← Chapters

တောင်ပင်လယ်များ ဆူညံပွက်လောရိုက်လေပြီ

Vol. 76 Ch. 1056

တောင်ပင်လယ်များ ဆူညံပွက်လောရိုက်လေပြီ

Vol. 76 Ch. 1056

ဤသည်မှာ အမြင့်မြတ်ဆုံး ပါရာဂွန်သုံးဦးထဲမှ ခေါင်းဆောင် ပါရာဂွန်ကိုးတံဆိပ်၏သွေး ဖြစ်သည်။

သွေးစက်လေးတစ်စက်ပင် လောက၌ မတည်ရှိသင့်တော့ပေ။ သို့သော် ပို၍လျှို့ဝှက်ဆန်းကြယ်ပြီး တန်ခိုးကြီးမားသော ကြေးမုံကြောင့် ပါရာဂွန်၏သွေးသည် တောင်ပင်လယ်လောကတွင် ယခု ပေါ်လာခဲ့လေပြီ။

သွေးပေါ်လာခဲ့သော အခိုက်အတန့်တွင် မန်ဟိုသာ တုန်လှုပ်သွားခြင်းမဟုတ်။ တောင်ပင်လယ်လောကတစ်ခုလုံး စတင်တုန်ခါလာသည်။ အရှိန်အဝါကို ဖုံးကွယ်ရန်  ကြက်တူရွေးနှင့် အသားဂျယ်လီ အစွမ်းကုန်ကြိုးစားနေသော်လည်း အရှိန်အဝါသည် တိတ်တဆိတ် ဖြာထွက်သွားသေး၏။ ကိုးပင်လယ်နတ်လောကရှိ မည်သူမှ ၎င်းကို အာရုံမရလိုက်သော်လည်း အာရုံလိုက်ရသော တောင်ပင်လယ်လောကထဲရှိ တခြားဖြစ်တည်မှုများမှာတော့ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။

မဟာတောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းသည် တောင်ပင်လယ်လောကအဖြစ် ဖွဲ့စည်းထားပြီး တောင်ပင်လယ်လောက၏အပြင်တွင်တော့ နေတစ်စင်းနှင့် လတစ်စင်းက ၎င်းကို ထာဝရလှည့်ပတ်နေသည်။ ထိုနေနှင့်လကြောင့် တောင်ပင်လယ်လောကတွင် နေ့နှင့်ညဟူ၍ တည်ရှိရလေသည်။

လောလောဆယ်တွင် ၎င်းတို့နှစ်ခုလုံး တုန်ခါနေရာ သေမျိုးများပင် အပါအဝင် လူတိုင်း တအံ့အဩ မော့ကြည့်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် နဝမတောင်ပင်လယ်၊ အဋ္ဌမတောင်ပင်လယ်၊ သတ္တမတောင်ပင်လယ်.... ပထမတောင်ပင်လယ်အတွင်းရှိ လူများပင် အံ့ဩတုန်လှုပ်နေကြသည်။ တောင်ပင်လယ်လောကတစ်ခွင်ရှိ လူတိုင်း အံ့ဩတုန်လှုပ်နေကြလေပြီ။

“နေက ... တုန်ခါနေတာပဲ”

“လလည်း တုန်ခါနေတယ်...”

“ဘာတွေ ဖြစ်နေတာလဲ ။ ဘာကြောင့် ဒီလိုဖြစ်နေတာလဲ” တောင်ပင်လယ်လောကအတွင်းရှိ မရေမတွက်နိုင်သောသက်ရှိသတ္တဝါများ မှင်သက်နေကြသည်။ တိရစ္ဆာန်များပင်လျှင် ရှိခိုးနေသည့်အလား မြေတွင် ဝပ်စင်းနေကြသည်။ သေမျိုးများ တုန်လှုပ်နေပြီး ရိုသေသောအမူအရာများဖြင့် အရိုအသေပေးလာကြသည်။

ကျင့်ကြံသူများမှာမူ တစ်ခါမှ မမြင်ခဲ့ရသော အရာကို စောင့်ကြည့်ရင်း ခေါင်းကြိမ်းနေကြလေသည်။ နေနှင့်လ တုန်ခါနေသည်။ ၎င်းက သူတို့ကို လုံးလုံးလျားလျား အံ့အားသင့်သွားစေ၏။

