← Chapters

နဝမရွှေတံခါး

Vol. 76 Ch. 1049

နဝမရွှေတံခါး

Vol. 76 Ch. 1049

စကားလုံးများ ဖန်းတုံးအာ၏နှုတ်ဖျားလေးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက လည်ချောင်းရှင်းလိုက်သည်။ အကြောင်းတစ်စုံတရာကြောင့် သူ့မှာ သူမကို ယခုလို ကလိမ်မကျသင့်သလို ခံစားလိုက်ရသည်။ သို့သော် ပါရာဂွန်သွေးနှင့် လိုအပ်သော ဝိညာဉ်ကျောက်တုံးများ၊ အင်မော်တယ်ကျောက်စိမ်းများအကြောင်း တွေးကြည့်လျှင် သူ့အနေဖြင့် အသေးဆုံးသားကောင်လေးကိုပင် လက်ထဲမှ အလွှတ်ပေး၍မရပေ။

“ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးလောင်းချင်လဲ” သူက သူမကို မေးသည်။

ဖန်းတုံးအာက အေးစက်စက် နှာမှုတ်လိုက်သည်။ မန်ဟို သူ၏အစွမ်းအစများအပေါ် ယုံကြည်ချက်အပြည့်ရှိနေသည်ကို သူမ မမြင်ဘဲ နေမည်လော။ မဟုတ်လျှင် သူသည် လောင်းဖို့ စကားပင်စမည်မဟုတ်ပေ။ သို့သော် သူမလည်း နိုင်နိုင်မည်ဟူ၍ ယုံကြည်ချက်ရှိထားသည်။။ မန်ဟိုက ရွှေဂိတ်ကျောက်တိုင်များထဲ ဝင်ရောက်ဖို့အသာထား၊ ကိုးပင်လယ်နတ်လောကကိုပင် တစ်ခါမှ မရောက်ခဲ့ဖူးသူမဟုတ်ပါလော။ တစ်ဖက်တွင် သူမသည် မန်ဟို့ထက်ပို၍ ၎င်းတို့နှင့် အလွန်အကျွမ်းဝင်၏။

“ကောင်းပြီလေ မန်ဟို ဒီတစ်ခေါက် ဘယ်သူကလိမ်ကျနိုင်မလဲ ကြည့်ရသေးတာပေါ့” သူမက တွေးသည်။ သူမသည် မည်သည့်အရာကိုမှ ဂရုမစိုက်သည့်လား အေးစက်စက်မျက်နှာထားဖြင့် ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင် ကြိတ်၍အားရနေ၏။ အဘယ်ကြောင့်ဆိုသော် ဤတစ်ခေါက်တွင် မန်ဟိုက သူမကို လောင်းကြေးထပ်ဖို့ မြူဆွယ်ခဲ့သော်လည်း ကြိုးကိုင်နေနိုင်သူက သူမ မဟုတ်လော။

မန်ဟို သူမကို နှပ်ချဖို့ ကြံစည်နေသည့်အချိန်မှာပင် သူမလည်း သူ့ကို နှပ်ချဖို့ ကြံစည်နေလေသည်။

“ငါ အချိန်သိပ်မရဘူး။ ဒီတော့ နင် ပထမဆုံးဝင်မယ့် နတ်မီးလျှံစမ်းသပ်ပွဲအတွက်ပဲ လောင်းမယ်” သူမက ပြောသည်။ “ဘယ်သူ သိနိုင်မလဲ နင် အကုန်လုံးဖြေနေရင် ပြီးဖို့ ဘယ်လောက်တောင် ကြာမလဲဆိုတာ

“ဒါကြောင့် ပထမဆုံးအကြိမ်ကိုပဲ ထည့်တွက်မယ်။ ကျောက်တိုင်တစ်တိုင်ရွေးလိုက်။ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရင် ငါ နင့်ကို အင်မော်တယ်ကျောက်စိမ်းတစ်သိန်းနဲ့ ဝိညာဉ်ကျောက်တုံး သိန်းငါးဆယ် ပေးမယ်။ အဲ့ဒါ လောင်းကြေးပဲ

