← Chapters

မိစ္ဆာများ ရန်စခံရခြင်း

Vol. 76 Ch. 1053

မိစ္ဆာများ ရန်စခံရခြင်း

Vol. 76 Ch. 1053

မန်ဟိုပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများမှာ ဆူညံပွက်လောရိုက်ကုန်တော့သည်။ မန်ဟို့ကို မုန်းတီးသော ဂိုဏ်းသားများပင်လျှင် မန်ဟို မယုံနိုင်လောက်အောင် အစွမ်းထက်သည်ကို အသိအမှတ်မပြုဘဲ မနေကြပေ။ နဝမမြောက် ရွှေဂိတ်ကျောက်တိုင်ထက်က အဆင့်စာရင်းပေါ်ရှိ သူ့နာမည်၏နေရာက သူတို့နှလုံးသားထဲတွင် နက်နက်ရှိင်းရှိုင်း အထင်ကြီးမှုတို့ကို ပေါ်ပေါ်လာစေခဲ့သည်။

ဒုတိယနေရာ အဆင့် ၂

ရှေးခေတ်မှ ယနေ့ခေတ်တိုင်အောင် နာမည်စာရင်းပေါ်ရှိ ထိပ်ဆုံးလေးယောက်၏နာမည်ကား တစ်ခါမှ ပြောင်းလဲခြင်းမရှိခဲ့ပေ။ သို့သော် ယနေ့တွင် မန်ဟို့နာမည်သည် စာရင်း၏အောက်ဆုံးမှ ဒုတိယနေရာအထိ တက်သွားခဲ့လေပြီ။

အတော်များများမှာ အဆင့် ၁ နှင့် အဆင့် ၂ မှာ အင်မတန် ကွာဟလွန်းလိမ့်မည်ဟု တွေးထင်ကြသော်လည်း မန်ဟိုတစ်ယောက်သာ ထိုကွာဟမှုက မည်မျှကြီးမားကြောင်း သိသည်။ ပါရာဂွန်၏သွေးကို အပြည့်အဝ သန့်စင်ပြီး ၎င်းကို အသုံးချရင်း နိဗ္ဗာနသစ်သီးတစ်လုံးဖြင့် အောင်အောင်မြင်မြင် ပေါင်းစည်းပြီးနောက်တွင်တော့ ....

သူ့အနေဖြင့် နဝမရွှေဂိတ်ကျောက်စာတိုင်ကို ထပ်မံစိန်ခေါ်ပိုင်ခွင့်ရှိပြီး ... အသက်နုတ်လက်သီးနှင့် ခန္ဓာစတေးလက်သီး၏နောက်က ... တတိယလက်သီးကို မြည်းစမ်းကြည့်နိုင်လိမ့်မည်။

ထိုတတိယလက်သီးက မိုးနှင့်မြေကို ဖျက်စီးပစ်နိုင်လောက်အောင် အဆုံးအစွန်အထိ ခမ်းနားကြီးကျယ်လိမ့်မည်။ ၎င်းက ကိုယ်ကာယကျင့်ကြံခြင်း၏ အထွတ်အထိပ်ဖြစ်နိုင်သည်။

မန်ဟိုက ကျောက်တိုင်နှင့် ဆုကြေးများကို အသေးစိတ်လှမ်းကြည့်လိုက်သည်။ အတန်ငယ်တွက်ချက်ပြီးနောက်တွင် သူ့မျက်လုံးများမှာ မျှော်လင့်ချက်တို့ဖြင့် တောက်ပလာတော့သည်။

တခဏကြာသော် ရွှေအလင်းရောင် တစတစ မှေးမှိန်ပျောက်ကွယ်နေစဉ် မန်ဟိုက ချာခနဲ လှည့်၍ လူအုပ်ကြီးကြားမှ လျှပ်စီးလို ဖြတ်ကာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ဖန်းတုံးအာထံ သွားလိုက်သည်။

“မသမာနည်းသုံးတဲ့ကောင်” သူမက သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း ပြောသည်။ သူမသည် အံတင်းတင်းကြိတ်၍ သိုလှောင်အိတ်တစ်လုံးထုတ်ကာ မန်ဟို့ဆီ ပစ်ပေးလိုက်သည်။

