← Chapters

လောင်းကြေးထပ်ခြင်း

Vol. 75 Ch. 1048

လောင်းကြေးထပ်ခြင်း

Vol. 75 Ch. 1048

မန်ဟိုသည် သီချင်းဆိုသံကို ကြားလျှင်ချင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူက ရေကန်ကို လှမ်းကြည့်ရင်း အသက်ပြင်းပြင်း ရှုသွင်းလိုက်၏။ သူသည် အဆုတ်ကွဲမတတ် သီချင်းဆိုရင်း ပိန်ချုံးချည့်နဲ့နေသော မိစ္ဆာကျင့်ကြံသူ ၃၃ ယောက်ကို မြင်လိုက်သဖြင့် သူ၏အမူအရာမှာ အံ့ဩသွားသည့်အမူအရာ ဖြစ်သွားလေသည်။

၎င်းတို့၏ အမူအရာများမှာ ကိုးကွယ်ဆည်းကပ်နေသည့်အလား အတိုင်းထက်အလွန် စိတ်အားထက်သန်နေပုံရသည်။ ၎င်းတို့က ရောင်စုံကြက်တူရွေးကို မော့ကြည့်နေစဉ် အရူးအမူးသက်ဝင်ယုံကြည့်နေသည့်အလားပင်။ ကြက်တူရွေးကမူ သီချင်းသံကို အသံဆိုးဖြင့် အော်ဆိုနေသည်။

အားလုံးအထဲ နားမခံသာဆုံးမှာတော့ အသားဂျယ်လီသည် အိုးသဖွယ် ဗုံကြီးများ အသွင်ပြောင်းရင်း သီချင်းသံနှင့်အလိုက် တဗုံဗုံ မြည်နေသည့်အတွက်ကြောင့်ပင်။

မန်ဟိုမှာ မိစ္ဆာကျင့်ကြံသူများ ထိုကဲ့သို့ အရူးအမူး ကိုးကွယ်နေကြသည့် အမူအရာများ သူတို့၏ မျက်လုံးထဲတွင် ပေါ်လာသည့်တိုင်အောင် မည်သည့်အရာကို ကြုံတွေ့ခဲ့ရသည်ကိုလဲ စိတ်ကူးပင်မကြည့်နိုင်တော့ချေ။ သံစဉ်မှာမူ မှီခိုရာဂိုဏ်းချုပ် ညည်းတတ်လေ့ရှိသော သံစဉ်ဖြစ်သည်။ မန်ဟို့အတွက်တော့ ၎င်းထက်ပို၍ ထော်လော်ကန့်လန့်ဖြစ်နေသော တေးသံမျိုးတစ်ခါမှ မကြားခဲ့ဖူးပေ။

သူ အိမ်ထဲမှထွက်၍ ရေကန်သို့ လျှောက်သွားသောအခါ သူ့ကို ရိုးတွင်းခြင်ဆီထဲမှ မုန်းနေသော အခွံကြီးအပါအ၀င် မိစ္ဆာကျင့်ကြံသူအကုန်လုံးက သူ့ကို အဖက်မလုပ်ဘဲ သီချင်းသံအား စိတ်ရောကိုယ်ပါနှစ်၍ဆိုနေကြောင်း တွေ့လိုက်ရသဖြင့် သူ့မှာ အံ့အားသင့်သွားတော့သည်။

မန်ဟိုမှာ တစ်လောကလုံး ကမောက်ကမ ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။ သူက အသက်ပြင်းပြင်းရှုသွင်းပြီး သီချင်းဆိုနေသော ကြက်တူရွေးကိုကြည့်ပြီး ၎င်းကို အထင်သေးခဲ့မိကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။

သူက မျက်လုံးကစားရင်း လည်ချောင်းရှင်းပြီးနောက် စုရန်ကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်၏။ သူမက မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ညစ်ကျယ်ကျယ် ရယ်လိုက်ပြီး မန်ဟို့ကို လှောင်တော့မည့်အချိန် ရုတ်တရက် သီချင်းဆိုသံက သူမကို ဆွဲဆောင်လိုက်ပြီး သူမမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