တောင်ပင်လယ်လောက၏ တာအိုနယ်ပယ်ကျင့်ကြံသူများအပါအဝင် ပညာရှင်များ ပျံထွက်လာကြပြီး သူတို့၏မျက်နှာပေါ်ရှိ အံ့ဩတုန်လှုပ်မှုမှာ သိသာထင်ရှားနေသည်။

မရေမတွက်နိုင်သော ဖြစ်တည်မှုများသည် နေနှင့်လ သိသိသာသာ တုန်ခါနေသည်ကို မြင်နေကြရ၏။ ၎င်းတို့က ဝင်ရိုးတွင် ဆက်လည်မည့်အစား တစ်နေရာတည်းတွင် မလှုပ်မယှက် ရပ်နေကြသည်။ မသိရသော အရှိန်အဝါတစ်ခုက ၎င်းတို့၏အာရုံကို ဆွဲဆောင်ခဲ့၍ ၎င်းတို့၏စိတ်ဆန္ဒများ ရုတ်တရက် နိုးထလာနေသည့်အလားပင်။

နေနှင့်လ ရွေ့လျားခြင်း ရပ်သွားသောအခိုက်အတန့်တွင် တောင်ပင်လယ်လောကအတွင်းရှိ ပင်လယ်အားလုံး လှိုင်းထန်လာပြီး တဝေါဝေါ အော်မြည်လာသည်။ တောင်များလည်း တသိမ့်သိမ့်တုန်နေပြီး ဟိန်းဟောက်နေကြဟန်တူသည်။

နေကို အင်မတန်မှ ဂရုတစိုက်ကြည့်လျှင် ၎င်း၏အထဲတွင် တစ်စုံတစ်ခု ရှိနေကြောင်း မြင်သည်ဆိုရုံကလေး မြင်ရလိမ့်မည်..... ဓားတစ်လက်။

၎င်းသည် အဆုံးစွန်အထိ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တလက်လက် တောက်ပနေသော ဓားတစ်လက်ဖြစ်သည်။ ထိုဓားသည် အတိတ်တုန်းက အသင်္ချေချီသော လူများ၏ နှလုံးသားကို ကိုင်လှုပ်ခဲ့ပြီး မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့၏။

ထိုဓားကား .... ပါရာဂွန်တစ်ဦး၏ဓားပင်။ အတိတ်တုန်းက ၎င်းသည် အင်မော်တယ်လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး မဟာကပ်ဘေးကြီးအတောအတွင်း အဆင့်နိမ့်လောကသုံးထောင်ကို ချောက်ချားစေခဲ့၏။ စစ်ပွဲထဲက ကျန်အင်အားစုနှစ်စုမှာ ၎င်းနာမည်ကို ကြားတိုင်း တုန်လှုပ်ရမြဲဖြစ်သည်။ ထိုနာမည်မှာတော့ ....

ကိုးတံဆိပ်ဓား ......

ပါရာဂွန်ကိုးတံဆိပ် ကြွေလွင့်သွားသောအခါ သူ့ဓားသည် ပျောက်သွားခဲ့၏။ သို့သော် ယခုတွင် ၎င်းက နေ၏အလယ်တည့်တည်တွင် ကောက်ကာငင်ကာ ပေါ်လာခဲ့လေပြီ။ သို့မဟုတ် ... ပေါ်လာရုံ ပေါ်လာခြင်းမဟုတ်ဘဲ ....

တောင်ပင်လယ်လောက၏ နေသည် အတိတ်တစ်ချိန်က ကိုးတံဆိပ်ဓားတော်မြတ် ဖန်ဆင်းထားသည့်အရာဖြစ်၏။

တောင်ပင်လယ်လောက၏ သမိုင်းရာဇဝင်ကို သိသူတိုင်းမှာ ရုတ်တရက် စိတ်နှလုံးများ ချာချာလည်သွားသည်ကို ခံစားလိုက်ရသည်။