သူမအနေဖြင့် ရှုံးခဲ့သော်လည်း ရှုံးဖို့ တတ်နိုင်လေသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ မန်ဟို့အပေါ် ရွံရှာစက်ဆုပ်မှုမှာ ပို၍ပင် ပြင်းထန်သွားသည်။ သူမက မျက်နှာတင်းမာခက်ထန်စွာဖြင့် ပြန်ဖို့ ပြင်သည်။ သူမသာ မြန်မြန်မပြန်လျှင် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ မန်ဟို့ကို တိုက်ခိုက်မိမှာ စိုးရိမ်နေလေသည်။ သူ ယခု မည်မျှအစွမ်းထက်နေသလဲ ထည့်တွက်လျှင် သူမအတွက် နိုင်နိုင်ခြေမရှိကြောင်း သူမ သိသည်။

မန်ဟိုက သိုလှောင်အိတ်ကို ဖမ်းလိုက်သည်။ ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် သူက ပြုံးလေသည်။ သူ့အမြင်တွင် ဖန်းတုံးအာ၏ အကြီးဆုံးအားနည်းချက်က သူမ၏အကြီးဆုံးအားသာချက်လည်း ဖြစ်ပြီး သူ အင်မတန် လေးစားမိသော အရာဆိုလည်း မမှားပေ။ ထိုအရာက ... သူမသည် အရှုံးကို လက်ခံရန် မငြင်းဆိုသည့်အပြင် လက်ခံနိုင်ခြင်းဖြစ်၏။

မန်ဟိုက ချောင်းဟန့်လိုက်သည်။ သူသည် လူများကို သက်ညှာပေးတတ်သူမျိုးမဟုတ်ပေ။ သူ့တွင် ရန်သူတစ်ယောက်ရှိပြီး ရန်မပြေအေးနိုင်တော့လျှင် သူ့အမြင်အရ ပြေအေးဖို့ ကြိုးစားစရာပင် မလိုပေ။ ထိုမျှသာမက .... ရန်သူ စိတ်မသက်သာဖြစ်အောင် ပို၍ပင် လုပ်ဦးမည်ဖြစ်သည်။

မန်ဟိုမှာ အမြဲထိုအတိုင်းပင်။ ထို့ကြောင့် သူက ပြုံးပြီး ပြောသည်။ “ညီမလေးတုံးအာ။ ကျောက်တိုင်ရှစ်တိုင် ကျန်သေးတယ်နော်။ အခုလို လွယ်လွယ်ကူကူ နိုင်သွားတာ သိပ်စိတ်မကောင်းဘူး။ ဒီလိုလုပ်ပါလား နောက်ထပ်လောင်းကြရအောင်လေ။ ဘယ်လိုလဲ”

ဖန်းတုံးအာမှာ အံကြိတ်လိုက်သည်။ သူမသည် သူ့ကို လှည့်ပင် မကြည့်ဘဲ အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့သည်။

မန်ဟိုမှာ စိတ်မကောင်းဖြစ်သွားသည်။ သူ့စကားမှာလည်း တကယ်တော့ ဝတ်ကျေတမ်းကျေသာ ဖြစ်လေသည်။ သူ့အနေဖြင့် ကျန်ရွှေဂိတ်ကျောက်တိုင်ရှစ်တိုင်နှင့်ပတ်သက်၍ ယုံကြည်ချက်သိပ်မရှိပေ။ ဖန်းတုံးအာသာ ဆက်လောင်းရန် သဘောတူခဲ့လျှင် သူသည် အချိန်ဆွဲခဲ့မှာ ဖြစ်သည်။

