အက်ရှလွန်မှ တုံ့ပြန်ခြင်း
Vol. 76 Ch. 1058
“ဒီထက်ပိုပြီး မြင့်လည်း အင်မော်တယ်နယ်ပယ်မှာပဲ ရှိနေဦးမှာ” စုရန်က အံကြိတ်ထားသည့်ကြားမှ ပြန်ဖြေသည်။
“မင်း နားမလည်ပါဘူး” မန်ဟိုက ခေါင်းခါရင်း ပြောသည်။ အက်ရှလွန်အမှတ်အသားသည် သူ့နဖူးထက်တွင် ပေါ်လာခဲ့ပြီး လင်းခနဲ လက်တိုင်း အတွင်းထဲ ပို၍ နစ်ဝင်သွားတတ်၏။
စုရန်က သိသိသာသာ ဝေခွဲမရဖြစ်နေသော ခံစားချက်များဖြင့် အမှတ်အသားကို တိတ်ဆိတ်စွာ ကြည့်နေသည်။
မန်ဟိုက နဖူးကို ပွတ်ပြီးနောက် ပြိုကျနေသော သူ့အိမ်ကို လှည့်ကြည့်လိုက်သည်။ ရုတ်တရက် သူသည် နိဗ္ဗာနသစ်သီးကို အပြည့်အဝစုပ်ယူပြီးနောက် ပေါ်လာခဲ့သော တစ်စုံတစ်ခုကို သဘောပေါက်သွား၏။
“အင်မော်တယ်ဆိုတဲ့ စာလုံးက အင်မတန် နက်နဲတယ် ...” သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက် ရုတ်တရက် ဒုတိယနိဗ္ဗာနသစ်သီးအား ကိုင်ထားသော ညာလက်ကို မြှောက်လိုက်သည်။ သူသည် ၎င်းကို အတွေးများဖြင့် ကြည့်နေ၏။
“ပါရာဂွန်သွေးရဲ့ အဓိကလုပ်ဆောင်ချက်က ငါ့ကို မိစ္ဆာချုပ်နှောင်သူအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသိမှတ်ပြုပေးခဲ့တာပဲ။ ပါရာဂွန်ပင်လယ်အိပ်မက်မှာ သူ့အက်ရှလွန်အဖွဲ့နဲ့သူ ရှိတယ်။ ဒါပေမဲ့ ငါကတော့ ပါရာဂွန်ကိုးတံဆိပ်ရဲ့ တစ်ယောက်တည်းသော အက်ရှလွန်စာရင်းဝင်လည်း ဟုတ်တယ်
“ငါ့ အပြင်အားကိုယ်ကို သန်မာအောင် လုပ်တာနဲ့ နိဗ္ဗာနသစ်သီးကို စုပ်ယူတာမှာ ဆိုးကျိုးတွေရှိတယ်
“ဒါ့အပြင် သွေးတစ်စက်ကို စုပ်ယူပြီးတဲ့နောက်မှာ နောက်ထပ် အဆတစ်ရာ၊ အဆတစ်ထောင်စုပ်ယူလည်း အသုံးမဝင်တော့ဘူး။ ပြီးတော့ နိဗ္ဗာနသစ်သီးတွေကို စုပ်ယူဖို့ ပါရာဂွန်သွေးကို ဆက်သုံးလို့မရတော့ဘူး
“ဒါတင်မကသေးဘူး .. အဲဒီလိုလုပ်ဖို့ ပါရာဂွန်သွေးကို သုံးတာဟာ ဖြုန်းတီးပစ်ရာကျတယ်” တခဏကြာသော် သူသည် ယခင်ထက်ပို၍ မည်မျှအစွမ်းထက်လာသည်လဲ စူးစမ်းဖို့ သူ၏ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးကြည့်လိုက်သည်။
လွန်ခဲ့သော တစ်လကျော်က သူသည် အင်မော်တယ်နယ်ပယ်ပါရာဂွန်အဆင့်တွင် ဖြစ်ခဲ့သည်။ ယခုမူ ထို့ ထက်ကျော်လွန်သော အင်မော်တယ်ဧကရာဇ်ဖြစ်နေလေပြီ။