“ကိုးတံဆိပ်ဓား။ ဘုရားရေ နေက တကယ်ပဲ ကိုးတံဆိပ်ဓား ဖန်ဆင်းထားတဲ့အရာလား... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မဖြစ်နိုင်ဘူး။ ဒါက ငါတို့ သိထားတဲ့ သမိုင်းနဲ့ ဆန့်ကျင်နေတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

တစ်ချိန်တည်းမှာပင် အင်အားကြီးမားသော အရှိန်အဝါတစ်ခုသည် လအတွင်း၌ နိုးထလာနေ၏။ လထဲတွင် အရာဝတ္ထုတစ်ခုအား မြင်သည်ဆိုရုံကလေး မြင်လာရလေပြီ။

၎င်းသည် ဓားတော့ မဟုတ် .... ချပ်ဝတ်တန်ဆာတစ်ခုဖြစ်သည်။

လရောင်စဉ်များမှ ဖြစ်ပေါ်လာသော ချပ်ဝတ်တန်ဆာ။

ချပ်ဝတ်တန်ဆာသည် နူးညံပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်နေသည့် ခမ်းနားကြီးမြတ်သော အရောင်အဝါတို့ဖြင့် တောက်ပလျက်ရှိ၏။ ချပ်ဝတ်တန်ဆာမှာ သွေးများစွာ စွန်းထင်းခဲ့သည့်အလား၊ မရေမတွက်နိုင်သော တိုက်ပွဲများတွင် ဝတ်ဆင်ခံခဲ့ရသည့်အလားပင်။ အတိတ်တုန်းက ဤချပ်ဝတ်တန်ဆာ၏ နာမည်သည် တစ်လောကလုံးကို သွက်သွက်ခါစေခဲ့သည်။ နာမည်ကား ...

ကိုးတံဆိပ်ချပ်ဝတ်တန်ဆာ။

ပါရာဂွန်ကိုးတံဆိပ်၏ လက်စွဲတော်ပစ္စည်းနှစ်ပါး။

တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံး လုံးလုံးလျားလျား တုန်လှုပ်နေတော့သည်။

“ငါ ဒဏ္ဍာရီတစ်ပုဒ် ကြားခဲ့ဖူးသလိုပဲ....” ထိုစကားလုံးများသည် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ တာအိုနယ်ပယ်ပညာရှင်များစွာ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ ၎င်းက သူတို့အားလုံးကို အထိန်းအကွပ်မဲ့သွားစေသော ဇာတ်လမ်းတစ်ပုဒ်ပင်။

“ဒဏ္ဍာရီအရ တောင်ပင်လယ်တစ်ခုစီမှာ အဲဒီနေရာကို စည်းလုံးညီညွတ်အောင် အုပ်ချုပ်ပေးတဲ့ တောင်ပင်လယ်သခင်တစ်ဦးစီ ရှိကြတယ်။ ဒါပေမဲ့ .... အမှန်က အဲဒီတောင်ပင်လယ်ကိုးခုရဲ့ သခင်တွေထက် အာဏာမြင့်မားတဲ့ အဆင့်တစ်ခု၊ ပိုအင်အားကြီးမားတဲ့ ဖြစ်တည်မှုရှိသေးတယ် .... တောင်ပင်လယ်လောကရဲ့ အရှင်သခင်

“တောင်ပင်လယ်လောကတစ်ခုလုံးရဲ့ အရှင်သခင်ဟာ အတွေးလေးတစ်ချက်နဲ့ တောင်ပင်လယ်တစ်ခုကို ဖျက်စီးသုတ်သင်ပစ်နိုင်ပြီး လွယ်လွယ်ကူကူပဲ နောက်တစ်ခု ဖန်တီးနိုင်တယ်။ အဲဒီပုဂ္ဂိုလ်က တောင်ပင်လယ်လောကကို အရင်ပါရာဂွန်အင်မော်တယ်လောကရဲ့ ဂုဏ်ကျက်သရေတွေ ပြန်ရရှိအောင် ဦးဆောင်ပေးလိမ့်မယ်