ပတ်ပတ်လည်ရှိ ကိုးပင်လယ်နတ်လောကဂိုဏ်းသားများကို ကြည့်ရင်း သူက သက်ပြင်းချလိုက်သည်။

“လူယုံမရှိတော့ လုပ်ရကိုင်ရတာ ဘယ်လောက်ခက်လိုက်သလဲ။ တစ်ယောက်ယောက်သာ ကူညီပေးရင် ဒီလူတွေကို ကြည့်ခတောင်းနိုင်လောက်မှာ။ အခုတော့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ” မန်ဟိုမှာ ဝိညာဉ်ကျောက်တုံးများကို တွေးပြီး ရင်နာသွားသည်။

“ခေါင်းကိုက်လိုက်တာကွာ။ သူများတကာတွေ ကျင့်ကြံအားထုတ်တာနဲ့ပတ်သက်ပြီး စိတ်ပူနေကြတဲ့အချိန် ငါ့မှာတော့ ငွေဘယ်လိုရှာရမလဲပဲ တွေးနေရတယ်” သူက အတော်လေးခါးသီးနေရင်း ခေါင်းခါပြီး ရွှေဂိတ်ကျောက်တိုင်နောက်တစ်တိုင်ထံသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

သူ့အနေဖြင့် ၎င်းတို့ကို စိန်ခေါ်ချင်လျှင် တစ်တိုင်ချင်းစီ လိုက်လေ့လာဖို့ လိုမည်။ ယင်းက အမြတ်ပိုထွက်စေနိုင်လိမ့်မည်။

မန်ဟိုထွက်သွားသောအခါ ဂိုဏ်းသားအများစုက သူ့အနောက်မှ လိုက်လာကြသည်။ မကြာမီ တစ်ဖွဲ့လုံး အဋ္ဌမရွှေဂိတ်ကျောက်တိုင်အရှေ့သို့ ရောက်လာကြလေပြီ။

အံဩဖွယ်ကောင်းစွာနှင့် သူတို့ရောက်လာကြသည့်အချိန်မှာပင် ထိုနေရာသို့ ဦးတည်လာနေကြသော အလင်းတန်းကိုးတန်း ပေါ်လာသည်။ ရှေးဟောင်းနယ်ပယ်လှိုင်းများနှင့်အတူ မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံများ ကြားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း အလင်းတန်းများက ကျောက်တိုင်နှင့်နီးကပ်လာရာ မိစ္ဆာကျင့်ကြံသူကိုးယောက်ဖြစ်ကြောင်း ထင်ရှားလာသည်။

ထိုကိုးယောက်အနက် ခုနစ်ယောက်သည် အမျိုးသားဖြစ်ပြီး နှစ်ယောက်က အမျိုးသမီးဖြစ်သည်။ အကုန်လုံးက နတ်သက်ကြွေလာသကဲ့သို့ ဆွဲဆောင်မှုရှိကြပြီး နဖူးတွင် ငါးကြေးခွံအမှတ်ရှိနေသည်ကလွဲ၍ ကျင့်ကြံသူများနှင့် ချွတ်စွပ်တူလေသည်။ သူတို့နှင့်ပတ်သက်ပြီး နောက်ထပ်အံ့အားသင့်ဖွယ်ကောင်းသောအရာမှာ တစ်ဦးတစ်ယောက်ချင်းစီသည် ဝိညာဉ်မီးအိမ်သုံးလုံး သို့မဟုတ် လေးလုံးကို ငြှိမ်းထားပြီးသည့်အတွက်ပင်။

ဤလူများသည် သာမန် ရှေးဟောင်းနယ်ပယ် စဦးပိုင်းအဆင့်ကျင့်ကြံသူများမဟုတ်။ ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့်နှင့် နီးကပ်နေသော ရွေးချယ်ခံများ ဖြစ်ကြသည်။

“သူတို့ပဲ။ ပင်လယ်နယ်မိစ္ဆာကိုးပါး။ တကယ်ကြီး ပေါ်လာတာပါလား။ ဘယ်လောက်ရှားလိုက်သလဲ”