"ကြက်တူရွေး" မန်ဟိုက ခပ်ပြတ်ပြတ် ပြောသည်။ "ငါ ဒီမိန်းမကို မင်းလေ့ကျင့်ပေးဖို့ ပေးခဲ့မယ်။ သူ့ကို အဲ့ဒီပင်လယ်စာတွေလို နာခံအောင် လုပ်လိုက်။ ဪ ဟုတ်ပြီ။ သူက အမွှေးအတောင်သားရဲတစ်ရာနဲ့ တန်တယ်နော်" စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကြက်တူရွေးမှာ လေလယ်တွင် တုန်ရီသွားတော့သည်။ ၎င်းက သီချင်းဆိုနေသည်ကိုပင် ရပ်လိုက်ပြီး ၎င်းခန္ဓာကိုယ်များရှိ ရောင်စုံအမွှေးများအားလုံး ထောင်တက်သွားတော့သည်။ ၎င်း၏ မျက်လုံးများက စူးရှသောအလင်းရောင်တို့ဖြင့် တောက်ပလာ၏။

"တစ်ရာ ၊ မင်း တစ်ရာလို့ ပြောလိုက်တာလား" ၎င်းမှာ နားဖြင့် မှန်မှန်ကန်ကန် ကြားလိုက်ရကြောင်း သေချာအောင် မေးနေလေသည်။

မန်ဟိုက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "တစ်ရာ။ တစ်ကောင်စီတိုင်းက အမွှေးဖွားဖွားနဲ့"

သူသည် တာအိုမှော်သိုင်းများကို ရရှိဖို့အတွက် ဘာကိုမှ ဂရုမစိုက်ဘဲ စွန့်စားမည်ဖြစ်သည်။

စုရန်မှာ ပါးစပ်အဟောင်းသားဖြစ်နေ၏။ သူနမှာ မန်ဟိုနှင့် ရောင်စုံကြက်တူရွေးတို့ မည်သည့်အရာကို ပြောနေသည်လဲမသိပေ။ သို့သော် သူမသည် ရွံရှာစက်ဆုပ်နေသောအမူအရာဖြင့် လျင်မြန်စွာပင် ညစ်ကျယ်ကျယ် ရယ်လိုက်၏။

သို့သော် ကြက်တူရွေးမှာ အလွန်တရာတက်ကြွနေပြီး ချက်ချင်းပင် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကြိမ်းဝါးတော့သည်။

"စိတ်မပူနဲ့။ ငါ ကိုယ်တော်သခင်ငါး ဒီမိန်းမကို အပိုးကျိုးသွားအောင် လုပ်ပေးမယ်" ၎င်းက မျက်လုံးများ တဖိတ်ဖိတ် တောက်ပနေလျက် စုရန်ကို စိတ်လှုပ်တရှား လှမ်းကြည့်သည်။ ဘေးတွင် အသားဂျယ်လီမှာ ချန်ထားခဲ့ခံရသဖြင့် သိပ်ကျေနပ်နေပုံမရပေ။

"မင်းသီချင်း ဆိုနိုင်လား။ အေး သီချင်းဆိုနိုင်လို့လား" ၎င်းက စိတ်ဆိုးမာန်ဆိုးပြောသည်။ "ရေရော ရေတွက်နိုင်ရဲ့လား"

"နလပိန်းတုံးတွေ" စုရန်က မျက်လုံးများပိတ်၍ ၎င်းတို့ကို လျစ်လျူရှုရင်း ရယ်လိုက်သည်။

မန်ဟိုက စုရန်ကို သနားကရုဏာသက်စွာ ကြည့်ပြီးနောက် လည်ချောင်းရှင်းလိုက်၏။ ကြက်တူရွေး စုရန်ကို ထိန်းကျောင်းပေးတော့မည့်ပုံစံအား စဉ်းပင်မစဉ်းစားတော့ဘဲ သူက လှည့်၍ လေပေါ်သို့ ပျံတက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သူသည် အကာအကွယ်နှင့်ရေကန်ကို ဖြတ်၍ လေလယ်တွင် ရုတ်တရက် ပေါ်လာသည်။ သူပေါ်လာသည်နှင့်တစ်ပြိုင်နက် သူရှိရာဘက်သို့ ခွင်းလာနေသော အလင်းတန်းနှစ်တန်းကို တွေ့လိုက်သည်။ ထိုအလင်းတန်းနှစ်တန်းတွင် အေးစက်စက်အကြည့်များနှင့် မိစ္ဆာကျင့်ကြံသူနှစ်ယောက်အား မြင်ရနိုင်၏။

