မှော်သစ်စေ့တပ်သား
Vol. 75 Ch. 1047
ကျောက်တံခါးကြီး၏ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသော အပိုင်းအစများက မန်ဟို့ကို ထိမှန်သည်။ လွင့်စင်နေသောကျောက်အစအနများ၏အလယ်တွင် သရဲမျက်လုံးသည် စူးစူးဝါးဝါးအော်ဟစ်ရင်း ပြေးဝင်လာ၏။ ၎င်းကား သူ့ကို စားပစ်ချင်သည့်အလား၊ ပူးကပ်ပစ်ချင်သည့်အလားပင်။
ကျောက်သားအခန်းအတွင်းမှ ခပ်စိမ့်စိမ့်လေအေးတစ်ချက်ကလည်း တိုးဝှေ့တိုက်ခတ်လာသည်။ မန်ဟိုသည် နတ်ဘုရားအာရုံမြင်ကွင်းမှတစ်ဆင့် အထဲ၌ ဆောင်းတွင်းအလား ဆီးနှင်းများ ဖုံးနေသည်ကို မြင်လိုက်ရ၏။ ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာတော့ ဆီးနှင်းများက အစိမ်းရောင်ဖြစ်နေခြင်းပင်။
“အဆိပ်ရှိတယ်” မန်ဟိုမှာ ရှင်ခြင်းသေခြင်းမန္တန်အားပျော့သွားခြင်းကြောင့် အတန်ငယ် အံ့အားသင့်သွားလေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူသည် ဣန္ဒြေပြန်ဆည်လိုက်ပြီး မျက်လုံးများ တလက်လက်တောက်ပနေလျက် မရှောင်ဘဲ သူ့လက်ကို အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် သူ၏အင်မော်တယ်အကြောများသည် လှုပ်ရှားလာပြီး အင်မော်တယ်စွမ်းအားပေါ်ထွက်လာသည်။ ကျောက်တံခါးက ဝုန်းခနဲ အစိတ်စိတ်အမြွှာမြွှာကြေမွ ပြာကျသွားလေပြီ။ သို့သော် ၎င်း လွင့်ပျယ်မပျောက်ကွယ်ခင် သရဲမျက်လုံးကို ဗဟိုပြုလျက် လည်နေသော လေပွေတစ်ခုပမာ ဖြစ်လာသည်။
လေက အရာရာတိုင်းကို ဖျက်စီးပစ်တော့မည့်အလား သရဲမျက်လုံး၏ပတ်ပတ်လည်တွင် တဝေါဝေါ အော်မြည်နေသည်။ လေတွင် အင်မော်တယ်နယ်ပယ်အထွတ်အထိပ်ကိုပင် ကိုင်လှုပ်နိုင်သော မန်ဟို၏အင်မော်တယ်စွမ်းအားများ ပြည့်နှက်နေသည်မဟုတ်ပါလော။
၎င်းမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည့်အတွက် စကားလုံးများဖြင့် မဖော်ပြနိုင်ခင် ပြီးဆုံးသွားခဲ့လေပြီ။ မျက်စိတစ်မှိတ်အတွင်း လေပွေသည် သရဲမျက်လုံးကို ဝန်းရံလိုက်၏။ တုံ့ပြန်သည့်အနေဖြင့် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်က အလင်းတန်းသဖွယ်မဟုတ်ဘဲ အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်သော ရောင်ခြည်တော်စက်ဝန်းသဖွယ် သရဲမျက်လုံးထံမှ ထွက်လာသည်။