“ကိုးပင်လယ်နတ်လောကရဲ့ နာမည်အကြီးဆုံး လူသားဂိုဏ်းသားအယောက်နှစ်ဆယ်ထဲမှာ အားအနည်းဆုံးက နတ်သမီးတော် ဖန်းတုံးအာ။ ဒါပေမဲ့ သူက အတော်ဆုံးပဲ။ သူ့အပြင် နတ်သူငယ်ကိုးဦးရှိတယ်။ သူတို့မှာ နက်ရှိုင်းတဲ့ကျင့်ကြံခြင်းအခြေခံတွေ ရှိကြပြီး တစ်ခါတုန်းက ရွေးချယ်ခံတွေ ဖြစ်ခဲ့ကြပေမယ့် အခုတော့ ရှေးဟောင်းနယ်ပယ် စဦးပိုင်းအဆင့်ကို ဝင်ရောက်နေကြပြီ။ မိစ္ဆာကျင့်ကြံသူအုပ်လည်း အဲ့ဒီလိုပဲ။ သူတို့မှာ နတ်သမီးတော်နဲ့ တန်းတူတဲ့ ပင်လယ်သမီးတော်တစ်ဦးရှိတယ်။ အဲဒါအပြင် နတ်သူငယ်တွေနဲ့ တူညီတဲ့ ပင်လယ်နယ်မိစ္ဆာကိုးပါးကိုလည်း ပိုင်ဆိုင်ထားတယ်”

ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများမှာ လွန်စွာစိတ်လှုပ်ရှားလာကြတော့သည်။

မန်ဟိုသည် မိစ္ဆာကျင့်ကြံသူကိုးယောက်ကို မြင်လျှင် မျက်လုံးများတောက်ပသွားသည်။ သူတို့က အန္တရာယ်များသောမျက်လုံးများဖြင့် သူ့ကို ပြန်ကြည့်သည်။ တစ်ဦးတစ်ယောက်ချင်းစီသည် မန်ဟို့အပေါ်သို့ ခြိမ်းခြောက်သောဖိအားကို သက်ရောက်စေနိုင်၏။ သူတို့အားလုံးက ရှေးဟောင်းနယ်ပယ်တွင် မဟုတ်ပါလော။

ကိုးယောက်အနက် နှစ်ယောက်က မန်ဟို့အတွက် ရှိန်စရာအကောင်းဆုံးဖြစ်သည်။ နှစ်ယောက်လုံးသည် ယောကျ်ားများဖြစ်ပြီး တစ်ယောက်တွင် နဖူးပေါ်၌ တြိဂံပုံစံအကြေးခွံရှိပြီး သူငယ်အိမ်များလည်း တြိဂံဖြစ်နေရာ သူ့အား အလွန်ဆန်းကြယ်နေစေ၏။

ကျန်တစ်ယောက်တော့ ကိုးယောက်ထဲ အငယ်ဆုံးဖြစ်ဟန်တူသည်။ သူသည် လက်ဖျားခါလောက်အောင် ဆွဲဆောင်မှုရှိပြီး သားသားနားနား ဝတ်ထား၏။ သူ့နဖူးပေါ်တွင် အကြေးခွံအစား ပင်လယ်နဂါးတစ်ကောင်သဏ္ဌာန်အမှတ်တစ်ခု ရှိသည်။ သူက ဘုရင်တစ်ပါးအငွေ့အသက်ကို အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေစေလေသည်။

သူသည် ... ပင်လယ်နယ်မိစ္ဆာကိုးဦးအကြား၌ နံပါတ်တစ်မိစ္ဆာဖြစ်၏။

မန်ဟိုက သူတို့ထံမှ အကြည့်လွှဲလိုက်ပြီး အဋ္ဌမကျောက်တိုင်သို့ ဆက်သွားလိုက်သည်။ သူ အထဲဝင်လိုက်သော အခိုက်အတန့်တွင် ပင်လယ်နယ်မိစ္ဆာများလည်း ထိုနည်းတူ ဝင်သွားကြသည်။