မန်ဟိုက မိစ္ဆာကျင့်ကြံသူနှစ်ယောက် ပျံသန်းလာသည်ကို စောင့်ကြည့်နေစဉ် မျက်နှာအမူအရာတစ်ချက် ပြောင်းလဲမသွားပေ။

သူတို့က အေးစက်စက် နှာမှုတ်ပြီး သူ့အပေါ်ရွံရှာစက်ဆုပ်နေသောမျက်နှာထားများကို မဖုံးကွယ်ဘဲ သူ့ဘေးမှဖြတ်၍ အဝေးသို့ ထွက်သွားတော့သည်။

မန်ဟိုက စိတ်မကွက်ပေ။ သူ၏ ကျင့်ကြံခြင်းဂူထဲမှ ထွက်လာရသည့် အဓိကအကြောင်းအရင်းက အင်မော်တယ်ကျောက်စိမ်းနှင့် ဝိညာဉ်ကျောက်တုံးတို့ကြောင့်ဖြစ်သည်။ သူက ထပ်မံတုံ့ဆိုင်းမနေဘဲ ရွှေဂိတ်ကျောက်တိုင်များထံသို့ ပျံသန်းသွားတော့သည်။

သူသည် ကျောက်တိုင်များအား မဆင်မခြင်စိန်ခေါ်ရန် ရည်ရွယ်မထားပေ။ ထိုအစား သွားရောက်လေ့လာပြီးနောက်မှ တစ်တိုင်ကို ပထမဆုံး စိန်ခေါ်မည်ဖြစ်သည်။

"ငါနဲ့ အကိုက်ညီဆုံးဖြစ်တာကို ရှာဖို့လိုတယ်။ အဲ့ဒါမှ အချိန်တိုလေးအတွင်း ဆုလာဘ်တွေရရှိနိုင်မှာ" ပါရာဂွန်သွေးနှင့်ပက်သက်၍မူ သူသည် အောင်မြင်အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။။

ရွှေဂိတ်ကျောက်တိုင်များထံသို့ သွားနေစဉ် သူသည် ဂိုဏ်းသားအမျိုးမျိုးကြားမှ ဖြတ်သွားရ၏။ သာမန်ဂိုဏ်းသားများက သူ့ကို သိချင်စိတ်များဖြင့် ကြည့်ကြသည်။ တစ်ချို့က ပြုံးပင်ပြုံးပြီး လက်ယှက်နှုတ်ဆက်ကြ၏။ မန်ဟိုက ဂိုဏ်းအပြင်တွင် ထင်ရှားကျော်ကြားသည်သာမက တာအိုနယ်ပယ်ပညာရှင်တစ်ဦးကိုပင် ဝေဖန်ခဲ့သည်မဟုတ်ပါလော။ ထိုသတင်းက ကိုးပင်လယ်လောကတွင် အုတ်အုတ်ကျက်ကျက် ဖြစ်စေခဲ့လေသည်။

သို့သော် သူတွေ့သမျှ မိစ္ဆာကျင့်ကြံသူတိုင်းမှာတော့ အသတ်အဖြတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။ သူတို့၏ မျက်လုံးများတွင် မုန်းတီးမှုတို့က ထင်ရှားပြီး မန်ဟို့ကို မြင်သောအခါ ၎င်းတို့မှာ ပို၍ပင် နက်ရှိုင်းလာ၏။

