ကောင်းကင်တာအိုပြောင်းလဲရခြင်းအကြောင်းအရင်း
Vol. 159 Ch. 2217
လက်ထောက်လေးသည် သူမအတွက် ဟောပေးနေချင်သဖြင့် ရှီမာယူယူ သည် ဘာမှမမေးတော့ဘဲ ခေါင်းညိတ်ကာ သူ တစ်ခုချင်းစီထုတ်နေသည်ကို ကြည့်နေလိုက်သည်။
သူ၏ လက်ချောင်းများသည် လိပ်ခွံကိုပွတ်သပ်နေသည်ကို ရှီမာယူယူ သည် လက်တစ်ဖက်ဖြင့် မေးထောက်ကာ ကြည့်နေသော်လည်း သူဘာလုပ်နေ သည်ကို မသိတော့ပေ။ လက်ထောက်လေး ဂမ္ဘီရဉာဏ်ဖြင့်ဖတ်သည်ကို မြင်ဖူး သည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုအချိန်တွင် သူတော်စင် များသည် အလွန်အားကောင်းသည်ဟု တွေးမိသည်။ သူတို့သည် အနာဂတ်တွင် မည်သို့ဖြစ်မည်ကို ခန့်မှန်းဟောကိန်းထုတ်နိုင်ကြသည်။
ခဏအကြာတွင် လက်ထောက်လေးသည် ပစ္စည်းများကို သိမ်းကာ သူမ ကို ပြုံးပြလေသည် “ကံကောင်းပါစေ”
“ဘာတဲ့လဲ” ထို့နောက် ရှီမာယူယူ သူ့ကိုမေးလိုက်သည်။
“နောက်နှစ်တွေမှာ အစ်မရဲ့ကံက ချောမွေ့နေမယ် ဘေးအန္တရာယ်မရှိ သလို ကပ်ဘေးလည်းမရှိဘူး… နှစ်နည်းနည်းလောက်တော့ နားလို့ရသေး တယ်” လက်ထောက်လေး ပြောလိုက်သည်။
သူ ဘာမှမလုပ်ရသေးသော်လည်း သူမလိုချင်သည့်အဖြေကို ပေးခဲ့၏။
သူမသည် သူမ၏တစ်ဘဝလုံးတွင် ပင်ပန်းနေခဲ့ကာ ပုံမှန်အချိန်တွင် ဘာကိုမှမခံစားရပေ။ သို့သော် ဤကဲ့သို့ကိစ္စမျိုးကို တစ်ခါကြုံလိုက်သည်နှင့် ပင်ပန်းသည်ဟုခံစားရသည်။ အထူးသဖြင့် အနက်ဝတ်လူများကိစ္စပင်ဖြစ်၏။ ထိုကိစ္စသည် သူမကြောင့်ဖြစ်သည်ဟု ခံစားရသဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ် တင်ခြင်းသည် သူမကို ပို၍ပင်ပန်းစေသည်။
နောက်နှစ်အနည်းငယ်အတွင်းတွင် သူမ လုပ်စရာမရှိသဖြင့် အနားယူ ကာ စိတ်ထဲမှ ဖိအားများကို လျော့ချလိုက်သည်။ မဟုတ်လျှင် သူမ၏ တာအို နှလုံးကို ထိခိုက်သွားစေနိုင်သည်။
“ငါ နတ်ဆိုးလောကကို သွားချင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသာ နတ်ဆိုးလောကကိုသွားလျှင် လုပ်စရာကိစ္စများစွာရှိသည်။ ထို့ကြောင့် မည်သို့နားနေနိုင်ဦးမည်နည်း။
