← Chapters

ကပ်စေးနည်းကော်တရာ

Vol. 75 Ch. 1046

ကပ်စေးနည်းကော်တရာ

Vol. 75 Ch. 1046

ကမ္ဘာလောကပုံရိပ်ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်တည်းဆိုသလို အမျိုးသမီးသုံးယောက်သည် စစ်ပွဲစတင်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူတို့က သူတို့၏ ကမ္ဘာလောကကို အဝေးသို့ စေစားလိုက်သည်။

အာကာသထဲရှိ နောက်ထပ်တစ်နေရာတွင် နောက်ထပ်ကမ္ဘာတစ်ခုရှိသည်။ ၎င်းက နေကိုးစင်းနှင့် ဧရာမရုပ်ထုကြီးရှိသော ကမ္ဘာလောကဖြစ်၏။၎င်းသည် အစစ်အမှန်မဟုတ်ဘဲ အမျိုးသမီးသုံးယောက်ရှိသည့် ကမ္ဘာနည်းတူ ပုံရိပ်ယောင်သာဖြစ်လေသည်။

အစစ်အမှန်ကမ္ဘာများမှာ အမှန်တကယ် အလွန့်အလွန် ဝေးကွာသော နေရာတစ်နေရာထဲတွင် ဖြစ်သည်။

ထိုနေကိုးစင်းကမ္ဘာပုံရိပ်ထဲတွင် အန္တရာယ်များသော ခပ်ပြတ်ပြတ်အသံတစ်သံ စကားပြောနေသည်ကိုကြားလိုက်ရသည်။ အသံက အမျိုးသမီးတစ်ယောက်၏ အသံပင်။

"တစ်ဖက်လူတွေရောက်ဖို့ နှစ်ပေါင်းရာချီကြာလိမ့်မယ်။ ငါတို့အတွက်ရောပဲ။ ဒီတစ်ခေါက်တော့ ဘာကိုမှ ငဲ့ကွက်မနေတော့ဘူး။ ငါတို့ အောင်မြင်မှဖြစ်မယ်"

အမျိုးသမီး၏ အသံသည် ရက်စက်ကြမ်းကြုတ်ပြီး သူမ ပတ်ပတ်လည်တွင် လောလောဆယ်ရှိနေသူများမှအပ ကျန်သက်ရှိသတ္တဝါများကို မနှစ်မြို့သည့်အလား အေးစက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်း ပဲ့တင်ထပ်လာသောအခါ နေကိုးစင်းကမ္ဘာလောကသည် တစတစ ပုံပျက်ရှုံ့တွသွားပြီး ပျောက်ကွယ်သွား၏။

တောင်ပင်လယ်လောက၊ န၀မတောင်ပင်လယ်တွင် မန်ဟိုမှာ ဤအရာအားလုံးကို မသိပေ။ သူသည် လောလောဆယ်တွင် ကြက်တူရွေးကို မျက်မှောင်ကြုတ်ကြည့်နေ၏။ နောက်ဆုံးတော့ သူက အေးစက်စက် နှာမှုတ်လိုက်သည်။ သူ့မှာ စောစောက ဖြစ်ပျက်သွားခဲ့သောအရာနှင့်ပက်သက်၍ အတန်ငယ် အပြစ်ရှိသလို ခံစားခဲ့ရသော်လည်း ယခုကြက်တူရွေးကို မြင်ရခြင်းက သူ့အား ဒေါသတကြီး စိုက်ကြည့်မိစေလေသည်။

သို့သော် သူ ဘာမှမပြောရသေးခင် ကြက်တူရွေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး လည်ချောင်းရှင်းပြီးနောက် တောင်ပံ တဖျတ်ဖျတ်ခတ်ကာ လေပေါ်ပျံတက်လိုက်သည်။ ကြေးမုံမှာ မျောလွင့်နိုင်စွမ်း သို့မဟုတ် ပျံတက်နိုင်စွမ်းတို့ကို ဆုံးရှုံးသွားခဲ့သည့်အလား မြေကြီးပေါ်သို့ ဒေါက်ခနဲ ပြုတ်ကျသွား၏။