နောက်ဆုံးတွင် သူသည် မိုးထိုးနေသော ရွှေဂိတ်ကျောက်တိုင်တစ်တိုင်၏ အရှေ့တွင် ရပ်လိုက်သည်။ ၎င်းက အကန့်အသတ်မရှိသော ရွှေရောင်အလင်းတို့ဖြင့် တောက်ပနေပြီး နာမည်ပေါင်းများစွာ ရေးထိုးထားလေသည်။ ကျင့်ကြံသူအနည်းငယ်နှင့် မိစ္ဆာကျင့်ကြံသူအတော်များများ ပတ်၀န်းကျင်တွင် စုဝေးနေကြ၏။ မည်သည့်အချိန်ပဲဖြစ်ဖြစ် လူတစ်ယောက် ဂိတ်ကို ထိလိုက်လျှင် ထိုလူပျောက်ကွယ်သွားမည်ဖြစ်သည်။

လူများ ပျောက်ကွယ်သွားလိုက် ပြန်ပေါ်လာလိုက်နှင့် အတော်လေး စည်ကားနေလျက်ရှိ၏။

သက်လက်ပိုင်းလူတစ်ယောက်က ကျောက်တိုင်၏အခြေတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူက အပြင်လောကတွင် ဖြစ်ပျက်နေသော အရာများနှင့် ပက်သက်ပြီး နည်းနည်းလေးမှ ဂရုမစိုက်သည့်အလား မျက်လုံးများပိတ်ထား၏။ သို့သော် တစ်ယောက်ယောက် ပတ်၀န်းကျင်တွင် တိုက်ခိုက်ဖို့ ကြိုးစားလျှင် သို့မဟုတ် နတ်မီးလျှံစမ်းသပ်ပွဲကို မသမာနည်းဖြင့် ဖြတ်ကျော်ဖို့ ကြိုးစားလျှင် သူသည် ချက်ချင်းသိရှိပြီး အပြစ်ပေးမည်ဖြစ်သည်။

မန်ဟိုက ထိုမြင်ကွင်းကို စောင့်ကြည့်ရင်း ဘေးတွင် ရပ်နေသည်။ သူထွက်သွားတော့မည့်အချိန် ရုတ်တရက် တလက်လက် တောက်ပနေသော အနီရောင်အလင်းက ကျောက်တိုင်တစ်တိုင်မှ ဖြာထွက်လာသည်။ အလင်းသည် လေလယ်တွင် ပုံရိပ်ယောင်ကမ္ဘာတစ်ခုအသွင် လျင်မြန်စွာပြောင်းသွား၏။ ထိုကမ္ဘာထဲတွင် အလင်းလာရာအရင်းအမြစ်ဖြစ်သော မိန်းကလေးတစ်ဦးအား မြင်ရနိုင်သည်။

သူမသည် လှပသော်လည်း အံ့ဩဖွယ်ကောင်းစွာနှင့် သူမအား ပို၍ပင် ထူးခြားသွားစေသော အဖြူရောင်၀တ်ရုံနှင့် အမျိုးသမီးအလောင်းအား သူမနောက်တွင် မျောလွင့်လွင့်နေသည်ကို မြင်ရနိုင်သည်။

ထိုအခိုက်အတွင် အားကျမနာလိုသော အော်သံများ၊ ထိတ်လန့်အံ့ဩနေသော အော်သံများကို အရပ်လေးမျက်နှာမှ ကြားလိုက်ရသည်။

"နာမည်စာရင်း ပြောင်းသွားပြီ"

"ဂိုဏ်းတူအစ်မဖန်းတုံးအာက ထိပ်ဆုံး အယောက်သုံးဆယ်ထဲ ၀င်သွားပြီ"

"ထိပ်ဆုံးအယောက်တစ်ရာက ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတွေလေ။ မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးလောက်နဲ့မှ အဲ့ဒီအဆင့်ထဲ ၀င်ရောက်နိုင်မှာ။ ဒါပေမယ့် ဂိုဏ်းတူအစ်မ ဖန်းတုံးအာက အင်မော်တယ်နယ်ပယ်နဲ့တင် ထိပ်ဆုံး အယောက်သုံးဆယ်ထဲ ပါသွားပြီ။ သူက သေချာပေါက် ရွေးချယ်ခံစစ်စစ်ပါပဲ"

