ထိပ်ဆုံးဆယ်ယောက်
Vol. 76 Ch. 1051
မန်ဟို့အိမ်တွင် ကျောက်ဂူနှစ်ဂူရှိရာမှ တဝုန်းဝုန်း မြည်သံများ ဆူညံနေသည်။ များမကြာခင် ကျောက်ဂူနှစ်ဂူလုံး လုံးလုံးလျားလျား ပြိုကျသွား၏။
ရုတ်တရက် ဖုန်အလိပ်လိပ်ကြားမှ သရဲမျက်လုံးကြီးနှစ်လုံး ထွက်လာသည်။ ၎င်းတို့က တစ်လုံးကိုတစ်လုံး မြင်သောအခါ ရန်လိုနေကြသော်လည်း အချင်းချင်း တိုက်ခိုက်မည့်အလား ထွက်ပြေးရန် ကြံစည်နေသည့်အလား အိမ်အပြင်သို့ ထွက်လာကြသည်။
သို့သော် ၎င်းတို့မှာ ထွက်လာသည်နှင့်တစ်ပြိုင်နက် မိစ္ဆာကျင့်ကြံသူများအား သီချင်းသင်ပေးနေသော ကြက်တူရွေးကို မျက်နှာချင်းဆိုင်နေရကြောင်း တွေ့လိုက်တော့၏။ ကြက်တူရွေးက မျက်လုံးအပြူးသားနှင့် ကြည့်ပြီး ချက်ချင်းပင် ဘ၀င်မကျ ဖြစ်သွားသယောင်ပင်။
"ဒီကောင်တွေကို ရင်းနှီးတယ်လို့ ထင်ရပေမယ့် ဘယ်လိုလုပ် ရင်းနှီးနေမှန်း မသိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အမွှေးတွေက ဘာကြောင့် အဲ့လောက်တောင် ပါးနေရတာတုန်း"
"ဟေ့ကောင် အရူး။ အဲ့တာ အမွှေးမဟုတ်ဘူး။ လက်တံတွေကွ" အသားဂျယ်လီက ကြက်တူရွေးကို တည့်မတ်ပေးရန် အခွင့်အရေးကို အမိအရဖမ်းဆုပ်ရင်း ဝင်ပြောလိုက်သည်။ ရုတ်တရက် ၎င်းသည် သဗ္ဗေညုတဉာဏ်တော်ကို ရရှိသွားသည့်အလား ကြက်တူရွေးထက် ဉာဏ်ကောင်းပြီး အဆင့်အတန်းမြင့်သွားသည့်အလား ခံစားလိုက်ရပုံရသည်။
"အမွှေးဖြစ်ဖြစ်၊ လက်တံဖြစ်ဖြစ် အရေးမကြီးဘူးကွ" ကြက်တူရွေးက ဒေါသတကြီး ပြန်ပြောသည်။ “ကျိုးတဲကြဲတဲကို ဖြစ်နေတာ။ လာ လာ လာ မင်းတို့နှစ်ကောင်။ သခင်ငါးနဲ့ သီချင်းလာဆိုကြည့်" ၎င်းက တုံ့ဆိုင်းခြင်းမရှိဘဲ သရဲမျက်လုံးနှစ်လုံးထံသို့ ပျံသန်းသွားသည်။
သရဲမျက်လုံးနှစ်လုံးက လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ကို ထုတ်လွှတ်နေပြီး တွေဝေမနေဘဲ ကြက်တူရွေးကို တိုက်ခိုက်ရန် ပြေး၀င်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် မျက်လုံးများအထဲရှိ မှင်စာနှစ်ကောင်က ကြက်တူရွေးကို ပူးကပ်ရန်အလား ပါးစပ်များကို ဖြဲလိုက်ကြသည်။