မရေမတွက်နိုင်သော မျက်လုံးများက အခြေအနေကို မမှိတ်မသုန် ကြည့်နေကြသည်။ မိစ္ဆာကျင့်ကြံသူများ မန်ဟို့ကို မုန်းတီးနေသည့်သတင်းက တစ်ဂိုဏ်းလုံးတွင် ပျံ့နှံ့နေခဲ့ပြီးပြီမဟုတ်ပါလော။ ပင်လယ်နယ်မိစ္ဆာကိုးပါး ဤနေရာတွင် ပေါ်လာသည့်အချက် လူတိုင်းအား တစ်ပြိုင်တည်း ကောက်ချက်ချလိုက်မိစေသည်။ မိစ္ဆာကျင့်ကြံသူအုပ်ကား မန်ဟို့ကို အကောက်ကြံနေလေပြီ။

၎င်းက တိုက်ရိုက်တိုက်ခိုက်မှုမဟုတ်ဘဲ သူ့နာမည်ဂုဏ်သတင်း ဆက်လက်ကြီးထွားမလာနိုင်အောင် နတ်မီးလျှံစမ်းသပ်ပွဲများကို အသုံးချဖို့ ကြိုးစားခြင်းဖြစ်သည်။

သူတို့အကြား ခြားနားမှုက သိသာထင်ရှားလာလိမ့်မည်။

“မန်ဟို ဒီတစ်ခေါက် ဘယ်အဆင့်ရမလဲ မသိဘူး” ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားနေကြပြီး တစ်ချိန်တည်းမှာပင် ဆွေးနွေးသုံးသပ်နေကြသည်။ မန်ဟိုသည် နဝမရွှေဂိတ်ကျောက်တိုင်ထဲတွင် သူမည်မျှသန်မာကြောင်း သက်သေပြခဲ့သော်လည်း အခြားကျောက်တိုင်များတွင်လည်း ပြောင်မြောင်စွာ စွမ်းဆောင်နိုင်ဖို့က မဖြစ်နိုင်ပေ။

သူတို့မှန်းထားသည့်အတိုင်းပင်၊ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် မန်ဟို့နာမည်သည် ရွှေဂိတ်ကျောက်တိုင်ပေါ်တွင် တလက်လက်တောက်ပလျက် ပေါ်လာ၏။ သူ့နာမည်က သူ အပြင်၌ပေါ်မလာခင် ထိပ်ဆုံးတစ်ရာထဲ ရောက်သွားခဲ့လေသည်။

မန်ဟို အပြင်၌ ပေါ်လာသော အခိုက်အတန့်တွင် အံ့ဩဖွယ်ကောင်းစွာနှင့် စာရင်းပေါ်၌ ထိပ်ဆုံးနှစ်ဆယ်အတွင်း ဝင်ထားနှင့်ပြီးဖြစ်သော နာမည်ကိုးခုသည် အပေါ်တက်သွား၏။ တက်လာသော နာမည်များအထဲ အမြင့်ဆုံးနာမည်ကတော့ လောင်တန်းဟိုက်ဖြစ်သည်။ စောစောက ထိုနာမည်သည် အဆင့် ၇ ဖြစ်ခဲ့သော် ယခုတွင် အဆင့် ၄ ရောက်သွားခဲ့လေပြီ။

“လောင်တန်းဟိုက် သူက ပင်လယ်နယ်မိစ္ဆာတွေကြားမှာ နံပါတ်တစ်မိစ္ဆာလေ။ အခုလေးတင် အဆင့် ၄ ရောက်သွားတာ ယုံတောင်မယုံနိုင်ဘူး”

“မိစ္ဆာကျင့်ကြံသူအုပ်က နဝမပင်လယ်ရဲ့ ဦးစားပေးတာ ခံရတယ်။ ကျင့်စဉ်တွေ၊ ဉာဏ်အလင်းတွေအရလည်း ပေါက်မြောက်ကြတာ မြန်တယ်”

“ဒါ့အပြင် သူတို့က နဝမပင်လယ်ရဲ့ ဖိအားအောက်မှာ မွေးဖွားလာခဲ့ကြတာ မဟုတ်လား။ သူတို့ ဒီကနေ ထွက်လိုက်တာနဲ့ သူတို့ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုး ထိုးတက်သွားမှာ”