တအံ့တဩ ရေရွတ်သံများက မိစ္ဆာကျင့်ကြံသူများအပါအ၀င် ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများအကြားမှ ဟိန်းထွက်နေသည်။ အတော်များများမှာ အားကျနေကြပြီး အချို့ကတော့ မကျေမနပ်ဖြစ်နေကြသည့်အပြင် လက်မခံနိုင်ပုံရသည်။

တစ်ချိန်တည်းမှာပင် ဖန်းတုံးအာ၏ နာမည်သည် စာရင်းအပေါ်က အဆင့်သုံးဆယ်မြောက် နာမည်အဖြစ် ရေးထိုးခံလိုက်ရ၏။

အနီရောင်အလင်းက အတန်ကြာတောက်ပနေပြီးနောက် မှေးမှိန်ပျောက်ကွယ်သွားသည်။ ၎င်း ပျောက်ကွယ်သွားသည်အခါ ဖန်းတုံးအာက ကျောက်တိုင်ထဲမှ လမ်းလျှောက်ထွက်လာ၏။ သူမမျက်နှာလေးက အတန်ငယ် ဖြူဖျော့နေသော်လည်း စိတ်လှုပ်ရှားနေပုံရသည်။ သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်၀န်းကျင်ရှိ ဂိုဏ်းသားများက လက်ယှက်ပြီး ဂုဏ်ယူ၀မ်းမြောက်ကြောင်း ပြောဆိုကြသည်။

ဖန်းတုံးအာက ပြုံးပြီး ပြန်လည်၍ လက်ယှက်အရိုအသေပေးလိုက်သည်။ သူမ ထွက်သွားတော့မည့်အချိန် ရုတ်တရက် သူမ၏ ဖီးနစ်သဖွယ် မျက်လုံးလေးများက မန်ဟို့ကို လှမ်းမြင်လိုက်သဖြင့် တဖျက်ဖျက် လက်သွားလေသည်။

မန်ဟိုက ပြုံး၍ ခေါင်းညိတ်ပြပြီး ထွက်သွားဖို့ပြင်သည်။ ယခုတွင် သူသည် ဤကျောက်တိုင်၏ စမ်းသပ်မှုကား နတ်ဘုရားအာရုံနှင့်ပတ်သက်ကြောင်း သိသွားပြီဖြစ်၏။ မန်ဟိုမှာ သူ၏နတ်ဘုရားအာရုံနှင့်ပက်သက်၍ ယုံကြည်ချက်ရှိသော်လည်း အင်အားအကြီးဆုံးဧရိယာတော့ မဟုတ်ပေ။ ထိုမျှသာမက ဖန်းတုံးအာနှင့်ဆုံတွေ့ခဲ့စဉ်တုန်းက သူမနတ်ဘုရားစွမ်းအင်များနှင့် တာအိုမှော်သိုင်းကွက်များ အလွန်အစွမ်းထက်ရခြင်းမှာ သူမ၏ကျင့်ကြံခြင်းအခြေခံကြောင့်မဟုတ်ဘဲ နတ်ဘုရားအာရုံကြောင့်ဖြစ်ကြောင်း သူ နားလည်ခဲ့၏။

"ကြည့်ရတာ အဲ့ဒါက ကိုးပင်လယ်နတ်လောကရဲ့ ကျင့်စဉ်တွေနဲ့ တစ်ခုခု ပက်သက်ရမယ်။ ငါ သူတို့ရဲ့ ကျမ်းစာဆောင်ကို တကယ် သွားလေ့လာသင့်တယ်" တခဏကြာတွေးပြီးနောက် သူက ထွက်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် အနောက်မှ လေတိုးသံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ဖန်းတုံးအာ သူ့နောက်လိုက်လာသည်ကို တွေ့လိုက်ရ၏။