“ဒဏ္ဍာရီတွေက ပြောတယ်။ တောင်ပင်လယ်လောကရဲ့သခင် ပေါ်လာတဲ့အခါ နေနဲ့လဟာ ရွေ့လျားခြင်း ရပ်တန့်သွားမယ်။ အရောင်အဝါတွေ တောင်ပင်လယ်လောကတစ်ခုလုံး ပြည့်နှက်သွားမယ်။ ဒဏ္ဍာရီအရ ... ရွှမ်းဝူလိပ်ကြီးကိုးကောင်ဟာ အရိုအသေပေးပြီး ကျယ်ကျယ်လောင်လောင် ဟိန်းကြလိမ့်မယ်” တောင်ပင်လယ်လောက၏ တာအိုနယ်ပယ်ပညာရှင်အတော်များများသည် ဤကဲ့သို့ ရေရွတ်နေကြ၏။ စတုတ္ထတောင်ပင်လယ်တွင် ခိတိဂဗ္ဗသည် ကြယ်တာရာကောင်းကင်ကို မော့ကြည့်ရင်း မျက်လုံးများ ထူးဆန်းစွာ တောက်ပနေသည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် နဝမတောင်ပင်လယ်ရှိ ရွှမ်းဝူလိပ်ကြီးကဲ့သို့ ဧရာမရွှမ်းဝူလိပ်ကြီးတစ်ကောင်သည် ပထမတောင်ထိပ်က နတ်ရေကန်ထဲတွင် ခေါင်းထောင်လာ၏။ တောင်အားလုံးတွင် ၎င်းတို့၏ ဗဟိုချက်အဖြစ် ဤကဲ့သို့ ရွှမ်းဝူလိပ်ကြီးတစ်ကောင်စီ ရှိပုံပေါ်သည်။

ရွှမ်းဝူလိပ်ကြီးက မျက်လုံးဖွင့်လိုက်ပြီး တဆတ်ဆတ် တုန်လာပြီးနောက် ပထမတောင်ပင်လယ်တစ်ခွင် စိုးမိုးသွားသော ဟိန်းသံကြီးအား ထုတ်လွှတ်လိုက်သည်။

ထိုဟိန်းသံက ပထမတောင်ပင်လယ်တွင် မွေးဖွားခဲ့သော ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးဝယ် ပဲ့တင်ထပ်သွားလေသည်။

တစ်ချိန်တည်းဆိုသလို တူညီသောဟိန်းသံကြီးအား ဒုတိယတောင်ပင်လယ်၏ ဒုတိယတောင်ထိပ်က နတ်ရေကန်ထဲတွင် ရှိသော ရွှမ်းဝူလိပ်ကြီးထံမှ လာနေသည်ကို ကြားလိုက်ရသည်။ ထို့နောက် တတိယတောင်ပင်လယ်၊ စတုတ္ထတောင်ပင်လယ်နှင့် ပဉ္စမတောင်ပင်လယ်တွင်လည်း ထိုနည်းတူပင်....

နောက်ဆုံးတွင် နဝမတောင်ပင်လယ်မှ ရွှမ်းဝူလိပ်ကြီးလည်း ဟိန်းလိုက်ပြီး ဟိန်းသံများက တောင်ပင်လယ်လောကတစ်ခုလုံးကို တုန်ခါသွားစေသော ဟိန်းသံကြီးအဖြစ် ပေါင်းစည်းသွားတော့သည်။

လူတိုင်းလူတိုင်း စိတ်ရောကိုယ်ပါ တုန်လှုပ်နေကြစဉ် တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းကို ကိုယ်စားပြုသော မဟာရွှမ်းဝူလိပ်ကြီးများက ကြယ်တာရာကောင်းကင်သို့ ပျံတက်သွားကြပြီး သူတို့၏ဟိန်းသံများက အသံအမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့လေပြီ။

အဆုံးသတ်တွင် ၎င်းတို့အားလုံးက .... အင်မတန် ရင်သပ်ရှုမောဖွယ်ကောင်းသော တစ်စုံတစ်ခုကို လုပ်လိုက်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏အရှင်သခင်ကို လေးလေးစားစား ဝပ်တွားအရိုအသေပေးနေသကဲ့သို့ တူညီသော အရပ်မျက်နှာဘက်သို့ လှည့်၍ ဦးညွတ်လိုက်ကြ၏။

သူတို့ မျက်နှာမူနေသော အရပ်မျက်နှာကား အံ့ဩဖွယ်ကောင်းစွာနှင့် ... နဝမတောင်ပင်လယ်ပင်။