စောင့်ကြည့်နေသူများ ဆူညံပွက်လောရိုက်နေစဉ် ကျောက်တိုင်ထဲမှ လူရိပ်ကိုးခုထွက်လာသည်။ ၎င်းတို့က ပြက်ရယ်ပြုနေသော အရိပ်အယောင်များကို မဖုံးကွယ်ဘဲ မန်ဟို့ကို တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသော ပင်လယ်နယ်မိစ္ဆာကိုးဦးမှတစ်ပါး အခြားမဟုတ်ပေ။

“ဆိုတော့ ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား တော်တော်ညံ့နေတာကိုး။ သူ့ကျင့်ကြံခြင်းအခြေခံအရဆိုရင် အနည်းဆုံး ထိပ်ဆုံးတစ်ရာတော့ ဝင်လောက်မှာပါ”

“အဲဒါက တာအိုဆရာအစည်းအရုံးသုံးခုလုံးရဲ့ တပည့်တဲ့လား။ ငါတို့ထဲက တစ်ယောက်ယောက်ရဲ့ လက်သီးချက်ကိုတောင် တောင့်ခံနိုင်ဖို့ အားနည်းလွန်းတယ်။ ထိပ်ဆုံးတစ်ရာထဲ မဝင်တာတောင်မှ ကိုးပင်လယ်နတ်လောကထဲမှာ မျက်နှာပြောင်ပြောင်နဲ့ လျှောက်သွားနေသေးတယ်တဲ့လား”

“အဲ့လိုမပြောနဲ့လေ။ သူ ကြည့်ရတာ နတ်မီးလျှံစမ်းသပ်ပွဲတွေကို ဂရုမစိုက်တာလည်း ဖြစ်မှာပေါ့။ သူ့မှာ သူနဲ့ မထိုက်တန်တဲ့ ဂုဏ်သတင်းတွေ ရှိနေတာကိုး။ အပြစ်တင်မယ့်တင် သူ့ရဲ့ မိုးထိုးနေတဲ့မာနကိုပဲ အပြစ်တင်” မိစ္ဆာကျင့်ကြံသူကိုးယောက်က မည်သည့်အရာကိုမှမ ထိမ်ချန်ဘဲ သူ့ကို မထိတထိ ခနဲ့နေတော့သည်။

ကိုးပင်လယ်နတ်လောက၏ဂိုဏ်းသားများမှာ အံ့အားသင့်နေကြပြီး အတော်များများက မန်ဟို့ကို အတိုင်းထက်အလွန် အားနည်းသူဟူ၍ မြင်လာကြတော့သည်။

“ဖန်းတုံးအာက သူ့ကို နဝမကျောက်တိုင်ထဲမှ မသမာနည်းသုံးခဲ့တယ်လို့ စွပ်စွဲခဲ့တယ်။ အခုကြည့်ရတာ တကယ် သုံးခဲ့တဲ့ပုံပဲ။ မဟုတ်ရင် ဘာလို့ဒီလောက်တောင် ကွာနေမှာလဲ”

ရလဒ်က သိသာနေသည်။ မိစ္ဆာကျင့်ကြံသူကိုးယောက်သည် မန်ဟိုနှင့်တစ်ပြိုင်တည်း ကျောက်တိုင်ထဲသို့ ဝင်ရောက်ခဲ့ပြီး ထိပ်ဆုံးနှစ်ဆယ်ထဲ ဝင်ခဲ့ကြ၏။ သူတို့ထဲမှ အတော်ဆုံးက အဆင့် ၄ ရခဲ့သည့်အချိန် မန်ဟိုကတော့ တစ်ရာအတွင်းသာ ဝင်ခဲ့သည်။

သင်သာ သူ့ကို အခြားသူများနှင့် မနှိုင်းယှဉ်ကြည့်ပါက သူ့အဆင့်များက ထူးခြားနေလိမ့်မည်။ သူသည် အားကုန်မထုတ်ဘဲ နည်းနည်းပါးပါး လေ့လာဖို့သာ ဝင်သွားခဲ့သည်မဟုတ်ပါလော။