ကြက်တူရွေးက ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်အလား အိမ်ထဲမှ ပျံထွက်သွားသည်။ သို့သော် ၎င်း၏ နှလုံးသားထဲတွင်တော့ စိုးရိမ်သောကတို့ ပြည့်ကျပ်နေ၏။

"ကပ်ဘေးကြီးလာနေပြီ။ အီး ငါတော့ စမုံတုံးပြီ။ အဲ့ဒီ့အင်အားစုနှစ်စုက ဒီလောက်တောင် ဇွဲကောင်းလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူ။

"ထားလိုက်တော့။ ဂရုထပ်စိုက်မနေတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မန်ဟိုက ဒီတစ်ခေါက် ကြေးမုံရဲ့သခင်ဆိုတော့ သခင်ငါးနဲ့ ဘာမှမဆိုင်ဘူး။ အဆိုးဆုံးတွေ ဖြစ်လာရင် ငါထွက်ပြေးပြီး နည်းနည်းလောက် ထပ်အိပ်လိုက်မယ်" ကြက်တူရွေးသည် နောက်ဆုံးတော့ ဤစိုးရိမ်သောကများနှင့် အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်၏။ ထို့နောက် ရေကန်ထဲရှိ ကျင့်ကြံသူများကို ကြည့်လိုက်စဉ် ၎င်း၏မျက်လုံးများက တလက်လက် တောက်ပနေသည်။ ထပ်မံ၍ ၎င်းသည် အမွှေးဖားဖား ကိုယ်လုပ်တော်များနှင့် ချမ်းသာသုခ ခံစားရမည့်နေရက်များကို စိတ်ကူးဖြင့်မှန်းရင်း သွားရည်တမြားမြား ကျနေတော့သည်။

"ဟားဟားဟား ငါကိုယ်တော် သခင်ငါး ပြန်လာပြီ။ ကဲ အခု မင်းတို့နားထောင်ပြီး လိမ်လိမ်မာမာနေ။ သခင်ငါး မင်းတို့ကို သီချင်းတစ်ပုဒ်သင်ပေးမယ်" ကြက်တူရွေးက မိစ္ဆာကျင့်ကြံသူအုပ်စုထံသို့ လေကိုခွင်းလာသည်။

"လာလာလာ လူစုရအောင်။ ဒီတေးသွားလေးရဲ့နာမည်က ငါဟာ ပင်လယ်စာဟင်းလေးဖြစ်ပါတယ် ဆိုတဲ့ နာမည်ပဲ။ မင်းတို့ကောင်းကောင်း လိုက်ဆိုရင် သခင်ငါးမှာ မင်းတို့အတွက် ပြင်ထားတဲ့ ဆုလာဘ်ရှိတယ်"

အိမ်ထဲတွင် မန်ဟိုမှာ မျက်မှောင်ကြုတ်နေသည်။ ကြက်တူရွေးသည် ဖြစ်ပျက်နေသည့်အရာနှင့်ပက်သက်၍ ပေါ့ပေါ့ပါးပါးသာရှိသော်လည်း မန်ဟိုသည် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့သူဖြစ်၍ အခြေအနေကို သုံးသပ်ရာတွင် ကျွမ်းကျင်၏။ ကြေးမုံနှင့်ပက်သက်၍ သူမြင်ခဲ့ရသည့်အရာများအပြင် ကြက်တူရွေး၏ အမူအရာက သူ့အား စိတ်လေးလာစေသည်။

"တကယ် အရမ်းဆိုးဝါးတဲ့အရာတစ်ခု ဖြစ်ပျက်တော့မှာပဲစိတ်ပူတယ်" သူက ရေရွတ်လိုက်သည်။ သူသည် ကြေးမုံကိုကြည့်ပြီး ပုံရိပ်သုံးခုကို ပြန်တွေးကြည့်လိုက်သည်။ နောက်ဆုံးတော့ သူက အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။ ကြေးမုံ၏ မူလအစမှာ မယုံနိုင်လောက်အောင် လေးနက်သော ပဟေဠိတစ်ပုဒ်ဖြစ်ကြောင်း သူ့မှာ ပို၍ပင် ခံစားလိုက်ရတော့သည်။

"ဒါ ဘယ်နေရာက လာတာလဲ။

"အရာ၀တ္တုတွေကို ပွားပေးနိုင်တဲ့အပြင် ငါ မသိသေးတဲ့ တခြားမှော်စွမ်းရည်တွေလဲ သေချာပေါက် ရှိလိမ့်မယ်

