေးပါဘူး"
မူရုံဖှေးဝူက ရယ်ကာ ပြောလိုက်တယ်"နင်ရော နင့်ရဲ့ခွန်အားအပြည့်ကို ထုတ်ခဲ့လို့လား။ နင့်ရဲ့ဆေးသန့်စင်ခြင်းအတတ်နဲ့ဆိုရင် နံပါတ်တစ်ရဖို့က မခက်ခဲပါဘူး။ နင့်ရဲ့ဆေးသန့်စင်ခြင်းက ဓားလေ့ကျင့်တာလိုပဲ။ အဲဒါက ပြတ်သားလွန်းတယ်"
မူရုံဖှေးဝူက လီဖူချန်းကို လျှို့ဝှက်လေ့လာထားခဲ့တယ်။
လူတစ်ယောက်ရဲ့ခွန်အားကို အကြိုအဆင့်မှာ မမြင်နိုင်ပါဘူး၊ လူတစ်ယောက်ခွန်အားရဲ့တစ်ရာရာခိုင်နှုန်းအပြည့်ကို မမြင်နိုင်ပေမယ့် တစ်ခုခုကို မြင်ဖို့က ဖြစ်နိုင်သေးပါတယ်။ ဥပမာအားဖြင့် ဆေးသန့်စင်ခြင်းအတတ်၊ အလေ့အထနဲ့ စိတ်ပိုင်းဆိုင်ရာတို့လိုပေါ့။
"ဟုတ်လား။ မင်းရဲ့လေ့လာမှုက အတော်လေးအသေးစိတ်ကျတာပဲ" မူရုံဖှေးဝူက သူ့ကို တိတ်တဆိတ်လေ့လာထားမယ်လို့ လီဖူချန်းက မမျှော်လင့်ထားခဲ့ပါဘူး။
အခြားတစ်ဖက်မှာတော့ ယုမင်ကွမ်းက လီဖူချန်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။
သူ့ရဲ့ဆေးသန့်စင်ခြင်းအရှိန်က အလွန်မြန်ပေမယ့် လီဖူချန်းရဲ့ဆေးသန့်စင်ခြင်းအရှိန်က သူ့ထက်တောင် ပိုမြန်မယ်လို့ သူက မမျှော်လင့်ထားခဲ့ပါဘူး။
ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့နံပါတ်တစ်ကို နှစ်ခါဆက်တိုက်ရထားသူအနေနဲ့ သူက ဆေးသန့်စင်ခြင်းအချိန်ကို ကြည့်ရုံသာမက ဆေးသန့်စင်ခြင်းအတတ်ကိုလဲ အဓိကထားကြည့်တယ်။
လီဖူချန်းရဲ့ဆေးသန့်စင်ခြင်းအတတ်က အလွန်ရိုးရှင်းတယ်၊ ရိုးရှင်းခြင်းကြောင့်ပဲ ၎င်းက အလွန်မြန်တာ ဖြစ်ရမယ်။
နေရာတစ်ထောင်ကို အတည်ပြုပြီးဆိုတော့ အဓိကရွေးချယ်ခြင်းက စတင်လာခဲ့တယ်။
အဓိကရွေးချယ်ခြင်းက အမှတ်ပေးစနစ်ပေါ်မှာ အခြေခံတယ်။ အမှတ်အပြည့်က တစ်ရာဖြစ်ပြီး အောင်မှတ်က ရှစ်ဆယ်ဖြစ်တယ်။ အမှတ်ရှစ်ဆယ်အောက်က ဖယ်ထုတ်ခံရပါလိမ့်မယ်။
အဓိကရွေးချယ်ခြင်းအဆင့်စတင်လာတဲ့အခါ လူတိုင်းရဲ့မျက်လုံးက လေးနက်လာတယ်။
အဓိကရွေးချယ်ခြင်းအဆင့်က အလွန်အရေးကြီးတယ်။ နေရာတစ်ရာသာရှိပြီး ဆယ်ယောက်ထဲမှတစ်ယောက်ကို ဖယ်ထုတ်ရပါလိမ့်မယ်။
ဒါကြောင့် သူတို့က သူတို့ရဲ့ခွန်အားအပြည့်ကို ဖော်ထုတ်ရပါမယ်။
သူတို့အနေနဲ့ အကြိုအဆင့်လို အဆင့်၂ဒါမှမဟုတ်အဆင့်၃ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတွေကို ရွေးချယ်ဖို့ မဖြစ်နိုင်ပါဘူး။ သူတို့က ရွေးချယ်ရဲရင်တော့ ဖယ်ထုတ်ခံရဖို့က သေချာသလောက်ပါပဲ။
