နတ်စစ်သည်တော်
Vol. 76 Ch. 1050
တကယ်တော့ မန်ဟို့နာမည်သည် ရန်သူ ၆၄ ယောက်အား သတ်ခဲ့ပြီးသော အခိုက်အတန့်တွင် ကျောက်တိုင်အပေါ်၌ ပေါ်လာခဲ့ခြင်းဖြစ်၏။
ရွှေဂိတ်ကျောက်တိုင်အပေါ်တွင် နာမည်တစ်ထောင်ရှိသည်။ သို့သော် ထိပ်ဆုံးတစ်ရာ၏ နာမည်များ တောက်ပလင်းလက်နေစဉ် ထိပ်ဆုံးတစ်ရာအပြင်ရှိ နာမည်များမှာ နတ်ဘုရားအာရုံမသုံးဘဲ ဖတ်မရနိုင်အောင် မှေးမှိန်နေလေသည်။
မန်ဟို့နာမည်ကား ပေါ်လာသောအခါ အဆင့် ၉၉၇ တွင် ဖြစ်သည်။
တခြားအချိန်ဆိုလျှင် ဤအခြင်းအရာကို သတိထားမိသူ ရှိမည်မဟုတ်ပေ။ လူအများစုသည် ထိပ်ဆုံးတစ်ရာကိုသာ ဂရုစိုက်၏။ ထို့အောက်ရှိ နာမည်ကိုးရာက အတန်ငယ်ဂုဏ်ယူစရာကောင်းနိုင်သော်လည်း အုတ်အုတ်ကျက်ကျက် ဖြစ်စေရန် မလုံလောက်ပေ။
သို့သော် ဤအခိုက်အတန့်တွင် ကျောက်တိုင်ကို စိုက်ကြည့်နေသော ပရိသတ်အယောက်တစ်သောင်းသည် မန်ဟို့နာမည်ကို ချက်ချင်း မြင်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။
“ဟိုမှာ ဟိုမှာ”
“သူက အဆင့် ၉၉၇ မှာဟ”
“မြန်လိုက်တာ။ သူ အဲဒီထဲမှာ ရှိနေတာ ဘယ်လောက်ရှိသေးလို့တုန်း” ချက်ချင်းပင် ဂိုဏ်းသားများသည် အခြေအနေကို သုံးသပ်ကြည့်လိုက်ပြီး မန်ဟို ကျောက်တိုင်အထဲ ဝင်ရောက်ပျောက်ကွယ်သွားသည့်အခိုက်အတန့်မှစ၍ သူ့နာမည်ပေါ်လာသည့်အချိန်အထိ အမွှေးတစ်တိုင်ထွန်းစာမျှသာ ကြာခဲ့ကြောင်း တွက်ချက်ပြီးသွားကြသည်။
သို့သော် သူတို့တွက်ချက်ဆွေးနွေးနေကြရုံ ရှိသေးသည်၊ သူ့နာမည်က ၉၉၇ မှ ၈၃၁ သို့ ရောက်ရှိသွားသည်။ ထို့နောက် ၈၃၁ မှ ၄၉၈ သို့ ခုန်တက်သွားပြန်သည်။
စကားသံများ ပွက်လောရိုက်သွားပြီး လူတိုင်းမှာ သိသိသာသာ တုန်လှုပ်နေကြတော့သည်။ လူတိုင်းသည် မန်ဟို လုပ်ဆောင်နေသော တိုးတက်မှုကို အံ့ဩနေကြရင်း ကျောက်တိုင်ကို စိုက်ကြည့်နေကြ၏။ သူ၏ဂုဏ်သတင်းအရ သူ ထိပ်ဆုံးတစ်ရာသို့ ဝင်မည်ဖြစ်ကြောင်း လူတိုင်း သေချာသိသော်လည်း သူ့နာမည် ထိုးတက်သွားနေသသောအမြန်နှုန်းက လူတိုင်းအား အံ့ဩမှင်သက်နေစေသည်။
သူသည် လူတိုင်း စိတ်နှလုံးတုန်လှုပ်နေရသည့်တိုင်အောင် အလွန်လျင်မြန်စွာ မြင့်တက်နေ၏။ လူအယောက်တစ်ရာကို တိုက်ခိုက်ရာတွင် အသက်အရှိုက်တစ်ရာအတွင်း အနိုင်ယူနိုင်ခြင်းနှင့် အသက်အရှိုက်ငါးဆယ်အတွင်း အနိုင်ရသွားခြင်းမှာ လုံးဝမတူသော ကိစ္စရပ်ဖြစ်သည်။ ထိုမျှသာမက အသက်ဆယ်ရှိုက်တည်းနှင့် ထိုသို့လုပ်နိုင်ခြင်းကား မိုးနှင့်မြေပမာ ကွာခြားနေသည်။
ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားအကုန်လုံး မန်ဟိုနှင့်ပတ်သက်၍ ထိုကဲ့သို့ ခံစားနေရလေသည်။ သူတို့သည် နတ်မီးလျှံစမ်းသပ်ပွဲအတွင်း ဖြစ်ပေါ်နေသော ပုံရိပ်များကို မမြင်ရသော်လည်း သူ့နာမည် မည်မျှလျင်မြန်စွာ မြင့်တက်သွားနေသည်ကို တွက်ချက်ကြည့်လျှင် သူသည် အရှိန်အဟုန်စွမ်းအင်တို့ဖြင့် တဟုန်းဟုန်းတောက်နေမည်ဖြစ်ကြောင်း သူတို့ သိလိုက်၏။
ဖန်းတုံးအာ၏မျက်နှာလေးမှာ ရိပ်ခနဲ ဖြစ်သွားသော်လည်း မြန်မြန်ဆန်ဆန်ပင် ပုံမှန်ပြန်ဖြစ်သွားသည်။
“တကယ့်အခက်အခဲက ထိပ်ဆုံးတစ်ရာထဲမှာရှိတာ” သူမက အံကြိတ်ရင်း သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ “သူ အစပိုင်းမှာတော့ မြန်မြန် သွားရင်သွားနိုင်မှာပေါ့။ အဲဒီတော့ ဘာလုပ်ရမှာတုံး”
ရွှေရောင်ဂိတ်ကျောက်တိုင်ထဲတွင် မန်ဟိုသည် အားရပါးရ ရယ်နေ၏။ သူ့ချီနှင့်သွေးတို့ကား နဂါးကြီးတစ်ကောင်လို သက်ဝင်လှုပ်ရှားနေသည်။ သူက ရဲစွမ်းသတ္တိအပြည့်အဖြင့် ဝတ်ရုံပြာလူရိပ်များကို တရစပ်တိုက်ခိုက်နေသည်။ သူတို့သည် သူ့ရှေ့မှောက်တွင် မြက်ခြောက်များသဖွယ်သာ။
အကန့်အသတ်မရှိသော ချီသွေးစွမ်းအားတို့ဖြင့် ကျင့်ကြံသူ ၂၅၆ ယောက်ကို ရှင်းလင်းပြီးနောက် မန်ဟို့မျက်လုံးများက အစွဲကြီးမှုဖြင့် တောက်ပနေသည်။ သူမှာ အတန်ငယ်မောဟိုက်နေသော်လည်း သူ့နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေသည်။
“ငါ သေချာပေါက် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ကို ဝင်စေရမယ်... နည်းလမ်းကျကျ စဉ်းစားရင် မဖြစ်နိုင်သင့်ပေမယ့် ငါ လုပ်နိုင်သေးတယ်” သူက သူ၏သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်သည်။ အထဲတွင် ဖန်းတုံးအာနှင့် သူ၏လောင်းပွဲကို အနိုင်ရလိမ့်မည်ဟု သူ့အား ယုံကြည်ချက်ရှိစေသော ပစ္စည်းရှိသည်။
ဤသည်မှာ နတ်မီးလျှံစမ်းသပ်ပွဲဖြစ်ပြီး သူ့သိုလှောင်အိတ်ထဲရှိ ပစ္စည်းအများစုမှာ ချိတ်ပိတ်ခံထားရသော်လည်း မန်ဟို ထင်ထားခဲ့သည့်အတိုင်း သူ မျှော်လင့်ထားသော ပစ္စည်းက ချိတ်ပိတ်မခံခဲ့ရပေ။ အနက်ရောင်သစ်စေ့လည်း မထင်မှတ်ဖွယ်ကောင်းစွာနှင့် ချိတ်ပိတ်ခံထားရခြင်းမရှိ။