မန်ဟိုသည် ရန်စနေသောအမူအရာများနှင့် သူ့ကို လှောင်သလိုပြောင်သလို ပြန်စိုက်ကြည့်နေသော မိစ္ဆာကျင့်ကြံသူကိုးယောက်ကို အေးစက်စက် ကြည့်လိုက်၏။ လောင်တန်းဟိုက်၏မျက်နှာထားမှာမူ တည်ကြည်နေသည်။ သို့သော် သူ့အတွက် မန်ဟိုက သူ့ခေါင်းထဲထည့်ရန်ပင် မတန်သည့်အလား၊ သူ့အတွေးလေးတစ်ချက်တည်းနှင့် နင်းခြေပစ်နိုင်သော ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ မောက်မာနေသောအသွင်ဖြင့် တည်ကြည်နေခြင်းဖြစ်သည်။

မန်ဟိုက ဘာမှမပြောပေ။ သူသည် မိစ္ဆာကျင့်ကြံသူများနှင့် ရင်ကြားစေ့ရန် မဖြစ်နိုင်ကြောင်း သိသည့်အတွက် ထိုသို့လုပ်ရန်လည်း ကြိုးစားမနေပေ။ တကယ်တော့ သူ့မှာ အတန်ငယ်စိတ်မကောင်းပင် ဖြစ်မိလေသည်။ သူ၏ ကမူးရှူးထိုး သတ်ဖြတ်ခဲ့မှုများက ဤအခြေအနေကို ဦးတည်စေခဲ့သည့်အရာမဟုတ်ပါလော။

သူသည် ဆိတ်ဆိတ်သာနေပြီး ဘာမှမတုံ့ပြန်ဘဲ ချာခနဲ လှည့်ပြီးနောက် သတ္တမရွှေဂိတ်ကျောက်တိုင်သို့ ဦးတည်လိုက်၏။ ပင်လယ်နယ်မိစ္ဆာကိုးယောက်လည်း နောက်မှလိုက်လာသည်။ သူတို့အားလုံးက မန်ဟို သတ္တမကျောက်တိုင်ထဲ ဝင်ရောက်သွားပြီး ရှေးမနှောင်းမှာပင် ရောက်လာကြပြီး အထဲလိုက်ဝင်သွားကြသည်။ မိစ္ဆာကျင့်ကြံသူကိုးယောက်ကား မန်ဟို့ကို အရှက်လိုက်ခွဲနေခြင်းဖြစ်လေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် မန်ဟိုပေါ်လာသည်။ ဤတစ်ခေါက်တွင် သူသည် ယခင်ထက် နည်းနည်းပို၍ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့၍ ထိပ်ဆုံးကိုးဆယ်ထဲ ဝင်ခဲ့၏။ သို့သော် တခဏကြာသော် ပင်လယ်နယ်မိစ္ဆာကိုးဦး၏နာမည်များမှ ရွှေအလင်းရောင်များ ဖြာထွက်လာသည်။ သူတို့အနေဖြင့် မှင်သက်ရလောက်သည်အထိ အဆင့်မတက်ခဲ့သော်လည်း ထိပ်ဆုံးနှစ်ဆယ်ထဲ ဝင်သူတချို့ရှိသည်။ လောင်တန်းဟိုက်သည် အဆင့် ၅ မဟုတ်ဘဲ အဆင့် ၇ ဖြင့် အဆုံးသတ်ခဲ့၏။ ကိုးယောက်ထဲမှ နောက်တစ်ယောက်က အဆင့် ၉ အထိ ရောက်သည်။

ယင်းက အပြတ်အသတ်ကွာနေသည်။

ထို့နောက် ဆဋ္ဌမရွှေဂိတ်ကျောက်တိုင်၊ ပဉ္စမမြောက်၊ စတုတ္ထမြောက်၊ တတိယမြောက်နှင့် ဒုတိယမြောက်...