၎င်းတို့အားလုံး ၀င်တိုက်သွားကြပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ကြက်တူရွေးက တစ်စက်မှ မထိခိုက်လိုက်ပေ။ ဆန့်ကျင်ဘက်တွင် မှင်စာနှစ်ကောင်မှာ မချိတင်ကဲ အော်လိုက်ရသည်။ ၎င်းတို့သည် ကြက်တူရွေး၏ ခန္ဓာကိုယ်အတွင်း၌ ကြောက်ခမန်းလိလိ စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရသဖြင့် ထွက်ပြေးကြတော့၏။ သရဲမျက်လုံးများ ပျောက်ကွယ်သွားပြီး မှင်စာများ ပေါ်လာကာ အနက်ရောင်သစ်စေ့များအသွင်ပြောင်း၍ တဟုန်ထိုးထွက်သွားတော့သည်။
ကြက်တူရွေးက ၎င်းကိုယ်၎င်း အလွန်ဂုဏ်ယူနေပုံရပြီး စကားပြောတော့မည့်အချိန်မှာပင် အနက်ရောင်သစ်စေ့နှစ်စေ့က ရုတ်တရက် စူးစူးဝါးဝါးအော်လိုက်သည်။ "ဓားမြှောင်"
၎င်းက အမျက်ဒေါသတို့ဖြင့် ပြည့်နှက်နေသည့် စူးစူးဝါးဝါး အော်သံကြီးဖြစ်သည်။ ထို့နောက် ဓားမြှောင်နှစ်လက်က ကြက်တူရွေးထံသို့ ပြေးဝင်လာသည်။
ကြက်တူရွေးမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"ဟမ် အနက်ရောင်သစ်စေ့တွေက ဘယ်လိုလုပ်ပြီး ဓားမြှောင်ဖြစ်သွားတာတုန်း။ သစ်စေ့ဓားမြှောင်လား ရင်းနှီးနေသလိုပဲ"
ထိုစဉ် န၀မရွှေဂိတ်ကျောက်တိုင်အထဲတွင် ဓားမြှောင်တစ်ဖြစ်လဲ အနက်ရောင်သစ်စေ့သည် ကြက်သွေးရောင်၀တ်ရုံနှင့် ကိုယ်ကာယကျင့်ကြံသူကို စိုက်၀င်သွားရာ သူ့အား ချက်ချင်း ပျောက်ကွယ်သွားစေသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ထိုလူမှာ ဓားမြှောင်၏ ဝါးယူစုပ်မြိုခြင်း ခံလိုက်ရလေပြီ။
မန်ဟို၏မျက်လုံးများ လင်းခနဲလက်သွားပြီး သူက ဆက်လက်တိုက်ခိုက်နေသည်။ များမကြာခင် သူသည် လက်ကျန် ရန်သူ ၂၀၀ ကျော်ကို ရှင်းလင်းပြီးသွား၏။ ထို့နောက် အရှေ့ရှိ ဟင်းလင်းပြင်က လှိုင်းထသွားပြန်ပြီး ကိုယ်ကာယကျင့်ကြံသူ ၅၁၂ ယောက်ပေါ်လာသည်။
သတ်ဖြတ်ပွဲက နောက်တဖန် ပြန်စလေပြီ။ ယခုလောလောဆယ် တိုက်ခိုက်နေရသော အရေအတွက်ကို ထည့်တွက်လျှင် မန်ဟို့အနေဖြင့် ယခင်အရှိန်ကို ထိန်းထားရန် မဖြစ်နိုင်တော့ပေ။ သူ့မှာ နောက်ဆုတ်နေရသော်လည်း အေးအေးဆေးဆေးပင် ဖြစ်သည်။ တစ်ခါတရံ ရဲရဲတင်းတင်း တိုက်ခိုက်နေသော သစ်စေ့နက်မှင်စာကိုလည်း လှမ်းကြည့်တတ်သည်။ ၎င်းသည် ကိုယ်ကာယကျင့်ကြံသူများကို စုပ်ယူနေသည်နှင့်အမျှ ချီနှင့်သွေးအငွေ့အသက်များကို စတင် ထုတ်လွှတ်လာသည်။
ထိုအခြင်းအရာက မန်ဟို၏ မှင်စာအပေါ် စိတ်ဝင်စားမှုကို တိုးပွားလာစေသည်။
