ဒီသွေး ဘယ်ပါရာဂွန်ဆီက လာသလဲ
Vol. 76 Ch. 1055
များမကြာခင် ရုပ်သေးကောင်လေး ပြန်ရောက်လာသည်။ လင်းယွင်ကျစ် ပြောခဲ့သည့်အတိုင်း ဆုကြေးက ပုံမှန်ထက်များ၏။
သူက သိုလှောင်အိတ်ကို မြှောက်၍ နတ်ဘုရားအာရုံဖြင့် တခဏ စစ်ဆေးပြီးနောက်တွင် ရင်ခုန်စိတ်လှုပ်ရှားလာတော့သည်။ သူ့မှာ ဆက်မကြည့်နိုင်တော့ဘဲ နတ်ဘုရားအာရုံကို ကပျာကယာ ပြန်ရုတ်သိမ်းလိုက်၏။ နောက်ဆက်တွဲဖြစ်လာတော့မည့်အရာက သူ့နှလုံးသားကို ဓားပါးပါးဖြင့် လှီးသကဲ့သို့ နာကျင်စေတော့မည့်အရာဖြစ်၍ သူ့မှာ တွေးမနေတော့ရန် ဆုံးဖြတ်လိုက်လေသည်။
ဤသည်မှာ မကြာသေးမီကမှ မန်ဟိုရရှိခဲ့သော အဖိုးတန်အရည်အချင်းဖြစ်၏။ သူက သက်ပြင်းချပြီး အံတင်းတင်းကြိတ်ရင်း ပါရာဂွန်သွေးပုလင်းကို ထုတ်ကာ စပွားတော့သည်။
အချိန်များ ကုန်လွန်သွားသည်။ မန်ဟို၏ မျက်လုံးများမှာ နီရဲနေပြီး ဆံပင်များလည်း ပြောင်းဖူးမွှေးပမာ ရှုပ်ပွနေသည်။ သူကား အရူးကြီးတစ်ယောက်လို ကြေးမုံအား ဝိညာဉ်ကျောက်တုံးနှင့် အင်မော်တယ်ကျောက်စိမ်းများ ကျွေးနေ၏။ သူ့မှာ အီးမှန်ထားသော မျက်နှာကြီးဖြင့် တစ်ပုလင်းပြီး တစ်ပုလင်းပွားရင်း ရှုံ့မဲ့နေတော့သည်။
နောက်ဆုံးတော့ ခုနစ်ရက် ကြာသွားသည်။ မန်ဟိုတစ်ယောက် ကိုးပင်လယ်နတ်လောကသို့ ရောက်နေခဲ့သည်မှာ တစ်လနီးနီးရှိနေခဲ့လေပြီ။ အဆုံးသတ်တွင် သူ၏သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံးနှင့် အင်မော်တယ်ကျောက်စိမ်းများ ပြောင်တလင်းခါသွားပြီး သူ့အရှေ့တွင်တော့ ပါရာဂွန်သွေးပုလင်းတစ်ရာ ရှိနေ၏။
သူမှာ သွေးများကို ကြည့်ပြီး မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရင်း ဤကဲ့သို့ရအောင် မည်မျှသုံးစွဲဖြုန်းတီးခဲ့ရသည်လဲ မတွေးဖို့ သူ့ကိုယ်သူ တဖွဖွ သတိပေးနေသည့်တိုင် မတွေးမိဘဲမနေပေ။ အတွေးလေးတစ်ချက် သူ့စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့်တစ်ပြိုင်နက် သူ့နှလုံးသားမှာ ကြိတ်ဆုံထဲ ထည့်ကြိတ်ခံလိုက်ရသည့်အလား နာကျင်သွားတော့သည်။