"ဒါကို လူတိုင်း လိုချင်နေကြတဲ့ပုံပဲ။ အစွမ်းထက်ဆုံး ပညာရှင်တွေတောင်မှ ဒါကိုရဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတာ

"ဆိုတော့ ဒါက ဘာများ ဖြစ်နေမလဲ။ မဟုတ်မှ တောင်ပင်လယ်ဆိုတာ သူ့ရဲ့ နာမည်အစစ် မဟုတ်တာများလား

"ကြေးမုံက ဒီလောက်လျှို့ဝှက်ဆန်းကြယ်ပြီး ဒီလောက်အစွမ်းထပ်နေရင် ဘာလို့ ကွဲသွားတာလဲ

"ပြီးတော့ ဘယ်သူက ခွဲပစ်လိုက်တာလဲ။ ဘာကြောင့်လဲ" မေးခွန်းတစ်ခုပြီးတစ်ခုသည် အဆက်အစပ်မရှိဘဲ မန်ဟို့စိတ်ထဲတွင် ပေါ်လာ၏။ အတန်ကြာတွေးပြီးသောအခါ သူ၏ မျက်လုံးများသည် လင်းလက်တောက်ပသွားတော့သည်။

"ကြေးမုံမှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေပဲ ရှိနေပါစေ။ ဘယ်နေရာကပဲ လာပါစေ။ ငါ အခု ဒါကို ရထားပြီ။ ဒါကြောင့် ဘယ်လိုပြဿနာပဲ တက်လာပါစေ ငါမပါမဖြစ် ပါကိုပါရလိမ့်မယ်

"ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအခြေခံအရ အဲ့လိုအရာမျိုးဖြစ်လာခဲ့ရင် အသတ်ခံရနိုင်ခြေများတယ်။ ငါ့အနေနဲ့ ဒါကို လိုချင်တဲ့လူအပေါ် လက်ကလေးတောင် မြှောက်နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အခုအရေးအကြီးဆုံးအရာက ကျင့်ကြံအားထုတ်ဖို့

“လက်ရှိထက် အားကောင်းသထက် အားကောင်းလာပြီး သန်မာသထက် သန်မာလာမှ ငါဟာ အနာဂတ်မှာ ရုန်းကန်ရတဲ့အခါ အသက်ရှင်ဖို့ အခွင့်အရေးရလိမ့်မယ်။ အဲ့ဒီအခါမှ ငါ့တာအိုဟာ ဆက်လက်ပြီး တည်မြဲနိုင်လိမ့်မယ်" သူသည် မျက်လုံးများကို ပိတ်လိုက်ပြီး စိတ်နှလုံးတည်ငြိမ်စေလိုက်သည်။ ၎င်းတို့ကို ပြန်ဖွင့်လိုက်သောအခါ သူသည် ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်ကာ ကြေးမုံအား သူ့လက်ထဲသို့ ပျံသန်းလာစေသည်။ သူက ၎င်းကို တခဏကြည့်ပြီးနောက် တုံ့ဆိုင်းမနေဘဲ ဝိညာဉ်ကျောက်တုံးတစ်ချို့နှင့် အင်မော်တယ်ကျောက်စိမ်းတို့ကို ထုတ်ကာ ကြေးမုံအား စတင်ကျွေးတော့သည်။

သူက ပါရာဂွန်သွေးကို ပွားရန်ဟူသော သူ၏ မူလရည်ရွယ်ချက်ကို လက်မလျှော့သေးပေ။

"ပါရာဂွန်သွေး လုံလုံလောက်လောက်နဲ့ဆိုရင် ငါ ပြီးပြည့်စုံတဲ့ သွေးစက်တစ်စက်ကို ရနိုင်တယ်။ အဲ့ဒါမျိုးက အင်မတန်ရှားပါးပြီး ငါ့ကို ပထမနိဗ္ဗာနသစ်သီးကို အောင်အောင်မြင်မြင် စုပ်ယူနိုင်စေဖို့ ကူညီပေးလိမ့်မယ်"