အပြင်တွင် ဂိုဏ်းသားတစ်သောင်းကျော်မှာတော့ မန်ဟို့နာမည် အဆင့် ၁၀၁ မှ ၉၇၊ ၈၅၊ ၇၈၊ ၆၇၊ ၅၄ သို့ မြင့်တက်သွားသည်ကို တအံ့တဩ ကြည့်နေကြတော့သည်။
နောက်ဆုံးတွင် မန်ဟို၏နာမည်က အဆင့် ၄၆ တွင် ပေါ်လာ၏။
နာမည်မှ ဖြာထွက်နေသော ရွှေအလင်းရောင်က လူတိုင်းအား ထင်းခနဲ မြင်လိုက်ရစေသည်။ ထိုမျှသာမက အချိန်အရဆိုလျှင် မန်ဟိုသည် ကျောက်တိုင်နတ်မီးလျှံစမ်းသပ်ပွဲ စသည့်အချိန်မှ ထိုနေရာသို့ နှစ်နာရီအတွင်း ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
လူတိုင်းမှာ ဤအခြင်းအရာကြောင့် လုံးလုံးလျားလျား အံ့အားသင့်နေကြလေသည်။ ထိုမျှသာမက တလက်လက် တောက်ပနေသော ရွှေရောင်အလင်းက ကိုးပင်လယ်နတ်လောက၏ အခြားနေရာများရှိ ဂိုဏ်းသားများ၏ အာရုံကိုပါ ဆွဲဆောင်လာတော့သည်။ သူတို့က လှမ်းကြည့်၍ မည်သည့်အရာများ ဖြစ်ပျက်နေသည်လဲ မေးမြန်းပြီးနောက် သိရှိသွားသောအခါ အံ့အားသင့်ကုန်ကြလေသည်။
မိစ္ဆာကျင့်ကြံသူများမှာ သာမန်ကျင့်ကြံသူများထက် ပိုဆိုးသည်။ သူတို့က မျက်နှာထားတင်းတင်းဖြင့် အသတ်အဖြတ်စိတ်ဆန္ဒများကို ဖော်ထုတ်လျက် ရပ်ကြည့်နေကြ၏။
ဖန်းတုံးအာမှာမူ အတိုင်းထက်အလွန် မျက်နှာပျက်နေပြီး လက်သီးဆုပ်ထားရလေသည်။
"သူ့အပြင်အားကိုယ်ခွန်အားကို ထည့်တွက်ရင် သူ့အနေနဲ့ ထိပ်ဆုံး ၃၀ အတွင်းကို လျောလျောလျူလျူ ရောက်သွားနိုင်တယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလောက်မြန်မြန် သွားနေနိုင်တာလဲ" မန်ဟိုသည် စာရင်းပေါ်ရှိ သူမနာမည်ကို ကျော်တက်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ယင်းက မထင်မှတ်ထားသည့်အရာတော့ မဟုတ်။ သို့သော် သူမ၏ တွက်ချက်မှုများအရ မန်ဟို့အနေဖြင့် လက်ရှိနေရာသို့ ရောက်ရှိရန် တစ်နေကုန် ကြာသင့်၏။ ထိုအစား သူက နှစ်နာရီသာ သုံးခဲ့သည်။
ယခုတွင် ရှေးဟောင်းနယ်ပယ်ပညာရှင်အတော်များများမှာ န၀မရွှေဂိတ်ကျောက်တိုင်အတွင်း၌ ဖြစ်ပျက်နေသောအရာများကို အာရုံရသွားကြပြီး စစ်ဆေးရန် နတ်ဘုရားအာရုံများကို စေလွှတ်နေကြသည်။
ကျောက်တိုင်ထဲတွင် မန်ဟိုက သူ့ကို ဝိုင်းထားသော ကြက်သွေးရောင်၀တ်ရုံနှင့် ကျင့်ကြံသူရာပေါင်းများစွာကို ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ သစ်စေ့နက်မှင်စာ၏ အကူအညီဖြင့်ပင်လျှင် ဤကိုယ်ကာယကျင့်ကြံသူများ၏ ပူးပေါင်းထားသော ချီနှင့်သွေးအင်အားကို ကျော်ဖြတ်ဖို့က လွယ်ကူသောအရာတော့မဟုတ်ပေ။