"ငါ ငယ်ငယ်တုန်းက အမြဲချမ်းသာချင်ခဲ့တယ်။ ကျင့်ကြသူဖြစ်လာတော့ တစ်ခါတစ်ခါ သူဌေးတစ်ယောက်လို နေခဲ့ဖူးတယ်။ ဒါပေမယ့် အမြဲ မျက်စိတစ်မှိတ်လေးအတွင်း ပျောက်ပြီး မွဲပြာကျပြန်ရောပဲ" သူ့မှာ ငိုချင်သော်လည်း မျက်ရည်က ထွက်မလာ။ သူ၏ဘဝရည်မှန်းချက် အမှန်တကယ်ဖြစ်လာပါ့မလားလည်း သူ မသေချာတော့။
အသက်ပြင်းပြင်း တစ်ကြိမ်နှစ်ကြိမ် ရှုသွင်းပြီးနောက် သူ၏ မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်လာပြီး သူက ဆေးလုံးတစ်ပုံတစ်ပင် ထုတ်လိုက်သည်။ ထို့နောက် ပါးစပ်ထဲ ထည့်ပြီး ချက်ချင်းမဝါးဘဲ ဖြည်းညင်းစွာ အရည်ပျော်ကျသွားစေ၏။
နောက်ဆုံးတွင် သူက လက်ကို ဝှေ့ယမ်းလိုက်ကာ ပါရာဂွန်သွေးပုလင်းဆယ်ပုလင်းအား ပျံတက်လာစေသည်။ ပုလင်းများက ခွမ်းခနဲ ကွဲသွားပြီး သွေးတို့က လေတွင် ပျံဝဲနေ၏။
သူသည် လက်နှစ်ဖက်လုံး မြှောက်၍ ပါရာဂွန်သွေးများအား တစ်စုတစ်ဝေးတည်း စုစည်းလိုက်သဖြင့် လှိုင်းဂယက်များ ဖြာထွက်လာသည်။
စုစည်းသွားသည့်အခါ ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခုက ဖြာထွက်လာ၏။
"ကြက်တူရွေး၊ အသားဂျယ်လီ။ ဒီကိုလာပြီး ဒီအရှိန်အဝါ ဖြာထွက်မသွားအောင် ကူညီပေးပါဦး" သူ့စကားသံက ကြက်တူရွေး မိစ္ဆာကျင့်ကြံသူများအား သီချင်းဆိုခိုင်းလိုက်သည့်အချိန်မှာပင် ထွက်လာခြင်းဖြစ်သည်။ သူ့အသံကို ကြားလျှင် ကြက်တူရွေးမှာ ပွစိပွစိပြောရင်း တောင်ပံတဖျတ်ဖျတ်ခတ်ပြီးနောက် ပါရာဂွန်သွေး၏အရှိန်အဝါကို ဖိနှိပ်ဖို့ အသားဂျယ်လီနှင့်အတူ ပျံသန်းလာသည်။
မန်ဟိုက အသက်ပြင်းပြင်းရှုသွင်းရင်း ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ပါရာဂွန်သွေးပုလင်းဆယ်ပုလင်း ပျံသန်းလာပြီး ကြေမွသွား၏။ ထို့နောက် သွေးတို့သည် သူ့အရှေ့တွင် ပို၍ကြီးမားသော စက်လုံးအဖြစ် စုဝေးသွားသည်။ ကြောက်ခမန်းလိလိ အရှိန်အဝါက အရပ်လေးမျက်နှာသို့ ပြင်းပြင်းထန်ထန် ဖြာထွက်လာရာ အိမ်တစ်အိမ်လုံးကား ပြိုကျသွားတော့မည့်အလား ယိမ်းထိုးတုန်ခါလာတော့သည်။
မန်ဟို့မျက်လုံးများက စူးရှတောက်ပလာပြီး သူက တုံ့ဆိုင်းမနေဘဲ လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။ နောက်ထပ် ပါရာဂွန်သွေးပုလင်းဆယ်ပုလင်း ကွဲသွားပြီး သွေးများစုဝေးသွားသည်။ ကြောက်ခမန်းလိလိ အရှိန်အဝါ၏ ပြင်းအားမှာ တိုးပွားလာပြီး နေအိမ်တစ်လျှောက်လုံး အက်ကွဲကြောင်းများ ထလာ၏။ ဤအခိုက်အတန့်တွင် ကြက်တူရွေးရောက်လာသည်။ ၎င်းမှာ တည်ငြိမ်အေးဆေးမနေတော့ဘဲ အသံကျယ်ကြီး ဟိန်းဟောက်ကာ အရှိန်အဝါကို အစွမ်းကုန်ကြိုးစားဖိနှိပ်လိုက်၏။