ဖန်းတုံးအာမှာမူ သူမဆရာမ မန်ဟို့ကို ရွှေဂိတ်ကျောက်တိုင်များနှင့် ရင်းနှီးအောင် ကူညီပေးဖို့ ညွှန်ကြားခဲ့သည့်အတွက်ကြောင့်သာမဟုတ်လျှင် မန်ဟို့အနား ကပ်ပင်ကပ်မည်မဟုတ်ပေ။ သူမသည် သူ အင်မော်တယ်နယ်ပယ်အဆင့် တက်လှမ်းပြီးနောက် တိုက်ခိုက်ခဲ့သော သူမနှင့်သူ၏ တိုက်ပွဲကို ပြန်တွေးလိုက်ပြီး ရင်ထဲတွင် မုန်းတီးမှုတို့ ပြည့်နှက်လာ၏။ သူက ရောက်လာလာချင်း မိစ္ဆာကျင့်ကြံသူများနှင့် အချင်းများတုန်းက သူမမှာ အတော်လေး ဝမ်းသာခဲ့ပြီး မိစ္ဆာကျင့်ကြံသူများ သူ့ကို တစစီ စုတ်ဖြဲပစ်မည့် မြင်ကွင်းကို စောင့်မျှော်နေခဲ့လေသည်။

"ထိပ်ဆုံးသုံးဆယ်ထဲ ၀င်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဂိုဏ်းတူညီမလေး" မန်ဟိုက တစ်ချက်ရယ်ရင်း ပြောသည်။

"နင့်အတွက်တော့ ငါက ဂိုဏ်းတူအစ်မဟဲ့" သူမက ပြန်ဖြေသည်။ သူမသည် မန်ဟို့ကို ကြည့်တိုင်း သူမ ရင်ထဲ၌ ထိန်းချုပ်မရအောင် ရွစိထိုးလာသော အမျက်ဒေါသတို့ကို ခံစားလိုက်ရသည်။ သူ့မျက်ခွက်ကို မြင်လိုက်ရုံနှင့် သူမ၏ ခံစားချက်တို့က ထိန်းချုပ်၍မရအောင် ဖြစ်သွားသည့်အလားပင်။

"ငါ့ဘ၀မှာ ဂိုဏ်းတူအစ်မတစ်ယောက်ပဲ ရှိတယ်" မန်ဟိုက အေးစက်စက် ပြန်ဖြေသည်။

ဖန်းတုံးအာသည် ဤအခြင်းအရာကို ကြားသောအခါ အံ့ဩသွား၏။ သူမက ထပ်မံဖိအားပေးမည့်အစား အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်ထိန်းကာ မျက်နှာထားတည်တည်ဖြင့် စကားဆက်ပြောလိုက်သည်။

"ကိုးပင်လယ်နတ်လောကရဲ့ ရွှေဂိတ်ကျောက်တိုင်က စုစုပေါင်း ကိုးတိုင်ရှိတယ်။ ပထမဆုံးတိုင်ဖြစ်တဲ့ နဝမပင်လယ်ရဲ့ ဖိအားဒဏ်ခံနိုင်ရည်ကို စစ်ဆေးတဲ့ ကျောက်တိုင်က အရေးအကြီးဆုံးပဲ။ အရေးပါဆုံးနတ်မီးလျှံစမ်းသပ်ပွဲပေါ့

"ကျန်တဲ့တိုင်ရှစ်တိုင်က ကျင့်ကြံခြင်းနဲ့ပက်သက်တဲ့ မတူညီတဲ့ ကဏ္ဍတွေကို စမ်းသပ်တယ်။ ဥပမာ န၀မကျောက်တိုင်က အပြင်အားကိုယ်နတ်မီးလျှံစမ်းသပ်ပွဲပဲ။ ဒီခုနစ်တိုင်မြောက်ကတော့ နတ်ဘုရားအာရုံနဲ့ ပက်သက်တယ်

"ပြီးတော့ ဟိုက ပဉ္စမကျောက်တိုင်။ အဲ့ဒါက သတ်ဖြတ်ခြင်းနတ်မီးလျှံစမ်းသပ်ပွဲ။ စစ်မှန်တဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်မှ လူတစ်ယောက်ဟာ စစ်မှန်တဲ့တာအိုကို ရရှိနိုင်တယ်

"တတိယကျောက်တိုင်က နင်နဲ့တော့ မသင့်တော်လောက်ဘူး။ အဲ့ဒါက အသွင်ပြောင်းခြင်းတာအိုနဲ့ ပက်သက်တယ်