"ငါ စာရင်းပေါ်မှာ ဘယ်လောက်ထိ ရောက်နေပြီလဲမသိဘူး" သူက တွေးလိုက်သည်။ "ပထမဟုတ်တာတော့ သေချာတယ်။ ဒီ နဝမပင်လယ်က လူတွေ ဘယ်လိုလုပ်ပြီး ဒီလောက်မြင့်တဲ့ နေရာတွေအထိ ရောက်ခဲ့ကြတာပါလိမ့်။ သူတို့တွေ ငါ့ထက် ပိုသန်မာတဲ့ အပြင်အားကိုယ်ကို ဘယ်လိုများ ကျင့်ကြံခဲ့ကြတာလဲမသိဘူး" မန်ဟို၏ မျက်လုံးများက တောက်ပသွားသည်။
"ဒါက ကိုယ်ကာယကျင့်ကြံခြင်းနဲ့ တစ်ခုခု ပက်သက်နေတာလား။ ဒါမှမဟုတ် ကိုးပင်လယ်နတ်လောကမှာ ကိုယ်ကာယကျင့်ကြံသူအစစ်တွေ ရှိနေတာများလား" သူသည် ကိုးပင်လယ်နတ်လောကတွင် သိပ်ကြာကြာမနေရသေးတိုင် အချိန်တိုလေးအတွင်း၌ပင် မယုံကြည်နိုင်ဖွယ် အကျိုးအမြတ်များကို ရရှိခဲ့လေပြီ။ သူ၏ အပြင်အားကိုယ်မှာ သန်မာလာခဲ့သည်သာမက ကိုယ်ကာယကျင့်စဉ်နှင့်ပက်သက်၍ သဲလွန်စတစ်ချို့လည်း ရရှိထားပြီဖြစ်သည်။
မဟုတ်လျှင် သူ့အနေဖြင့် သူ၏နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိနေခဲ့သည်မှာ ကြာလေပြီ။ ယခုတွင်မူ သူ၏အင်အားသည် မဆိုစလောက် လိုအပ်နေသေးကြောင်း ခံစားနေရ၏။
"ငါ အဲ့ဒီ့ပစ္စည်းကို သုံးရလောက်တဲ့အထိတော့ မရောက်သေးပေမယ့် ငါ့အပြင်အားကိုယ်စွမ်းအားက မလုံလောက်သေးဘူး" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် နောက်တစ်လှမ်း လှမ်းလိုက်သည်။
"အဲ့ဒီလိုဆိုမှတော့" သူက အသက်ပြင်းပြင်း ရှုသွင်းရင်း ပြောသည်။ "ဒီအပြင်အားကိုယ်နတ်မီးလျှံစမ်းသပ်ပွဲထဲမှာ ဘယ်လိုကိုယ်ကာယကျင့်စဉ်အမျိုးအစားတွေ ရှိသေးလဲ ကြည့်ကြသေးတာပေါ့" သူသည် အင်မော်တယ်အကြောများ ချိတ်ပိတ်ခံထားရ၍ မှော်သိုင်းကွက်များကို မထုတ်ဖော်နိုင်သော်လည်း အင်မော်တယ်အကြောလျှို့ဝှက်မှော်အစွမ်းအား သုံး၍ ရသေးကြောင်း ခံစားလိုက်ရ၏။
သူ၏အပြင်အားကိုယ်မှာ သူ၏အင်မော်တယ်အကြော ၁၂၃ ကြောမှ တစ်ကြောစီကို ဖော်ဆောင်ပြီးနောက် သွေးသစ်လောင်းခံခဲ့ရသည်။ ထို့ကြောင့် သူ့အနေဖြင့် သူ၏ အင်မော်တယ်အကြော ၁၂၃ ကြောလုံးကို အပြင်အားကိုယ်ခွန်အားအဖြစ် ပြောင်းလဲနိုင်သေးသည်။