သူ ထိုနေရာတွင် အတန်ငယ်ဟောဟဲလှိုက်လျက် ရပ်နေစဉ် အရှေ့ရှိ ဟင်းလင်းပြင်မှာ လှိုင်းထလာသည်။ မန်ဟိုမှာ အနားပင် အပေးမခံရပေ။ အံ့ဩဖွယ်ကောင်းစွာနှင့် ဝတ်ရုံပြာလူ ၅၁၂ ယောက် ထွက်လာသည်။
တစ်ဦးတစ်ယောက်စီသည် သူ တိုက်ခိုက်ခဲ့ဖူးသော မည်သည့်ရန်သူမဆိုထက် များစွာအစွမ်းထက်၏။ သူတို့ချီနှင့်သွေးစွမ်းအားက အင်မော်တယ်နယ်ပယ်အထွတ်အထိပ်နှင့် ညီမျှသည်။ သို့သော် သူတို့သည် အကြောကိုးဆယ် သို့မဟုတ် ကိုးဆယ်ကျော်ဖြင့် ရွေးချယ်ခံများကဲ့သို့ မဟုတ်ဘဲ အကြောခုနစ်ဆယ်ကျော် အထွတ်အထိပ်အင်မော်တယ်များနှင့် ပိုတူသည်။
သို့ပင်ငြား မယုံနိုင်လောက်အောင် အစွမ်းထက်နေဆဲပင်။ မန်ဟိုမှာ ကိုးပင်လယ်နတ်လောက၏အဖွဲ့ဝင်များ ယခုလိုစိန်ခေါ်မှုများကို မည်ကဲ့သို့ ဖြတ်ကျော်ခဲ့သည်လဲ မသိပေ။ သူတို့တွင် အထူးခန္ဓာကျင့်စဉ်တစ်ခုရှိကောင်း ရှိလိမ့်မည်။ မည်သို့ဆိုစေ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ရှေ့တက်ပြီး တိုက်ခိုက်လိုက်ပြန်သည်။
သူ လက်သီးချက်အား ပစ်သွင်းလိုက်သည့်အခါ အရာအားလုံး ထစ်ချုန်းတုန်ခါသွားသည်။ ကြီးမားသောတုန်ခါမှုများအား ခံစားနေရစဉ် သူကား အချိန်ကို မေ့လျော့သွားပြီး နတ်မီးလျှံစမ်းသပ်ပွဲထဲ ရောက်နေသည်ကိုပင် သတိမရတော့ပေ။ သူက သူ့အပြင်အားကိုယ်ကို သုံးရင်း တိုက်ခိုက်သတ်ဖြတ်ရာတွင်သာ အပြည့်အဝအာရုံစိုက်ထား၏။
ဤသည်မှာ သူ့အတွက် မည်သည့်မှော်သိုင်းကွက်ကိုမှ၊ မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ အားကိုးသော၊ သူ့ကျင့်ကြံခြင်းအခြေခံကို မမှီခိုသော ပထမဆုံးအကြိမ်ဖြစ်သည်။ ဤသည်မှာ အပြင်အားကိုယ်ဖြင့်သာ တိုက်ခိုက်ရသော တိုက်ပွဲတစ်ပွဲပင်။ သူ့တစ်ကိုယ်လုံးလည်း တုန်ခါနေသည်။ ကြွက်သားများဒဏ်ဖြစ်၍ မဟုတ်ဘဲ အပြင်အားကိုယ်စွမ်းအားကို အပြည့်အဝအသုံးချနိုင်သွား၍ဖြစ်သည်။
အမှန်တွင် မန်ဟိုသည် နတ်မီးလျှံစမ်းသပ်ပွဲအတွင်း အဆက်မပြတ်တိုက်ခိုက်နေရသဖြင့် သူ့အပြင်အားကိုယ်မှာ အဆင့်တက်တော့မည့် လက္ခဏာများ ပြလာပြီး ပို၍ပင်သန်မာလာသည်ကို ခံစားနေရ၏။