“သွားချင်ရင်သွားလိုက်ပါ” လက်ထောက်လေးသည် သူမကို မတားပေ။ နတ်ဆိုးလောကသို့သွားခြင်းသည် သူမအတွက် ပင်ပန်းစေမည်မဟုတ်ကြောင်း ရှင်းပြသည် “ဒါပေမဲ့ ဂရုစိုက်ရမှာတစ်ခုပဲရှိတယ်.. ကိစ္စတွေကို အရမ်းကြီး စိတ်မပူနဲ့”
“အကောင်းဆုံးကြိုးစားပါ့မယ်”
“သူကလည်း အစ်မကို စိတ်ပူစေမှာမဟုတ်ပါဘူး” လက်ထောက်လေး သည် အတပ်ပြောလေသည်။ သို့သော် သူသည် သူမကိုတားမည်မဟုတ်သည် ကို လက်ထောက်လေးသိသည်။
“ဒါဆို ခဏတော့ သွားကစားလိုက်ဦးမယ်” ရှီမာယူယူသည် အိပ်မက် လေးအတွက် လက်စားချေမည့်ကိစ္စမှလွဲပြီး မည်သည့်အချိန်တွင် မည်သို့လုပ် မည်ကို တွေးမထားပေ။ အရာအားလုံးသည် ဖြစ်လာသမျှအတိုင်းပင်။ ကျန်ကိစ္စ များမှာ ဝူလင်းယူအပေါ်တွင်မူတည်သည်။
“ကလေးနှစ်ယောက် အဲဒီမှာနေတာ ကောင်းပါတယ်” လက်ထောက် လေးသည် ရုတ်တရက် စကားလမ်းကြောင်းပြောင်းလေသည်။
ရှီမာယူယူသည် ခေတ္တမျှအံ့ဩသွားပြီးမှ ပြုံးလေသည် “ငါသိပါတယ်”
သူမ သိသောကြောင့် သဘောတူလိုက်သည်။ သူမ သိသောကြောင့် သူမ ကိုယ်သူမ ထိန်းချုပ်ထားသည်။
“နောက်နှစ်နည်းနည်းလောက်ဆိုရင် သူတို့က အစ်မအတွက် အကူအညီ ကြီးဖြစ်စေမှာပါ” လက်ထောက်လေးသည် ထိုကလေးနှစ်ယောက် အကြောင်း သိချင်သည်။ သို့သော် ယခုအချိန်တွင် သူတို့ကိုမမြင်ရသည်မှာတော့ ကံမကောင်းလှပေ။
“မင်း သူတို့ကိုသိတယ်ဆိုတော့ ရှောင်းသောင့်ရဲ့ကံကြမ္မာကိုလည်း သိမှာ ပေါ့ ဦးလေးတစ်ယောက်အနေနဲ့ သူမကို ဘာပြောနိုင်လဲ” ရှိမာယူယူသည် သူမ ၏ အတွေးများကို ဘေးချိတ်ကာ သူ့ကိုပြုံးပြီး ကြည့်လိုက်သည်။
“အစ်မက ကိုယ့်အရင်းအမြစ်ကို ဘယ်လိုအသုံးချရမလဲဆိုတာ တကယ် သိတာပဲ” သူမ၏ မျက်နှာကိုကြည့်ပြီး လက်ထောက်လေးသည် အရင်ကကဲ့သို့ စိုးရိမ်မှုအစား စစ်မှန်သည့်အပြုံးဖြစ်ပေါ်လာကာ ခံစားချက်လည်းကောင်းမွန် သွားသည်။ “သူမအတွက် ဗေဒင်ကြည့်ပြီးပါပြီ.. ပြီးတော့ သူမရဲ့အသက်က အရမ်းအားနည်းပေမဲ့ အရမ်းကြီးစိတ်ပူဖို့မလိုပါဘူး.. ဒီလိုမျိုးသာငြင်းနေရင် တော့ အကုန်လုံးနောက်ပြန်ဆုတ်သွားလိမ့်မယ်.. အဟမ်း.. နောက်ဆိုရင် နေ့ကောင်းနေ့မြတ်တွေပဲ ရောက်လာတော့မှာပါ”