အလင်း လေပွေကို ထိလျှင် လေပွေသည် လျင်မြန်စွာ အားနည်းသွား၏။ တခဏကြာသော် သရဲမျက်လုံးက စူးစူးဝါးဝါးအော်ရင်း မန်ဟို့အနား ချဉ်းကပ်လာသည်။
“စိတ်ဝင်စားစရာပဲ” သူက တွေးသည်။ သူသည် ရှင်ခြင်းသေခြင်းမန္တန် အားနည်းလာနေကြောင်း ခံစားနေရသော်လည်း တကယ်တော့ ၎င်းကို အာရုံမရှိဘဲ သရဲမျက်လုံး မည်မျှသန်မာသလဲ ကြည့်ချင်၍သာ မန္တန်စွမ်းအားကို ဖြည့်ပေးနေသည်။
သရဲမျက်လုံး အနားသိပ်မကပ်လာနိုင်ခင် မန်ဟိုက ရှေ့တစ်လှမ်းတက်၍ လက်မြှောက်လိုက်သည်။ သူ လက်သီးဆုပ်၍ ထိုးလိုက်သဖြင့် လေပြင်းတစ်ချက် ဆောင့်တိုက်သွား၏။ ၎င်းက သာမန်လက်သီးဟု ထင်ရသော်လည်း တကယ်တမ်း မန်ဟို့ အစစ်အမှန်အင်မော်တယ်ခန္ဓာကိုယ်နှင့် သူ့အင်မော်တယ်အကြော ၁၂၃ ကြော၏ အင်အားစုပေါင်းနေခြင်းဖြစ်သည်။
လက်သီး ပြေးဝင်လာသည့်အခါ သရဲမျက်လုံးက အော်သည်။ ၎င်းမှာ ရှောင်ချင်သော်လည်း လှုပ်မရပေ။ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လက်တံကြီးအားက ဝှေ့ယမ်းရင်း ၎င်းအရှေ့၌ အကာအကွယ်တစ်ခု ဖန်တီးရန်သာဖြစ်သည်။ တစ်ပြိုင်တည်းမှာပင် တစ်ချိန်လုံး ပွင့်နေခဲ့သော သရဲမျက်လုံးကား ယခုပိတ်သွားလေပြီ။
လက်တံများမှာ နွမ်းခြောက်နေသော မြက်ခြောက်များသဖွယ် အလွယ်တကူ ဖျက်စီးခံလိုက်ရသဖြင့် အံ့မခန်းလိလိ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ သရဲမျက်လုံးသည် တုန်ခါသွားပြီး နောက်လွင့်ထွက်သွား၏။ ၎င်း၏စွမ်းအင်မှာ ထိုးကျသွားပြီး ၎င်းသည်လည်း အားနည်းမှေးမှိန်စပြုလာသည်။ အထဲရှိ အနက်ရောင်မှင်စာမှာတော့ ပို၍ထင်ရှားလာသည်။
တခဏကြာသော် သရဲမျက်လုံးမှာ လုံးလုံးလျားလျား ပြိုကွဲသွားတော့သည်။ သို့သော် အနက်ရောင်အခွံနှင့်မှင်စာက နည်းနည်းလေးမှ မထိခိုက်လိုက်။ ၎င်းက စူးစူးဝါးဝါးအော်၍ ပါးစပ်ကို ဟရင်း ချွန်ထက်သောသွားများအား ဖော်ပြကာ မန်ဟို့အပေါ် ခုန်အုပ်သည်။
“ဟင်” မန်ဟိုက ပြောလိုက်သည်။ သူသည် သရဲမျက်လုံးမှာ ဝိညာဉ်အင်မော်တယ်ကျောက်တုံးများစွာကို စားခဲ့ပြီး အသွင်ကူးပြောင်းလာပြီးနောက် ယခုလို နတ်ဘုရားစွမ်းရည်တစ်မျိုး ပိုင်ဆိုင်သွားကြောင်း သဘောပေါက်လိုက်သဖြင့် သူ့အမူအရာမှာ စိတ်လှုပ်ရှားနေသောပုံစံ ပြောင်းသွားတော့သည်။ ၎င်းက သူ့လက်သီးတစ်ချက်အားကိုပင် တောင့်ခံနိုင်လေသည်။
