← Chapters

လူဝင်စားကိုးယောက်ပေါင်းစည်းခြင်း

Vol. 109 Ch. 1524

လူဝင်စားကိုးယောက်ပေါင်းစည်းခြင်း

Vol. 109 Ch. 1524

ကံဆိုးစွာနှင့် ရတနာလေးမှာ အသက်မဲ့လျက် အေးစက်နေသောယန်အာကို နွေးထွေးစေဖို့ မည်မျှကြိုးစားစေကာမူ .... သူမခန္ဓာကိုယ် အေးသထက်သာ အေးလာသည်ကို မတားနိုင်ပေ။ ရတနာလေး ပျာယာခတ်လာသည်၊ သူ့နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် တဒိန်းဒိန်းမြည်နေ၏။ နောက်ဆုံးကြံရာမရသည့်အဆုံး သူ့လက်ကောက်ဝတ်ကို ကိုက်၍ သူ့သွေးများအား သူမခံတွင်းထဲ စီးကျသွားစေသည်။

သူ ပြုံးလိုက်သည်။

“ဘာမှမဖြစ်ဘူး။ အကုန်လုံး အဆင်ပြေသွားမှာပါ” သူက တိုးညှင်းစွာ တတွတ်တွတ် ရွတ်နေသည်။ နောက်ဆုံးတော့ သတိလစ်သွား၏။

ယခု ဂူထဲတွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့လေပြီ။ အကုန်လုံး ထွက်သွားကြပြီဖြစ်၏။ ကျန်ခဲ့သောအရာများဆို၍ အလောင်းများသာ ရှိသည်။

အချိန်တချို့ကြာသော် ရတနာလေး ပြန်နိုးလာသည်။ နိုးလာလျှင်ချင်း သူ့ဇနီးကို ထိကြည့်လိုက်ရာ သူမမှာ ရေခဲတမျှ အေးစက်‌တောင့်တင်းနေတော့သည်။ ရတနာလေး စိတ်နှင့်ကိုယ်မကပ်တော့ပေ။ လက်ကောက်ဝတ်နောက်တစ်ဖက်ကို သွားဖြင့် ကိုက်ကာ သူမခံတွင်းထဲ သွေးများထပ်ညှစ်ချပြန်သည်။ သို့သော် ယန်အာ၏နှုတ်ခမ်းများက အေးခဲနေခဲ့ချေပြီ။

“သောက်လိုက်နော်” ရတနာလေးသည် တတွတ်တွတ် ပြောနေ၏။ “ကိုယ့်သွေးကို သောက်လိုက်။ မင်း ပြန်သက်သာလာလိမ့်မယ်။  ကျေးဇူးပြုပြီး ထပ်အေးမလာပါနဲ့တော့ကွာ....” မျက်ရည်လည်ရွဲနှင့် သူ့မှာ အရူးမီးဝိုင်းနေပြီး‌ နောက်ဆုံးတော့ သူမအလောင်းကို ဖက်ကာ ငိုတော့သည်။

ရှိုက်ကာ ငိုနေသော သူ၏ငိုသံသည် ဂူထဲတွင် ပဲ့တင်ထပ်နေ၏။

မကြာမီ ရတနာလေးမှာ အလွန်အထီးကျန်သောခံစားချက်၏ ဝါးမြိုခြင်းခံလိုက်ရတော့သည်။ သို့သော် ထူးဆန်းစွာနှင့် သူ မကြောက်တော့ပေ။

ရတနာလေးသည် သူ့ဇနီး၏မျက်နှာလေးကို ပွတ်သပ်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြော၏။

“မင်း သိလား၊ ကိုယ်တို့ လက်ထပ်တုန်းက ကိုယ့်မိဘတွေ ဘယ်တော့မှ မသိခဲ့တဲ့အရာကို ကိုယ်သိခဲ့တယ်။ မင်းက သေမျိုးမဟုတ်ဘူးဆိုတာပဲ။ ကိုယ့်ရဲ့မိန်းမ မင်းက အင်မော်တယ်တစ်ယောက်တဲ့လေ”

သူ့မျက်ဝန်းများတွင် သူငယ်အိမ်မရှိသော်လည်း နွေးထွေးကြင်နာမှုကို ဖော်ပြနေသယောင်ထင်ရသည်။