သူက အသက်၀၀ရှုသွင်းလိုက်ပြီး သူ၏ မျက်လုံးများသည် စွဲလန်းမှုတို့ဖြင့် တောက်ပလာ၏။ ရှေးဟောင်းနယ်ပယ်လမ်းစဉ်က သူ့အရှေ့တွင် တည်ရှိနေပြီး ထိုတံခါးကို ဖွင့်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူပိုင်ဆိုင်ထားသည့် နိဗ္ဗာနသစ်သီးလေးလုံးအား စုပ်ယူ၍ တစ်သားတည်း ပေါင်းစည်းရန်သာဖြစ်သည်။ ထို့နောက် သူသည် ရှေးဟောင်းခေါင်းလောင်းကို တီးပြီး သူ၏ ဝိညာဉ်မီးအိမ်များကို မီးထွန်းနိုင်မည်။ သူ၏ အသက်မီးတောက်ကို လောကလေပြေသဖွယ် အသုံးပြုကာ ဝိညာဉ်မီးအိမ်များကို ငြှိမ်းပစ်နိုင်လိမ့်မည်။

ဤသို့ဖြင့် သူသည် မီးအိမ်များ အငြှိမ်းခံရသည့်တိုင် အသက်ရှင်နေသေးသော နယ်ပယ်တစ်ခုကို ရရှိလိမ့်မည်။

ဝိညာဉ်ကျောက်တုံးပြီးတစ်တုံး ကြေးမုံထဲသို့ နစ်၀◌င်သွားသည်။ ကြေးမုံက ဝိညာဉ်ကျောက်တုံးများကို အကန့်အသတ်မရှိ စုပ်ယူနိုင်သည့် တွင်းနက်ကြီးအလားပင်။ သို့သော် ကြေးမုံတစ်တုံး အစားခံရတိုင်း လင်းခနဲ လက်သွားသည်ကို မြင်ရနိုင်၏။

တဖြတ်ဖြတ် လင်းခနဲ လက်နေသည်နှင့်အမျှ မန်ဟိုသည် အပြင်ပန်းတွင် တည်ငြိမ်နေသယောင်ထင်ရသော်လည်း နှလုံးသားမှာတော့ တဆစ်ဆစ် နာနေသည်။ သူ့မှာ ကြေးမုံ ဝိညာဉ်ကျောက်တုံများအား အငမ်းမရစားတတ်သည်ကို ရင်းနှီးထားပြီးသားဖြစ်သည်။

သို့ထိတိုင် သူ့မှာ နှမြောနေသည်။ ရင်လည်း နာနေသည်။ တစတစ သူ့မှာ တည်ငြိမ်မနေနိုင်တော့ပေ။ တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲမှ ရရှိခဲ့သော ဝိညာဉ်ကျောက်တုံးအားလုံးမှာ ကြေးမုံအတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားရာ သူ့မျက်နှာအား အတိုင်းထက်အလွန် မျက်နှာ ဖြူဖျော့နေစေတော့သည်။

သူ၏ မျက်လုံးများမှာ နီရဲနေသည့်တိုင် အလောင်းကစားသမားအလား ဝိညာဉ်ကျောက်တုံးများကို ဆက်ထည့်နေသေး၏။ ကြေးမုံကား တလက်လက် တောက်ပနေပြီး နောက်ဆုံးတွင်တော့ ပါရာဂွန်သွေးပုလင်းနှင့် တစ်ထပ်တည်းတူသော ဒုတိယသွေးပုလင်းပေါ်လာသည်။

သူ့မှာ ဟင်းခနဲ သက်ပြင်းချလိုက်သည်။ သူသည် တုန်လှုပ်နေသော်လည်း သူ၏ ဝိညာဉ်ကျောက်တုံးများကို နှမြောနေသည့်စိတ်တို့အား ဖယ်ထုတ်ပြီး ပုလင်းနှစ်ပုလင်းအား အနီးကပ်ကြည့်ပြီးနောက် တဟားဟားရယ်တော့သည်။

ဘွားဘွားကိုးနှင့် အခြားသူများသာ ဤပုလင်းနှစ်ပုလင်းကို မြင်လျှင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားမည်ဖြစ်သည်။ အမှန်တွင် သူတို့သည် စိတ်ဆိုးပြီး သောင်းပင်သောင်းကျန်းနိုင်၏။

