← Chapters

ကိုယ်ကာယကျင့်စဉ်ကို လက်ဆင့်ကမ်းခြင်း

Vol. 76 Ch. 1052

ကိုယ်ကာယကျင့်စဉ်ကို လက်ဆင့်ကမ်းခြင်း

Vol. 76 Ch. 1052

ဖန်းတုံးအာခမျာ မျက်နှာလေးဖြူဖပ်ဖြူလျော်နှင့် ဒယိမ်းဒယိုင်ဖြစ်သွားသည်။

“သူ မသမာနည်းသုံးနေတာ၊ ဟုတ်တယ် မသမာနည်းသုံးနေတာပဲ ဖြစ်မယ်” သူမက မျက်လုံးများ သွေးကဲ့သို့ နီစွေးနေလျက် တွေးလိုက်သည်။ သို့သော် ဤအခြေအနေတွင် သူမ၏စွပ်စွဲမှုမှာ အခြေအမြစ်မရှိပေ။ မန်ဟိုသည် မသမာနည်းသုံးရန် ရည်ရွယ်ခဲ့ပြီး ထိုသို့လုပ်ရန်ပင် ပြင်ဆင်ထားပြီးသည်က မှန်သော်လည်း လောလောဆယ်တွင် သူကား မသမာနည်းသုံးမနေပေ။

အတော်မသပ်နိုင်သော တိုက်ပွဲများက သူ၏တိုးတက်မှုကို ဦးတည်နေသည်။ ရလဒ်အနေဖြင့် သူ၏လက်ရှိအပြင်အားကိုယ်မှာ ဆထက်တိုး၍ သန်မာလာနေလေသည်။

သူက ရွှေဂိတ်ကျောက်တိုင်ကမ္ဘာထဲတွင် ပျံဝဲနေရင်း သူ့အရှေ့ရှိ လူများ ပြာကျပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။

ထို့နောက် အရှေ့ရှိ ဟင်းလင်းပြင်သည် လှိုင်းဂယက်များ ထသွားပြီး အဖြူရောင်ဝတ်ရုံနှင့်အဘိုးအိုတစ်ယောက် ပေါ်လာသည်။

အဘိုးအိုသည် မျက်နှာဖုံးဝတ်မထားဘဲ တစ်ယောက်တည်းဖြစ်၏။ သူကား တစ်လောကလုံး၏ ဗဟိုချက်ပမာ ဖြစ်နေသည့်တိုင် မည်သည့်ချီသွေးစွမ်းအားမှ သူ့ထံမှ ပျံ့လွင့်မနေပေ။ သူက သေမျိုးလူသားအလားပင်။

သို့သော် သူသည် နားလည်ရခက်သောခံစားချက်တစ်ခုအား မန်ဟို့ကို ရရှိစေသည်။ နှလုံးသား၏အနက်ပိုင်းထဲတွင် မန်ဟိုမှာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သော အန္တရာယ်အာရုံကိုလည်း ခံစားနေရသည်။

အဘိုးအိုက မန်ဟို့ကို တခဏကြည့်ပြီးနောက် ရှေးဆန်သောအသံနေအသံထားဖြင့် ရုတ်တရက် စကားပြောသည်။

“ငါက ဒီနတ်မီးလျှံစမ်းသပ်ပွဲရဲ့ နောက်ဆုံးအဆင့်ပဲ" သူက အေးစက်စက် ပြောသည်။ “သမိုင်းတစ်လျှောက်လုံး ငါ့ရဲ့ ပထမဆုံးလက်သီးချက်ကို တောင့်ခံနိုင်ခဲ့တဲ့ တာအိုနယ်ပယ်အဆင့်အောက် လူလေးယောက်ပဲ ရှိခဲ့ဖူးတယ်။ အဲဒီထဲက နှစ်ယောက်က ဒုတိယအချက်ကို ခံနိုင်ခဲ့ပြီး တစ်ယောက်တည်းပဲ သုံးချက်ကို ခံနိုင်ခဲ့တယ်