အနက်ရောင်အခွံနှင့် မှင်စာ ချဉ်းကပ်လာစဉ် မန်ဟို့မျက်လုံးများ ဝင်းလက်သွားသည်။ သူက မရှောင်ဘဲ ၎င်းကို သူ့အနား ရောက်လာစေသည်။ ထို့နောက် ၎င်း သူ့ထံ ရောက်သောအခါ မှင်စာသည် ပုံရိပ်ယောင်ဖြစ်နေသည့်အလား သူ့ခန္ဓာကိုယ်ထဲ ဝင်ကာ သူနှင့် ပေါင်းစည်းသွား၏။
တစ်ဆက်တည်းမှာပင် ကြီးမားသော ပူးကပ်ခြင်းအားတစ်ရပ်က သူ့ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
“ဆိုတော့ ဒီလိုကိုး” သူက မျက်လုံးများ အေးစက်စက် တောက်ပနေလျက် တွေးလိုက်သည်။ သူသည် သူ့ကိုယ်ထဲ၌ အနက်ရောင်အခွံနှင့် မှင်စာ သူ့ဝိညာဉ်ကို ဖျက်စီး၍ သူ့ခန္ဓာကိုယ်ကို အပြည့်အဝ ပူးကပ်နိုင်အောင် ကြိုးစားနေကြောင်း ခံစားနေရ၏။
စွမ်းအားက ရပ်တန့်ရန် မဖြစ်နိုင်သည့်အလား လွှမ်းမိုးစီးနင်းနေသည်။ သို့သော် မန်ဟို့မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်စအား မြင်ရနိုင်သည်။ ယခုတွင် သူသည် အနက်ရောင်အခွံနှင့်မှင်စာက ဘာဆိုသည်ကို သိလိုက်ပြီဖြစ်၍ ထပ်မံမစမ်းသပ်လိုတော့ပေ။ သူက အေးစက်စက် နှာမှုတ်လိုက်ရာ အားနည်းနေသော ရှင်ခြင်းသေခြင်းမန္တန်ဖြစ်သည့် မှော်သင်္ကေတက သူ့နဖူးထက်တွင် ပေါ်လာသည်။ ရုတ်တရက် ၎င်းက တည်ငြိမ်သွား၏။ မဖြစ်စလောက် အနက်ရောင်အခွံနှင့်မှင်စာက ရှင်ခြင်းသေခြင်းမန္တန်၏ ပြုစားမှုကို မည်ကဲ့သို့ အမြဲအားနည်းနိုင်စေမည်နည်း။
ရှင်ခြင်းသေခြင်းမန္တန် တည်ငြိမ်သွားသည်နှင့် မချိတင်ကဲအော်သံတစ်သံ ထွက်လာသည်။ အနက်ရောင်အခွံနှင့်မှင်စာမှာ မန်ဟို၏ဆွဲထုတ်ခြင်းခံလိုက်ရသဖြင့် တုန်ရီသွားတော့သည်။ ယခုတွင် ၎င်းက စူးစူးဝါးဝါးအော်ဟစ်နေပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် အသနားခံနေသော မျက်နှာထားဖြင့် သူ့အရှေ့တွင် ဒူးထောက်နေလေသည်။
“အသိစိတ်ရှိသွားတာ ထင်တယ်” သူက ရေရွတ်လိုက်ပြီး မှင်စာထံသို့ လက်ကို ဝှေ့ယမ်းလိုက်သည်။ ၎င်းမှာ အာမခံရဲသဖြင့် မန်ဟို့လက်ဝါးထက် ပြေးဝင်သွားသော အလင်းတန်းအသွင်ပြောင်းပြီးနောက် အနက်ရောင်ပဲစေ့ပုံစံ သစ်စေ့တစ်စေ့ဖြစ်လာသည်။