"ရွှေဂိတ်ကျောက်တိုင်ပေါ်မှာ ထိပ်ဆုံး အယောက်တစ်ရာထဲ ၀င်ရောက်တိုင်း ရရှိတဲ့အဆင့်ပေါ်မူတည်ပြီး ဆုလာဘ်တစ်ခုရတယ်။ ထိပ်ဆုံး ၁၀၀၊ ထိပ်ဆုံး ၅၀၊ ထိပ်ဆုံး ၁၀ ... အဲ့လို၀င်သွားရင် ဆုလာဘ်တွေက ပိုပိုပြီးတော့ ကောင်းမွန်လာတာပေါ့" ဖန်းတုံးအာမှာ ရှင်းပြပြီးလျှင်ချင်း ထွက်သွားမည့်အလား ခပ်လောလော ရှင်းပြနေသည်။ သူမမှာ မန်ဟို့ကို ထပ်ကြာကြာ စကားပြောနေလျှင် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ သူနှင့် တိုက်ခိုက်မိမည်ကို စိုးရိမ်နေသည့်အလားပင်။

"ထိပ်ဆုံးဆယ်ယောက်ကရော"

"ထိပ်ဆုံးဆယ်ယောက်။ သိပ်အဝေးကြီးမတွေးနဲ့" သူမက သူမ လေသံထဲရှိ အထင်သေးမှုကို မဖုံးကွယ်ထားဘဲ ပြန်ဖြေသည်။

"အဲ့လောက်ထိ ၀င်ဖို့ စိတ်တောင်မကူးနဲ့။ အခုထက်ထိ ကိုးပင်လယ်နတ်လောကမှာ အင်မော်တယ်နယ်ပယ်အဆင့်နဲ့ ဘယ်သူမှ ထိပ်ဆုံးဆယ်ယောက်ထဲကို မ၀င်ရောက်နိုင်ခဲ့ဖူးဘူး။

"အနည်းဆုံး နင့်အနေနဲ့ ထိပ်ဆုံးဆယ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဝိညာဉ်မီးအိမ်နှစ်လုံး ငြိမ်းထားတဲ့ ရှေးဟောင်းနယ်ပယ်အဆင့်ကို ရောက်နေဖို့လိုတယ်

"နင်ကတော့ ထိပ်ဆုံးနှစ်ဆယ်ထဲ ၀င်နိုင်လောက်တဲ့အထိ ကံကောင်းလိမ့်မယ်။ နင်က အင်မော်တယ်နယ်ပယ်ပါရာဂွန်ဆိုပေမယ့် ကိုးမပင်လယ်နတ်လောကမှာ နင်လက်ချောင်းလေးတောင် မမြှောက်နိုင်တဲ့ ကျင့်ကြံသူတွေအများကြီးရှိတယ်"

မန်ဟိုက ဖန်းတုံးအာကို ကြည့်နေစဉ် သူ၏အမူအရာသည် ပြောတော့မည်အရာနှင့်ပက်သက်၍ အတန်ငယ် ရှက်ရွံ့နေသည့်အလား ရှက်ကိုးရှက်ကန်းဖြစ်လာသည်။

"မင်းပြောတာ ကွက်တိပဲ။ ငါ့ရဲ့ပန်းတိုင်က ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ဖို့လေ။ ဆိုတော့ မင်း ငါနဲ့ လောင်းကြေးထပ်ရဲလား"

ဖန်းတုံးအာမှာ သူ၏ ရှက်ကိုးရှက်ကန်း မျက်နှာထားကို မြင်သည်နှင့်တစ်ပြိုင်နက် ဦးရေပြားတို့ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။ သူမသည် သူမ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်၍ မန်ဟို့ကို သတိကြီးကြီးကြည့်ပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။

ထိုအမူအရာသည် သူမကို စိတ်လေးသွားစေသော အမူအရာဖြစ်ပြီး သူမအတွက် ၎င်းကို ပထမဦးဆုံး မြင်ဖူးခြင်းမဟုတ်ပေ။ ထိုအမူအရာပေါ်လာတိုင်း မန်ဟိုသည် ဉာဏ်နီဉာဏ်နက်အများဆုံးဖြစ်ကြောင်း သူမ သိ၏။ ဖန်းတုံးအာမှာ ထို့မျက်နှာထားကို ထပ်မမြင်ရဖို့ သူ့မျက်နှာအား စုတ်ပြတ်သွားအောင် ထိုးနှက်ချင်နေတော့သည်။