အဓိကရွေးချယ်ခြင်းအဆင့်အတွက် သူတို့က အဆင့်၅ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးဒါမှမဟုတ်အထက်ကို ရွေးချယ်ရမယ်။
ဘယ်အခက်ခဲကို ရွေးချယ်ရမယ်ဆိုတာကတော့ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ။
သူတို့က အဆင့်၅အခက်အခဲကို ရွေးချယ်ရင် အမှတ်က မြင့်မားမှာမဟုတ်ဘူး၊ ဒါပေမယ့် နိမ့်လွန်းမှာလဲ မဟုတ်ဘူး။ အဲဒါက အတော်လေးတည်ငြိမ်ပြီး ကံကောင်းရင် သူတို့က ကျော်ဖြတ်နိုင်မှာပါ။
အောင်မြင်တာနဲ့ သူတို့က အလွန်အမင်းမြင့်မားတဲ့အမှတ်တစ်ခုကို ရရှိပြီး အဓိကရွေးချယ်ခြင်းအဆင့်ကို အလွယ်တကူဖြတ်ကျော်နိုင်လိမ့်မယ်။
ဒါပေမယ့် သူတို့က ကောင်းကောင်းမလုပ်ခဲ့ရင် သူတို့က ကျရှုံးကာ ဖယ်ထုတ်ခံရလိမ့်မယ်။
"စိတ်တည်တည်ငြိမ်ငြိမ်ထား၊ ငါ အဆင့်ခြောက်ကြည်လင်ပြတ်သားခြင်းဆေးလုံးကို ရွေးချယ်ရမယ်"
အကြိုအဆင့်အတွင်း သူ့ရဲ့ဆေးလုံးကို ပထမဆုံးတင်ပြတဲ့သူက မြက်အိမ်တော်ရဲ့ဆေးနတ်ဘုရားရှောင်မင်ဖြစ်တယ်။ သူက အခက်အခဲအဆင့်၆ကြယ်လင်ပြတ်သားခြင်းဆေးလုံးကို ရွေးချယ်ခဲ့တယ်၊ အဲဒါက အကြိုအဆင့်မှာ ယုမင်ကွမ်းရွေးချယ်ထားတာနဲ့ အတူတူပါပဲ။
ဆေးနတ်ဘုရားရှောင်မင်က အလွန်လိမ္မာပါးနပ်တယ်လို့တော့ ဝန်ခံရမှာပဲ။
အဆင့်၆ကြည်လင်ပြတ်သားခြင်းဆေးလုံးက အဆင့်၅ကြည်လင်ပြတ်သားခြင်းဆေးလုံးထက် တစ်ဆင့်ပိုမြင့်ပေမယ့် အရမ်းတော့ မမြင့်ပါဘူး။ မတော်တဆမရှိသရွေ့ ပြဿနာတစ်ခုမှ ဖြစ်လာမှာမဟုတ်ပါဘူး။
သန့်စင်ဖို့နတ်ဘုရားဆေးလုံးကို ရွေးချယ်ပြီးနောက် နောက်တစ်ဆင့်က ရှင်းလင်းပါတယ်။ အဲဒါကတော့ မင်းရဲ့ခွန်အားအကုန်လုံးကို အသုံးပြုပြီး ဆေးသန့်စင်ဖို့ပါပဲ။
ဒါနဲ့ပတ်သက်ပြီးမစဉ်းစားပါနဲ့။ အဆုံးမှာ လူတိုင်းသန့်စင်ထားတဲ့နတ်ဘုရားဆေးလုံးက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးဟုတ်သလားဆိုတာပဲ။
ဒါပေမယ့် သူတို့နှစ်ခုလုံးက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးဆိုရင်တောင် ကွာဟချက်အချို့ရှ်ိပါသေးတယ်။
ကောင်းမွန်တဲ့အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတစ်လုံးမှာ ပိုသန်မာတဲ့ဆေးစွမ်း၊ ပိုသန်မာတဲ့ဆေးချီနဲ့ ပိုရှင်းလင်းတဲ့ဆေးအင်းကွက်တွေ ရှိတယ်။