“ငါ့ကို အနိုင်ယူနိုင်တဲ့ ဘယ်သူမဆို ရွှေဂိတ်ကျောက်တိုင်က ပေးတဲ့ ဆုလာဘ်ရဲ့ ဆယ်ဆ ရရှိမယ်။ ကံဆိုးစွာနဲ့ ... တာအိုနယ်ပယ်အောက် ဘယ်သူမှ အဲဒီလိုမလုပ်နိုင်ခဲ့ဖူးဘူး” သူ စကားပြောနေစဉ် သူ့တစ်ကိုယ်လုံးသည် သတ္တုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်အလား သူ့မျက်လုံးများက ရွှေရောင်တောက်လာသည်။

မန်ဟို့သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ သူ့မှာ ဤအဘိုးအို မည်မျှအစွမ်းထက်သည်ကိုပင် မခန့်မှန်းနိုင်သည်သာမက အန္တရာယ်အငွေ့အသက်တို့က သူ့ကို စိုးမိုးနေသည်။ သူ့အရှေ့တွင် ရပ်နေသော ပုဂ္ဂိုလ်မှာ ကျင့်ကြံသူမဟုတ်ဘဲ ကမ္ဘာဦးသားရဲအရိုင်းကောင်ကြီးအလားပင်။

မန်ဟိုက တွေးပင်မတွေးမိဘဲ သိုလှောင်အိတ်ထံ လက်လှမ်းလိုက်သည်။

အဘိုးအိုက မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီးနောက် ပြောလာသည်။ “အနိုင်ရဖို့ တခြားနည်းလမ်းတွေကို မသုံးနဲ့။ ကိုယ်ကာယကျင့်ကြံသူတွေဆိုတာ တိုက်ပွဲတွေကို ဆင်နွဲရင်း သန်မာလာပြီး နှလုံးသားက မာကြောလာတာ။ မသမားနည်းသုံးလိုက်ရင် နှလုံးသားဟာ မတည်ငြိမ်တော့ဘဲ နေလိမ့်မယ်။ စစချင်းတော့ အန္တရာယ်မ            ရှိပုံပေါ်ပေမယ့် အဆုံးသတ်ကျရင် မင်းရဲ့လမ်းဟာ စစ်မှန်တဲ့ ကိုယ်ကာယကျင့်စဉ်ကို မရရှိနိုင်တော့အထိ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းသွားလိမ့်မယ်”

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူသည် ဉာဏ်အလင်းရသွားသကဲ့သို့ တခဏ တိတ်ဆိတ်သွားသည်။ သိုလှောင်အိတ်ထံ လှမ်းနေသောလက်မှာ တုံ့ခနဲ ရပ်သွား၏။ နောက်ဆုံးတော့ သူက အဘိုးအိုကို ကြည့်၍ အသက်ပြင်းပြင်းရှူပြီးနောက် လက်ယှက်အရိုအသေပေးလိုက်သည်။ သူ ခေါင်းပြန်မော့လာသောအခါ သူ့မျက်လုံးများကား တိုက်ခိုက်လိုစိတ်တို့ဖြင့် တောက်ပနေလေပြီ။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တွင် စောစောကထက် အတန်ငယ် ပိုမိုများပြားသောစွမ်းအင်များ ပြည့်ဝလာသည်။

သူ့စွမ်းအင်မှာ စိတ်စွမ်းအားအသစ်တစ်ခု သူ့ကိုယ်ထဲတွင် နိုးထလာခဲ့သည့်အလား ပို၍သန့်စင်သွားသယောင်ပင် ထင်ရသည်။

အဘိုးအိုက အသိအမှတ်ပြုနေသော မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်သည်။

“ပထမလက်သီး၊ အသက်နှုတ်လက်သီး” အဘိုးအိုက အေးတိအေးစက် ပြောသည်။ ထို့နောက် သူသည် လက်ကို ဖြေးညင်းစွာ မြှောက်၍ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ၎င်းမှာ သာမန်ဟု ထင်ရသော်လည်း သူ့လက်မက သူ့လက်ခလယ်နှင့် လက်သူကြွယ်ကြားတွင် ရှိနေသည်။ ၎င်းက မဆိုစလောက်လေး ထိုးထွက်နေသည်။