အသားဂျယ်လီမှာ သိပ်စိတ်ပါပုံမရသော်လည်း မည်သို့ဆိုစေ အိမ်တစ်အိမ်လုံးအား အုပ်မိုးလိုက်သော ဧရာမအမိုးကြီးတစ်ခုအသွင်ပြောင်းကာ အရှိန်အဝါကို အပြင်သို့ မထွက်သွားအောင် ဟန့်တားလိုက်သည်။
မန်ဟိုမှာ ပါရာဂွန်သွေးပုလင်းသုံးဆယ်ပေါင်းထားသည့် သွေးလုံးနှင့် အနီးဆုံးတွင် ရှိနေသည့်အတွက် ပြင်းထန်သော ဖိအားက သူ့ကို တဆတ်ဆတ် တုန်လာစေသည်။ သို့သော် သူ၏ မျက်လုံးများက ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပလျက်ပင်။
"၃၀ ရာခိုင်နှုန်း" သူက အသက်ရှုလိုက်သည်။ သွေးဖိအားက သူ့ကို တုန်ယင်နေစေပြီး တဂျွတ်ဂျွတ် မြည်သံများ ထွက်လာစေသည်။ သူ့စိတ်အစဉ်မှာလည်း မူးဝေနေလေပြီ။
သူက အံတင်းတင်းကြိတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။ ခွမ်းးးး ခွမ်း ခွမ်းးးးး ။ နောက်ထပ်သွေးပုလင်းဆယ်ပုလင်းက ကွဲကြေသွားသည်။ သွေးတို့ ပျံထွက်လာကာ ပို၍ကြီးမားသော စက်လုံးကြီးကို ဖော်ဆောင်လိုက်၏။ ယခုတွင် ၎င်းက မွေးကင်းစကလေး၏ လက်သီးဆုပ်အရွယ်ခန့် ရှိနေပြီဖြစ်သည်။
သွေးလုံးသည် နီစွေးနေပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်း၏အထဲတွင် ရွှေရောင်အမျှင်များ ကူးလူးသွားလာနေသည်ကို မြင်ရလေရာ ၎င်းအား စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပနေစေသည်။
တစ်ဆက်တည်းမှာပင် ဆထက်တိုးလာနေသော ဖိအားက ကြောက်ခမန်းလိလိ အရှိန်အဝါထံမှ ထုတ်လွှတ်ခြင်းခံနေရသည်။ ပြင်းထန်သောဖိအားကြီးက မန်ဟို့ကို ရိုက်ခတ်လိုက်ရာ သူ့ပါးစပ်မှ သွေးများစီးကျလာပြီး သူ့အရေပြားများ ဟက်တက်ကွဲလာသည်။ တွန်းကန်အားတစ်ရပ်ကလည်း သူ့ကို ပေါက်ကွဲသွားအောင် ခြိမ်းခြောက်နေသည်။