“ဒါ့အပြင် နင် ဒီနေ့ပဲ အဲဒီစမ်းသပ်မှုကို ဖြေရမှာနော်။ ငါ့အတွက် နင့်ကို ထိုင်စောင့်ပေးနေဖို့ အချိန်မရှိဘူး

“နင် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရင် အခုချက်ချင်း လောင်းကြေးတွေကို ရမယ်။ မဝင်လို့ကတော့ ဒီအလောင်းကို ဖယ်ပေးပါ့မယ်လို့ တာအိုကျမ်းကျိန်ရုံတင်မကဘူး၊ ငါ့အကြွေးစာချုပ်ကိုလည်း ဖျက်သိမ်းပေး။ ပြီးတော့ ငါတို့နှစ်ယောက်တွေ့တိုင်း နင် ငါ့ကို ဒူးထောက်အရိုအသေပေးရမယ်” ဖန်းတုံးအာ အံတင်းတင်းကြိတ်၍ မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်နေသောပုံစံအရ သူမ တောင်းဆိုမှုများ ထပ်ထည့်လိုက်သော အကြောင်းရင်းမှာ စိတ်လိုက်မာန်ပါ သဘောတူခဲ့မိသည်ကို နောင်တရသွား၍ မန်ဟို လက်လျှော့သွားမည်ကို မျှော်လင့်သယောင် ထင်ရသည်။

မန်ဟိုက မျက်တောင်တဖျပ်ဖျပ် ခတ်၍ ဖန်းတုံးအားကို အူကြောင်ကြောင် ကြည့်သည်။ ထို့နောက် သူက တဖြေးဖြေး ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ ရတယ်” သူက ပြောသည်။ “ငါတို့က မိတ်ဆွေဟောင်းကြီးတွေဆိုတော့ လောင်းကြေးက နည်းနည်းမတရားပေမယ့် လက်ခံပါ့မယ်။ ငါတို့ပတ်သက်မှုကို ထောက်ထားပြီးတော့ပေါ့။ ကဲ လောင်းကြစို့”

ဖန်းတုံးအာမှာ မျက်ဝန်းလေးများ ရွှန်းလဲ့သွားသည်ကို မဖုံးကွယ်ဘဲ ပြန်ဖြေသည်။ “သဘောတူပြီး ....”

“... တာအိုကို သက်သေတည်တယ်” မန်ဟိုက တွန့်ဆုတ်ခြင်းမရှိ ဆက်ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားအတော်များများမှာ ဖြစ်ပျက်နေသောအရာကို နားစွန်နားဖျား ကြားလိုက်ကြ၍ စပ်စပ်စုစု ကြည့်နေကြလေသည်။ အထူးသဖြင့် မန်ဟို့ကို ရန်လိုနေသော ကျင့်ကြံသူအမျိုးသားတချို့ပင်။ သူတို့သည် ဖန်းတုံးအာ၏ရန်သူက သူတို့၏ရန်သူဟု သတ်မှတ်ထားပုံရသည်။

ဖန်းတုံးအာက မန်ဟို့အဖြေကို ကြားလျှင် ချက်ချင်း ပြုံးလိုက်သည်။ ယခုတွင် သူမသည် မန်ဟို့ကို နှပ်ချဖို့ ကြိုးစားနေသည်ကို မဖုံးကွယ်တော့သလို၊ မန်ဟို့ကို တမင်မျှားနေခဲ့သည်ကိုလည်း မဖုံးကွယ်တော့ပေ။ မန်ဟို ရှုံးမည်ဟူ၍ သူမက ရှစ်ဆယ်ရာခိုင်နှုန်း သေချာလေသည်။

မန်ဟိုသည် ဖန်းတုံးအာ၏မျက်နှာထားကို မြင်သော် ပြုံး၏။ နှစ်ပေါင်းများစွာ ကလိမ်ကျလာခဲ့သူပီပီ သူ့အနေဖြင့် ဖန်းတုံးအာ သူ့ကို တမင်မျှားခေါ်နေခဲ့သည်ကို သတိမထားမိဘဲ ရှိမည်လော။