မကောင်းတဲ့အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတစ်လုံးက ပြီးပြည့်စုံခြင်းအဆင့်ကို ကျော်ဖြတ်ရုံလောက်သာ ဖြစ်တယ်။
ဒိလိုနတ်ဘုရားဆေးလုံးမျိုးကို ဒိုင်တွေက အကြည့်တစ်ချက်နဲ့ သိနိုင်တယ်၊ အရသာခံစရာမလိုပါဘူး။
"ယုမင်ကွမ်းက ဒီနှစ်ရဲ့ညီလာခံမှာ ပထမနေရာကို ရအုံးမယ်လို့ မင်းတို့ ထင်လား"
အကြိုအဆင့်နဲ့မတူတာက အဓိကရွေးချယ်ခြင်းအဆင့်မှာ အကဲဖြတ်ဒိုင်တွေရှိတယ်။ ဒီအချိန်မှာ စားပွဲရှည်တစ်လုံးရဲ့အရှေ့မှာ အကဲဖြတ်ဒိုင်ဆယ်ယောက်က ထိုင်နေတယ်။
အကဲဖြတ်ဒိုင်တွေက ပါဝင်ယှဉ်ပြိုင်သူတွေကို အမှတ်ပေးရပြီး နောက်ဆုံးမှာ ပျမ်းမျှအမှတ်တစ်ခုကို ရွေးထုတ်ရတယ်။
"ငါ့အထင်တော့ သူ ဖြစ်နိုင်တယ်။ ပထမနေရာကို နှစ်ကြိမ်တိတိရထားသူတစ်ယောက်အနေနဲ့ သူ့အခြေအနေ(ကံတရားကို ပြောချင်တာမျိုး၊ ကံတရားက သူ့ဘက်ပါနေပြိီပေါ့)က အသင့်ဖြစ်နေပြီးသားပဲ။ အခြားသူတွေအနေနဲ့ သူ့ကို ဖယ်ရှားဖို့က မလွယ်ဘူး"
"ယုမင်ကွမ်းရဲ့ဆေးအခြေအနေက ဘာမှ ပြောစရာမရှိပါဘူး။ သန်မာတဲ့နဂါးတစ်ကောင်က ဒီနှစ်မှာ ပေါ်ထွက်လာမှာကို ငါ စိုးရိမ်တာ။ အကြွင်းမဲ့ခွန်အားရဲ့အရှေ့မှာ ဆေးအခြေအနေက ဘာမှအသုံးမဝင်တော့ဘူး"
"ဒါ မှန်ပါတယ်လေ။ ဒီနှစ်ရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက အရမ်းထူးခြားတယ်။ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကျင်းပတဲ့အချိန်မှာ ဆေးချီတိမ်တွေဖြစ်ပေါ်လာမယ့်ဖြစ်ရပ်ကို ငါ မမြင်တွေ့ရတာ တော်တော်ကြာပြီ"
"ဒီနှစ်မှာ ဆေးတာအိုပါရမီရှင်တွေအများကြီးရှိတယ်။ ဟွမ်ကလန်တောင် ရောက်နေတယ်"
ဒိုင်တွေက လျို့ဝှက်ဆွေးနွေးနေစဉ်မှာ လီဖူချန်းကလဲ သူသန့်စင်ချင်တဲ့ဆေးလုံးကို ရွေးချယ်ခဲ့ပြီးပါပြီ။
သူ သန့်စင်ချင်တဲ့နတ်ဘုရားဆေးလုံးက အဆင့်၈အခက်အခဲကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးဖြစ်တဲ့နတ်ဘုရားနဂါးချိုးဖြတ်ခြင်းနယ်ပယ်ဆေးလုံးဖြစ်တယ်။
နတ်ဘုရားနဂါးချိုးဖြတ်ခြင်းပိုင်နက်ဆေးလုံးက ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်တဲ့အခါမှာ ကူညီပေးနိုင်တဲ့ သာမန်နတ်ဘုရားဆေးလုံးဖြစ်တယ်။ ဆေးသက်ရောက်မှုက ထိပ်တန်းအဆင့်ဆန်းကြယ်ချိုးဖြတ်ခြင်းဆေးလုံးနဲ့ မယှဉ်နိုင်ပေမယ့် သန့်စင်ခြင်းအခက်အခဲက ဆန်းကြယ်ချိုးဖြတ်ခြင်းဆေးလုံးရဲ့အထက်မှာ ရှိတယ်။