“တောထဲမှာ ကိုယ့်ကို ကယ်ခဲ့တဲ့သူက မင်းဖြစ်နေမယ်လို့ ကိုယ် မထင်ထားခဲ့ဘူး” သူသည် သူမမျက်နှာလေးကို တယုတယပွတ်သပ်ရင်း ခဲလာနေသော ရေခဲများကို ဖယ်နေ၏။ သူ့အမူအရာအရ အတိတ်ကို ပြန်ပြောင်းတွေး‌တောနေကြောင်း သိသာပေသည်။

“အဲဒီတုန်းက” သူက ဆက်ပြောသည်။ “မင်းက ဒဏ္ဍာရီလာအင်မော်တယ်တွေထဲက တစ်ယောက်ဆိုတာ ကိုယ် သိလိုက်ပေမယ့် ဘာကြောင့် ကိုယ့်ကို ရွေးချယ်ခဲ့မှန်း ကိုယ် နားမလည်နိုင်ခဲ့ဘူး...

“တစ်ခါတလေကျ မင်း ကိုယ့်ကို ကြည့်နေပေမယ့် မင်း ကြည့်နေတဲ့သူက ကိုယ်မဟုတ်ဘူးလို့ ခံစားရတယ်....

“မင်း တကယ်ချစ်တဲ့လူက ကိုယ်မဟုတ်ဘူးမလား.... သူက မင်းရဲ့ဆရာလေ....

“ကိုယ်က မျက်မမြင်တော့ မင်းတို့နေတဲ့ ကမ္ဘာကြီးကို မမြင်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်နှလုံးသားထဲမှာ တည်ရှိတဲ့ကမ္ဘာကလည်း မင်းတို့တစ်ယောက်မှ မမြင်နိုင်တဲ့ကမ္ဘာပဲ။ ပြီးတော့ အဲဒီကမ္ဘာနဲ့ပတ်သက်ပြီး ဘယ်သူမှ သိလောက်မှာမဟုတ်တာလည်း ရှိတယ်

“ကိုယ် မင်းကို ပြောပြမယ် ဟုတ်ပြီလား။ အရင်က ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး။ ကိုယ့်မိဘနှစ်ပါးကိုတောင်မှပဲ ....

“ကိုယ့်ကမ္ဘာထဲမှာ ကိုယ့်အရှေ့ကလူတွေကို မြင်ခဲ့ရတယ်။ သူတို့က မတူညီတဲ့မြေထုတွေအပေါ်မှာ နေထိုင်ပြီး ကိုယ့်ထက် ပိုထူးခြားတဲ့ ဘဝတွေကို ပိုင်ဆိုင်ခဲ့ကြတယ်။ တစ်ယောက်ဆို သိပ်ပျော်ခဲ့တာ သိလား။ တစ်ယောက်က စီးပွားရေးသမား။ တစ်ယောက်က မုဆိုး။ အကုန်လုံးက သူမတူတဲ့အရည်အချင်းတွေနဲ့ပေါ့။ ‌နောက်တစ်ယောက်ကကျ မှုခင်းအရာရှိ၊ ကြေးစားလူသတ်သမားတစ်ယောက်တောင် ပါသေးတယ်....

“အင်မော်တယ်တစ်ယောက်လည်း ရှိတယ်။ သူ့တပည့်က ယန်အာတဲ့။ သူကလေ မင်းနဲ့ သိပ်တူတာပဲ” ရတနာလေးသည် ဖျော့တော့စွာ ပြုံးလိုက်၏။

“ကိုယ် ဒီပန်းပုလေးကို ဘာကြောင့်အမြဲထုနေခဲ့တာလဲ မင်း သိလား။ အဲဒီလူတွေကြောင့်ပဲ။ ပန်းပုပြီးအောင် ထုရမယ်၊ ဒီသစ်သားရုပ်လေးကို အပြီးသတ်ရမယ်။ မိုးကောင်းကင်တွေရဲ့ မျက်လုံးကို ဖွင့်ပေးရမယ်၊ ဒါမှမဟုတ် ပိတ်ပေးရမယ်လို့ သူတို့အားလုံးက ကိုယ့်ကို ပြောနေခဲ့ကြတာ