သူက နတ်မီးလျှံစမ်းသပ်ပွဲစတင်ဖို့ ကျောက်တိုင်တစ်တိုင်အား ချက်ချင်း မရွေးပေ။ ထိုအစား အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ ဟိုဟိုသည်သည် ပျံသန်းရင်း ကျန်ရွှေဂိတ်ကျောက်တိုင်ရှစ်တိုင်ကို စစ်ဆေးနေသည်။

ဖန်းတုံးအာလည်း နောက်မှလိုက်လာသည်။  ကိုးပင်လယ်နတ်လောကဂိုဏ်းသားများအပါအဝင် မိစ္ဆာကျင့်ကြံသူတချို့လည်း ထိုနည်းတူပင်။ အတော်များများက သူတို့၏မိတ်ဆွေများကို စာများလှမ်းပို့ခဲ့ကြ၍ မကြာမီ မန်ဟိုနှင့် ဖန်းတုံးအားအကြားက လောင်းပွဲအကြောင်း သတင်းပျံ့သွားတော့သည်။

ဖန်းတုံးအာသည် ကိုးပင်လယ်နတ်လောကတွင် လက်ရှိမျိုးဆက်၏ နတ်သမီးတော်ဖြစ်ပြီး အပြင်လောက၌ပင် ထင်ရှားကျော်ကြား၏။ ကိုးပင်လယ်နတ်လောကတွင် သူမကို မသိသူမရှိပေ။ ယင်းနှင့် ပြစ်မျိုးမှဲ့မထင် ချောမောလှပသော အချက်ကြောင့် သူမကို တိတ်တဆိတ် ပိုးပန်းနေကြသည့် တစ်ဂိုဏ်းတည်းသားများ မည်မျှရှိကြောင်း အတိအကျပြောမရပေ။ သို့ဖြစ်၍ သူမ တစ်စုံတစ်ယောက်နှင့် လောင်းကြေးထပ်နေသည့်သတင်းက လျင်မြန်စွာပင် အတော်များများ၏အာရုံကို ဆွဲဆောင်လိုက်တော့သည်။

မှန်ပါသည်၊ မန်ဟိုလည်း အပြင်လောကတွင် နာမည်ကြီးလေသည်။ တကယ်တမ်း သူ့နာမည်သည် ဖန်းတုံးအာထက်ပို၍ ထင်ရှား၏။ သူ၏အဆင့်အတန်း သို့မဟုတ် အောင်မြင်မှုတို့အရ သူကား အများအာရုံစိုက်ရာ ဖြစ်လေသည်။ ထိုမျှသာက လွန်ခဲ့သော လဝက်ကပင် သူက တာအိုနယ်ပယ်ပညာရှင်တစ်ဦးကို မျက်နှာချင်းဆိုင်၍ ပြစ်တင်ဝေဖန်ခဲ့သေးသည်။ ထိုသတင်းသည် ကိုးပင်လယ်နတ်လောကတစ်ခုလုံး ပျံနှံထားခဲ့သည့်အတွက် သူနှင့် ဖန်းတုံးအာ၏ လောင်းပွဲအား ပို၍စိတ်ဝင်စားစရာကောင်းသွားစေသည်။

မိစ္ဆာကျင့်ကြံသူများ ၊ သာမန်ကျင့်ကြံသူများ အလျှိုလျှိုရောက်လာကြသည်။ မန်ဟို့နောက်လိုက်ရင်း ဆွေးနွေးနေသော ကျင့်ကြံသူတစ်သောင်းတိတိ ပြည့်သွားရန် သိပ်မကြာလိုက်ပေ။ အများစုက သူ့ကို သိချင်စိတ်များဖြင့် ကြည့်နေကြသည်။ သို့သော် အများစုသည် ဖန်းတုံးအာဘက်သို့ ပို၍စိတ်တိမ်းညွတ်ကြ၏။