လက်ရှိခေတ်တွင် အင်မော်တယ်ဧကရာဇ်ဆိုသော အရာမျိုး မတည်ရှိပေ။ အမှန်တွင် အင်မော်တယ်လောက၏ ရွှေထီးဆောင်းခဲ့သော နေ့ရက်များတွင်ပင် အင်မော်တယ်ဧကရာဇ်အဆင့်မှာ ပြီးပြည့်စုံသောအဆင့်ကဲ့သို့ မြင်ရခဲခဲ့သည်။
၎င်းက အင်မော်တယ်နယ်ပယ်အပေါ် နက်နက်ရှိုင်းရှိုင်း နားလည်သိမြင်မှုအဆင့်ကို ကိုယ်စားပြုသည်။
မန်ဟို့တွင် အင်မော်တယ်အကြော ၁၂၃ ကြောသာ ရှိကောင်းရှိသော်လည်း တစ်ကြောစီသည် ကျယ်ပြန့်လာခဲ့ပြီး အတိုင်းထက်အလွန် သန်မာနေပြီဖြစ်၏။ သူ ခံစားနေရသော စွမ်းအားမှာ နိဗ္ဗာနသစ်သီးတစ်လုံး၏အကူအညီဖြင့်သာ ယာယီပိုင်ဆိုင်နိုင်သည့် စွမ်းအားဖြစ်ခဲ့သည်။ ယခုတွင် သူကား ထိုအဆင့်တွင် အမြဲနေနိုင်သွားချေပြီ။
သူ့နဖူးထက်ရှိ အက်ရှလွန်အမှတ်သည် တလက်လက် တောက်ပနေပြီး ပို၍မြဲမြံလာ၏။ ထို့ကြောင့် သူက ယခင်နှင့် လားလားမျှမတူတော့ပေ။
သူသည် ထူးဆန်းသောခံစားချက်အသစ်တစ်ခုကိုပင် ရရှိနေ၏။ သူ မျက်လုံးပိတ်လိုက်လျှင် တောင်ပင်လယ်လောကအတွင်းရှိ တခြားနေရာများ၌ ... တူညီသောအခိုးအငွေ့များ ရှိနေကြောင်း ခံစားနေရသယောင်ပင်။
ထိုအခိုးအငွေ့များသည် တစ်ယောက်တည်းမှ လာနေခြင်းမဟုတ်။ သူ့လို ... အက်ရှလွန်စာရင်းဝင်များမှ လာနေခြင်းဖြစ်သည်။
စုစုပေါင်း အက်ရှလွန်စာရင်းဝင် ၁၂ ယောက်ရှိနေသည်။
သူက ဆယ့်သုံးယောက်မြောက်ဖြစ်ပြီး လောလောလတ်လတ်ကမှ ဝင်ရောက်လာခဲ့သူဖြစ်သည်။ သူသည် နောက်ဆုံးအက်ရှလွန်စာရင်းဝင်ဆိုလည်း မမှားပေ။ သူ့အရှေ့တွင် စုစုပေါင်းဆယ့်နှစ်ယောက်ရှိသည်။ ဤလူများက ပါရာဂွန်ပင်လယ်အိပ်မက် အက်ရှလွန်စာရင်းထဲ ထည့်ခဲ့သည့် တောင်ပင်လယ်လောက၏ နေရာအသီးသီးမှ လူများ ဖြစ်ကြ၏။
မန်ဟိုသည် အက်ရှလွန်၏တစ်စိတ်တစ်ပိုင်းဖြစ်လာရန် မည်မျှခက်ခဲသလဲ သို့မဟုတ် စာရင်းဝင်များ မည်မျှအစွမ်းထက်သလဲ ဆိုသည်နှင့်ပတ်သက်၍ သံသယမရှိပေ။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ ခံ့ညားထည်ဝါသောမြင်ကွင်းကို မြင်တွေ့ပြီးနောက် သူ့အနေဖြင့် ကျန်စာရင်းဝင်များ မည်မျှအစွမ်းထက်ကြောင်း ကောင်းကောင်းခန့်မှန်းကြည့်နိုင်သည်။