"လောင်းရဲလားလို့” သူက မျက်တောင်တဖျက်ဖျက် ခတ်ရင်း သူမကို ပြောသည်။

"ငါ့ကို ဆွဲဆောင်နေစရာအကြောင်းမရှိဘူး" သူမက အေးစက်စက်နှာမှုတ်၍ ပြန်ဖြေသည်။ "နင် ဘယ်နည်းလမ်းပဲသုံးသုံး ရွှေဂိတ်ကျောက်တိုင်တစ်တိုင်ထဲက ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်လိမ့်မယ်လို့ ငါမယုံနိုင်ဘူး

"ဒါ့အပြင် နင်နဲ့ငါ လောင်းကြထပ်မယ်လို့ တွေးနေရင် အိပ်မက်ပဲ မက်နေလိုက်တော့" သူမက သူ့ကို နောက်ဆုံးအကြိမ် အထင်သေးစွာကြည့်ပြီး ထွက်ခွာဖို့ ပြင်သည်။

"မင်းနိုင်ရင် အမည်းတုံးကို ငါ ပြန်ခေါ်ပေးမယ်" သူက သာမန်ကာလျှံကာ ပြောလိုက်သည်။

ထိုစကားလုံးများက ဖန်းတုံးအာကို တုံ့ခနဲ ရပ်သွားစေသည်။ သူမသည် တုန်ရီသွားပြီး ရှူးရှူးရှားရှား ဒေါသထွက်နေသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်၏။ သူမက မန်ဟို့ကို စိုက်ကြည့်ရင်း ရင်အစုံနိမ့်ချည်မြည့်ချည်ဖြစ်နေတော့သည်။ သူမသည် ပုံမှန်အားဖြင့် လှပသော်လည်း ယခုလို ဖြစ်သည့်အခါ ပို၍ပင် ဆွဲ‌ဆောင်မှုရှိနေတော့သည်။

အအလောင်းမှာ ဖန်းတုံးအာအတွက် အသားကျနေပြီဖြစ်သော တစ်စုံတစ်ခုဖြစ်သည်။ သူမသည် ၎င်းကို သူမ၏ တာအိုနှလုံးသားအား လေ့ကျင့်ပေးရန် ပစ္စည်းအဖြစ် မြင်ခဲ့၏။ သို့သော် နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာတွင်တော့ ၎င်းကို ဖယ်ထုတ်ဖို့အတွက် မည်သည့်အရာကိုမဆို လုပ်ရန် အသင့်ဖြစ်နေခဲ့သည်။ နောက်ဆုံး သူမဆရာမပင် ဖယ်မထုတ်နိုင်ခဲ့သည့်အခါ သူမမှာ ရွေးချယ်စရာမရှိဘဲ သူမကိုယ်သူမ လေ့ကျင့်ပေးခဲ့ရခြင်းဖြစ်လေသည်။

ထို့ကြောင့် မန်ဟို ယခုလို ပြောလိုက်သည့်အခါ သူမအနေဖြင့် မည်ကဲ့သို့ စိတ်အေးအေး ထားနိုင်တော့မည်နည်း။ ထိုမျှသာမက သူသည် ပြောသည့်အတိုင်းလုပ်နိုင်ကြောင်း သူမ သေချာသိသည်။

ဖန်းတုံးအာ တွေးနေသည်ကို ကောင်းကောင်းသိသဖြင့် မန်ဟိုက ပြုံးပြီးပြောသည်။ "ငါလုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ငါက သူ့ကို နင့်ဆီ ပူးကပ်ခိုင်းခဲ့တဲ့ လူလေ"

"နင်..." ဖန်တုံးအားက အံတင်းတင်းကြိတ်လိုက်သည်။ "ကောင်းပြီ။ လောင်းကြတာပေါ့"

***

All Chapters