သူသည် လျှို့ဝှက်မှော်အစွမ်းကိုသုံး၍ သူ၏ အပြင်အားကိုယ်ကို ထိုကဲ့သို့ ပြောင်းလဲလိုက်လျှင် မည်မျှအစွမ်းထက်လာမည်လဲ သိချင်နေ၏။
သူ မျက်လုံးများ ပိတ်လိုက်စဉ် ကြက်သွေးရောင်၀တ်ရုံနှင့် ကိုယ်ကာယကျင့်ကြံသူများက သူ့အနား လာနေကြလေပြီ။ သူတို့ သူ့အပေါ် ရောက်တော့မည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ဘီလူးကြီးတစ်ကောင် ဗုံကြီးတစ်လုံးကို တီးနေသည့်သကဲ့သို့ ထစ်ချုန်းသံများက သူ့ကိုယ်ထဲတွင် မြည်ဟည်းသွားသည်။
သူ့ကိုယ်ထဲတွင် အင်မော်တယ်အကြော ၁၂၃ ကြောသည် ချိတ်ပိတ်ခံထားရ၍ မှော်သိုင်းကွက်များကို မထုတ်လွှတ်နိုင်သည့်တိုင် အပြင်အားကိုယ်ခွန်အားအဖြစ် မပြောင်းလဲနိုင်အောင်တော့ ကန့်သတ်မခံထားရပေ။ မန်ဟို၏ စွမ်းအားတို့ မြင့်တက်လာသည်နှင့်အမျှ ထစ်ချုန်းသံများ ပိုမိုဆူညံလာသည်။ စွမ်းအားအငွေ့အသက်များ တထောင်းထောင်းလာပြီး ဧရာမစွမ်းအားလှိုင်းကြီးတစ်လှိုင်း ဖြာထွက်သွားသည်။
ဂျိန်း
လာနေသော ကြက်သွေးရောင်၀တ်ရုံနှင့် ကိုယ်ကာယကျင့်ကြံသူများမှာ စွမ်းအားလှိုင်းကြီး၏ ရိုက်ခတ်ခြင်းခံလိုက်ရသည်။ သူတို့မှာ မန်ဟို့ကို ရစ်သိုင်းလှည့်ပတ်နေသော ပြာများထက်မပိုတော့ပေ။
သစ်စေ့နက်မှင်စာက စူးစူးဝါးဝါးအော်ပြီး ချက်ချင်း ရှောင်တိမ်းကာ ပြင်းပြင်းထန်ထန် ကြောက်လန့်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ပြန်လှည့်ကြည့်သည်။
ကြက်သွေးရောင်၀တ်ရုံနှင့်ကျင့်ကြံသူတစ်ယောက်မှမကျန် ဖျက်ဆီးခံလိုက်ရလေပြီ။
မန်ဟိုက လက်သီးနှစ်ဖက်ကို ဆုပ်၍ ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးများသည် စူးရှတောက်ပနေ၏။ အပြင်တွင် သူ၏နာမည်ကား အဆင့် ၄၀ မှ ၁၉ သို့ ခုန်တက်သွားလေပြီ။
ဟိုးရှေးခေတ်မှ ယနေ့ထက်ထိ လူ ၁၈ ယောက်သာ မန်ဟို့ထက်ပို၍ ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အကုန်လုံးက အနည်းဆုံး မီးအိမ်ငါးလုံး ငြှိမ်းထားသည့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုမျှသာမက သူတို့၏ အပြင်အားကိုယ်များမှာ မန်ဟို့ထက်ပို၍ မသန်မာပေ။ သူက အသက်တစ်ရှိုက်တည်းနှင့် အဆင့်တစ်ဆင့်လုံးကို ရှင်းလင်းပစ်ခဲ့သည့်အချိန် အခြားသူများမှာ ပြိုင်ဘက်များကို ဖြည်းဖြည်းချင်း သတ်ဖြတ်ခဲ့ရလေသည်။