“ဘာလဲ ဘယ်တစ်ခုရွေးရမလဲ မဆုံးဖြတ်တတ်ဘူးလား” ဖန်းတုံးအာက အေးတိအေးစက် လှောင်သည်။ “အချိန်ဆွဲမနေနဲ့ မန်ဟို၊ ငါတို့ လောင်းပြီးပြီနော်။ နင် ဒီနေ့ပဲ နတ်မီးလျှံစမ်းသပ်ပွဲကို ဖြေလို့ရတယ်”

မန်ဟိုက သူမကို လှည့်ကြည့်ပြီး ပြုံးပြသည်။ သူ့မျက်လုံးများက အေးစက်စက် လက်သွားပြီး သူသည် စကားတစ်ခွန်းမဆိုဘဲ လျှပ်စီးသဖွယ် ထွက်သွားတော့၏။ သူ တန်းတန်းမတ်မတ် သွားနေသော နေရာကတော့.... နဝမရွှေဂိတ်ကျောက်တိုင်။

ပထမဆုံးကျောက်တိုင်က နဝမပင်လယ်၏ဖိအားနှင့် ပတ်သက်ရာ သူ အဆင်သင့်မဖြစ်သေးပေ။ ကျန်နတ်မီးလျှံစမ်းသပ်ပွဲများကို လေ့လာပြီးနောက် သူသည် ၎င်းတို့တွင် အောင်မြင်ရန် သူ့အစွမ်းအစသူ အတိုင်းထက်အလွန် ယုံကြည်ချက်ရှိမနေခဲ့ပေ။ သို့သော် နဝမကျောက်တိုင်က အပြင်အားကိုယ်နတ်မီးလျှံစမ်းသပ်ပွဲဖြစ်သည်။ ထိုအရာတွင် သူ ယုံကြည်ချက်ရှိ၏။

ဖန်းတုံးအာ၏မျက်ဝန်းလေးများမှာ ရွှန်းလဲ့သွားပြီး စိတ်ထဲတွင် သူမက အေးစက်စက် ရယ်နေသည်။ နဝမကျောက်တိုင်မှာ တကယ်တော့ သူ ရွေးချယ်မည်ဟု သူမ ခန့်မှန်းထားခဲ့သော တစ်ခုပင်။ ထို့ကြောင့် သူ ထိုတစ်ခုကို ရွေးချယ်လိုက်ခြင်းအပေါ် သူမ နည်းနည်းလေးမှ မအံ့ဩမိပေ။

“နင် သေချာပေါက် ရှုံးမှာပဲ” သူမက မာနအပြည့်ဖြင့် အံကြိတ်ရင်း တွေးလိုက်သည်။

ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများကား အခြေအနေကို ချက်ချင်း စတင်ဆွေးနွေးကြတော့သည်။

“နဝမကျောက်တိုင်။ ဒီမန်ဟိုက အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်ရှိတော့ ဒီကျောက်တိုင်ကို ရွေးလိုက်တာ အကျိုးအကြောင်းသင့်ပါပေတယ်”

“ဒါပေမဲ့ နည်းနည်းလောနေတဲ့ပုံ မပေါ်ဘူးလား။ နဝမကျောက်တိုင်က ... အင်မတန် ခက်တာလေ”

“သူရှုံးသွားတော့ ပိုကောင်းတာပေါ့။ သူ့ကို အပိုးကျိုးအောင် လုပ်ရမယ်။ ဒါက ကိုးပင်လယ်နတ်လောက မဟုတ်လား” ကြည့်ရသရွေ့ ဂိုဏ်းသားတစ်ယောက်မှ မန်ဟိုအောင်မြင်လိမ့်မည်ဟု မယုံကြသယောင်ပင်။

မန်ဟို အလင်းတန်းအသွင်ဖြင့် လေကိုခွင်းရင်း နဝမရွှေဂိတ်ကျောက်တိုင်သို့ ပြေးဝင်သွားနေစဉ် မိုးနှင့်မြေသည် တဂျိန်းဂျိန်း ထစ်ချုန်းသွား၏။ သူ အနားရောက်သွားသည့်အခါ ဖန်းတုံးအာနှင့် မန်ဟို လောင်းကြေးထပ်ထားသည်ကို သိရှိထား၍ ဂိုဏ်းသားအတော်များများပင် စုဝေးရောက်ရှိနေကြလေပြီ။ သူတို့ စောင့်ကြည့်နေကြစဉ် မန်ဟိုက ကျောက်တိုင်ကြီးထံသို့ တွေဝေခြင်းမရှိ ပျံသန်းသွားသည်။