သူက မာန်သွင်းဟိန်းဟောက်၍ အားပြင်းပြင်းလက်သီးတစ်ချက် ပစ်သွင်းကာ ရန်သူသုံးယောက်ကို တစ်ပြိုင်တည်း သုတ်သင်ရင်း ရှေ့တက်လာသည်။ သူ ရန်သူ ၅၁၂ ယောက်ကို အဆုံးသတ်ပြီးသော အခိုက်အတန့်တွင် သူ့ပါးစပ်မှ သွေးများစီးကျနေပြီး သူ့မှာ ဟောဟဲလှိုက်နေလေပြီ။ ထို့နောက် သူက ခေါင်းမော့လိုက်ရာ ရန်သူ ၁၀၂၄ ယောက်မဟုတ်ဘဲ ... တစ်ယောက်တည်းကိုသာ မြင်လိုက်ရသည်။
ထိုလူက ကြက်သွေးရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရှေ့သို့ လျှောက်လာနေစဉ် သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် နီရဲတောက်လာ၏။ ထိုအနီရောင်အား သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ ... နတ်ဘုရားအာရုံဖြင့်သာ မြင်ရနိုင်သည်။
၎င်းက ချီနှင့်သွေးအဆင့်တစ်ခုကို ရောက်ရှိပြီးနောက်မှ ရရှိနိုင်သောအရာ၊ ပတ်ဝန်းကျင်ရှိ သဘာဝနိယာမကိုပင် လွှမ်းမိုးနိုင်သော အရာဖြစ်သည်။
မန်ဟိုသည် ဤကြက်သွေးရောင်လူရိပ်ကို မြင်သည်နှင့် မျက်လုံးများ ဝိုင်းစက်သွားပြီး ထိုလူမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
“ဆိုတော့ ကိုယ်ကာယကျင့်ကြံသူအစစ် နောက်ဆုံးတော့ ပေါ်လာပြီပေါ့” သူက တိုက်ခိုက်လိုစိတ်တို့ဖြင့် မျက်လုံးများ ဝင်းလက်နေလျက် တွေးလိုက်သည်။
ထိုလူမှ ထုတ်လွှတ်နေသော ချီနှင့်သွေးစွမ်းအားအရ မန်ဟိုသည် ထိုလူကား အစစ်အမှန်အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အတွက် ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း ပြောနိုင်၏။
ထိုစဉ် အပြင်ရှိ လူတိုင်းမှာတော့ ဆူညံပွက်လောရိုက်နေကြသည်။ နဝမရွှေဂိတ်ကျောက်တိုင်ကို စောင့်ကြည့်နေသော ပရိသတ်တစ်သောင်းကျော်မှာ မန်ဟို့နာမည် စာရင်းပေါ်တွင် အပေါ်တက်လာနေသည်ကို ကြည့်နေကြ၏။ ၎င်းက ၄၀၀ မှ ၃၀၀ အထိတက်ကာ နောက်ဆုံး အဆင့် ၁၀၁ သို့ ရောက်ရှိခဲ့လေပြီ။
မန်ဟို စခဲ့သည့်အချိန်မှာ အချိန်မည်မျှကုန်ဆုံးသွားပြီလဲ ဆိုလျှင်တော့... တစ်နာရီသာ ရှိသေးသည်။
ကျင့်ကြံသူများအတွက် တစ်နာရီမှာ ဘာမှမဟုတ်သော်လည်း မန်ဟိုက ထိုအချိန်လေးအတွင်း အဆင့် ၁၀၁ သို့ တက်သွားခဲ့လေပြီ။
“ဒီမန်ဟိုက... တကယ်ပဲ သူ့အပြင်အားကိုယ်က ဘယ်လောက်သန်မာတာတုန်း”
“တစ်နာရီ။ တစ်နာရီပဲ ရှိသေးတာ...”