ဝူရှောင်းသောင့်၏ ကံကြမ္မာကိုတွေးပြီး သူတကယ်ရယ်ချင်မိသည်။ သူမ ၏ကံကြမ္မာသည် အလွန်ကောင်းသည်ဟု ပြော၍ရသည်။ ဝူလင်းယူ၏ ကံသည် လည်းကောင်းလှသည်။ ကလေးနှစ်ယောက်မွေးလာသောအခါ ဝူချီယောင်၏ ကံမှာလည်း အလွန်ကောင်းသည်။ သို့သော် ဝူရှောင်းသောင့်၏ ကံကြမ္မာသည် အလွန်ဆိုးဝါးလွန်းလှသည်။ ကြည့်ရသည်မှာ မိသားစုတစ်ခုလုံးသည် သူမ၏ ကံကောင်းမှုများကို လုယူသွားပြီး သူမမှာ ကံဆိုးနေခြင်းဖြစ်မည်။
ရှီမာယူယူသည် ဝူရှောင်းသောင့်၏ ကံကြမ္မာကိုသိရစဉ် ပထမအစက အလွန်စိတ်ပူခဲ့သည်။ သို့သော် ယခုအချိန်တွင် များစွာလျော့ကျသွားပြီဖြစ်၏။ သမီးဖြစ်သူ၏ ကံကြမ္မာကို တွေးကြည့်လျှင် သူမသည် ကူကယ်ရာမဲ့ကာ စိတ်ဓာတ်များပင်ကျမိသည်။
“သူမနဲ့ ကံကြမ္မာရေစက်ပါတဲ့လူက ဘယ်မှာလဲဆိုတာ သိလား”
လက်ထောက်လေးသည် ခေါင်းခါလေသည်။ သူတို့သည် ဤကဲ့သို့ကိစ္စ မျိုးကို ဗေဒင်တွက်ရန် ငြင်းဆိုရသည်။ သူ ပြောနိုင်သည်မှာ “သူမမှာ ကပ်ဆိုး တစ်ခုရှိလိမ့်မယ်.. ဒါပေမဲ့ အစ်မလို ကပ်ဆိုးနဲ့တူတယ်.. ပြန်လည်မွေးဖွားပြီးမှ ကြုံရမယ့်ကပ်ဆိုးပဲ အနာဂတ်က ပြောင်းလဲသွားလိမ့်မယ်.. အဲဒါကြောင့် ကံ ကြမ္မာက သူမကို သူ့ဘေးကိုခေါ်သွားပေးမှာပါ… ဒီကိစ္စကို အရမ်းကြီးစိတ်ပူဖို့ မလိုဘူး”
တစ်နည်းပြောရလျှင် ဝူရှောင်းသောင့်နှင့် ရေစက်ပါသည့်လူကို သွားမရှာ လိုက်လေနှင့်။ ရှာလျှင်လည်း မတွေ့နိုင်ပေ။ ကောင်းကင်မှ စီမံပေးလိမ့်မည်။
သူ့စကားများကို ကြားရသောအခါ သူမ များစွာစိတ်အေးသွားရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိသည်။ ဤကဲ့သို့ကပ်ဆိုးကြီးသည် မလွယ်ကူလှပေ။ သို့သော် ချိုးဖျက်၍မရလျှင် ကံ ကြမ္မာကိုသာအပ်ထားကာ သူမကိုယ်ကိုယ်သာ အပ်ထားရတော့မည်။
ထို့နောက် သူတို့နှစ်ယောက်သည် တခြားကိစ္စများကို ပြောကြသည်။ လက်ထောက်လေး ပြောလေသည် “ဂိုဏ်းကိုပတ်ပြရမလား”
“နေဦး” ရှီမာယူယူသည် ထိုင်နေမြဲပင် “မင်းကို မေးစရာ အရေးကြီးကိစ္စ တစ်ခုရှိတယ်”