သူ လက်သီးထိုးလိုက်သည့်အခါ မည်သည့်မှော်အတတ်မှ မပါဝင်ကြောင်း ထင်ရှားသည်။ သို့သော် သုတ်သင်ခြင်းလေကဲ့သို့ အင်မတန် အေးစိမ့်နေသော လေပြင်းတစ်ချက်က တိုက်ခတ်သွားသည်။ လေ တိုက်လာသည်နှင့်တစ်ပြိုင်နက် တစ်ကမ္ဘာလုံးမှာ မီးခိုးရောင်သမ်းသွား၏။ လက်သီးသည် တစ်လောကလုံးရှိ သက်ရှိသတ္တဝါတိုင်းကို အမြစ်ဖြုတ်ပစ်နိုင်ပုံပေါ်နေသည်။

မန်ဟိုမှာ လက်သီး၏သိမ်မွေ့မှုကြောင့် သူ့အသက်စွမ်းအားမီးတောက်ပင် တရိပ်ရိပ်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့မှာ ရင်ဒိန်းခနဲ ခုန်သွားပြီး ဤလက်သီးဖြင့် ဂြိုဟ်တစ်လုံးအား ထိုးနှက်လိုက်လျှင် ၎င်းအပေါ်ရှိ သက်ရှိသတ္တဝါအားလုံး သေဆုံးသွားလိမ့်မည်ဟု ခံစားလိုက်ရတော့သည်။

အသက်နုတ်ခြင်း

ဤသည်ကား အသက်နုတ်လက်သီးပင်။

မန်ဟိုသည် ရေခဲဂူထဲ ရောက်သွားသကဲ့သို့ မွန်းကြပ်သွားသည့်တိုင် သူ၏တိုက်ခိုက်လိုစိတ်တို့က ပေါက်ကွဲထွက်လာသည်။ သူ့ညာလက်က လက်သီးဆုပ်လိုက်ကာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား၊ သူ၏စိတ်စွမ်းအားနှင့် အပြင်အားကိုယ်ခွန်အားတို့အား စုစည်းလိုက်သည်။ သူက အင်မော်တယ်နယ်ပယ်ပါရာဂွန်၏ လက်သီးကို ထုတ်လွှတ်လိုက်သဖြင့် သူ့သွေးများက ပွက်ပွက်ဆူလာလေသည်။

အုန်းးးးးးးးးးးး

သူတို့သည် လေလယ်တွင် ဆုံတွေ့ပြီး လက်သီးများ တစ်လုံးနှင့်တစ်လုံး ထိတွေ့သွားသောအခါ မန်ဟို့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ သူ့မှာ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရပြီး မီတာသုံးရာရောက်သည်အထိ ဒယိမ်းဒယိုင် ဆုပ်လိုက်ရသည်။ ထိုနေရာတွင် သူသည် မည်းနက်နေသော နောက်ထပ်သွေးတစ်လုပ်ကို အန်လိုက်ရပြန်၏။

ထိုမျှသာမက သွေးသည် သူ့ပါးစပ်မှ ပန်းထွက်လာလျှင်ချင်း ချက်ချင်း ခဲသွား၏။

ရေခဲလွှာတစ်လွှာက မန်ဟို့ကို ဖုံးလွှမ်းရန် ချက်ချင်း ပျံ့နှံလာသဖြင့် တဖျစ်ဖျစ်အက်သံများကို ကြားလိုက်ရသည်။

တခဏကြာသော် မန်ဟိုက ခါလိုက်ရာ ရေခဲများ ကြေမွသွားသည်။ သူ့မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် အဘိုးအိုအား အလန့်တကြား လှမ်းကြည့်လိုက်သည်။ ထိုလက်သီးလေးတစ်ချက်၏ အဖျက်အစီးစွမ်းအားကား ကြောက်ခမန်းလိလိပင်။

ထိုမျှသာမက အဘိုးအိုသည် လက်သီးထဲ အားအပြည့်မထည့်ရသေးကြောင်း သူ အာရုံရလိုက်သည်။

“အသက်နုတ်ခြင်း ....” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“အသက်နုတ်လက်သီးက သက်ရှိသတ္တဝါအားလုံးကို သုတ်သင်ပစ်နိုင်တယ်" အဘိုးအိုက အေးစက်စက် ပြောသည်။ “ဘယ်သတ္တဝါကိုမဆို၊ ဘယ်ဖြစ်တည်မှုကိုမဆို ဖျက်စီးပစ်နိုင်တယ်။ ဒီပထမလက်သီးချက်ဟာ မရဏတာအိုအတွက် ဖန်တီးထားတာ။ သေခြင်းစိတ်ဆန္ဒနဲ့ တိုက်ခိုက်ရင် ကိုယ်ကာယကျင့်ကြံသူဟာ နတ်ဘုရားတွေကို သတ်ပစ်နိုင်တယ်"