၎င်းတို့က တစ်ထပ်တည်းတူနေ၏။ ပုလင်းရော အထဲရှိ သွေးများပါ တစ်ထပ်တည်းတူလေသည်။

ဤသည် နတ္ထိမှ အတ္ထိဖန်ဆင်းခြင်းအလား ဘာမှမရှိသည့်အရာမှ တစ်စုံတစ်ခုကို မှော်ဆန်ဆန် ဖန်ဆင်းခြင်းဖြစ်ရာ မန်ဟို့နှလုံးသားထဲတွင် မယုံကြည်နိုင်ဖွယ် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေစေတော့သည်။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ထိုကြေးမုံမျက်နှာပြင်အပိုင်းအစကို ရရှိပြီးနောက်ပိုင်း ကြေးမုံ၏ ပွားနိုင်စွမ်းမှာ အားကောင်းလာခဲ့လေသည်။ ယခင်တုန်းက ပွားမရသောအရာများကို ယခုတွင် ပွား၍ရနေ၏။

မန်ဟိုသည် တစ်နေ့ ထိုကြေးမုံ၏ အပိုင်းအစအားလုံးကို အတူတူဆက်၍ ကြေးမုံအား ပြည့်စုံသွားခဲ့စေလျှင် သူ့အနေဖြင့် ကောင်းကင် သို့မဟုတ် လောကတစ်ခုလုံးကိုပင် ပွားနိုင်သည်ဟု ခံစားနေရသည်။ ထိုအချိန်ရောက်လျှင်မည်သည့်အရာကိုမဆို ပွားနိုင်သွားလိမ့်မည်။

သူ့နှလုံးသားမှာ လျင်မြန်စွာ ခုန်လာပြီး တောက်ပသော အလင်းရောင်က သူ့မျက်လုံးများတွင် ပေါ်လာ၏။ သို့သော် တစ်ချိန်တည်းမှာပင် သူ့နှလုံးသားသည် သတိဝီရိယတို့အပြည့် ရှိနေ၏။ သူသည် သူ့တွင် ဤကြေးမုံရှိကြောင်း အခြားသူများ သိသွားပါက ဒုက္ခရောက်မည်ဖြစ်ကြောင်းလည်း သိသည်။

တကယ်တော့ ထိုအခြင်းအရာအား သူ သိထားခဲ့သည်မှာ ကြာခဲ့လေပြီ။ ကြေးမုံကို ရရှိပြီး ၎င်း၏ လုပ်ဆောင်ချက်ကို ရှာတွေ့ခဲ့သည့်အခိုက်အတန့်ကတည်းက ထိုအရာကို သူ့စိတ်ထဲတွင် စွဲမှတ်ထားခဲ့၏။

ပွားထားသော ပါရာဂွန်သွေးပုလင်းအား သိမ်းပြီးနောက် သူက မူလသွေးပုလင်းနှင့် ဆက်ပွားတော့သည်။ အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ သုံးရက်ကြာပြီးနောက်တွင် မန်ဟိုမှာ သရဲ၀င်စီးခံထားရသည့်အလား ဝိညာဉ်ကျောက်တုံးနှင့် အင်မော်တယ်ကျောက်စိမ်းများကို ကြေးမုံထဲသို့ အဆက်မပြတ် ကျွေးနေ၏။

အိမ်၏ အပြင်တွင်တော့ သီချင်းဆိုသံက ပျံ့လွင့်နေသည်။ အသံများမှာ မကျေမနပ်ဖြစ်နေပြီး သီချင်းဆိုချင်ပုံမရသော်လည်း မန်ဟိုက ၎င်းကို သတိပင်မထားမိပေ။ သူသည် ကြေးမုံနှင့် ပါရာဂွန်သွေးအပေါ်တွင် မမှိတ်မသုန် အာရုံစိုက်နေ၏။