“ဟုတ်ပြီ ပြောလေ” သူသည် သူမနှင့်ဆိုလျှင် အမြဲစိတ်ရှည်သည်။
“မင်းက ကောင်းကင်တာအိုကို ဝင်ပြီး ဂမ္ဘီရဉာဏ်နဲ့ ဗေဒင်ဖတ်ရင် မင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်လား” ရှီမာယူယူ မေးလိုက်သည်။
သူသည် တဒင်္ဂမျှတွေဝေသွားကာ ခေါင်းညိတ်လိုက်သည်။ ဤကိစ္စမျိုး သည် သူမကိုဖုံးကွယ်၍မရပေ။ မဟုတ်လျှင် သူမသည် သူ့ကိုထပ်မံအပြစ်တင် မည်ဖြစ်သည်။
“ငါတို့ ဆွေးနွေးကြည့်ရင်ရော”
“မရဘူး”
“ဟုတ်ပြီလေ ဒါဆိုလည်း ဆွေးနွေးကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည်။
“ဘာရှာတွေ့ထားလို့လဲ” သူမ အကြောင်းအရင်းမရှိ ထိုအကြောင်းကို ပြောလိမ့်မည်မဟုတ်သည်ကို လက်ထော်ကလေးသိသည်။
“နတ်ဘုံက ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်ကို သိတယ်မလား” ရှီမာယူယူ မေးလိုက်သည်။
လက်ထောက်လေး ခေါင်းညိတ်လိုက်သည်။ သူတို့သည် အပြင်လောက တွင် ထိုအကြောင်းကို မပြောကြသော်လည်း သိထားကြသည်။
“ပြီးခဲ့တဲ့တစ်ခေါက် ငါ ချန်းလျန်မြို့မှာမြင်ခဲ့တုန်းက အဲဒါနဲ့ ဆက်သွယ်မိ လိုက်တယ်” ရှီမာယူယူ ပြောလေသည် “နတ်ဘုံမှာ ကောလာဟလရှိတယ်.. အဲဒါနဲ့ဆိုရင် ကမ္ဘာကြီးကိုအုပ်စိုးလို့ရတယ်တဲ့”
“အဲတော့ လျှို့ဝှက်ဆန်းကြယ်တာကို တွေ့ခဲ့လို့လား”
“ငါ ကိုင်ကြည့်လိုက်တော့ အဲအထဲမှာ ကစဉ့်ကလျားချီရှိနေတာကို ခံစား မိလိုက်တယ်” ရှီမာယူယူ ပြောလေသည် “ငါ့စိတ်ထဲမှာတွေးမိတာပါ မှန်မလား ဆိုတာတော့ မသိဘူး”
“အကိုးအကားအနေနဲ့ ပြောကြည့်တာပေါ့”
“အဘိုးက တစ္ဆေလောကမှာ ကစဉ့်ကလျားလောကရဲ့ရေက အကူအညီနဲ့ ဧကရာဇ်အဆင့်ကိုတက်သွားတယ်.. ငါ နောက်ပိုင်း အဆင့်တက်တော့လည်း ကောင်းကင်ရဲ့အသိအမှတ်ပြုတာကို ခံဖို့ကို အဲနည်းလမ်းကိုသုံးဖို့ တိမ်တိုက် ဝိညာဉ်ကပြောခဲ့တယ်.. နောက်ပိုင်းကျ ငါတို့ ကစဉ့်ကလျားမြစ်ရေကို ထုတ်ခဲ့ ကြတယ်.. အဲလိုနဲ့ကောင်းကင်တာအို ခွင့်ပြုတာကိုရခဲ့ကြတယ်… အဲတုန်းက ကောင်းကင်တာအိုက ကစဉ့်ကလျားမြစ်နဲ့ဆက်စပ်နေလိမ့်မယ်လို့ မှန်းမိခဲ့ တယ်”