အဆင့်၉အခက်အခဲနတ်ဘုရားဆေးလုံးကို မရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းကတော့ လီဖူချန်းက မရွေးချယ်ချင်လို့တော့မဟုတ်ဘူး၊ အဓိကအချက်ကတော့ သူ့မှာ ဆေးအညွှန်းမရှိသလို သူက ဘယ်တုန်းကမှ မသန့်စင်ဘူးလို့ပဲ။
လီဖူချန်းက မီးပြင်ဖိုရဲ့နှုတ်ခမ်းကို ဟကာ နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးရဲ့ပါဝင်ပစ္စည်းတွေကို ပစ်ထည့်လိုက်တယ်။
"အမ်။ အဆင့်၈အခက်အခဲနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးလား။ သူက အတော်လေးယုံကြည်ချက်ရှိတာပဲ"
အဓိကရွေးချယ်ခြင်းအဆင့်အတွက် အချိန်တွေအများကြီးရှိတယ်။ အဓိကရွေးချယ်ခြင်းစတင်တာနဲ့ အခြားသူတွေဘယ်နတ်ဘုရားဆေးလုံးတွေသန့်စင်နေတာလဲဆိုတာကို လူတိုင်းက စောင့်ကြည့်လေ့လာနေကြတယ်။
လီဖူချန်းက ပါဝင်ပစ္စည်းတွေ ယူထုတ်လိုက်တဲ့အချိန်မှာ လီဖူချန်းက နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးကို သန့်စင်တော့မယ်ဆိုတာ လူတိုင်းက သိခဲ့တယ်။
အဆင့်၈အခက်အခဲနတ်ဘုရားဆေးလုံးက သန့်စင်ရတာ အလွန်ခက်ခဲပြီး လူအနည်းငယ်ကပဲ ဒါကို ရွေးချယ်ရဲတယ်။
လူတိုင်းက အဆင့်၅၊ ၆နဲ့ ၇အခက်အခဲနတ်ဘုရားဆေးလုံးတွေကို ရွေးချယ်ကြတယ်။
"အမြန်ကြည့်လိုက်စမ်း၊ အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားက အဆင့်၉အခက်အခဲခရမ်းသွေးတိုက်ပွဲဆေးလုံးကို ရွေးချယ်လိုက်တာပဲ။ ဒါက ဆေးနတ်ဘုရားညီလာခံကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်တဲ့ လူသစ်လေးမလား"
"သူက အဆင့်၉အခက်အခဲခရမ်းသွေးတိုက်ပွဲဆေးလုံးကို ရွေးချယ်ရဲမှတော့ သူ့မှာ သူ့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်ရှိရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဆင့်၈အခက်အခဲက မနိမ့်ပေမယ့် အမှတ်အမြင့်ရဖို့က ခက်တယ်"
"လူတိုင်းက အကြိုအဆင့်ကို ဂရုမစိုက်ပေမယ့် အဓိကရွေးချယ်ခြင်းအဆင့်မှာတော့ သူတို့ရဲ့ခွန်အားအပြည့်ကို ထုတ်ဖော်ကြတာပဲ။ တကယ်တော့ အဓိကရွေးချယ်ခြင်းအဆင့်မှာပါတဲ့အမှတ်တွေကို အဆင့်သတ်မှတ်ချက်ပြိုင်ပွဲဆီ သယ်ဆောင်သွားရတာလေ။ အဓိကရွေးချယ်ခြင်းအဆင့်မှာ မင်းရဲ့အမှတ်က ပိုမြင့်လေလေ၊ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ မင်းရဲ့အားသာချက်က ပိုကြီးမားလေပဲ"