“မိုးကောင်းကင်တွေကို မျက်လုံးပိတ်ခိုင်းစေနိုင်တဲ့ စွမ်းအားရှိရုံနဲ့ မလုံလောက်သေးဘူးတဲ့လေ။ အဲဒီလူတွေ လိုချင်တာက .... မိုး‌ကောင်းကင်တွေရဲ့ မျက်လုံးတွေကို အပြည့်အဝထိန်းချုပ်နိုင်မယ့် စွမ်းအားပဲ။ ကိုယ်က မိုးကောင်းကင်ကို မျက်လုံးပိတ်ဆို ပိတ်ရမယ်၊ ကိုယ်က မျက်လုံးဖွင့်ဆို ဖွင့်ရမယ်.. အဲဒီလိုလိုက်လျောရုံအပြင် ရွေးချယ်စရာမရှိအောင် လုပ်ဖို့ပေါ့” ရတနာလေးက ရယ်သည်။ အေးခဲနေသော သူ့ဇနီး၏မျက်နှာကို နောက်တစ်ကြိမ် ပွတ်သပ်ပေးပြီးနောက် သူသည် ခေါင်းတစ်ဖက်လှည့်ကာ ပြောလိုက်၏။ “ကျုပ်ပြောတာ မှန်လား”

ရတနာလေးသည် မျက်စိမမြင်သော်လည်း ထိုစကားလုံးများကို ပြောလိုက်သောအခါ လူတစ်ယောက်ကို တည့်တည့်ကြည့်နေ၏။ သူ့အနောက်တည့်တည့်တွင် လူတစ်ယောက် ရပ်နေသည်။

ထိုလူကား မန်ဟိုမှတစ်ပါး အခြားမဟုတ်။

မန်ဟိုက လင်းလက်စူးရှသောမျက်ဝန်းများဖြင့် ရတနာလေးကို ငုံ့ကြည့်သည်။

ဤအခိုက်အတန့်တွင် သူ၏နှလုံးခုန်နှုန်းမှာ မြန်နေသည်။

သူ အကြောက်ဆုံးဖြစ်ခဲ့သော ပြောင်းလဲမှုကား ... ဖြစ်ပွားခဲ့လေပြီ။

ယင်းကြောင့် မန်ဟို့အနေဖြင့် ကိုယ်ပွား၏နဝမလူဝင်စားအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ။ နဝမလူဝင်စား၏ခန္ဓာကိုယ်နှင့်ပတ်သက်၍ တစ်ခုခုက ထူးခြားနေခြင်း သို့မဟုတ် အာကာပြင်ကျယ်စကြဝဠာအပြင်မှာတုန်းက နဝမမန္တန်၏ မပြည့်စုံသေးသော ချုပ်စည်းရှစ်စည်းကို အသုံးပြုခဲ့ခြင်း၏ ရလဒ် ဖြစ်ကောင်းဖြစ်နိုင်သည်။

အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ၊ မန်ဟိုသည် ဝင်မပါခဲ့ပေ။ နောက်ဆုံး တစ်ခုခုလုပ်ဖို့ ကြိုးစားခဲ့သောအခါ တွန်းလှန်မှုကို ကြုံတွေ့ခဲ့ရ၏။ ထို့အပြင် ယခု လုံးလုံးလျားလျား မထင်မှတ်ထားသည့်အရာ ဖြစ်ပွားခဲ့ကြောင်း သူ တွေ့လိုက်ရလေပြီ။

နဝမလူဝင်စားသည် သူဖြစ်သော်လည်း သီးသန့်စိတ်ကို ပိုင်ဆိုင်ရရှိခဲ့၏။ သူကား အရှေ့ရှိလူဝင်စားများနှင့် မတူတော့ပေ။ သူ့အား ထိန်းချုပ်မရတော့။

ရတနာလေးသည် ကမ္ဘာကြီးကို မမြင်ရသော်လည်း တစ်နည်းနည်းဖြင့် မန်ဟို့ကို စိုက်ကြည့်နေသယောင်ပင်။ “ကျုပ်ကမ္ဘာထဲမှာ ပေါ်လာတဲ့ အဲဒီလူရှစ်ယောက်နဲ့ ချိတ်ဆိတ်နေတဲ့ အမျှင်တစ်မျှင်ရှိနေတာ ကျုပ် ခံစားရတယ်။ ဒါ့အပြင် အဲဒီအမျှင်က တခြားတစ်ယောက်နဲ့လည်း ဆက်သွယ်နေတယ်

“အဲဒီတစ်ယောက်က ခင်ဗျားပဲ

“ကျုပ်က ခင်ဗျားကိုယ်ပွားထင်တယ်။ ယန်အာရဲ့ဆရာကလည်း ခင်ဗျားရဲ့ကိုယ်ပွားပဲ။ ဟုတ်တယ်မလား”