“သူ တကယ်ကြီး ထိပ်ဆုံးတစ်ဆယ်ထဲ ဝင်လိမ့်မယ်လို့ ငါ ခံစားနေရပြီဟေ့”
“မဝင်နိုင်ပါဘူးကွာ။ ဒီကောင် သူ့ရဲ့ အပြင်အားကိုယ် ယာယီသန်မာသွားအောင် လျှို့ဝှက်အတတ်တစ်ခုခု သုံးထားတာဖြစ်မယ်” စကားသံများ ဆူညံနေစဉ် ဖန်းတုံးအာမှာတော့ မျက်စိမျက်နှာပျက်နေတော့သည်။ သူမမှာ ဝန်မခံချင်သော်လည်း အမှန်ပင် စိတ်မအေးတော့ပေ။ မန်ဟို တစ်နာရီတည်းနှင့် အဆင့် ၁၀၁ သို့ ရောက်ရှိလာခဲ့ခြင်းက ရွှေဂိတ်ကျောက်တိုင်နတ်မီးလျှံစမ်းသပ်ပွဲတွင် အတိုင်းထက်အလွန် မြင်ရခဲသောအရာဖြစ်သည်။
အထဲတွင်တော့ မန်ဟိုသည် သူ့နာမည် စာရင်းအပေါ်၌ မည်သည့်နေရာသို့ ရောက်နေပြီလဲ မသိသလို၊ ဂရုလည်း မစိုက်ပေ။ သိုလှောင်အိတ်ထဲရှိ ထိုပစ္စည်းကြောင်း သူကား မရှုံးနိုင်ကြောင်း ယုံကြည်ချက်ရှိနေသည်။ လောင်းကြေးကို နိုင်မနိုင်ဆိုသည်ထက် သူ့အပြင်အားကိုယ်နှင့်ပတ်သက်၍ ရရှိနေသော အကျိုးအမြတ်များက ပို၍အရေးကြီး၏။
အရှေ့တွင် ကြက်သွေးရောင်ဝတ်ရုံနှင့်လူသည် မန်ဟို့ထံသို လျှောက်လှမ်းလိုက်သည်။ သူက ခြေလှမ်းသုံးလှမ်းသာ လှမ်းလိုက်သော်လည်း တစ်လှမ်းစီက ဂျိန်းခနဲ မိုးထစ်ချုန်းသွားစေခဲ့သည်။ မန်ဟို့နှလုံးသားမှာ နင်းခြေခံနေရသည့်အလား တုန်ရီလာ၏။ သူ့မှာ မွန်းကြပ်လာသဖြင့် ဤကြက်သွေးရောင်ဝတ်ရုံလူ၏အရှေ့တွင် ရပ်ရင်း နောင်တမရမိဘဲ မနေတော့ပေ။
သို့သော် သူ့မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ဖြင့် စူးရှလာပြီး သူ့ချီနှင့်သွေးတို့ ဆူပွက်လာကာ ချက်ချင်း ပြန်တိုက်ခိုက်လိုစိတ်အား ဖြစ်ပေါ်လာစေသည်။ သူက နောက်မဆုတ်ဘဲ ကြက်သွေးရောင်ဝတ်ရုံနှင့်လူထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
သူတို့သည် စကားလည်းမပြောဘဲ၊ မှော်အစွမ်းလည်း မသုံးဘဲ ... သတ်ပုတ်ကြလေပြီ။
တဖောင်းဖောင်း မြည်သံများက မိုးနှင့်မြေကို တုန်ခါလှုပ်နေစေသည်။ မန်ဟိုသည် လက်သီးတစ်လုံးပြီးတစ်လုံး ပစ်သွင်းနေသလို ကြက်သွေးရောင်ဝတ်ရုံနှင့်လူလည်း ထိုနည်းတူပင်။ သူတို့သည် ရံဖန်ရံဖါ တစ်ယောက်ကို တစ်ယောက် ဝိုက်ကန်လိုက်၊ ထိုးနှက်လိုက်နှင့် လေလယ်တွင် ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်နေကြတော့၏။