၎င်းကို ထိလိုက်သည်နှင့် သူကား အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

ကျောက်တိုင်အပြင်ရှိ ဂိုဏ်းသားတစ်သောင်းကျော်မှာမူ နာမည်စာရင်းတွင် အပြောင်းအလဲတစ်စုံတရာပေါ်လာမည်ကို မမှိန်မသုန် စောင့်နေကြသည်။ ဖန်းတုံးအာကတော့ အေးစက်စက် ရယ်လိုက်သည်။ သူမသည် အလွန်တည်ငြိမ်နေပြီး မန်ဟို ရှုံးလိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေ၏။

ရွှေဂိတ်ကျောက်တိုင်အထဲတွင် ကမ္ဘာတစ်ခုသည် အရပ်လေးမျက်နှာသို့ ဆန့်တန်းလျက်ရှိ၏။ သို့ရာတွင် မည်သည့်ကောင်းကင်မှ မရှိ၊ မည်သည့်မြေကြီးမှ မရှိဘဲ ဗလာကျင်းနေသည်။ မန်ဟိုမှာ သူ၏အင်မော်တယ်အကြောများ ချိတ်ပိတ်ခံထားရကြောင်း သဘောပေါက်လိုက်သဖြင့် မျက်မှောင်ကြုတ်သွားသည်။ ၎င်းတို့ကို အနည်းအကျဉ်းပင် လှည့်ပတ်၍မရရာ နတ်ဘုရားစွမ်းရည်များ၊ မှော်သိုင်းကွက်များ ထုတ်လွှတ်မရအောင် ဖြစ်စေသည်။

“ငါ့မှော်အစွမ်းကို ချိတ်ပိတ်ထားတယ်လား” သူက တွေးလိုက်သည်။ သူသည် သူ၏သိုလှောင်အိတ်ထဲသို့ နတ်ဘုရားအာရုံပို့လွှတ်လိုက်ရာ ၎င်းပင် သက်ရောက်ခံထားရကြောင်း တွေ့လိုက်ရ၏။ အထဲရှိ ပစ္စည်းအကုန်လုံးနီးပါးအား သုံးမရပေ။ ကြည့်ရသရွေ့ ဤနေရာရှိ သဘာဝနိယာမများက မှော်နှင့်ဆက်စပ်သမျှ အရာရာတိုင်းကို တားမြစ်ထားပုံပေါ်သည်။

အသုံးပြု၍ရသေးသော အံ့ဖွယ်ပစ္စည်းတချို့တော့ သူ့သိုလှောင်အိတ်ထဲတွင် ရှိသည်။ အားလုံးအနက် အအံ့ဩစရာအကောင်းဆုံးမှာတော့ အနက်ရောင်သစ်စေ့က လှိုင်းဂယက်များကို ဖြန့်ကျက်နေသေးလေသည်။ ၎င်းမှာ ချိတ်ပိတ်စွမ်းအား၏ သက်ရောက်ခြင်းမခံရဘဲ အသုံးပြု၍ရသေးပုံပေါ်သည်။

မန်ဟို အံ့ဩနေသည့်အချိန်မှာပင် အရှေ့မှ တဖျစ်ဖျစ်မြည်သံများ ရုတ်တရက် ထွက်လာသည်။ ထို့နောက် အရပ်မြင့်မြင့်လူရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲမှ လမ်းလျှောက်ထွက်လာ၏။

၎င်းက ဆံပင်ဖြူဖြူများနှင့် ခေါင်းရှည်ရှည်ကြီးရှိပြီး အပြာရောင်ဝတ်ရုံတစ်စုံကို ဝတ်ထားသည့် မျက်နှာဖုံးနှင့် လူတစ်ယောက်ဖြစ်သည်။ သူ့ထံမှ မည်သည့်ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့မှ ထုတ်လွှတ်မနေရာ မန်ဟို့မျက်လုံးများကို ပြူးကျယ်သွားစေ၏။