သူသည် ဝိညာဉ်ကျောက်တုံးများ တစ်တုံးမကျန်ကုန်သွားသောအခါ အင်မော်တယ်ကျောက်စိမ်းများကို အသုံးပြု၏။ နောက်ဆုံးတော့ ပါရာဂွန်သွေးပုလင်းခုနစ်ပုလင်းအား ပွားပြီးသွား၏။ အင်မော်တယ်ကျောက်စိမ်းများလည်း ကုန်သွားလေပြီ။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများမှာ နီစွေးနေတော့သည်။ သူက လက်ကို ဝှေ့ရမ်းလိုက်ကာ သူ၏ သက်သေခံတံဆိပ်ပြားအား အပြင်တွင် အမိန့်ခံယူရန် စောင့်နေသော ရုပ်သေးကောင်လေး၏ လက်ထဲသို့ ပျံသန်းသွားစေသည်။ မန်ဟို့နတ်ဘုရားစိတ်ဆန္ဒ၏ ခိုင်းစေရာအတိုင်း ထိုရုပ်သေးကောင်လေးက အသိစိတ်ရှိနေသကဲ့သို့ ပျံထွက်သွားသည်။ သူက အကာအကွယ်နှင့် ရေကန်ကို ဖြတ်သန်းသွားပြီး ကိုးပင်လယ်နတ်လောကမှ ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်များကို သွားယူတော့သည်။

လူအိုကြီးသုံးယောက်က ကိုးပင်လယ်နတ်လောကမှ အရင်းအမြစ်အားလုံးက မန်ဟို့အတွက်ဖြစ်ကြောင်း ကတိပေးထားပြီးဖြစ်သည်။ သူတို့က လိုချင်သည့်အရာမှန်သမျှ ဖြည့်ဆည့်ပေးမည်ဟု ကတိမပေးခဲ့သော်လည်း ၎င်းက ကျင့်ကြံခြင်းနှင့်ပက်သက်လျှင် မယုံကြည်နိုင်ဖွယ်ကောင်းသော အာမခံချက်တစ်ခုဖြစ်နေသေး၏။

သိပ်မကြာခင် ရုပ်သေးကောင်လေးက သိုလှောင်အိတ်တစ်လုံးနှင့် ချက်ချင်းပြန်လာသည်။ မန်ဟိုက ပါရာဂွန်သွေးများကို ဆက်လက်ပွားတော့၏။ သူသည် နိဗ္ဗာနသစ်သီးများကို အောင်အောင်မြင်မြင် စုပ်ယူလိုသော သူ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် စွမ်းအားရှိသမျှ အလုံးစုံလုပ်မည်ဖြစ်သည်။

တစ်ရက်။ နှစ်ရက်။ သုံးရက်။

အချိန်များ ကုန်လွန်သွားပြီး မန်ဟိုက အပြင်ဘက်သို့ ခြေတစ်ဖဝါးပင်မချပေ။ သူလုပ်နေသမျှ အရာအားလုံးမှာ ပါရာဂွန်သွေးကို ပွားနေခြင်းသာဖြစ်၏။ မကြာမီ သူ့တွင် ခုနစ်ပုလင်းမကတော့ဘဲ ပုလင်း ၅၀ ရှိသွား၏။ ထိုပါရာဂွန်သွေးပမာဏမှာ ကိုးပင်လယ်နတ်လောကအတွက်ပင်လျှင် စုဆောင်းထားရန် ခက်ခဲမည့်အရာမျိုးဖြစ်လေသည်။

ထိုမျှသာမက မန်ဟိုက ဝိညာဉ်ကျောက်တုံးများနှင့် အင်မော်တယ်ကျောက်စိမ်းများကို စိတ်တိုင်းကျပိုင်ဆိုင်ထား၏။ သူက မည်မျှဖြုန်းခဲ့မိသလဲကိုပင် တွက်ချက်မနေတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မတွက်ရဲသည့်အတွက်ကြောင့် ဖြစ်သည်။ တွက်ကြည့်လိုက်လျှင် နာကျင်မှုက သူ့ကို သေချာပေါက် သွေးတစ်လုတ် အန်စေလိမ့်မည်။

"မလုံလောက်သေးဘူး" သူက မျက်လုံးများ သွေးချင်းနီနေလျက် တွေးလိုက်သည်။ သူက လက်ကို ဝှေ့ရမ်းကာ ရုပ်သေးကောင်လေးအား ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ ထပ်မံသွားယူလိုက်စေသည်။ ဤတစ်ခေါက်တွင် ရုပ်သေးကောင်လေးက စောစောကကဲ့သို့ မြန်မြန်ပြန်ရောက်မလာပေ။ မန်ဟိုက တခဏစောင့်နေပြီး ထိုကောင်လေး ပြန်မလာသေးသောအခါ ထရပ်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူ လမ်းလျှောက်ထွက်တော့မည့်အချိန် ဘယ်ဘက်အစွန်ဆုံးရှိ ကျောက်ဂူအခန်းကို လှမ်းကြည့်လိုက်ပြီး မျက်နှာ ရိပ်ခနဲ ဖြစ်သွားတော့သည်။