“ပြီးတော့ ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်ထဲမှာ ကစဥ့်ကလျားချီကို ရှာတွေ့ခဲ့တယ်.. အဲတော့ ဒီအတွေးကိုထပ်တွေးမိသွားတယ် ဟုတ်လား” လက်ထောက်လေး မေးလေသည်။
“ရှေးဟောင်းအထွတ်မြတ်မီးအမိန့်တော်က ဒီအတိုင်းတံဆိပ်ပြားပါပဲ ဘာလို့ ကမ္ဘာပေါ်ကလူတွေက နာခံရမှာလဲ.. အဲလိုမျိုး နာခံမှုက တံဆိပ်ပြားကို ယူနိုင်မယ့်အပေါ်မှာ အခြေခံသွဦးမှာပဲ.. ငါသာ အဲဒီကကစဥ့်ကလျားချီကို မခံစားမိခဲ့ရင် တခြားဟာကိုလိုချင်ခဲ့မှာပဲ.. ဒါပေမဲ့ကစဥ့်ကလျားချီကို ခံစားမိပြီး သွားတော့ ဒီအကြံကငါ့ကို ခြောက်လှန့်ပြီး တွန့်ဆုတ်သွားစေတယ်”
“အစ်မပြောသလိုသာဆိုရင် အဲဒါက ကစဥ့်ကလျားကမ္ဘာနဲ့ အဆက်စပ် နိုင်ဆုံးပဲ” သူသည် ခက်ထန်စွာပြောလေသည် “အစတုန်းက ကစဉ့်ကလျား ကမ္ဘာက ကမ္ဘာ့အပြင်ဘက်မှာ လုံးဝကြီးသီးသန့်ရှိနေတာမဟုတ်ဘူး.. ဒါပေမဲ့ နောက်ပိုင်းပိတ်သွားခဲ့တယ်.. ပြီးတော့ ကစဉ့်ကလျားကမ္ဘာကိုသွားတဲ့လူတွေ လည်းပြန်မလာခဲ့ဘူး.. ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားခဲ့သလို သာဆိုရင် ကစဉ့်ကလျားကမ္ဘာကို ပိတ်လိုက်တာနဲ့ ဧကရာဇ်ဖြစ်အောင် တား လိုက်တဲ့အချိန်က သိပ်မကွာဘူး.. အရင်က အဲနှစ်ခုကို ဘယ်သူမှမဆက်စပ်မိ တာပဲရှိတာ”
“အဲလိုသာဆိုရင် ဒီဖြစ်နိုင်ချေက အရမ်းများသွားပြီ” ရှီမာယူယူ၏ ထင်မြင်ချက်မှာ အတည်ပြုသွားလေပြီ “ကစဉ့်ကလျားကမ္ဘာနဲ့ အပြင်ကမ္ဘာက ဆက်စပ်မှုရှိတယ်လို့ ပြောတယ်ဆိုရင် ကောင်းကင်တာအိုကို ပြောင်းလဲနိုင်မှာ လား”
“သီအိုရီအရဆိုရင် ဖြစ်နိုင်တယ်.. ဒါပေမဲ့ လက်တွေ့ဘက်ကကြည့်ရင် ဒီ အတွေးက လက်တွေ့မဆန်ဘူး” လက်ထောက်လေးသည် သူမကို ရေအေးနှင့် ပက်ရသည်ကို မကြောက်ပေ “ကစဉ့်ကလျားကမ္ဘာကို ဝင်နိုင်တာက အစ်မ တစ်ယောက်တည်းလေ.. ဒါပေမဲ့ နှစ်ပေါင်းသောင်းချီအပိတ်ခံထားရတဲ့ ကမ္ဘာ ကို ဖွင့်ဖို့အတွက် နည်းလမ်းရှိလား.. ကစဉ့်ကလျားကမ္ဘာက သာမန်နေရာ မဟုတ်ဘူး.. အဲဒါကိုဖွင့်ချင်ရင် ပြောသလောက်လွယ်ပါ့မလား”
***