သူသည် မျက်လုံးများ၌ အစွဲကြီးမှုတို့ တလက်လက် တောက်ပနေလျက် အင်မော်တယ်အကြော ၁၂၃ ကြောလုံး၏ စွမ်းအားကို ဆင့်ခေါ်ရင်း ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ထာဝရအလွှာအား အသက်သွင်းလိုက်သည်။ ၎င်းတို့၏ စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားသက်ဝင်နေစဉ် သူက လက်ဝှေ့ယမ်းလိုက်ကာ နောက်ထပ်သွေးပုလင်းဆယ်ပုလင်းအား ခွဲလိုက်သည်။ သွေးတို့ စက်လုံးထဲ ဝင်ရောက်ပေါင်းစည်းသွားသောအခါ ကြောက်ခမန်းလိလိ အရှိန်အဝါသည် ပို၍ပင် ပြင်းထန်လာ၏။
ဖိအားမှာ ယခုတွင် အလွန်တရာ မယုံကြည်နိုင်ဖွယ်ကောင်းလာသဖြင့် မန်ဟို့တစ်အိမ်လုံး ဝုန်းခနဲ ပြိုကျသွားတော့သည်။ တစ်အိမ်လုံးမှာ ပြာထက် မပိုတော့ပေ။
မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့လက်နှစ်ဖက်လုံး စိစိညက်ညက် ကြေမွတော့မည့်မတတ် ဖြစ်သွားသည်။ သို့သော်လည်း ထာ၀ရအလွှာက အဆက်မပြတ် ကုစားပေးနေသည့်အတွက် သူ့အား ဖိအားကို ပြန်တိုက်ခိုက်နိုင်စေသည်။
အသားဂျယ်လီက ဟိန်းဟောက်လိုက်ပြီး ကြက်တူရွေးက စူးစူးဝါးဝါး အော်ကာ အရှိန်အဝါကို တတ်နိုင်သမျှ ဖိနှိပ်ပေးနေ၏။ မန်ဟိုမှာ တုန်ရီနေပြီး သူ့မျက်လုံးများက ရူးမိုက်မှုတို့ဖြင့် တောက်ပလျက်ရှိချေသည်။
"၅၀ ရာခိုင်နှုန်း" သူက လက်ဝှေ့ယမ်းလိုက်ကာ နောက်ထပ် ပါရာဂွန်သွေးပုလင်းဆယ်ပုလင်းအား ပျံသန်းလာစေသည်။ ၎င်းတို့ စက်လုံးနှင့် တစ်သားတည်းဖြစ်သွားလျှင် သူက နောက်ထပ်ဆယ်ပုလင်း ထပ်ထည့်သည်။ ဤသို့ဖြင့် စုစုပေါင်းဆေးပုလင်းရှစ်ဆယ်အား ပေါင်းစည်းခဲ့ပြီးလေပြီ။ စက်လုံးသည် ယခုတွင် မွေးကင်းစကလေး၏ ခေါင်းအရွယ်တမျှ ကြီးမားနေပြီး ဖိအားက အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်နေစေကော ကောင်းကင်ကို မှေးမှိန်လာစေသည်။
မန်ဟိုမှာ အင်မတန်မှ ပြင်းထန်သော တိုက်ကွက်ကြီး၏ တိုက်ခိုက်ခြင်းခံနေရသည့်အလား ခံစားနေရသည်။ သူ့မှာ နောက်သို့ တွန်းထုတ်ခံလိုက်ရ၍ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွား၏။ သူ၏ ထာ၀ရအလွှာက သွေးရူးသွေးတန်း အလုပ်လုပ်နေသော်လည်း ပျက်စီးမှုအားကို လိုက်မမှီတော့ပေ။ တစ်သားတည်းပေါင်းစည်းထားသော အင်မော်တယ်အကြော ၁၂၃ ကြော၏ အင်အားဖြင့်ပင် မလိုက်နိုင်ဖြစ်နေသည်။
ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူက သူ့ပါးစပ်ထဲရှိ ဆေးလုံးတစ်၀က်ကို ချက်ချင်း မြိုချလိုက်သည်။ ၎င်းတို့က အရည်ပျော်သွားပြီး ကုစားခြင်းစွမ်းအားလှိုင်းများအား သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဖြာသွားသည်။ သူ၏ အင်မော်တယ်စွမ်းအားမှာ နောက်တစ်ဖန် ပြန်လည်ဖြည့်တင်းခံလိုက်ရပြီး သူသည် ရန်လိုနေသောတိုက်ခိုက်မှု၏ဒဏ် ခံယူနိုင်သွားပြန်၏။
သွေးစက်လုံးက ပါရာဂွန်တစ်ဦး၏ စိတ်ဆန္ဒ နိုးထလာနေသကဲ့သို့ အရောင်အဝါများ ဖြန့်ကျက်နေသည်။
အသားဂျယ်လီနှင့် ကြက်တူရွေးတို့နှစ်ကောင် အရှိန်အဝါ၏ ဖြာထွက်မှုကို ဟန့်တားပေးနေသည့်အတွက်ကြောင့်သာမဟုတ်လျှင် ကိုးပင်လယ်နတ်လောကတစ်ခုလုံး သွေးရူးသွေးတန်း ဖြစ်သွားလိမ့်သည်။ န၀မပင်လယ်သည် ပွက်လောရိုက်သွားပြီး န၀မတောင်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။
သို့သော် အရှိန်အဝါစိမ့်ထွက်မသွားသေးသည့်တိုင် မန်ဟို့ပတ်ပတ်လည်ရှိ သဘာ၀နိယာမမှာ သက်ရောက်ခြင်း ခံနေရ၏။ နောက်ထပ်ကမ္ဘာတစ်ခု ဖြစ်ပေါ်နေသည့်အလား လေထုတွင် ပုံပျက်မှုများ ပြည့်နှက်နေသည်။
ထိုအရာအားလုံးက .... ပါရာဂွန်၏သွေးကြောင့်ပင်။
၎င်းမှာ သွေးပုလင်းတစ်ပုလင်းသာ မဟုတ်ဘဲ ပုလင်းရှစ်ဆယ်ကို ပေါင်းစည်းထားသည့်အရာမဟုတ်ပါလော။ ယခုထက်ထိ မသန့်စင်သေးရသည့်တိုင်၊ ပေါင်းစည်းရုံသာ ပေါင်းစည်းထားသည့်တိုင် ၎င်းသည် ပြီးပြည့်စုံရန် ဆံချည်တစ်မျှင်သာ လိုတော့သည့် ပါရာဂွန်သွေးနမူနာ ဖြစ်နေသေး၏။
"ငါ လုပ်နိုင်တယ်" မန်ဟိုက လက်ကို ဝှေ့ယမ်းရင်း ဟိန်းဟောက်လိုက်သည်။ ဂျိန်းခနဲ ထစ်ချုန်းသံများ ကြားလိုက်ရပြီး နောက်ထပ်သွေးပုလင်းနှစ်ဆယ် ပျံထွက်လာသည်။ တစ်ဝက်က ကြေမွသွားပြီး ၎င်းတို့ထဲရှိ သွေးများက စက်လုံးနှင့် ပေါင်းစည်းသွား၏။ မန်ဟို့လက်မှာ အသားနီများလန်၍ စုတ်ပြတ်သပ်နေပြီး သူက နောက်ထပ်သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သို့သော် စောစောက သူသည် သူ့ပါးစပ်ထဲရှိ ဆေးလုံးတော်တော်များများကို မြိုချခဲ့၍ ၎င်းတို့၏စွမ်းအားက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားခဲ့ကာ သူ၏ ထာ၀ရအလွှာကို ပြင်းပြင်းထန်ထန် လှုံ့ဆော်ပေးခဲ့လေသည်။ ဤသို့ဖြင့် သူသည် ပါရာဂွန်သွေး၏ တန်ပြန်ရိုက်ခတ်မှုကို ထပ်မံတောင့်ခံနိုင်လိုက်ပြန်၏။