ထိုလူ့ကိုယ်ထဲတွင် အကန့်အသတ်မရှိသော ချီသွေးစွမ်းအားများရှိကြောင်း သူ ခံစားနေရလေသည်။ ထိုလူတွင် ကျင့်ကြံခြင်းအခြေခံအခိုးအငွေ့များ မရှိသော်လည်း သူ့ချီသွေးစွမ်းအားက မိုးထိုးနေ၏။

မန်ဟိုသည် ဤလူ မည်သည့်ကျင့်စဉ်မျိုး ကျင့်ကြံထားသလဲ နားလည်လိုက်သဖြင့် မျက်လုံးများ လင်းလက်သွားတော့သည်။

“ကိုယ်ကာယကျင့်ကြံသူ"

ဖန်မျိုးနွယ်စု၏ ရှေးဟောင်းမှတ်တမ်းများကို လေ့လာခဲ့စဉ်တုန်းက ရှေးခေတ်မှ ကျင့်ကြံအားထုတ်ခြင်းပုံစံတစ်မျိုးနှင့် ပတ်သက်သော အချက်အလက်များကို သူ မြင်ခဲ့ဖူးသည်။ ထိုကျင့်ကြံသူများသည် မှော်ကျင့်စဉ်များကို မကျင့်ကြံဘဲ သူတို့၏အပြင်အားကိုယ်အပေါ်တွင်သာ အာရုံစိုက်ကြ၏။

ထိုကဲ့သို့ လူများအား ကိုယ်ကာယကျင့်ကြံသူများဟု ခေါ်ဆိုနိုင်သည်။

အားလုံးအထဲ အထူးခြားဆုံးမှာတော့ သူတို့ခန္ဓာကိုယ်များတွင် စိတ်ဝိညာဉ်စွမ်းအင်တစ်စက်မှ မရှိခြင်းပင်။ သို့သော် သူတို့ချီနှင့်သွေးက သူ့ပတ်ပတ်လည်ရှိ ကမ္ဘာလောက၏အလုပ်လုပ်ပုံကို လွှမ်းမိုးနိုင်သည်။

ယခု သူ့အရှေ့ရှိ လူမှာ ထိုအဆင့်ကို မရောက်သေးသော်လည်း သူ့ချီနှင့်သွေးက ကြောက်စရာကောင်းလောက်အောင် သန်မာကြံခိုင်နေသေး၏။

မန်ဟို့မျက်လုံးများ တောက်ပသွားပြီး သူက မပြုံးမိဘဲ မနေပေ။

“ဆိုတော့ မှော်သိုင်းကွက်တွေ သုံးလို့မရဘူးပေါ့လေ။ အပြင်အားကိုယ်ကိုပဲ အားကိုးရတော့မှာ။ ကဲ အဲဒီလိုဆိုမှာတော့ ... ငါ့အစစ်အမှန်အပြင်အားကိုယ်က ငါ့ကို ဘယ်လောက်ဝေးဝေးခေါ်သွားနိုင်မလဲ ကြည့်ဖို့အချိန်ကျပြီ” သူက အသက်ပြင်းပြင်းရှု၍ ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ထိုလူထံ လျှောက်သွားလိုက်သည်။

တစ်ယောက်နှင့်တစ်ယောက် နီးကပ်သွားသည့်အခါ နှစ်ယောက်လုံး လက်သီးဆုပ်ပြီး ထိုးချလိုက်ကြသည်။