မန်ဟိုက ကျယ်ကျယ်လောင်လောင် အော်ရယ်နေသည်။ သူသည် တိုက်ခိုက်လေလေ၊ သန်မာလေလေ ဖြစ်နေ၏။ သူ့အပြင်အားကိုယ်မှာ လေ့ကျင့်ခံနေရသည့်အလားပင်။ ၎င်းက သူ၏ယခင်အတိုက်အခိုက်စွမ်းရည်ကို ကျော်တက်၍ မန်ဟို့အား အချက်တစ်ချက်ကို အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့ကြောင်း သတိထားမိလိုက်စေသည်။ သူ သူ၏အပြင်အားကိုယ်ကို တိုက်ခိုက်ရာတွင် အသုံးပြလျှင် ၎င်းသည် ပို၍သာသန်မာလာမည်ဖြစ်၏။ ယင်းက အစွမ်းပိုထက်လာစေဖို့အတွက် သော့ချက်ပင်။
တိုက်
မန်ဟို့တိုက်ခိုက်လိုစိတ်ကား အရှိန်အဟုန်မြင့်တက်နေသည်။ သူသည် တစ်ချက်လေးမှ မရပ်နားဘဲ အဆက်မပြတ် တိုက်ခိုက်နေ၏။ ကြက်သွေးရောင်ဝတ်ရုံနှင့်လူက ချီသွေးစွမ်းအားတို့ဖြင့် ပြည့်လျှံနေသော်လည်း ဆုတ်ပြီးရင်း ဆုတ်နေရလေသည်။ သူသည် သဘာဝနိယာမကို လွှမ်းမိုးနိုင်သော အဆင့်သို့ ရောက်ရှိခဲ့သည့် ကိုယ်ကာယကျင့်ကြံသူဖြစ်လင့်ကစား မန်ဟို့အစစ်အမှန်အင်မော်တယ် အပြင်အားကိုယ်အတွက်တော့ ပြိုင်ဘက်မဟုတ်သေးသည်သာ။
အသက်ဆယ့်နှစ်ရှိုက်စာကျော် ကြာသော် မန်ဟိုက ဟိန်းဟောက်၍ ကြက်သွေးရောင်ဝတ်ရုံနှင့်လူကို အပြီးတိုင် ချေမှုန်းပစ်လိုက်သော လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
တစ်ကမ္ဘာလုံး တိတ်ဆိတ်အေးချမ်းသွားပြီး မန်ဟိုက ချီသွေးစွမ်းအားများ တဖွေးဖွေးလှုပ်နေလျက် လေလယ်တွင် ပျံဝဲနေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အနီရောင်အလင်းက သူ့ပတ်ပတ်လည်တွင် ဖြာထွက်လာစပြုလာသည်။
သူကား .... ဤကမ္ဘာ၏ သဘာဝနိယာမကို လွှမ်းမိုးနိုင်သွားသယောင်ပင်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် နတ်စစ်သည်တော်ကြီးတစ်ပါးနှင့် ချွတ်စွပ်တူနေတော့သည်။