အသားဂျယ်လီမှာ ပေါင်းမိုးကြီးအသွင်ဖြင့် အရှိန်အဝါကို မနည်းထိန်းချုပ်ရင်း ဟိန်းဟောက်လိုက်သည်။ ကြက်တူရွေးမှာလည်း တဂီးဂီး အော်ရင်း မရေမတွက်နိုင်သော မှော်သင်္ကေတစီးကြောင်းများကို စေလွှတ်၍ ပတ်၀န်းကျင်တစ်ခုလုံးကို ချိတ်ပိတ်လိုက်သည်။
"သေစမ်း။ ဒါက မိစ္ဆာဘွားတော်ကြီးရဲ့ သွေးမဟုတ်ဘူး။ ဘွားတော်ကြီးက ပါရာဂွနဆိုပေမယ့် ဒီသွေးက သေချာပေါက် သူ့ရဲ့ သွေးမဟုတ်ဘူး။ မသန့်စင်ရသေးတဲ့သွေးက ဘယ်လိုလုပ်ပြီး ဒီလို အံ့မခန်းလိလိ စွမ်းအားတွေ ရှိနေနိုင်တာတုန်း"
"နောက်ဆုံး ဆယ်ပုလင်း" မန်ဟိုက ပါးစပ်ထဲရှိ လက်ကျန်ဆေးလုံးများကို မြိုချပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ နောက်ဆုံးသွေးပုလင်းဆယ်ပုလင်းအား ကြေမွသွားစေသည်။ သွေးတို့က အရွယ်ရောက်ပြီးလူတစ်ယောက်၏ ခေါင်းအရွယ်ရှိနေပြီဖြစ်သော စက်လုံးထဲသို့ ၀င်ရောက်လာသည်။
သွေးလုံးထဲတွင် ရွှေရောင်အမျှင်များ ပါရှိသည်။ ၎င်းတို့က တစ်မျှင်နှင့်တစ်မျှင် ရစ်ပတ်နှောင်ဖွဲ့ရင်း သက်ရှိအားလုံး၏ အခြေခံ၊ ကမ္ဘာလောက၏အနှစ်သာရ၊ ကြယ်တာရာကောင်းကင်၏ မူလအစ ပါရှိနေပုံရသော ဝိုးတိုးဝါးတားမှော်သင်္ကေတများကို ဖော်ဆောင်နေသည်။
အသားဂျယ်လီမှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး အက်ကွဲကြောင်းများက ၎င်း၏ ခန္ဓာကိုယ်တစ်လျှောက် မြွေလိမ်မြွေကောက် ပြေးလွှားလာသည်။ ၎င်းမှာ ပြိုကွဲတော့မည့်ပုံရပြီး နာကျင်စွာ အော်နေလေသည်။ ကြက်တူရွေးမှာလည်း ကြေးမုံကိစ္စတုန်းက စိုးရိမ်နေခဲ့သည့်အတိုင်း ဂနာမငြိမ်ဖြစ်နေသည်။
"အဲ့ဒါ မိစ္ဆာဘွားတော်ကြီးရဲ့ သွေးမဟုတ်သလို ဘိုးတော်ကြီးအင်မော်တယ်ရှေးဟောင်းရဲ့ သွေးလည်း မဟုတ်ဘူး" ကြက်တူရွေးက အံ့ဩမယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ရင်း စူးစူးဝါးဝါး အော်လိုက်သည်။ "မဟုတ်မှ …မဟုတ်မှ .... အဲ့ဒါ .... မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူက သေသွားပြီမဟုတ်ဘူးလား။ သူ သေသွားတာနဲ့ သူ့ရဲ့သွေးတွေအကုန်လုံးက မိုးနဲ့မြေကနေ ပျောက်ကွယ်သွားသင့်တာလေ။ ဘယ်လိုလုပ်ပြီး ကျန်နိုင်ခဲ့ဦးမှာတုန်း