မန်ဟို့စိတ်မှာ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တုန်ရီသွားသည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် မျက်လုံးများပိတ်ကာ အဘိုးအို၏လက်သီးချက်၏ အဓိပ္ပါယ်ကို ဆင်ခြင်သုံးသပ်နေ၏။ အဘိုးအိုသည် ဤအခြင်းအရာကို မြင်သော် အံ့အားသင့်သွားပုံပေါ်ပြီး မန်ဟို့ကို ပို၍လေးလေးနက်နက် ကြည့်လိုက်သည်။ နောက်ဆုံးတွင် ချီးကျူးနေသောအရိပ်အယောင်က သူ့မျက်နှာပေါ်တွင် ပေါ်လာတော့သည်။

ထိုစဉ် ကျောက်တိုင်၏အပြင်တွင် မန်ဟို ပထမလက်သီးချက်ကို တောင့်ခံနိုင်သော အချက်က သူ့နာမည်ကို ထပ်တက်သွားစေသည်။ ယခုတွင် သူကား အဆင့် ၄ နေရာသို့ ရောက်နေလေပြီ။

၎င်းက အဆင့်လေးတစ်ဆင့်သာ တက်သွားခြင်းဖြစ်သော်လည်း ထိပ်ဆုံးဆယ်ယောက်နှင့် ထိပ်ဆုံးငါးယောက်အတွင်း ဖြစ်နေသည့်အတွက် ကိုးပင်လယ်နတ်လောကဂိုဏ်းသားများမှာ မှင်သက်သွားကြတော့သည်။

ဖန်းတုံးအာ၏မျက်နှာလေးမှာ ဖြူဖျော့နေသည်။ သူမသည် သူမရှုံးသွားကြောင်း သိထားသည့်တိုင် လက်မခံနိုင်သေးပေ။ မန်ဟို လက်ရှိအဆင့်သို့ ရောက်နိုင်သည့် တစ်ခုတည်းသောအကြောင်းရင်းက သူ မသမာနည်းသုံးခဲ့၍ဟုသာ ယုံကြည်နေဆဲဖြစ်သည်။

အချိန်များ ကုန်လွန်သွားသည်။ ဤတစ်ကြိမ်တွင် လေးနာရီတိတိကြာမှ မန်ဟိုက မျက်လုံးများ ပြန်ဖွင့်လိုက်သည်။ သူက အဘိုးအိုကို ကြည့်ရင်း လက်ယှက်အရိုအသေပေးလိုက်လေသည်။

“နားလည်ပြီလား” အဘိုးအိုက မေးသည်။

“နားလည်သလိုပါပဲ” မန်ဟိုက အမှန်အတိုင်းပြန်ဖြေသည်။ “အတော်များများကိုတော့ နားမလည်သေးဘူး”

အဘိုးအိုက အားပါးတရ ရယ်သည်။

“ကိစ္စမရှိဘူး။ ငါ့ရဲ့ ဒုတိယလက်သီးချက် ခန္ဓာစတေးလက်သီးကို မြည်းစမ်းကြည့်ပါ့လား။ နတ်ဆိုးလက်သီးလို့လည်း အသိများတယ်” သူသည် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှေ့တစ်လှမ်းတက်လိုက်ပြီး သူ့ညာလက်က လက်သီးဆုပ်လိုက်သည်။ သူ့လက်မ၏တည်နေရာက အသက်နုတ်လက်သီးတုန်းက ထားခဲ့သောနေရာမှ ထူးထူးခြားခြားပြောင်းမသွားဘဲ ပုံမှန်အတိုင်းပင်။ သူ ထိုးချလိုက်စဉ် ၎င်းသည် သာမန်လက်သီးတစ်လုံးနှင့် တူ၏။