မန်ဟိုမှာ ပါရာဂွန်မှော်သိုင်းကို ဉာဏ်အလင်းရပြီးနောက်မှ ... အက်ရှလွန်ထဲ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မန်ဟိုသည် အခိုးအငွေ့ဆယ့်နှစ်ခုကို ခံစားရပြီး တစ်ဦးတစ်ယောက်ချင်းစီက သူ့ကို ပါရာဂွန်သဖွယ် ခံစားရစေသည်။ စွမ်းအားအဆင့်က သူ့ကို ရင်လေးလာစေတော့သည်။
“အခု ငါမြင်ရပြီ။ အရင်က ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ နယ်ပယ်ကြောင့် သူတို့ရဲ့ တည်ရှိမှုကို ခံစားဖို့ အရည်အချင်းမပြည့်မှီခဲ့ဘူး။ သင့်တော်တဲ့အဆင့်ကို ရောက်မှပဲ အဲဒီလိုလုပ်နိုင်တော့တယ်
“ဒါဆို .... ငါပဲ သူတို့ကို ခံစားရနိုင်တာမဟုတ်ဘူး... သူတို့လည်း ငါ့ကို ခံစားလို့ရတာပေါ့” သူ မျက်မှောင်ကြုတ်သွားလေသည်။
မန်ဟို မျက်မှောင်ကြုတ်နေသော အချိန်တွင် ယခင်လက အဖြစ်အပျက်များကြောင့် ဆူညံပွက်လောက်ရိုက်မှုများ ငြိမ်ကျသွားခဲ့လေပြီ။ အခြေအနေကို အာရုံစိုက်နေသူများ ရှိသေးသော်လည်း အပြင်းထန်ဆုံးအခိုက်အတန့်ကိုတော့ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
နိစ္စဓူဝကိစ္စဆောင်တာများအား ပြန်လုပ်ကြသည်။ နေနှင့်လသည် မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား ပြန်ရွေ့လျားနေသည်။ သို့သော် အတော်များများ၏ ရင်ထဲတွင်တော့ ဘယ်သူက တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာလဲ ဆိုသော မေးခွန်းများ ကိန်းအောင်းနေဆဲပင် ....
အဋ္ဌမတောင်ပင်လယ်တွင် ရုပ်သေးရုပ်သဖွယ် အရိုးစုများ ပြည့်နှက်နေသော ဟင်းလင်းပြင်တစ်နေရာရှိသည်။ ရုပ်သေးရုပ်အရိုးစုများက မျက်လုံးများတွင် သရဲမီးတို့ တဝင်းဝင်းတောက်နေလျက် တစ်စုံတစ်ခုကို လှည့်ပတ်ရင်း လွင့်မျောနေကြသည်။ ၎င်းတို့အားလုံး၏ အလယ်တွင် ရှိသော ထိုတစ်စုံတစ်စုကား အရိုးများဖြင့် တည်ဆောက်ထားသော ဧရာမနန်းတော်တစ်ခုဖြစ်သည်။