"သေစမ်း။ ကြေးမုံ အဲ့လောက်ထိ သွေးရူးသွေးတန်းဖြစ်နေခဲ့တာ အံ့သြစရာမရှိဘူး။ ငါက တစ်ယောက်ယောက် ပြုစားနေခဲ့လို့ ထင်ခဲ့ပေမယ့် အဲဒါ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ နောက်ထပ် အကြောင်းအရင်းက ဒီသွေးကြောင့်ပဲ"
မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူက တဆတ်ဆတ် တုန်နေလေသည်။ သူ့မှာ ဆေးလုံးများဖြင့် ကြိုတင်ပြင်ဆင်ထားခဲ့သည့်တိုင် သူ၏ ထာ၀ရအလွှာကား သူ့ကို မကုစားပေးနိုင်တော့သော အခြေအနေသို့ ရောက်ရှိခဲ့လေပြီ။ သူ့အသားအကုန်လုံး ဟက်တက်ကွဲနေပြီး တစ်ကိုယ်လုံးလည်း အချိန်မရွေး ပေါက်ကွဲပေတော့မည်။
သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေသော်လည်း သူ၏ မျက်လုံးများက အာရုံစူးစိုက်နေ၏။ သူက တုန်ရီနေသော လက်နှစ်ဖက်ဖြင့် သွေးစက်လုံးကို ကိုင်၍ အောက်သို့ ဖိချလိုက်သည်။
"သန့်စင်စမ်း" သူက အော်လိုက်သည်။ သွေးစက်လုံးသည် တဖြည်းဖြည်း ကျုံ့၍ သန့်စင်လာသည်။ သန့်စင်လာသည်နှင့်အမျှ ပို၍များပြားသော ရွှေရောင်အမျှင်များအား မြင်လာရသည်။ အဆုံးသတ်တွင် ... သွေးအားလုံး ရွှေရောင်ဖြစ်သွားသည်။
မန်ဟိုမှာ တုန်ရီနေပြီး ပို၍များပြားသော အကွဲကြောင်းများက သူ့အရေပြားတစ်လျှောက် ပြေးလွှားနေသည်။ သူ့မှာ ပါရာဂွန်သွေး၏ အရှိန်အ၀ါမှ ထုတ်လွှတ်နေသော စွမ်းအားကြောင့် သူ့အသက်မီးတောက်ပင်လျှင် မှေးမှိန်လာနေသည်ကို ခံစားလိုက်ရ၏။ သွေးသည် သွေးစက်လေးတစ်စက်သာ ဖြစ်သည့်တိုင် မန်ဟိုမှာ ၎င်းအတွက် ပြိုင်ဘက်မဟုတ်သေးပေ။ သူ့မှာ တစစီ ပေါက်ကွဲခါနီးလေပြီ။ သွေးသည် သူ့ကို တမင်တိုက်ခိုက်နေခြင်းမဟုတ်သည့်တိုင် သူ့ကို အမြစ်ဖြုတ်ရှင်းပစ်နိုင်လောက်အောင် အင်အားကြီးမားနေသေး၏။
မန်ဟိုသာမဟုတ်၊ ရှေးဟောင်းနယ်ပယ် သို့မဟုတ် တာအိုနယ်ပယ်ရှိ လူတစ်ယောက်ပင်လျှင် ဤသွေးစက်၏ သတ်ဖြတ်ခြင်း ခံရနိုင်သည်။
ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသော်လည်း မန်ဟိုက တောင့်ခံနေသည်။ သူ၏ ခန္ဓာကိုယ် ပေါက်ကွဲတော့မည့်ဆဲဆဲတွင် သွေးစက်လုံးက လျှင်မြန်စွာ ကျုံ့လာ၏။ မကြာမီ ၎င်းက မွေးကင်းစကလေး၏ လက်အရွယ်သာ ရှိတော့သည်။