ရလဒ်က တူညီသော်လည်း လုပ်ဆောင်မှုကတော့ မိုးနှင့်မြေပမာ ကွာခြား၏။
အပြင်လောကတွင်တော့ တစ်ခါမှမဖြစ်စဖူး ဆူညံပွက်လောရိုက်နေတော့သည်။ ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားများမှာ သူ၏နာမည် ၄၀ မှ ထိပ်ဆုံး ၂၀ အတွင်း ၀င်သွားသည်ကို ကြည့်ရင်း မယုံနိုင်ဖြစ်နေကြသည်။
မန်ဟို
ဖန်းတုံးအာ၏ မျက်ဝန်လေးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူမမှာ အံ့ဩမယုံကြည်နိုင်မှုတို့ဖြင့် အသက်ပြင်းပြင်းရှုနေရတော့သည်။
"ထိပ်ဆုံး ၂၀"
"မန်ဟိုက ထိပ်ဆုံး ၂၀ ထဲ ၀င်သွားပြီ။ လေးနာရီထဲနဲ့ ထိပ်ဆုံး ၂၀ ထဲ ရောက်သွားပြီ"
"သူ ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်မလား။ မ၀င်ဘူးလား ပြောရခက်တယ်ကွ"
အကန့်အသတ်မရှိသောရွှေအလင်းရောင်က ကျောက်တိုင်မှ ဖြာထွက်လာရာ ပို၍ပင် အာရုံစိုက်ခံလိုက်ရတော့သည်။ ဂိုဏ်းသားများမှာ အလင်းတန်းများအသွင်ဖြင့် တဖွဲဖွဲ ရောက်ရှိလာကြ၏။
ထိုစဉ် ကျောက်တိုင်ကမ္ဘာထဲတွင် မန်ဟိုသည် နတ်စစ်သည်တော်ကြီးတစ်ဦးပမာ ပျံဝဲနေသည်။ သူ၏ခွန်အားကား ဖော်ပြဖို့ရန်ပင် မဖြစ်နိုင်ပေ။
သူက အင်မော်တယ်နယ်ပယ်ပါရာဂွန်အဆင့် နတ်စစ်သည်တော်တစ်ဦးဖြစ်သည်။ ထို့အပြင် ယခုအချိန်တွင် သူ၏ အပြင်အားကိုယ်လည်း အင်မော်တယ်နယ်ပယ်ပါရာဂွန်အဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
သစ်စေ့နက်မှင်စာ တုန်ရီနေစဉ် အရှေ့ရှိ ဟင်းလင်းပြင်သည် ပုံပျက်ရှုံ့တွလာ၏။ မကြာခင် ထစ်ချုန်းသံများ ကြားလိုက်ရပြီး ပုံပျက်လှိုင်းများထဲမှ အနက်ရောင်၀တ်ရုံနှင့်လူတစ်ယောက် ထွက်လာသည်။
၎င်းက အနက်ရောင်၀တ်ရုံနှင့် မျက်နှာဖုံးတပ်ထားသော လူတစ်ယောက်တည်းဖြစ်သည်။ သို့သော် သူ ပေါ်လာသောအခါ သူ၏ ကြီးမားသော ချီနှင့်သွေးစွမ်းအားတို့က နေရာတိုင်းတွင် အက်ကွဲကြောင်းများအား ပေါ်လာစေ၏။
မန်ဟို အင်မော်တယ်အကြောလျှို့ဝှက်မှော်အစွမ်းကို မသုံးခင်က အဆင့်နှင့် ညီမျှသော အင်မော်တယ်နယ်ပယ် အထွတ်အထိပ်စွမ်းအားက ထိုလူ့ထံမှ ဖြာထွက်လာသည်။ သို့သော် လက်ရှိမန်ဟို၏အဆင့်နှင့်ယှဉ်လျှင် ထိုလူ၏စွမ်းအားမှာ အင်မတန် အားနည်းလွန်းနေသည်။