တစ်လောကလုံး တသိမ့်သိမ့်တုန်ခါနေပြီး တဂျိန်းဂျိန်းထစ်ချုန်းသံများ ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော တာအိုနယ်ပယ်ပညာရှင်များမှာ ဣန္ဒြေပင် မဆည်နိုင်တော့ပေ။ သူတို့အားလုံးက နဝမတောင်ပင်လယ်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။ နဝမတောင်ပင်လယ်ရှိ တာအိုနယ်ပယ်ပညာရှင်များမှာတော့ ကြက်သေသေနေကြလေသည်။

အားလုံးအထဲ အထူးဆန်းဆုံးမှာတော့ နဝမတောင်ပင်လယ်၏ ရွှမ်းဝူလိပ်ကြီး မည်သည့်ဧရိယာကို မျက်နှာမူနေသည်လဲ မည်သူမှ မပြောနိုင်ခြင်းဖြစ်သည်။

ရွှမ်းဝူလိပ်ကြီးကိုးကောင်၏ ဟိန်းသံများက အကြာကြီး ပဲ့ထပ်နေ၏။ အသံမှာ ခံစားချက်တစ်စုံတရာ မပါရှိသည့်အလား ရှေးဆန်ပြီး အေးစက်နေသည်။ ၎င်းကား .... ယန္တရားသံအလားပင်။

“အို တောင်ပင်လယ်လောကတစ်ခုလုံး၏ အရှင်သခင် .... လောကအရှင်သခင် ပေါ်ထွက်လာတော်မူပြီ။ အရှင်တော်မြတ် အုပ်ချုပ်တော်မူဖို့ ပြန်လာသောအခါ ... မန္တန်ကိုးပါး အသက်ဝင်လာတော်မူမည်”

စကားလုံးများသည် တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံးတွင် ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော စိတ်များ၏အထဲတွင် ပဲ့တင်ထပ်ကာ ကြီးမားပြင်းထန်သော အံ့ဩခြင်းလှိုင်းတံပိုးကြီးများ ထကြွလာစေ၏။ တစ်လောကလုံး ပြောင်းပြန်လှန်ခံလိုက်ရသည့်အလားပင်။ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ ကျင့်ကြံသူများမှာ မိုးကြိုးထောင်သောင်းပေါင်းများစွာဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“လောကအရှင်သခင်။ တောင်ပင်လယ်လောကရဲ့ အရှင်သခင်လား”

“ဘာတွေလဲ ဘာတွေဖြစ်နေတာလဲ”

“ပြန်လာမယ်။ လောကသခင် ပြန်လာရင် တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းလုံးရဲ့ ကံကြမ္မာက သူ့အတွေးလေးတစ်ချက်တည်းနဲ့ ထိန်းချုပ်ခံရတော့မှာလား”

“ရွှမ်းဝူလိပ်ကြီးကိုးကောင်လုံးက နဝမတောင်ပင်လယ်ကို မျက်နှာမူနေကြတာ။ ဆိုတော့ ... မဟုတ်မှ အဲဒီလောကသခင်ဆိုတဲ့လူက နဝမတောင်ပင်လယ်မှာများလား”

စိတ်အစဉ်များ ချာချာလည်နေကြသည်။ နဝမတောင်ပင်လယ်၏ ဂြိုဟ်ကြီးလေးလုံးအပေါ်က မျိုးနွယ်စုကြီးလေးစု၊ အထွတ်အမြတ်မြေငါးမြေနှင့် ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းတို့ရှိ ရွေးချယ်ခံအကုန်လုံး မှင်သက်နေကြပြီး မျှော်လင့်ချက်များဖြင့် တုန်ရီနေကြတော့သည်။

တာအိုနယ်ပယ်ပညာရှင်အားလုံးသည် သူတို့တောင်ပင်လယ်ရှိ ရွှမ်းဝူလိပ်ကြီးက ... သူတို့၏နဝမတောင်ပင်လယ်ကို ကြည့်နေခြင်းဖြစ်ကြောင်း မြင်နေရ၏။