၎င်းသည် ဆေးလုံးနှင့်တူသည့်တိုင် ဆေးရနံ့မရှိပေ။ ထိုမျှသာမက ၎င်းအတွင်းတွင် အသက်စွမ်းအားတို့ သက်ဝင်နေသယောင်ပင်။ မန်ဟိုက ၎င်းကို လက်ချောင်းများဖြင့် ခပ်ကြမ်းကြမ်း ဖြစ်ညစ်လိုက်သော်လည်း ထိခိုက်မှုတစ်စုံတရာမရှိ။ ၎င်းက ဒူပေနာပေခံပုံရသည်။
သူ့စွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းကို သုံးလိုက်သည့်နောက်တွင်မှ အနက်ရောင်သစ်စေ့သည် တုန်ရီစပြုလာ၏။ အက်ကြောင်းများ ၎င်းမျက်နှာပြင်တစ်လျှောက် ပြေးလွှားသွားစဉ် နတ်ဘုရားစိတ်ဆန္ဒအမျှင်တစ်မျှင်က ကြောက်ကြောက်လန့်လန့်ထွက်လာကာ အသက်ချမ်းသာပေးဖို့ တောင်းပန်လေသည်။
မန်ဟိုက တခဏ စဉ်းစားပြီးသော် ဖြစ်ထားသည်ကို လျှော့၍ အနက်ရောင်သစ်စေ့အား သူ့သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ နောက်ဆုံးတွင် သူက ကြီးမားသောမျှော်လင့်ချက်များဖြင့် ကျန်ကျောက်ဂူနှစ်ဂူကို ကြည့်လိုက်သည်။
“အင်မော်တယ်နယ်ပယ်အထွတ်အထိပ်နဲ့ ညီမျှတယ်တဲ့လား ဟမ်... ပြီးတော့ အသိစိတ်လည်း ရှိတယ်။ အဲဒီလိုဆိုတော့ သူတို့ ဆက်လက်ကြီးထွားဖွံ့ဖြိုးလာနိုင်ခြေ များတာပေါ့
“အနက်ရောင်အခွံမှင်စာတစ်ကောင်ကတင် အနက်ရောင်အခွံ သရဲမျက်လုံးချေးပိုးထိုးဆယ်ကောင်ထက် အများကြီးအစွမ်းထက်နေပြီ။ အသွင်ကူးပြောင်းသွားတဲ့ အကြောင်းရင်းတစ်ခုလုံးက အဲဒီဝိညာဉ်အင်မော်တယ်ကျောက်တုံးတွေကြောင့်ပဲ
“ငါသာ ဒီသစ်စေ့နက်မှင်စာတွေကို ထပ်ရလိုက်ရင် တစ်ဒါဇင်လောက်ပဲဆိုရင်တောင်...” အင်္ကျီလက်စတစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ အစေ့နက်များ ပျံထွက်သွားသည့်မြင်ကွင်းကို မြင်ယောင်ရင်း မန်ဟို့မျက်လုံးများမှာ တဖိတ်ဖိတ်လက်လာတော့သည်။ အနက်ရောင်အခွံမှင်စာအဖြစ် ပြောင်းပြီးနောက် ၎င်းတို့အနေဖြင့် သူ့ရန်သူများ ပူးကပ်ပြီး တိုက်ပွဲတွင် ကူညီပေးနိုင်လိမ့်မည်။
“မှော်သစ်စေ့တပ်သားတွေ” သူက မျက်လုံးများ လင်းလက်နေတော့သည်။ ထို့နောက် သူသည် ကျန်ကျောက်ဂူနှစ်ဂူထံသို့ နတ်ဘုရားအာရုံပို့လွှတ်လိုက်သည်။ တစ်ခန်းတွင် အနက်ရောင်အခွံနှင့်သရဲမျက်လုံးချေးပိုးထိုးများသည် လောလောဆယ်တွင် တစ်ယောက်ကိုတစ်ကောင် ဝါးမြိုနေကြ၏။ ကျန်တစ်ခန်းတွင်မူ အိပ်စက်နေသော ချေးပိုးထိုးတစ်ကောင်သာ ကျန်တော့သည်။
သိပ်မကြာခင် သစ်စေ့နက်မှင်စာနှစ်ကောက် ကျောက်ဂူထဲမှ ထွက်လာတော့မည်ဖြစ်ကြောင်း မန်ဟို အာရုံရလိုက်သည်။