အတန်ကြာတိတ်ဆိတ်နေပြီးသော် မန်ဟိုက ပြောသည်။ “ဟုတ်တယ် မင်းနဲ့ မင်းမြင်ခဲ့တဲ့ ကျန်တဲ့လူဝင်စားတွေက ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဖန်ဆင်းခံခဲ့ရတာ။ အဲဒီရည်ရွယ်ချက်က ငါ့ရဲ့နဝမမန္တန်ကို အပြီးသတ်ပေးဖို့ပဲ”

ရတနာလေးက အတွေးများဖြင့် ခေါင်းညိတ်လိုက်သည်။ “ဆိုတော့ အဲဒီလိုပေါ့။ သူကရော။ သူက ခင်ဗျားရဲ့တပည့်လား”

မန်ဟိုက ယန်အာ့ကို ငုံ့ကြည့်သည်။ သူမသာမရှိခဲ့လျှင် ဤနဝမလူဝင်စား သေဆုံးသွားခဲ့သည်မှာ ကြာလေပြီ။ “သူက ငါ့ကိုယ်ပွားရဲ့ တပည့်။ သူ့ရဲ့အတိတ်ဘဝတုန်းက ငါ သူ့အပေါ် အကြွေးတွေတင်ခဲ့တယ်”

ဤအချိန်တွင် ရတနာလေးသည် အတိုင်းထက်အလွန် အိုစာသွားပုံပေါ်၏။ “ကျုပ်သမီးကရော။ အင်း သူကလည်း ခင်ဗျားရဲ့သမီးလို့ ဆိုရမှာပေါ့လေ ဟုတ်လား”

“သူ အန္တရာယ်ကင်းပါတယ်” မန်ဟိုက တိုးညှင်းစွာ ပြန်ဖြေသည်။ “နဝမမြေထုရဲ့ နဝမဂိုဏ်းမှာ ရှိတယ်”

“ကြည့်ရတာ ကျုပ်တို့ ဒါတွေအားလုံးရဲ့ အဆုံးသတ်ကို ရောက်လာခဲ့ပြီထင်တယ်။ ကျုပ်မှာ ... ပြောစရာနောက်ဆုံးစကားလည်း မရှိတော့ပါဘူး” ရတနာလေးသည် တိတ်ဆိတ်စွာ ထိုင်နေ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူက သူ့ဇနီး၏အဝတ်စထဲမှ သစ်သားရုပ်ကို ထုတ်လိုက်သည်။ သစ်သားကို ပွတ်သပ်ရင်း သူသည် သက်ပြင်းချ၏။

“ကျုပ်ကံတရားကို တခြားသူတွေ ထိန်းချုပ်နေတာကို တကယ်မုန်းတယ်။ အဲဒီလူက ကျုပ်ရဲ့ကိုယ်အစစ်ဖြစ်တာတောင်မှ မုန်းတုန်းပဲ

“ခင်ဗျားသိလား ကျုပ်တို့နှစ်ယောက်အကြား ဆက်နေတဲ့ ကြိုးမျှင်ကို ကျုပ် အချိန်မရွေး ဖြတ်လိုက်လို့ ရတယ်” ရတနာလေးက သူ့ဓားကို ကောက်လိုက်ပြီး ထိုအခိုက်အတန့်တွင် ကံကြွေးကို ဖြတ်တောက်နိုင်သည့်စွမ်းအား သူ့တွင် ရှိနေဟန်တူ၏။

သူသာ အမှန်တကယ် ဖြတ်တောက်လိုက်လျှင် နဝမမန္တန်ပြီးမြောက်သွားလျှင်တောင်မှ မန်ဟို့အနေဖြင့် ၎င်းအား ထိပင်ထိနိုင်မည်မဟုတ်ပေ။

မန်ဟိုသည် တိတ်ဆိတ်စွာ ရပ်နေ၏။

ရတနာလေးက သူ့ဇနီးအား ဝမ်းနည်းကြေကွဲစွာ လှမ်းကြည့်သည်။ အတန်ကြာသော် သူ့ဓား လှုပ်ရှားလာ၏။ ကံကြွေးမျှင်ကို မဖြတ်တောက်ဘဲ သူကား သစ်သားကို စထွင်းထုဆစ်တော့သည်။