တာအိုဆရာအစည်းအရုံးသုံးခုတွင်လည်း ထိုနည်းတူပင်။

ကိုးပင်လယ်နတ်လောကထဲတွင် ဖန်းတုံးအာ၊ မိစ္ဆာကျင့်ကြံသူများ၊ ခေါင်းဆောင်ကြီးသုံးဦးနှင့် ကျန်တာအိုနယ်ပယ်ကျင့်ကြံသူအားလုံး အံ့အားသင့်နေကြသည်။ မှန်ပါသည်၊ ဤအံမန်းလိလိအဖြစ်အပျက်အကုန်လုံးမှာ ကိုးပင်လယ်နတ်လောကထဲ၌ပင် ရှိသော တစ်စုံတစ်ယောက်ဖြစ်ပျက်နေကြောင်း ဘယ်သူမှ မသိကြပေ။

ထိုနည်းတူစွာ အံ့အားသင့်နေသူများမှာတော့ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ လက်ရှိတောင်ပင်လယ်သခင်များပင်။ သူတို့အားလုံးသည် တည်ကြည်လေးနက်ပြီး ဩဇာကြီးမားသောအငွေ့အသက်များဖြင့် သူတို့၏စွမ်းအားများ သူတို့၏သက်ဆိုင်ရာတောင်အသီးသီးတွင် တဖွေးဖွေး လှုပ်လာသည်ကို ခံစားလိုက်ကြရ၏။

သခင်ကျီလည်း နဝမတောင်ပင်လယ်တွင် ပေါ်လာပြီး ကြီးမားပြင်းထန်သော ဖိအားကြီးက ထိုဧရာမျက်လုံးကြီးထံမှ ဖြာထွက်လာသည်။

ဤသခင်များအနေဖြင့် ... သူတို့ထက် အဆင့်အတန်းမြင့်မားသော တောင်ပင်လယ်လောက၏ အရှင်သခင်ကို အလွယ်တကူ လက်ခံလိုကြမည်မဟုတ်ပေ။

ထိုစဉ် နဝမတောင်ပင်လယ်ရှိ အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် အဖြူရောင်ဝတ်ရုံနှင့် ပါရာဂွန်ပင်လယ်အိပ်မက်သည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ လီလင်းအာလည်း သူမဘေးတွင် ထိုပုံစံအတိုင်း ထိုင်နေသည်။

ရုတ်တရက် ပါရာဂွန်ပင်လယ်အိပ်မက်က သူမ၏ဖီးနစ်မျက်ဝန်းလေးများကို ဖွင့်လိုက်ပြီး မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ အံ့အားသင့်သွားသောအရိပ်အယောင်က သူမမျက်နှာပေါ်တွင် ပေါ်လာပြီး သူမက ထရပ်၍ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုခြေလှမ်းကျသွားသောအခါ သူမကား အင်မော်တယ်အပျက်အစီးများနယ်၏အပြင်ရှိ ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲရင်း နဝမပင်လယ်ကို ကြည့်နေလေပြီ။

“အစ်ကိုကြီးကိုးတံဆိပ်ရဲ့ ပါရာဂွန်သွေး....” သူမက ရေရွတ်လိုက်သည်။ သူမတစ်ကိုယ်လုံး တုန်ရီသွားပြီး လုံးလုံးမယုံနိုင်ဖြစ်သောအမူအရာအား သူမမျက်နှာထက်တွင် မြင်ရနိုင်သည်။ အကြာကြီးကြာပြီးမှ သူမသည် ဣန္ဒြေဆည်လိုက်ပြီး ထူးဆန်းသောအလင်းတစ်စက သူမမျက်ဝန်းများတွင် ပေါ်လာ၏။

“မိစ္ဆာချုပ်နှောင်သူအဖွဲ့ သူပဲ...”

ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောကတစ်ဝန်းရှိ မရေမတွက်နိုင်သော ပုဂ္ဂိုလ်များသည် .... မည်သူက တောင်ပင်လယ်လောက၏ အရှင်သခင်ဖြစ်လာပြီး အနာဂတ်တွင် ကြီးကျယ်ခမ်းနားသော အပြောင်းအလဲများ ဖြစ်လာစေနိုင်မည်လဲ ခန့်မှန်းနေကြသည်။

တချို့က ထိုကဲ့သိုလူတစ်ယောက်အား လေးလေးစားစား ကြိုဆိုဖို့ ပြင်ကြသည်။ တချို့က သူ့ကို သတ်၍ သူ့နေရာကို ဝင်လိုက်သည်။ အတွေးမျိုးစုံက စိတ်အထွေထွေထဲတွင် ဖြတ်ပြေးသွားကြ၏။ ထို့အပြင် အတော်များများသည် နဝမတောင်ပင်လယ်သို့ ပျံလာရန် သူတို့၏တောင်ပင်လယ်အသီးသီးထံမှ ထွက်လာကြလေပြီ။

တခဏလေးတည်းနှင့် အရာအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။ တစ်ခါမှ မဖြစ်ခဲ့ဖူးသော ဆူညံပွက်လောရိုက်မှုကြီးက တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံးကို ရိုက်ခတ်နေတော့သည်။

လောလောဆယ်တွင် မန်ဟိုသည် တောင်ပင်လယ်ကိုးခုလုံးရှိ လူတိုင်းနည်းတူ အံ့ဩမှင်သက်နေလျက် သူ၏တောင်ကြားထဲတွင် ထိုင်နေ၏။ သူလည်း ရွှမ်းဝူလိပ်ကြီးကိုးကောင်၏အော်သံကို ကြားရလေသည်။

လုံးဝမယုံကြည်နိုင်သော အသွင်က သူ့မျက်နှာကို ဖုံးလွှမ်းနေပြီး သူ့မှာ အသက်ပြင်းပြင်းရှူရင်း တုန်ယင်နေသည်။

“မိစ္ဆာချုပ်နှောင်သူအဖွဲ့ .... အဲဒါကို ပါရာဂွန်ကိုးတံဆိပ် တည်ထောင်ခဲ့တာ ယုံတောင် မယုံနိုင်ဘူး” ကြီးမားသော လှိုင်းတံပိုးကြီးများက မန်ဟို့နှလုံးသားကို ရိုက်ခတ်နေသည်။ မိစ္ဆာချုပ်နှောင်သူအဖွဲ့က ... ထိုကဲ့သို့ အံ့မခန်းပုဂ္ဂိုလ်တစ်ဦးဖြင့် စတင်ခဲ့လိမ့်မည်ဟု သူ တွေးပင် မတွေးခဲ့ဖူးပေ။

ထိုမျှသာမက သူသည် ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူ ဖြစ်သည်။ ကိုးသည် အမြင့်ဆုံးဂဏန်းဖြစ်ပြီး သူက မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ နောက်ဆုံးမျိုးဆက်ဆိုလည်း မမှားပေ။

“ငါက ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ၊ ဒီသွေးစက်က ပါရာဂွန်ကိုးတံဆိပ်ဆီက လာတယ်။ သူက မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို တည်ထောင်ခဲ့တာဆိုတော့ .... သူနဲ့ငါက ရေစက်ပါနေတာပဲ” မန်ဟိုမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရပြီး စိတ်နှလုံးတုန်ရီနေသည်။

“အရှင်တော်မြတ် အုပ်ချုပ်တော်မူဖို့ ပြန်လာတဲ့အခါ .... မန္တန်ကိုးပါး အသက်ဝင်တော်မူမည်... မန္တန်ကိုးပါး .... ဆိုတော့ ငါသာ မိစ္ဆာချုပ်နှောင်မန္တန်ကိုးခုလုံး ပိုင်ဆိုင်သွားရင် အဲဒီအချိန်မှာ ငါက တောင်ပင်လယ်လောကရဲ့အရှင်သခင် ဖြစ်လာမှာလား” မန်ဟိုမှာ အတန်ငယ်မူးဝေသွားသည်။ ယခုအချိန်တွင်ပင် သူ့မှာ ... ယုံဖို့ ခက်နေသည်။

သို့သော် သူသည် သတိလက်လွတ်မဖြစ်ပေ။ ထိုအခိုက်အတန့်တွင် အန္တရာယ်များ ကျရောက်လာတော့မည့် ခံစားချက်က သူ့နှလုံးသားထဲတွင် ပြည့်နှက်သွားတော့သည်။

***

All Chapters