သို့သော် လက်သီး တဟုန်ထိုး ပြေးဝင်လာစဉ် မိုးကောင်းကင်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်သွားစေသော စွမ်းအားတစ်ရပ်က အဘိုးအိုထံမှ ဖြာထွက်လာသည်။ နက္ခတ်တာရာများကို တုန်ခါသွားစေနိုင်သော လေပြင်းတစ်ချက် တိုက်ခတ်လာ၏။ လေအားက မန်ဟို့နှုတ်ခမ်းထောင့်နှစ်ဖက်မှ သွေးများ စီးကျလာစေပြီး သူ့မှာ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးအပေးမခံရဘဲ နောက်လွင့်ထွက်သွားတော့သည်။

ထိုစွမ်းအားသည် သူ့လက်သီး၏ အဖျက်အစီးအင်အားကို အားဖြည့်ပေးရန် မည်သည့်အရာကိုမဆို စတေးနိုင်ပုံရသော အမျက်ဒေါသနှင့် အစွဲကြီးမှုတို့ ပြည့်နှက်နေသည့် အဘိုးအို၏စိတ်စွမ်းအားမှ ရလဒ်ဖြစ်၏။ အစွဲကြီးမှုက အင်မတန် ပြင်းထန်လွန်းလှသဖြင့် လူတစ်ယောက်ကို နတ်ဆိုးတစ်ကောင် ဖြစ်သွားစေနိုင်သည်။ ၎င်းက ခန္ဓာစတေးလိုက်သည့် လုပ်ရပ်အစား နတ်ဆိုးအသွင်ပြောင်းခြင်းနှင့် တူသည်။

လက်သီးချက်က ဟင်းလင်းပြင်ကို စိစိညက်ညက် ခြေ၍ မိုးနှင့်မြေကို ကြေမွသွားပြေီး သွေးမြေမခသရွေ့ ထိန်းချုပ်မရနိုင်ပုံပေါ်သည်။

မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားသည်။ သူသည် ပြန်တိုက်ခိုက်ဖို့ တွေးပင် မတွေးရဲပေ။ အကယ်၍ ပြန်တိုက်ခိုက်လိုက်ပါက ခန္ဓာကိုယ်ရော ၊ ဝိညာဉ်ပါ သုတ်သင်ခံရလိမ့်မည်ဟု သူ ခံစားနေရသည်။

လက်သီးအားနှင့်ပတ်သက်၍ တစ်စုံတစ်ခုက သေစေနိုင်နေပြီး မန်ဟို နောက်ဆုတ်နေသည့်အချိန်မှာပင် အဘိုးအိုက ဟိန်းဟောက်လိုက်သည်။ “အသက်နုတ်လက်သီးကနေ သင်ယူခဲ့ရတဲ့အရာကို သုံး။ မဟုတ်ရင် ... မင်း သေပြီ”

မန်ဟိုက မျက်လုံးများ နီရဲနေလျက် ခေါင်းမော့လာပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် သူသည် သူ့လက်မအား လက်ခလယ်နှင့် လက်သူကြွယ်ကြားထားကာ လက်သီးဆုပ်လိုက်သည်။ အသက်နုတ်လက်သီးနှင့်ပတ်သက်၍ နားလည်ထားသည့်အတိုင်း သူက လက်သီးထိုးသွင်းလိုက်လေပြီ။

နတ်ဆိုးလက်သီး၏ အင်အားအောက်တွင် မန်ဟို့အသက်မီးတောက်မှာ မငြိမ်သက်တော့ပေ။ သေတော့မည့်ခံစားချက်က သူ့ကို စိုးမိုးလာသည့်တိုင် သူက ထိုသေခြင်းစိတ်ဆန္ဒကို အသုံးပြုရင်း လက်သီးပစ်သွင်းလိုက်သည်။ သူ့စိတ်ထဲရှိ တစ်စုံတစ်ခုမှာ ဖျောက်ခနဲ ကျိုးပျက်သွားပြီး သူကား ပိုမြင့်မားသောဉာဏ်အလင်းကို ရရှိလိုက်သည်။ အသက်နုတ်လက်သီး၏ စစ်မှန်သော ၊ ပို၍နက်ရှိုင်းသောအဓိပ္ပါယ်ကို နားလည်လိုက်သဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

အရာအားလုံးကား စောစောကထက်ပို၍ များစွာရှင်းလင်းသွားလေပြီ။

“ငါ နားလည်ပြီ” လေကို ခွင်းသွားနေပြီဖြစ်သော သူ့လက်သီးက မသိမသာ တုန်ခါသွားသည်။ ထို့နောက် ၎င်းသည် ယခင်က မရှိခဲ့သည် စွမ်းအားတစ်ရပ်ဖြင့် တဟုန်းဟုန်းတောက်လာ၏။