ဝုန်းးးး။ မန်ဟိုက သူ့အပြင်အားကိုယ်ဖြင့် အားကုန်သုံးခဲ့သည့်အတွက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ သူ့လက်သီးချက် ပြိုင်ဘက်အပေါ် ကျရောက်သောအခါ ကြီးမားသောလှိုင်းကြီးတစ်လှိုင်းက အဘက်ဘက်သို့ လိမ့်ထွက်သွားသည်။ မန်ဟို့ဆံပင်များ ဖွာလန်ကြဲသွားသော်လည်း သူက ခြေလှမ်းတစ်ဝက်ပင် မဆုတ်လိုက်ရပေ။ ပထမဆုံးလက်သီးချက်က သူ့ကို စိတ်လှုပ်ရှားလာစေသည်။ ထိုကဲ့သို့ အားတစ်ရပ်ကို ထုတ်လွှတ်လိုက်ရခြင်းက အတော်လေး စိတ်ကျေနပ်စရာကောင်းလေသည်။

သူ့ပြိုင်ဘက်မှာမူ တုန်ရီသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏၊။

“သေပေတော့” မန်ဟိုက ဟိန်းဟောက်ရင်း ရှေ့တက်ကာ ထိုးချလိုက်ပြန်သည်။

လက်သီးချက်က မည်သည့်အရာအပေါ်မှ ကျမသွားသော်လည်း ဟင်းလင်းပြင်ကို ပြိုကွဲသွားစေပြီး လေပြင်းတစ်ချက်အား သူ့ပြိုင်ဘက်ကို ဆောင့်တိုက်လိုက်စေသည်။ ထိုလူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး မျက်စိတစ်မှိတ်အတွင်း ရိုက်အားကြောင့် သူ့မှာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် နောက်ထပ်လူနှစ်ယောက် ဟင်းလင်းပြင်ထဲတွင် ပေါ်လာသည်။ သူတို့သည် အပြာရောင်ဝတ်ရုံများ၊ မျက်နှာဖုံးများနှင့် ပထမတစ်ယောက်နှင့် ချွတ်စွပ်တူသည်။ သူတို့၏ ချီနှင့်သွေးမှာလည်း မယုံနိုင်လောက်အောင် အင်အားကြီးပြီး သူတို့ကား မန်ဟို့ကို တိုက်ခိုက်ရန် ချက်ချင်း ပြေးဝင်လာကြလေပြီ။

မန်ဟိုက ခေါင်းနောက်လှန်၍ တဟားဟား ရယ်လိုက်သည်။ သူသည် နောက်မဆုတ်ဘဲ ထိုအစား တိုက်စစ်ဆင်၏။ အုန်းခနဲ အုန်းခနဲ လူရိပ်နှစ်ခု ဖျက်စီးခံလိုက်ရသည်။ တခဏကြာသော် ပို၍ပင်အားကောင်းသော ချီနှင့်သွေးတို့ဖြင့် လူရိပ်လေးခုပေါ်လာသည်။

ပြိုင်ဘက်လေးယောက် ဖျက်စီးခံလိုက်သည်။ ထို့နောက် ရှစ်ယောက်။ ရှစ်ယောက် အသတ်ခံရပြီးနောက် ဆယ့်ခြောက်ယောက်။ ဆယ့်ခြောက်ယောက်ပြီးနောက် သုံးဆယ်နှစ်ယောက်ပေါ်လာသည်။

ထို့နောက် ၆၄၊ ၁၂၈၊ ၂၅၆....

ပေါ်လာတိုင်း သူတို့၏ချီနှင့်သွေးသည် ပို၍ပင် အားကောင်းသည်။ တဟားဟားသာ ရယ်နေသော မန်ဟို့အား လူအုပ်ကြီးက ဝိုင်းထားလေပြီ။ မန်ဟိုမှာ မှော်သိုင်းကွက်များကို အရေးမထားဘဲ သူ့အပြင်အားကိုယ်ကိုသာ အားကိုးရသည့် ယခုလိုအခွင့်အရေးမျိုးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူ လက်သီးတစ်ချက် ထိုးလိုက်တိုင်း ပြိုးပြိုးပြက်ပြက်အရောင်များ လင်းလက်သွားတတ်သည်။

ထိုမျှသာမက သူ့နာမည်သည် ကျောက်တိုင်၏ စာရင်းအပေါ်တွင် တက်စပြုလာလေပြီ။

***

All Chapters