မိစ္ဆာကျင့်ကြံသူကိုးဦးကား မန်ဟို့နောက်မှ အရိပ်လို ကပ်လိုက်နေကြသည်။ သူ ဝင်ရောက်သည့် နတ်မီးလျှံစမ်းသပ်ပွဲတိုင်း သူတို့လည်း လိုက်ဝင်သည်။ ရလဒ်အနေဖြင့် သူတို့က သူ့ထက် အပြတ်အသာသာနေရာ သူ့အတွက် လက်ကလေးလှန်သကဲ့သို့ လွယ်ကူနေတော့သည်။

နတ်မီးလျှံစမ်းသပ်ပွဲတစ်ပွဲပြီးတိုင်း သူတို့က စကားလုံးများဖြင့် ထိုးနှက်သည်။ သူတို့၏ ခနဲ့တဲ့တဲ့စကားများက သိသာလာပြီး သူတို့သည် မန်ဟို့ကို မခံချင်အောင်လုပ်နေသောအချက်ကို မဖုံးကွယ်တော့ပေ။

မန်ဟို့မျက်နှာထားက အေးစက်လာသည်။ သူသည် မည်သည့်နတ်မီးလျှံစမ်းသပ်ပွဲတွင်မှ ပင်ပင်ပန်းပန်း မကြိုးစားခဲ့သည့်အတွက် သူတို့၏စကားလုံးများက သူ့ကို ဒေါသမထွက်စေပေ။ သူ့အတွက် သူတို့ကို ကျော်နိုင်ဖို့ အစွမ်းအစမလုံလောက်သေးကြောင်း သူ သိသည်။

သူ လုပ်ချင်သမျှမှာ နတ်မီးလျှံစမ်းသပ်ပွဲများကို လေ့လာပြီး အသားကျအောင် လုပ်ဖို့ပင်။ ထိပ်ဆုံးတစ်ရာထဲ ဝင်ဝင်မဝင်ဝင် အရေးမကြီး။ ယခုအခိုက်အတန့်တွင် သူ့အနေဖြင့် ၎င်းတို့ကို အမှန်တကယ် စိန်ခေါ်ရန် အဆင်သင့်မဖြစ်သေးပေ။

မကြာမီ သူသည် ကျန်ကျောက်တိုင်များကို လေ့လာပြီးသွား၏။ နောက်ဆုံးနတ်မီးလျှံစမ်းသပ်ပွဲမှာ ဖိနှိပ်ခြင်းဖိအားဒဏ်ခံနိုင်ရည်ကို စမ်းသပ်ခြင်းဖြစ်သည်။ မန်ဟိုက ကျောက်တိုင်ကို လှမ်းကြည့်ပြီးနောက် စိန်မခေါ်ရန် ဆုံးဖြတ်ပြီး ပြန်ဖို့ ပြင်လိုက်သည်။

ဤအခိုက်အတန့်တွင် မိစ္ဆာကျင့်ကြံသူကိုးယောက်က အေးစက်စက်ရယ်ကြသည်။ ကိုးပင်လယ်နတ်လောက၏ ကျန်ဂိုဏ်းသားများမှာ ဖြစ်ပျက်နေသောအရာကို ပြောနိုင်သည့်တိုင် နဝမကျောက်တိုင်အထဲရှိ သူ၏ပြောင်မြောက်သော စွမ်းဆောင်မှုကြောင့် အရှိန်အဟုန်မြင့်တက်နေခဲ့သော ဆူညံပွက်လောရိုက်မှုတို့မှာလည်း ယခုတော့ ငြိမ်သက်စပြုနေလေပြီ။ အမှန်တွင် သူ့ကို ... မသမာနည်းသုံးခဲ့သူဟူ၍ သံသယဝင်သူတချို့ပင် ရှိလာ၏။

မန်ဟိုမှာ ထွက်သွားတော့မည့်ပုံပေါ်သော်လည်း မိစ္ဆာကျင့်ကြံသူကိုးဦးကား သူ့ကို အလွှတ်ပေးမည့်ပုံမပေါ်ပေ။

“မန်ဟို လောင်းကြမလား။ လောင်းရဲရဲ့လား” မိစ္ဆာကျင့်ကြံသူကိုးယောက်အနက်မှ တစ်ယောက်က လှောင်ပြောင်နေသောအသံနေအသံထားဖြင့် ခနဲ့လိုက်သည်။

***

All Chapters