လက်သီးချက်၏လွှမ်းမိုးမှုအောက်ဝယ် လေပြင်းတစ်ချက် တိုက်ခတ်လာကာ သုတ်သင်ခြင်းလေအသွင် ပြောင်းသွားသည်။ သူ့ပတ်ပတ်လည်ရှိ အရာအားလုံး ရေခဲလာပြီး အသက်နုတ်စွမ်းအားက နတ်ဆိုးလက်သီးကို ဝင်တိုက်လိုက်သည်။

ဘုန်းးးးးးးး

သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လည်ထွက်သွားတော့သည်။ သွေးတစ်လုပ်ပြီးတစ်လုပ် အန်နေရသည့်တိုင် စိတ်လှုပ်ရှားနေသော အက်ကွဲကွဲအသံအား ကြားလိုက်ရသည်။ “အသက်နုတ်လက်သီး။ နားလည်ပြီ။ အသက်နုတ်လက်သီး”

အဘိုးအိုက သူ့လက်သီးကို ပြန်ဆင့်ခေါ်ပြီး မန်ဟို ဒလိမ့်ခေါက်ကွေး ကျ၍ သွေးများထပ်မံအန်လိုက်ရသည်ကို ပြုံးကြည့်နေသည်။ မန်ဟို့မျက်လုံးများသည် စူးရှနေပြီး ခိုင်မာပြတ်သားမှုအပြည့်ဖြင့် အဘိုးအိုကို ပြန်ကြည့်လေ၏။ သူက လက်ယှက်ပြီး အဘိုးအိုအား ခါးကိုင်းအရိုအသေပေးလိုက်သည်။

“ဒီသိုင်းကွက်ကို ကျုပ်ဆီ လက်ဆင့်ကမ်းပေးတဲ့အတွက် အသက်ထက်ဆုံး ကျေးဇူးတင်နေပါ့မယ်” သူက ပြောသည်။

“မင်းက ကိုယ်ကာယကျင့်ကြံသူမဟုတ်တဲ့အတွက် နတ်ဘုရားတစ်ပါးရဲ့သွေးနဲ့ မသန့်စင်ရသေးဘူး” အဘိုးအိုက ပြန်ဖြေသည်။ “ဒါကြောင့် မင်းအနေနဲ့ ငါ့ တတိယလက်သီးကို မခံနိုင်ဘူး။ သန်မာလာတဲ့အထိ စောင့်ပြီးမှ ငါ့ ထပ်လာရှာ။ မှတ်ထားပါ ငါတို့ကျင့်ကြံသူတွေဟာ အစတုန်းက ကိုယ်ကာယကျင့်စဉ်ကို မကျင့်ကြံခဲ့ကြဘူး။ ကိုယ်ကာယကျင့်စဉ်ရဲ့ ရည်ရွယ်ချက်က ... နတ်ဘုရားတွေကို သတ်ဖို့ပဲ

“နောင်တစ်ချိန် နတ်ဘုရားတစ်ပါးကို သတ်နိုင်တဲ့ အခွင့်အရေး မင်းမှာ ရှိလာခဲ့ရင်း အဲဒီသွေးနဲ့ မင်းကိုယ်မင်း သန့်စင်နိုင်တယ်။ အဲဒီအခါ မင်းဟာ မင်းရဲ့ကိုယ်ပိုင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ရရှိနိုင်ပြီ” အဘိုးအိုက လက်ကို ဝှေ့ယမ်းလိုက်ကာ မန်ဟို့ပတ်ပတ်လည်ရှိ ကမ္ဘာလောကအား အစိတ်စိတ်အမြွှာမြွှာ ကြေမွလာစေသည်။ မန်ဟိုသည် ချာချာလည်နေသည်ကို ခံစားနေရပြီး အရာအားလုံး ဝေဝါးလာ၏။