သူသည် သူ၏အသက်စွမ်းအားအလုံးစုံကို ထည့်သွင်းနေသကဲ့သို့ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ထုဆစ်နေ၏။ တဖြည်းဖြည်း သူ့အနောက်၌ အဋ္ဌမလူဝင်စား ပေါ်လာသည်။ ထို့နောက် သတ္တမ၊ ဆဋ္ဌမ၊ ပဉ္စမ... ပထမအထိ တစ်လျှောက်လုံး။

လူဝင်စားကိုးယောက်သည် ခန္ဓာကိုယ်တစ်ကိုယ်တည်းတွင် ဝင်ရောက်လျက် ဓားကို အတူတကွထိန်းချုပ်နေကြရာ နဝမမန္တန်၏ နောက်ဆုံးချုပ်စည်းအား တစတစပုံပေါ်လာစေ၏။ အပြင်၌ မိုးထစ်ချုန်းသံများ ဆူညံနေသည်။ မိုးကောင်းကင်သည် ဒေါသထွက်နေပုံရပြီး ၎င်း၏ဟိန်းဟောက်သံများက ကမ္ဘာလောကတစ်ခွင် ပြည့်နှက်နေသည်။ လေများ တဝေါဝေါ တိုက်ခတ်လာပြီး နှင်းများက မြေပြင်များကို ရိုက်ခတ်နေသည်။

ထိုအခိုက်၌ ရတနာလေး၏ဓား ရွေ့လျားနေခြင်း ရပ်တန့်သွားသည်။ သစ်သားရုပ်ကား ကိုးဆယ့်ကိုးရာခိုင်နှုန်း ပြီးမြောက်သွားချေပြီ။ နောက်ဓားချက်တစ်ချက်သာ လိုအပ်တော့သည်။

“တစ်ခါမှ မထိတွေ့ကြည့်ခဲ့ဖူးတဲ့ တစ်စုံတစ်ခုကို ပြီးပြည့်စုံအောင် လုပ်ဖို့ ခက်တယ်...” သူက ခပ်တိုးတိုး ရေရွတ်သည်။ ချက်ချင်းပင် သူ၏ဝိညာဉ်နှင့် လူဝင်စားရှစ်ယောက်၏ ပုံရိပ်များသည် မိုးကောင်းကင်သို့ ပျံတက်သွားကြပြီး လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ခံစားဖို့ မိုးကောင်းကင်အား ထိတွေ့လိုက်၏။

ပထမဆုံးအကြိမ်အနေဖြင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒမှာ တုန်ရီသွားသည်။

ပထမဆုံးအကြိမ်အနေဖြင့် ၎င်းသည် ကြောက်လန့်သွား၏။

ထို့နောက် ပထမဆုံးအကြိမ်အနေဖြင့် .... နောက်ဆုတ်သွားလေပြီ။

ထိုသို့ လောကပါလနတ်မင်း၏အရှိန်အဝါအား ဆုတ်ခွာသွားစေသောအရာကား လူဝင်စားရှစ်ယောက်အသွင်ဖြင့် ရတနာလေး၏အရှိန်အဝါပင်။ ၎င်းသည် ကောင်းကင်ချုပ်နှောင်ခြင်းအရှိန်အဝါလည်း ဖြစ်၏။

ထိုအရှိန်အဝါက ပြီးပြည့်စုံသောချုပ်စည်းကိုးခု၏ ရလဒ်ဖြစ်သည်။ ပေါင်းစည်းပြီးနောက် ၎င်းတို့ကား ... စစ်မှန်သော ကောင်းကင်ချုပ်နှောင်မန္တန်ကို ဖော်ဆောင်လိုက်ချေပြီ။

၎င်းသည် ပေါ်လာလျှင်ချင်း မိုးနှင့်မြေအား လွှမ်းခြုံစိုးမိုးသွား၏။ လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်၌ မည်သည့်နေရာကိုမဆို စိုးမိုးမင်းမူနေခဲ့သော လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် ယခုတွင် တုန်လှုပ်နေပြီး ၎င်း ခံစားနေရသည့် အကြောက်တရားသည် ပို၍သာကြီးထွားလာနေ၏။ မိုးထစ်ချုန်းသံများ တဂျုန်းဂျုန်းမြည်ဟည်းနေပြီး တိမ်တိုက်များ အုံကြွနေသည်။ လောကပါနတ်မင်း၏စိတ်ဆန္ဒကား ထွက်ပြေးဖို့ အမှန်တကယ် ဖိအားပေးခံနေရသည့်အလားပင်။