“ငါ နားလည်ပြီ။ ကိုယ်ကာယကျင့်ကြံသူတွေဟာ တိုးတက်ဖို့အတွက် စစ်ပွဲတွေကို အဆက်မပြတ်ဆင်နွဲနေဖို့ လိုတယ်” သူ့မျက်လုံးများက ဉာဏ်အလင်းတို့ဖြင့် တောက်ပနေသည်။ အပြင်တွင် သူ့အနေဖြင့် ကြက်သွေးရောင်ဝတ်ရုံနှင့်ပြိုင်ဘက်ကို လက်ကလေးလှန်သလို အလွယ်တကူ သတ်နိုင်၏။ သို့သော် ယခု သူ့တွင် မှော်သိုင်းကွက်များအား သုံးခွင့်မရှိရာ သူ့အပြင်အားကိုယ်ကို မဖြစ်မနေ လေ့ကျင့်ပေးနေရလေသည်။ သူက သူ၏အစစ်အမှန်အပြင်အားကိုယ်ကို .... ထုတ်နိုင်သမျှ အစစ်အမှန်စွမ်းအားတို့ဖြင့် ပြည့်ဝနေစေသည်။
ကြက်သွေးရောင်ဝတ်ရုံနှင့်ပြိုင်ဘက် ပျောက်ကွယ်သွားသော အခိုက်အတန့်တွင် မန်ဟို့နာမည်သည် စာရင်းအပေါ်တွင် ထပ်တက်သွား၏။ သို့သော် ထိုအခြင်းအရာကို သူ မသိပေ။ သူ မြင်ရသည်မှာတော့ အရှေ့ရှိ ဟင်းလင်းပြင်ထဲမှာ .... ကြက်သွေးရောင်ဝတ်ရုံနှင့်လူနှစ်ယောက် ထွက်လာသည်ကိုသာ။
၎င်းက နောက်ဆုံးအကန့်အသတ် ၅၁၂ ယောက်ဖြင့် သံသရာကဲ့သို့ လည်နေသည်။ သံသရာတစ်ခုလျှင် မတူညီသော ကိုယ်ကာယကျင့်စဉ်အဆင့်၊ မတူညီသော အဝတ်အစားနှင့် မတူညီသော ကိုယ်ကာယကျင့်ကြံသူများပါသည်။
၂၊ ၄၊ ၈၊ ၁၆၊ ၃၂၊ ၆၄ ....
ဤနတ်မီးလျှံစမ်းသပ်ပွဲတွင် အနားယူခြင်းဆိုတာမျိုးမရှိပေ။ သူ့အပြင်အားကိုယ်သည် သန်မာသထက် သန်မာလာကာ သူ့တိုက်ခိုက်လိုစိတ်တို့လည်း ပို၍ပင် ထိန်းမနိုင်သိမ်းမရအောင် ဖြစ်လာသည်။ သူက သွေးအန်လိုက်သော်လည်း ၎င်းက သူ့ကို ပို၍ အားကြီးလာစေသည်။ တရစပ်သတ်ဖြတ်မှုများကြောင့် သူ့အပြင်အားကိုယ်သည် ပြီးပြည့်စုံသောအဆင့်အနား တစတစ ရောက်လာ၏။
ကြက်သွေးရောင်ဝတ်ရုံနှင့်ပြိုင်ဘက် ၂၅၆ ယောက် ပေါ်လာသောအခိုက်အတန့်တွင်တော့ မန်ဟိုမှာ နောက်ဆုတ်စပြုလာသည်။ အရေအတွက်က များပြားလွန်းပြီး အကုန်လုံးမှာလည်း သဘာဝနိယာမကို လွှမ်းမိုးနိုင်သော ကျင့်ကြံသူများဖြစ်သည်။ မန်ဟို့အပြင်အားကိုယ်မှာ နောက်ဆုံးအတိုင်းအတာသို့ ရောက်နေလေပြီ။