လူတိုင်းက ဆွေးနွေးနေစဉ်မှာ အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားဆရာသခင်က လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်"သူက အဆင့်၈အခက်အခဲနတ်ဘုရားဆေးလုံးကို တကယ်ရွေးချယ်ခဲ့တာပဲ။ သူ ဘာတွေးသလဲဆိုတာ ငါ မသိဘူး။ သူက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးကို သန့်စင်ဖို့ ကြိုးစားနေတာလား"
သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတစ်လုံးကို သန့်စင်ခြင်းက အမှတ်ပိုကို ပေးတယ်။ တစ်စုံတစ်ယောက်ရဲ့ဆေးသန့်စင်ခြင်းအတတ်က လုံလုံလောက်လောက်မြင့်မားပြီး ကံကလဲ ကောင်းနေသရွေ့ အမှတ်အပြည့်ကို ကျော်ဖြတ်ဖို့ ဖြစ်နိုင်တယ်။
ကျိုးမင်က ခေါင်းကို ခါယမ်းလိုက်တယ်။ သန္ဓေပြောင်းဆေးလုံးတွေသန့်စင်ခြင်းက ကံအပေါ်ပဲ မူတည်တယ်။ သူက ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးကို သန့်စင်ရင်တောင်မှ ရံဖန်ရံခါမှပဲ သန္ဓေပြောင်းဆေးလုံးကို သန့်စင်နိုင်တယ်။
"ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းက အဆင့်၉အခက်အခဲစကြာဝဠာနတ်ဘုရားဆေးကို ရွေးချယ်ခဲ့တာပဲ"
"အကန့်အသတ်မဲ့ဆေးနတ်ဘုရားယန်မင်ကွမ်းက အဆင့်၉အခက်အခဲတိမ်ကိုးခုဆေးလုံးကို ရွေးချယ်ခဲ့တာပဲ"
"ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်က အဆင့်၉အခက်အခဲငှက်တစ်ရာရှိခိုးဖီးနစ်ဆေးကို ရွေးချယ်ခဲ့တာပဲ"
"စိတ်ဝိညာဉ်ဆေးဆန်းကြယ်နတ်ဘုရားမူရုံ့ဖှေးဝူက အဆင့်၉အခက်အခဲကောင်းကင်ဘုံမြေပြင်စိတ်ဝိညာဉ်ရှားပါးဆေးကို ရွေးချယ်ခဲ့တာပဲ"
လီဖူချန်းကလွဲပြီး လူတိုင်းက အဆင့်၉အခက်ခဲနတ်ဘုရားဆေးလုံးကို ရွေးချယ်ခဲ့တယ်။
မီးဆေးဆန်းကြယ်နတ်ဘုရားရွှယ်ရီကတောင် အဆင့်၉အခက်အခဲသန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးကို ရွေးချယ်ခဲ့တယ်။
"ဒီကောင်က ဘာတွေးနေတာလဲ။ သူ့ရဲ့ဆေးအတတ်က တကယ်ပဲ မလုံလောက်တာလား၊ သူက အဆင့်၉အခက်အခဲနတ်ဘုရားဆေးကို မသန့်စင်ရဲတာလား"
လူတိုင်းက အဆင့်၉အခက်အခဲနတ်ဘုရားဆေးကို ရွေးချယ်တာကို မြင်တဲ့အခါ လီဖူချန်းက ခါးသီးစွာ ပြုံးလိုက်မိတယ်။
လီဖူချန်းရဲ့ဆေးအခြေခံအုတ်မြစ်က တိမ်လွန်းပြီး သူက နတ်ဘုရားဆေးအနည်းငယ်ကိုပဲ သန့်စင်ခဲ့ရသေးတာပါ။ သို့မဟုတ်ရင် သူက အဆင့်၈အခက်အခဲနတ်ဘုရားဆေးကို သန့်စင်မှာမဟုတ်ဘူး။