တစ်ချိန်တည်းမှာ နဝမရွှေဂိတ်ကျောက်တိုင်မှာ တစ်ခါမှ မတောက်ပခဲ့ဖူးသော ပုံစံမျိုးဖြင့် တောက်ပလာသည်။ ဂျိန်းခနဲ ထစ်ချုန်းသံအကျယ်ကြီးက ကိုးပင်လယ်နတ်လောကတစ်ခုလုံးတွင် မြည်ဟည်းသွား၏။ ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားတိုင်း ၎င်းကို ခံစားလိုက်ကြရပြီး အထူးသဖြင့် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများပင်။ သူတို့အားလုံး လှမ်းကြည့်လိုက်စဉ် မန်ဟို့နာမည်ကား အဆင့် ၄ မှ ... အဆင့် ၂ အထိ တက်သွားခဲ့လေပြီ။

အဘိုးအိုသည် မန်ဟိုက ဒုတိယလက်သီးချက်ကို တောင့်ခံနိုင်ခဲ့သော ယခင်အဆင့် ၂ နေရာပိုင်ရှင်ထက်ပို၍ အရည်အချင်းပြည့်မှီသည်ဟု သတ်မှတ်ခဲ့ကြောင်း သိသာသည်။

နတ်လောကမှာ အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။ ကျင့်ကြံသူအားလုံး တုန်လှုပ်နေကြပြီး ပင့်သက်ရှိုက်သံများအား အရပ်လေးမျက်နှာတစ်ခွင် ကြားရနိုင်သည်။

“အဆင့် ၂ ။ မန်ဟို စာရင်းပေါ်မှာ အဆင့် ၂ နေရာရသွားတယ်တဲ့လား”

“ထိပ်ဆုံးနေရာတွေကို အမြဲထိန်းထားနိုင်ခဲ့တဲ့ နတ်စစ်သည်တော်ကြီးလေးဦးအနက် သုံးယောက်က သူ ကျော်တက်တာ ခံလိုက်ရပြီ”

“သူက တကယ်ပဲ ဖန်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ၊ အိမ်ရှေ့မင်းသားနဲ့ တာအိုဆရာအစည်းအရုံးသုံးခုလုံးရဲ့ သီးသန့်ဂိုဏ်းသားဆိုတဲ့ အဆင့်အတန်းတွေနဲ့ သေချာပေါက် ထိုက်တန်ပါပေတယ်” လူအုပ်ကြီး ဆူညံပွက်လောရိုက်နေစဉ် ဖန်းတုံးအာ၏မျက်နှာလေးမှာတော့ ဖြူဖျော့သထက် ဖြူဖျော့လာနေသည်။

ကျောက်တိုင်မှာ ရွှေအလင်းရောင်ဖြာထွက်လာပြီး မန်ဟို့ပုံရိပ်သည် လူအုပ်ကြီး၏ရှေ့မှောက်တွင် တစတစ ပေါ်လာ၏။

သူက ပေါ်လာသည်နှင့်တစ်ပြိုင်နက် မည်သူ့ကိုမှ မကြည့်ပေ။ ဖန်းတုံးအာကိုပင် မကြည့်။ ထိုအစား ခေါင်းလှည့်၍ စာရင်းပေါ်တွင် ပထမနေရာ သိမ်းပိုက်ထားသော နာမည်ကို မော့ကြည့်လိုက်သည်။ မည်သူက အဘိုးအို၏ တတိယလက်သီးချက်ကို တောင့်ခံနိုင်ခဲ့သည်လဲ သူ အင်မတန် သိချင်လေသည်။

“ကျုံးဝူရ” သူက ရေရွတ်လိုက်သည်။

ထိုလူသည် ရှေးခေတ်မှ လူတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပြီး ကိုးပင်လယ်နတ်လောကတွင် မရှိကောင်းမရှိနိုင်တော့သည့်တိုင် မန်ဟိုကတော့ ထိုနာမည်ကို သိချင်သေးသည်။

ထိုအဘိုးအို၏လက်သီးချက်ကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော လူအနေဖြင့် အပြင်အားကိုယ်ကျင့်စဉ်ကို ကျင့်ကြံထားသည့် ပညာရှင်များအတွက် အသက်နုတ်လက်သီးနှင့် နတ်ဆိုးလက်သီးတို့က မည်မျှကြောက်စရာကောင်းကြောင်း ဘယ်တော့မှ နားမလည်နိုင်မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ကျုံးဝူရ၏နာမည်သည် မန်ဟို့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်ခဲ့လေပြီ။

***

All Chapters