သူသည် တစ်ယောက်တည်း တီးတိုးတီးတိုးရေရွတ်ရင်း နောက်ထပ်ချေးပိုးထိုးငါးကောင်ကို ထုတ်ကာ ပျက်စီးသွားသောတံခါးနှင့်ဂူထဲ ထည့်ပြီးနောက် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများ ကျွေးလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးအပျက်နေရာ၌ တလက်လက်တောက်ပနေသော ဒိုင်းတစ်ခုအား ပေါ်လာစေ၏။
ဤအခိုက်တွင် ရုပ်သေးကောင်လေးသည် ရေပြင်နှင့် အကာအကွယ်ကို ဖြတ်ပြီး အိမ်ထဲ ဝင်လာသည်။ သူက မန်ဟို့ကို လက်ယှက်အရိုအသေပေးပြီးနောက် သိုလှောင်အိတ်တစ်လုံး ကမ်းပေးလေသည်။
မန်ဟိုမှာ ချက်ချင်း အင်မတန် စိတ်လှုပ်ရှားသွားပုံရပြီး သရဲမျက်လုံးကိစ္စကို ဘေးပို့လိုက်သည်။ သူက သိုလှောင်အိတ်ကို ယူ၍ စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။ ဝိညာဉ်ကျောက်တုံးများနှင့် အင်မော်တယ်ကျောက်စိမ်းများက ယခင်ပမာဏနှင့်ယှဉ်လျှင် သိသိသာသာ နည်းနေလေသည်။
မှန်ပါသည်၊ ဘာမှမပါသည်ထက်စာလျှင်တော့ တော်သေးသည်။ ယခင်ထက် နည်းနေသော်လည်း များတော့များသေးသည်။ မန်ဟိုက လက်ကို ဝှေ့ယမ်းရင်း ရုပ်သေးကောင်လေးကို ပြန်လွှတ်ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ပါရာဂွန်သွေးကို ပွားဖို့ ကြေးမုံအား သုံးပြန်တော့သည်။
အချိန်များ ကုန်လွန်သွားသည်။ ကြေးမုံနှင့် ထိုင်ပွားနေသော မန်ဟို့ဘဝက ပြန်စနေလေပြီ။ သူ့မျက်လုံးများမှာ နီရဲနေပြီး သူ့မှာ အဆက်မပြတ် ဆဲဆိုနေသည်။ ကြေးမုံ၏ ဝိညာဉ်ကျောက်တုံးစားနိုင်စွမ်းနှင့် ၎င်းနှင့်အတူ လိုက်ပါလာသော နာကျင်မှုကို သူ ထုံသွားလိမ့်မည် တွေးထားခဲ့သော်လည်း မထူးရေးချ မထူးပင်။
ကံကောင်းထောက်မစွာနှင့် ပါရာဂွန်သွေးပုလင်းအရေအတွက်လည်း များလာသည်။ တစ်ပတ်ကြာသော် သူ့တွင် ပုလင်းရှစ်ဆယ်ရှိနေလေပြီ။
ထိုအချိန်အတောအတွင်း သူသည် ရုပ်သေးကောင်လေးအား ဆယ်ကြိမ်ကျော် လွှတ်ခဲ့၏။ အကြိမ်တိုင်း သူ့မှာ နည်းသထက်နည်းလာသော ပမာဏဖြင့် ပြန်ရောက်လာခဲ့သည်။ အခုတွင် မန်ဟိုတစ်ယောက် ခေါင်းမော့၍ အသက်ဝဝရှူလိုက်စဉ် ရုပ်သေးကောင်လေး ပြန်ရောက်လာပြန်သည်။
ကံဆိုးစွာနှင့် ဤတစ်ခေါက်တွင်တော့ ရုပ်သေးကောင်လေးတွင် ကျောက်စိမ်းပြားတစ်ပြားသာ ပါလာသည်။