မန်ဟို့ခန္ဓာကိုယ်တစ်ခုလုံးမှာ အကွဲကြောင်းများဖြင့် စုတ်ပြတ်သတ်နေသည်။ သူ့လက်နှစ်ဖက်လုံးမှာ အသားနီများလန်၍ လက်ပုံစံပင် မရှိတော့ပေ။ သို့ထိတိုင် သူ၏ မျက်လုံးများသည် စူးရှတောက်ပနေဆဲဖြစ်၏။
"သန့်စင်စမ်း" သူက ဟိန်းဟောက်လိုက်သည်။ ၎င်းသည် မသေဆုံးခင် နောက်ဆုံးအကြိမ် ဟိန်းဟောက်လိုက်သံနှင့်တူပြီး ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် သွေးလုံးက လက်သည်းခွံအရွယ်အထိ ကျုံ့သွားသည်။
ယခုတွင် ၎င်းက ရွှေရောင်အတိ ပြီးသွားလေပြီ။
ပါရာဂွန်တစ်ဦး၏ အနှိုင်းမဲ့သော အရှိန်အဝါက သွေးအတွင်းမှ ချက်ချင်း ဖြာထွက်လာသည်။
ဤသည်မှာ စစ်မှန်သော ပြီးပြည့်စုံသည့် ပါရာဂွန်သွေးဖြစ်သည်။
၎င်းသည် လုံးလုံးလျားလျား ရှားပါးသော ပါရာဂွန်သွေးဖြစ်သည်။
တကယ်တမ်း ၎င်းက တည်ပင် မတည်ရှိသင့်သည့်အရာဟူ၍ ပြောနိုင်သည်။
ကြက်တူရွေးပြောခဲ့သည့် ပါရာဂွန်မှ .... သွေးစက်တစ်စက်။
အသားဂျယ်လီမှာ စူးစူးဝါးဝါး အော်နေပြီး ကြက်တူရွေးမှာလည်း မယုံကြည်နိုင်စွာ အော်ဟစ်နေသည်။ မန်ဟို သူ့ကိုယ်သူ မပေါက်ကွဲသည်ဆိုရုံလေး ထိန်းနိုင်လိုက်သည့် အချိန် ကျင့်ကြံခြင်းအရှိန်အ၀ါမဟုတ်သော အရှိန်အဝါတစ်ခုက ထွက်ပေါ်လာသည်။ ၎င်းကား ..... မိစ္ဆာချူပ်နှောင်သူအဖွဲ့၏ အရှိန်အဝါပင်။
အရှိန်အဝါပေါ်လာသည်နှင့်တစ်ပြိုင်နက် သွေးစက်သည် စတင် တုန်ခါလာ၏။
သွေးဆက်တစ်ဆက်ကဲ့သို့သော ပဲ့တင်လှိုင်းများ ဖြစ်ပေါ်လာသည်။
"ဘာလဲ..." မန်ဟိုက စိတ်နှလုံးချာချာလည်လျက် တွေးလိုက်သည်။ ထို့နောက် သူသည် ဘွားဘွားကိုးနှင့် နတ်ဆရာသခင် သူ့ကို ပြောခဲ့သောအကြောင်းအား ပြန်တွေးမိလိုက်၏။ ပါရာဂွန်ပင်လယ်အိပ်မက်က ကိုးပင်လယ်နတ်လောကနှင့် မြင့်မြတ်သောရေစီးဓားဂူကို တည်ထောင်ခဲ့သည်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကို ပါရာဂွန်အင်မော်တယ်ရှေးဟောင်းက တည်ထောင်ခဲ့သည်။ တတိယမြောက်ပါရာဂွန် အစွမ်းထက်ဆုံးပါရာဂွန် .... ပါရာဂွန်ကိုးတံဆိပ်နှင့်ပတ်သက်၍မူ သူ မည်သည့်အရာကို တည်ထောင်ခဲ့သည်လဲ ဘယ်သူမှ မသိကြပေ။
"သူက ... မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို ... တည်ထောင်ခဲ့တာပဲ" မန်ဟိုမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ စိတ်နှလုံး ချာချာလည်သွားတော့သည်။
***