သူလှမ်းကြည့်လိုက်သည့်အခိုက်အတန့်မှာပင် ထစ်ချုန်းသံများအား ကျောက်ဂူအခန်းထဲမှ ကြားလိုက်ရ၏။ ထို့နောက် ကျောက်တံခါး တုန်ခါသွားပြီး မယုံနိုင်လောက်အောင် ကြီးမားသော အားတစ်ရပ်က အတွင်းထဲမှ ၎င်းကို ပြင်းပြင်းထန်ထန် ဆောင့်နေသည်အလား ၎င်း၏မျက်နှာပြင်ပေါ်တွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်။

မန်ဟိုသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ကျောက်ဂူအခန်းထဲသို့ ကြည့်ရန် ရှင်ခြင်းသေခြင်းမန္တန်အစွမ်းကို သုံးလိုက်သည်။ ထို့နောက် သူမြင်လိုက်သောအရာမှာတော့ သရဲမျက်လုံး ဆယ်ကောင်ရှိခဲ့သောနေရာတွင် တစ်ကောင်မှ မတွေ့ရတော့ပေ။

အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမမျက်လုံးကြီးတစ်လုံးက ၎င်းတို့အစား အခန်းထဲတွင် ပေါ်ပေါက်လာခဲ့၏။

မျက်လုံးကြီးအား တဝှီးဝှီး ဝှေ့ရမ်းနေသာ လက်တံဆယ်ချောင်းဖြင့် ၀န်းရံခြင်း ခံထားရလေသည်။ ၎င်းထံမှ ကျောက်တံခါးကို ထပ်တလဲလဲ ဆောင့်နေသော အနက်ရောင်အလင်းကိုလည်း ထုတ်လွှတ်နေသည်။

အနီးကပ်ကြည့်လျှင် သရဲမျက်လုံးထဲတွင် တင်ပျဉ်ခွေထိုင်နေသော ခပ်မည်းမည်းမှင်စာသေးသေးလေးတစ်ကောင်အား မြင်ရနိုင်သည်။ မှင်စာလေးတွင် မျက်လုံးမရှိပေ။ ပါးစပ်ကြီးတစ်ပေါက်သာရှိပြီး အားလုံးအထဲ အထူးဆန်းဆုံးကတော့ ၎င်း၏ ကျောတွင် လိပ်ကျောခွံကြီးရှိနေခြင်းဖြစ်သည်။

ကြည့်ရသရွေ့ ထူးခြားဆန်းကြယ်သော သရဲမျက်လုံးကြီးမှာ အနက်ရောင်လိပ်ခွံနှင့် မှင်စာမှ ဖန်ဆင်းထားခြင်းဖြစ်သယောင်ပင်။

မန်ဟိုမှာ ရုတ်တရက်ဆိုသလို သူ၏ ရှင်ခြင်းသေခြင်းမန္တန်အား ထိန်းချုပ်၍မရတော့ကြောင်း သတိထားမိလိုက်သဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

ရှင်ခြင်းသေခြင်းမန္တန် အားနည်းသွားသည့်အခိုက်အတန့်တွင် ဝုန်းခနဲအသံကြီးနှင့်အတူ ကျောက်တံခါးက ပြိုကျသွား၏။ သရဲမျက်လုံးက အရပ်လေးမျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်သွားသော နားကွဲလုမတတ် စူးရှနေသည့်အသံကြီးကို ထုတ်လွှတ်ကာ ဝုန်းဒိုင်းကြဲထွက်လာသည်။ ထို့နောက် သရဲမျက်လုံးသည် မန်ဟို့ကို ဝါးမြိုရန်အလား သူ့ထံသို့ တန်းတန်းမတ်မတ် ရွေ့လျားလာ၏။

***

All Chapters