မန်ဟိုက လက်ကို ဆန့်တန်းရင်း ရှေ့တက်လာသည်။ သူက လက်သီးပင်မသုံးဘဲ လက်ကလေးကို ဝှေ့ယမ်းလိုက်ရာ အပြင်အားကိုယ်ခွန်အားသည် ပတ်၀န်းကျင်ရှိ သဘာ၀နိယာမကို တုန်ခါသွားစေ၏။ ဧရာမချိုင့်ခွက်ကြီး ပေါ်လာပြီး အနက်ရောင်၀တ်ရုံနှင့်လူကို ချက်ချင်း လွှမ်းခြုံပစ်လိုက်သည်။
"ပျက်စီးစမ်း" သူက အသာအယာပြောလိုက်၏။
ဖောင်းခနဲ အသံနှင့်အတူ အနက်၀တ်လူမှာ ကြေမွသွားတော့သည်။ ထို့နောက် လူနှစ်ယောက် ပေါ်လာသည်။ ထို့နောက် လေးယောက်။ နောက်ဆုံး ၅၁၂ ယောက် ပေါ်လာသည်။ တစ်ဦးတစ်ယောက်ချင်းစီမှာ မန်ဟို၏ ချေမှုန်းခြင်းခံရလေသည်။
မန်ဟို၏မျက်နှာသည် ခိုင်မာပြတ်သားသော အမူအရာကို ဆင်မြန်းထားပြီး သူက လျှပ်စီးသဖွယ် တိုက်ခိုက်နေသည်။ သူ၏ အပြင်အားကိုယ်စွမ်းအားက လက်ရှိမျိုးဆက်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ရှေးဟောင်းနယ်ပယ်ပညာရှင်များထက်ပင် သာလွန်၏။ သို့သော် မန်ဟိုသည် ဤသည်မှာ သူ၏ အစွမ်းထက်ဆုံးအခြေအနေမဟုတ်ကြောင်း သိလေသည်။
ပို၍ပင်အင်အားကြီးမားသောအဆင့်အား သူ နိဗ္ဗာနသစ်သီးလေးလုံးကို အောင်အောင်မြင်မြင် စုပ်ယူပြီးလျှင် ရရှိလိမ့်မည်။ ထိုအခိုက်အတန့်သို့ ရောက်လျှင် သူသည် ရှေးဟောင်းနယ်ပယ်သို့ မ၀င်ရောက်ခင် ဟိုးရှေးခေတ်မှ ယနေ့ထက်ထိ တည်ရှိခဲ့သော အင်မော်တယ်နယ်ပယ်ထဲတွင် အသန်မာဆုံးအပြင်အားကိုယ်ကို ပိုင်ဆိုင်သွားမည်ဖြစ်၏။
ထိုအရာက အင်မော်တယ်နယ်ပယ်ဧကရာဇ်အဆင့်ထက်ပင် ကျော်လွန်ကောင်းကျော်လွန်နိုင်၏။
အနက်၀တ်လူ ၅၁၂ ယောက် ချေမှုန်းခံလိုက်သည့်အခါ ကျောက်တိုင်ပေါ်တွင် မန်ဟို၏ နာမည်ကား အဆင့် ၁၉ မှ အဆင့် ၅ သို့ တိုက်ရိုက်တက်သွားတော့သည်။
အပြင်ရှိ လူအုပ်ကြီးမှာ ထိန်းမနိုင်သိမ်းမရတော့ပေ။
"၅ … အဆင့် ၅ ။ မန်ဟိုက အဆင့် ၅ တဲ့လား။ သူ့အရှေ့မှာ ရှိတော့တာဆိုလို့ ဒဏ္ဍာရီလာ နတ်စစ်သည်တော်လေးဦးပဲ ရှိတော့တယ်"
"ရှေးခေတ်ကနေ အခုထက်ထိ ကိုးပင်လယ်နတ်လောက စတင်ဖြစ်တည်ခဲ့ကတည်းက န၀မမြောက်ရွှေဂိတ်ကျောက်တိုင်ရဲ့ ထိပ်ဆုံးလေးယောက်ကို ဘယ်တော့မှ ကျော်လို့မရခဲ့ဘူး။ အဲ့ဒီနာမည်တွေက အဲ့ဒီနေရာမှာ အမြဲရှိနေခဲ့တာ"
"အဲ့ဒီလေးယောက်က ငါတို့ခေတ်က ရွေးချယ်ခံတွေနဲ့မတူဘူး။ သူတို့က ဟိုးရှေးခေတ်ကတည်းက အဲ့နေရာမှာပဲ ရှိနေခဲ့တာ။ သူတို့ရဲ့စံချိန်ကို ဘယ်သူမှ မချိုးနိုင်ခဲ့ဖူးဘူး"
***