မန်ဟိုသည် ကျောက်စိမ်းပြားကို မြင်လျှင် ခါးသီးစွာ ပြုံးလိုက်၏။ တစ်ခုခုဖြစ်နေခဲ့ကြောင်း ခံစားထားရပြီးဖြစ်၍ သူက ကျောက်စိမ်းပြားကို ကောက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရင်း လင်းယွင်ကျစ်၏ ဒေါသတကြီးအော်သံကို ကြားသောအခါ အံ့ဩမနေတော့ပေ။
“ထပ်မရတော့ဘူး။ မင်း ဝိညာဉ်ကျောက်တုံးတွေအကုန်လုံး ဘာများလုပ်ပစ်လဲ ကောင်လေး၊ စားပစ်တာလား။ ဒါမှမဟုတ် အပျင်းပြေ ချိုးပစ်နေတာများလား။ လဝက်ပဲ ရှိသေးတယ် မင်း ဝိညာဉ်ကျောက်တုံးနဲ့ အင်မော်တယ်ကျောက်စိမ်း ဘယ်လောက်ယူပြီးပြီလဲ သိလား ဟမ်
“ကိုးပင်လယ်နတ်လောကက အင်မော်တယ်ကျောက်စိမ်းနဲ့ ဝိညာဉ်ကျောက်တုံးတွေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းခဲ့ရတာကွ။ မင်းက ဆယ်ရာခိုင်နှုန်းတောင် ဖြုန်းပြီးသွားပြီ
“လခွမ်း။ ဂိုဏ်းရဲ့အရင်းအမြစ်အားလုံးကို မင်း ရယူနိုင်တယ်လို့ ငါပြောခဲ့ပေမယ့်… မင်း အခုလို မွဲအောင်လုပ်နေတာကိုတော့ သည်းမခံနိုင်ဘူး။ ထပ်မရတော့ဘူး။ လေဟုန်ခွင်းလောကမဖွင့်မချင်း မရဘူး ကြားလား”
မန်ဟိုမှာ အတန်ငယ် နေရခက်နေသည်။ ကျောက်စိမ်းပြားတွင် နတ်ဘုရားအာရုံသာ ပါပြီး လင်းယွင်ကျစ်ကိုယ်တိုင် ရောက်မလာခဲ့သော်လည်း သူ့အပြင် ဘွားဘွားကိုးနှင့် နတ်ဆရာသခင်တို့ မည်မျှစိတ်တိုနေမည်လဲ မြင်ယောင်ကြည့်နိုင်လေသည်။
“ကျုပ်လည်း ဝိညာဉ်ကျောက်တုံးတွေကို ဒီလောက်ဖြုန်းပစ်ချင်ပါ့မလား” သူက ငြီးတွားလိုက်သည်။ “ကျုပ်လည်း ရင်နာရတာပဲ” သူ့မှာ ဝိညာဉ်ကျောက်တုံးနှင့် အင်မော်တယ်ကျောက်စိမ်းများ ဖြုန်းနေရသည့်အတွက် အမှန်အကန် နာကျင်နေရသည်။ တကယ်တော့ သူ မည်မျှဖြုန်းခဲ့သလဲ မတွက်ကြည့်ခဲ့ခြင်းမှာ မတွက်နိုင်၍မဟုတ်ဘဲ ရင်နာလွန်းသဖြင့် သူ အသက်ထွက်သွားမည်ကို စိတ်ပူသည့်အတွက်ကြောင့်ပင်။
“ဆယ်ရာခိုင်နှုန်းလေးပဲ ရှိသေးတာကို။ ကိုးပင်လယ်နတ်လောကက အင်အားကြီးပေမယ့် ကပ်စေးနည်းလိုက်တာ” သူက လည်ချောင်းရှင်းရင်း လင်းယွင်ကျစ်၏စာကို ဆက်လက်စစ်ဆေးလိုက်သည်။
“မင်း မယုံဘူးမလား ကောင်လေး။ ဆယ်ရာခိုင်နှုန်းက သိပ်မများဘူးထင်နေတယ်မလား။ ဒီမှာ ငါပြောပြမယ် ချာတိတ် ငါတို့အဖွဲ့အနေနဲ့ ကိုးပင်လယ်နတ်လောကရဲ့ ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ် စုစုပေါင်းလေးဆယ်ရာခိုင်နှုန်းပဲ သုံးစွဲခွင့်ရှိတယ်။ မိစ္ဆာကျင့်ကြံသူအုပ်စုက သုံးဆယ်ရာခိုင်နှုန်းထိန်းချုပ်ထားတယ်။ ကျန်နှစ်ဖွဲ့ကတော့ ဆယ့်ငါးရာခိုင်နှုန်းစီ