သူတို့ သူ့ကို ဝိုင်းနေကြစဉ် သူ့မျက်လုံးများက လင်းလက်သွားပြီး သူက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် မသမာနည်းသုံးမချင်ခြင်း မဟုတ်သော်လည်း သူ့နောက်ဆုံးဝှက်ဖဲကို အလွယ်တကူ မကစားလိုပေ။ ထို့ကြောင့် အနက်ရောင်သစ်စေ့ကို ထုတ်လိုက်သည်။ မှင်စာလေးက စူးစူးဝါးဝါးအော်ရင်း ပေါ်လာကာ လာနေသော ကြက်သွေးရောင်ဝတ်ရုံနှင့်ပြိုင်ဘက်များထံ ပြေးဝင်သွားတော့သည်။
ကြက်သွေးရောင်ဝတ်ရုံနှင့်လူအုပ်စုမှာ သစ်စေ့နက်မှင်စာကို ရင်ဆိုင်ဖို့ ချက်ချင်း နှစ်စုခွဲလိုက်ကြသည်။ မှင်စာလေးသည် ရက်စက်ကြမ်းကြုတ်ပြီး မရှောင်ဘဲ ၎င်းကိုယ်၎င်း ကာကွယ်ရန် ၎င်း၏အခွံကြီးကို သုံးလိုက်၏။ ၎င်းမှာ ဤကြက်သွေးရောင်ဝတ်ရုံနှင့်လူများအတွက် ပြိုင်ဘက်မဟုတ်သော်လည်း တိုက်ခိုက်လေလေ၊ ယုံကြည်ချက်ရှိလာသည်။ ၎င်း ဒဏ်ရာရလျှင် ဒဏ်ရာများက အလိုလိုကျက်သွားသည်။ ရန်သူတစ်ယောက်ယောက် အနားရောက်လာလျှင် ၎င်းသည် သူတို့အား ပူးကပ်ဖို့ ကြိုးစား၏။ သို့သော် ကြက်သွေးရောင်ဝတ်ရုံနှင့်လူများမှာ ပူးကပ်ရနိုင်သော ခန္ဓာကိုယ်ပိုင်ရှင်များမဟုတ်ကြောင်း သိသာလာသည်။ ထို့ကြောင့် မှင်စာလေးမှာ ၎င်းတို့ကို တစစီ ကိုက်ဖြတ်ပြီး အသွေးအသားများအား ဝါးမြိုလိုက်၏။
အဆုံးသတ်တွင် မှင်စာလေးသည် ရန်သူတစ်ဒါဇင်ကျော်ကို ကိုင်တွယ်နိုင်လိုက်၍ မန်ဟို့အတွက် အတန်ငယ်သက်သာသွားစေသည်။
မန်ဟိုမှာ ဤရလဒ်ကြောင့် အမှန်တကယ် အံ့ဩနေပြီး သူ့အာရုံကို ကြက်သွေးရောင်ဝတ်ရုံနှင့်လူများကို တိုက်ခိုက်ရာနှင့် သစ်စေ့နက်မှင်စာလေးအား လေ့လာရာတွင် ခွဲထားလိုက်သည်။ အချိန်များ ကုန်လွန်သွားပြီး အသက်ရှိုက်စာအနည်းငယ်ကြာသော် မှင်စာလေးမှာ ကြက်သွေးရောင်ဝတ်ရုံနှင့်လူတစ်ယောက်၏ ထိုးနှက်ခံလိုက်ရ၍ လွင့်ထွက်သွားတော့သည်။ ၎င်းက လွင့်ထွက်နေစဉ် သွေးတစ်လုပ်ထွေးထုတ်ပြီး နားကွဲလောက်အောင် စူးနေသောအသံဖြင့် အော်လိုက်သည်။
“ဓားမြှောင်” ၎င်း အော်လိုက်လျှင်ချင်း ၎င်း၏ခန္ဓာကိုယ်သည် ပုံပျက်ရှုံ့တွသွားပြီး ကြက်သွေးရောင်ဝတ်ရုံနှင့်ပြိုင်ဘက်ဆီ ပြေးဝင်သွားသော ဓားမြှောင်တစ်လက်အသွင်ပြောင်းသွား၏။
***