၎င်းသည် ပထမမြေထုမှ နှင်ထုတ်ခံလိုက်ရ၏။ မြေပြင်များ၏အပြင်သို့ တွန်းထုတ်ခံလိုက်ရ၏။ ကောင်းကင်ချုပ်နှောင်မန္တန်သည် အစတုန်းက အားနည်းပုံပေါ်ခဲ့သော်လည်း ယခုတွင် ကျန်မန္တန်များထက် ပို၍အဆင့်မြင့်မားနေချေပြီ။ အမှန်တွင် ... ၎င်းက လောကပါလနတ်မင်း၏စိတ်ဆန္ဒထက်ပင် အဆင့်တစ်ဆင့် မြင့်မားသည်။ မန္တန်သည် စိတ်ဆန္ဒကိုပင် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားစေသော စွမ်းအားတစ်ရပ်ဖြစ်၏။

ဤသည်ကား မန်ဟို၏နဝမမန္တန်၊ ကောင်းကင်ချုပ်နှောင်မန္တန်ပင်။

“ခံစားလိုက်ရပြီ” ရတနာလေးက ပြုံးလျက် ပြောသည်။ သူ မျက်လုံးများကို ဖွင့်လိုက်၏။ ကျန်လူဝင်စားအားလုံးလည်း ပြုံးလိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် အတူတကွပေါင်းစည်းလျက် အလင်းတန်းအသွင်ဖြင့် အောက်သို့ပျံဆင်းသွားကြကာ ဂူထဲ ဝင်၍ ရတနာလေး၏ကိုယ်ထဲ ဝင်ရောက်သွားကြ၏။ ထို့နောက် ရတနာလေးက နောက်ဆုံးဓားချက်ဖြင့် သစ်သားရုပ်ကို ထွင်းရန် ဓားအား မြှောက်သည်။

ဂျိန်း

ဓားသည် သစ်သားကို လှီးလိုက်ပြီး ရုပ်တုကား ပြီးမြောက်သွားချေပြီ။

နဝမမန္တန်၏ ချုပ်စည်းကိုးစည်း။ ကောင်းကင်ချုပ်နှောင်မန္တန်ကား ... ဤအခိုက်အတန့်တွင် ပြီးမြောက်ပြည့်စုံသွား၏။ လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ခါလာသည်။ လေဆင်နှာမောင်းတစ်လုံးက အာကာပြင်ကျယ်ဂြိုဟ်ကို ဗဟိုပြုလျက် တိုက်ခတ်သွား၏။ ၎င်းသည် အရာအားလုံးကို ဖုံးလွှမ်းရင်း ပြန့်ကားကြီးမားလာလေသည်။

ထိုအခိုက်တန့်၌ ပထမမြေထုကို ကာရံထားခဲ့သော အတားအဆီးသည် အက်ကွဲစပြုလာ၏။ တခဏကြာသော် တုန်ခါလှိုင်းလုံးကြီးတစ်လုံးအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လျက် ပေါက်ကွဲသွားတော့သည်။

ပထမမြေထုအပေါ်ရှိ နှင်းများသည် ချက်ချင်း အရည်ပျော်၍ အငွေ့များအဖြစ် လေပေါ် မြောက်တက်သွားကြ၏။ ထို့နောက် အငွေ့များမှာ လေ၏အဝှေ့တွင် ပျောက်ကွယ်ကုန်ကြလေသည်။

မြေပြင်များ ပုံမှန်ပြန်ဖြစ်လာသည်။ လွင်ပြင်များ ပြန်ပေါ်လာသည်။ တောင်တန်းများ မတ်မတ်ရပ်ကုန်ကြ၏။ မြို့များလည်း ပြန်ပေါ်လာကြသည်။ ပထမဂိုဏ်းကိုပင် ပြန်မြင်ရလေသည်။

တစ်ချိန်တည်းမှာပင် မဖော်ပြနိုင်သောစွမ်းအားတစ်ရပ်က လွင်ပြင်များထက်၌ မြက်များ ပေါ်လာစေသည်။ တောအုပ်များထဲရှိ ခြောက်ကပ်သေဆုံးနေသည့် သစ်ပင်များလည်း ပြန်လည်ရှင်သန်လာကြကာ တောတောင်အားလုံး စိမ်းလန်းစိုပြေလာကြ၏။

All Chapters