“မင်း ထပ်လိုချင်ရင်တော့ ငါတို့ မပေးနိုင်တော့ဘူး။ ရွှေဂိတ်ကျောက်တိုင်စမ်းသပ်ပွဲတွေကို သွားစိန်ခေါ်ချည်။ အဲဒီမှာ ဆုလာဘ်တွေ ရအောင်လုပ်။ မင်းက အက်ရှလွန်ထဲကဆိုတော့ သူများထက်ပိုပြီး နှစ်ဆကျော်လောက် ရနိုင်တယ်။ မင်း အဲဒီဆုလာဘ်တွေကို ရရင် ကုန်ကျစရိတ်တွေကို အဖွဲ့အသီးသီးက မျှခံရမှာ
“မင်း ကျွမ်းရင်တော့ နောက်နှစ်လနဲ့ တစ်ဝက်အတွင်း ကိုးပင်လယ်နတ်လောကရဲ့ အရင်းအမြစ်အကုန်လုံးကို အပြောင်ရှင်းပစ်နိုင်တယ်။ အနည်းဆုံးတော့ နစ်နာတာက ငါတို့အဖွဲ့တင် မဟုတ်ဘူးပေါ့” လင်းယွင်ကျစ်က နောက်ဆုံးစကားလုံးများကို အံကြိတ်ထားသည့်ကြားမှ ပြောလိုက်ခြင်းဖြစ်သည်။ သိသိသာသာပင် ယခင်လဝက်မှာ သူ၊ ဘွားဘွားကိုးနှင့် နတ်ဆရာသခင်တို့အတွက် ခေါင်းခဲစရာကြီးဖြစ်ခဲ့ကြောင်း သိသာသည်။
မန်ဟိုသာ အက်ရှလွန်ထဲတွင် မပါလျှင် သူတို့ သူ့ကို ဖမ်းပြီး ကြိတ်စက်ထဲ ထည့်ပစ်လိုက်သည်မှာ ကြာလေပြီ။
မန်ဟိုမှာ ကျောက်စိမ်းပြားထဲမှ နတ်ဘုရားအာရုံကို ပြန်ဆင့်ခေါ်ကာ မျက်မှောင်ကြုတ်သွားသည်။ သူက ကြေးမုံကို တစ်လှည့်၊ သူ၏ ပါရာဂွန်သွေးပုလင်း (၈၀) ကိုတစ်လှည့် ကြည့်လိုက်သည်။
“ငါ ပုလင်းနှစ်ဆယ်လိုသေးတယ်” သူ့မျက်လုံးသည် ကြောက်စရာကောင်းသော အလင်းရောင်နၑှင့် အစွဲကြီးမှုတို့ဖြင့် တောက်ပလာသည်။ ပါရာဂွန်သွေးကို ပြည့်ဝအောင် လုပ်ဖို့အတွက်နှင့် နိဗ္ဗာနသစ်သီးများကို အောင်အောင်မြင်မြင် စုပ်ယူဖို့အတွက် မန်ဟိုသည် ဓားပြတိုက်ရန်ပင် တွေးနေတော့သည်။
“ငါ စမ်းသပ်ပွဲတွေကို သွားစနည်းနာသင့်တယ် ထင်တယ်" ထို့နောက် သူက အံတင်းတင်းကြိတ်၍ ထရပ်ကာ အိမ်အပြင်သို့ လမ်းလျှောက်ထွက်လာသည်။
သူ အပြင်သို့ ရောက်လျှင်ချင်း စည်းချက်ဝါးချက်ညီညီ ဆိုနေသော သီချင်းသံအား ရေကန်မှာ ကြားလိုက်ရ၏။
“လာ လာ သခင်ငါးနဲ့ အတူဆိုမယ်။ ကီးမကြောင်စေနဲ့နော် ကဲ စပြီ။ ငါဟာ ငယ်ငယ်တုန်းက ကလေးဆိုးလေး၊ ငါဟာ ပင်လယ်စာသေးသေးလေး လာလာလာလာ ပင်လယ်စာ ဒိုဘီဒိုဘီဒိုဘီဒီုးးးးးးးး .... ပင်လယ်စာ”
***