ဒါပေမယ့် ပြဿနာမရှိဘူး၊ အဆင့်၈အခက်အခဲနတ်ဘုရားဆေးဆိုရင်တောင် သူက အမှတ်မြင့်ကို ရရှိမယ်လို့ လီဖူချန်းက ယုံကြည်တယ်။
ဒီယုံကြည်ချက်က ခွန်အားက လာတယ်။
တစ်ခဏကြာပြီးနောက် လူတိုင်းက တည်ငြိမ်သွားကြပြီး ဆေးလုံးတွေကို စတင်သန့်စင်ခဲ့ကြတယ်။
အရောင်မျိုးစုံနတ်ဘုရားမီးလျှံတွေက မီးပြင်းဖိုခန်းမမှာ တလျှပ်လျှပ်ဖြစ်နေပြီး အလွန်တောက်ပနေလျက်ရှိတယ်။
နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးက အဆင့်၈အခက်အခဲနတ်ဘုရားဆေးသာဖြစ်ပေမယ့် လီဖူချန်းက သတိမမဲ့ရဲပါဘူး။ သူက အဓိကရွေးချယ်ခြင်းအဆင့်မှာ အမှတ်အမြင့်လိုချင်ရင် သူက အခြားသူတွေထက် အခက်အခဲပိုမြင့်မယ်လို့ သတ်မှတ်ထားပြီးသားပါ။ ဒါကြောင့် သူက အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးကို သန့်စင်နိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အဆုံးစွန်းအဆင့်မြင့်က လီဖူချန်းသူ့ရာသူဖော်ထုတ်ခဲ့တဲ့အရာပါပဲ။
အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေဆိုပေမယ့် ကွာဟချက်တွေ ရှိပါသေးတယ်။
အဆင့်နိမ့်အဆုံးစွန်းနတ်ဘုရားဆေးလုံးပေါ်ရှိဆေးအင်းကွက်တွေက မရှင်းလင်းပါဘူး၊ ၎င်းရဲ့ဆေးစွမ်းက အနည်းငယ်ပိုအားနည်းပြီး ၎င်းရဲ့ဆေးချီကလဲ အနည်းငယ်အလုံအလောက်မရှိဖြစ်တယ်။
အဆုံးစွန်းအလယ်ဆင့်၊ ဆေးအင်းကွက်တွေ ရှင်းလင်းတယ်၊ သာမန်ဆေးစွမ်းရှိတယ်၊ ဆေးချီက အလုံအလောက်ရှိတယ်။
အခြားတစ်ဖက်မဇာ အဆုံးစွန်းအဆင့်မြင့်ဆေးလုံးက ပေါ်ထွက်လာဖို့ ခက်တယ်။ ဆေးအင်းကွက်က ရှင်းလင်းပြီး ဆေးစွမ်းက သန်မာကာ ဆေးချီက သာမန်ထက် ပိုလွန်ကဲတယ်။
ဆေးနတ်ဘုရားညီလာခံမှာ အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေရဲ့ခွဲခြားမှုတစ်ခုရှိမယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။သို့မဟုတ်ရင် အမှတ်ပေးဖို့က အရမ်းခက်ခဲတယ်။ တကယ်တော့ လူတိုင်းက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်မှာပဲလေ။
"ဒါ့အပြင် သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ရင်တော့ ပိုကောင်းတာပေါ့"
သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေက အမှတ်တွေ ပ််ိုပေါင်းပေးတယ်။ သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးက တစ်မှတ်ပေါင်းပေးတယ်၊ သန္ဓေပြောင်းနတ်ဘုရားဆေးနှစ်လုံးက သုံးမှတ်ပေါင်းပေးတယ်၊ သန္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးက ဆယ်မှတ်ပေါင်းပေးတယ်။ အတိုချုပ်အားဖြင့် သန့်စင်ထားတဲ့သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေ ပိုများလေလေ၊ အမှတ်တွေ ပိုပေါင်းလေလေပဲ။
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က မချိုးဖြတ်ခင် သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်ဖို့က သူ့အတွက် အရမ်းခက်ခဲတယ်။ အသုတ်ဒါဇင်ပြီးတောင်မှ တစ်လုံးကို မသန့်စင်နိုင်လောက်ဘူး။ လက်ရှိမှာ သူက အသုတ်တိုင်းမှာ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်ဖို့ ကြီးမားတဲ့အခွင့်အရေးတစ်ခုရှိလာတယ်။
နတ်ဘုရားနဂါးတစ်ကောင်က မီးပြင်းဖိုထဲမှာ ကူးခတ်နေသလို ခံစားရတယ်။ လီဖူချန်းပစ်သွင်းလိုက်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကို လျင်မြန်စွာ သန့်စင်ခဲ့တယ်။ မသန့်စင်မှုတွေကို ဆေးမီးပြင်းဖိုက ဖယ်ရှားခဲ့ပြီး အဆီအနှစ်က နတ်ဘုရားနဂါးရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခဲ့တယ်။
တဖြည်းဖြည်းနဲ့ နတ်ဘုရားနဂါးရဲ့ပုံစံက နတ်ဘုရားနဂါးတစ်ကောင်နဲ့သုံးဆယ်ရာခိုင်နှုန်းကနေလေးဆယ်ရာခိုင်နှုန်းထိ တူလာတယ်။
အဆုံးစွန်းအဆင့်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးကို သန့်စင်ပြီးတဲ့အခါ သေးငယ်တဲ့အပြာရောင်နဂါးတစ်ကောင်က နတ်ဘုရားဆေးလုံးမှာ ကူးခတ်လာလိမ့်မယ်။ ဒီအပြာရောင်နဂါးငယ်မရှိရင် နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးမှာ အဆုံးစွန်းအဆင့်မရှိဘူးလို့ ဆိုလိုတယ်။
အပြာရောင်နဂါးက ပိုရှင်းလင်းပြီးလှုပ်ရှားမှုပိုမြန်ဆန်လေလေ၊ ဆေးရဲ့အရည်အသွေးက ပိုမြင့်တယ်လို့ ဆိုလိုတယ်။ နဂါးစွမ်းပကားရဲ့အရိပ်အယောင်တစ်ခုရှိရင် အဆုံးစွန်းအဆင့်မြင့်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးဖြစ်လာပါလိမ့်မယ်။
လီဖူချန်းရဲ့ဆေးသန့်စင်ခြင်းအရှိန်က အလွန်မြန်တယ်။ အဓိကရွေးချယ်ခြင်းအဆင့်အတွက် အချိန်အများကြီးရှိပေမယ့် သန့်စင်ခြင်းအချိန်က ကြာလွန်းရင်လဲ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို သက်ရောက်ပေလိမ့်မယ်။
***