ထိုနန်းတော်ထဲတွင် ဝတ်ရုံနက်နှင့်လူငယ်တစ်ဦးက တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။ သူသည် အရိုးပေါ်အရေတင် ပိန်လှီခြောက်ကပ်နေပြီး မျက်နှာတစ်ခုလုံးလည်း အရောင်အသွေးကင်းမဲ့လျက် ဖြူဆုပ်နေ၏။ ထိုမျှသာမက သူ၏အသက်မီးတောက်မှာ အလွန်မှေးမှိန်နေသည်။ ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး နန်းတော်ပတ်ပတ်လည်ရှိ အရိုးစုများအားလုံး ဒူးထောက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကျောစိမ့်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က ကောင်လေးထံမှ ဖြာထွက်လာ၏။
အမှတ်တစ်ခုက သူ့နဖူးထက်တွင် တလက်လက် တောက်ပနေသည်။ ရုတ်တရက် သူသည် နဝမတောင်ပင်လယ်အတွင်းရှိ.... အက်ရှလွန်၏အခိုးအငွေ့များကို ခံစားလိုက်ရ၏။
“နဝမတောင်ပင်လယ်တဲ့လား ဟမ်... သူက တခြားသူတွေထက် အများကြီး အားနည်းနေတာပဲ...” အသတ်အဖြတ်စိတ်ဆန္ဒတို့ လူငယ်၏မျက်လုံးများတွင် ဝင်းလက်သွားသည်။
တူညီသောမြင်ကွင်းများသည် ကျန်တောင်ပင်လယ်အသီးသီး၏ နေရာတစ်နေရာပြီးတစ်နေရာတွင် ဖြစ်ပွားနေ၏။ မန်ဟို ထင်ထားသည့်အတိုင်း အက်ရှလွန်စာရင်းဆယ့်နှစ်ယောက်လုံး သူ့ကို ခံစားရနိုင်သည်။
ပြိုင်ဆိုင်မှုဆိုသည်မှာ အက်ရှလွန်အဆင့်အတန်းနှင့် လိုက်ပါလာသောအရာဖြစ်သည်။ ထိုမျှသာမက ထိုအက်ရှလွန်များကို သတ်၍ သူတို့အဆင့်အတန်းကို လုယက်ချင်သူများလည်း ရှိသည်။ ထိုကဲ့သို့သဘောထားများက အက်ရှလွန်များကြားတွင် ပို၍ပင်ပြင်းထန်သည်။
သူတို့အတွက် အားနည်းသူသည် သူတို့နှင့် တန်းတူရပ်ရန် အရည်အချင်းမရှိပေ။ အက်ရှလွန်ထဲ ဝင်ရောက်ခဲ့သူတစ်ယောက်မှ တကယ်တမ်း မခေသော်လည်း လျင်မြန်စွာ မတိုးတက်လျှင်တော့ ထိုပုဂ္ဂိုလ်သည် နောက်ကောက်ကျန်ခဲ့ပြီးနောက်ဆုံး အထုတ်ပယ်ခံရလိမ့်မည်။
ပထမတောင်ပေါ်တွင် ရွက်ကြမ်းရည်ကျိုပုံပန်းသွင်ပြင်နှင့် လူငယ်တစ်ယောက်ရှိသည်။ သူ့နဖူးပေါ်တွင် တတိယမျက်လုံးတစ်လုံးအား မြင်ရနိုင်လေသည်။ သူသည် လောလောဆယ်တွင် ကျားစေ့တစ်စေ့ကို မြှောက်လျက် ကျားစေ့ခုံအရှေ့တွင် ထိုင်နေပြီး အတွေးထဲ နစ်မြောနေပုံရ၏။
သူ့အရှေ့တွင်တော့ မြစိမ်းရောင်ဂါဝန်ရှည်လေး ဝတ်ထားသော မိန်းကလေးတစ်ဦးရှိသည်။ သူမသည် မည်သူမှ သူမနှင့်နှိုင်းယှဉ်၍မရလောက်အောင် လှရက်လွန်း၏။ ညှို့ယူဖမ်းစားနေသော အငွေ့အသက်နှင့် သူမ၏ဖီးနစ်မျက်ဝန်းလေးများမှာ ဉာဏ်ကောင်းသောအသွင်ကို ဆောင်နေသည်။ လေပြေညင်းလေးတစ်ချက်က သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်လေးများကို ပင့်မတင်လိုက်ရာ ဆံမျှင်လေးတစ်မျှင်သည် သူမ၏ရင်အစုံကို အသာအယာ ထိတွေ့ကျီစယ်သွား၏။ သူမမျက်နှာလေးထက်တွင် လိမ်းခြယ်ထားသော မျက်နှာချေက သူမပါးမို့မို့လေးကို စတော်ဘယ်ရီသီးလေးပမာ နီရဲနေစေသည်။ သူမသည် နူးညံ့ညင်သာပုံပေါ်ပြီး ခြုံပြောရလျှင် အင်မတန် ဆွဲဆောင်မှုရှိလေသည်။
သူမကား လေညင်းနှင့်အတူ ပျံသန်းနေသော လိပ်ပြားလေးအလား၊ သို့မဟုတ် နှင်းပွင့်ချပ်များအကြား လွင့်မျောနေသော နတ်သမီးလေးအလားပင်။ သူမသည် သူမသွားသည့်နေရာတိုင်း ပန်းများ အရောင်အသွေးကင်းမဲ့၍ နေနှင့်လတို့ မှေးမှိန်သွားရပြီး ကျန်မိန်းကလေးများ၏အလှတရားကို ဖျော့တော့သွားစေနိုင်သည့် မိန်းကလေးမျိုးဖြစ်သည်။
အင်မော်တယ်ချီကလည်း သူမကို ဖြေးညင်းစွာ လှည့်ပတ်၍ ရစ်သိုင်းနေရာ သူမအား ထူးခြားနေစေတော့သည်။
“အစ်ကိုချန်၊ ဒီပွဲကိုလည်း အစ်ကိုရှုံးတော့မယ် ထင်တယ်နော်” သူမက အပြုံးလေးဖြင့် ပြောသည်။ ၎င်းသည် သူမ၏ပြစ်မျိုးမှဲ့မထင် အလှလေးကို ပို၍ပင် ရှုမငြီးသွားစေ၏။ တိုက်ခတ်နေသော လေပြေညင်းလေးမှာ သူမနှင့် မခွဲခွာနိုင်သည့်အလား သူမအနားတွင်သာ ဝေ့လည်ကြောင်ပတ် တိုက်ခတ်နေလေသည်။
“ကမ္ဘာကြီးက ကျားကစားနည်းလိုပဲ” တတိယမျက်လုံးနှင့်လူက ပေါ့ပေါ့ပါးပါး ပြောသည်။ “ပြီးတော့ ဘဝဆိုတာ အိပ်မက်တစ်ခုနဲ့တူတယ်။ ကျားစေ့တစ်စေ့တိုင်းကို သေသေချာချာတွေးပြီး တိတိကျကျ ကစားရတယ်။ မိန်းကလေးရွှယ်အာ၊ ခင်ဗျားက အင်မော်တယ်ရှေးဟောင်းရဲ့ နံပါတ်တစ်ဆက်ခံသူဖြစ်ဖို့ ထိုက်တန်ပါတယ်။ ခင်ဗျားက ခရီးရှည်တွေနှင်ပြီး ကမ္ဘာလောကတွေကို ခြေဆန့်ခဲ့တဲ့အပြင် လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက ဘယ်လောက်ကျက်သရေရှိလဲဆိုရင် ကြာပန်းတွေကို ဖူးပွင့်လာစေတဲ့အထိပါပဲ” လူငယ်က မိန်းကလေးကို မော့ကြည့်၍ ပြုံးပြလိုက်သည်။
“မိန်းကလေး ရွှယ်အာ” လူငယ်က အေးအေးဆေးဆေး ပြောသည်။ “အက်ရှလွန်စာရင်းဝင်ဆယ့်နှစ်ယောက်ထဲမှာ ခင်ဗျားက ကျုပ်ကို ပထမဆုံး လာရှာခဲ့တယ်။ အဲဒီနောက် တောင်ပင်လယ်လောကတစ်လျှောက် ခင်ဗျား ခရီးနှင်ခဲ့ပြီး ကျုပ်ကို ပြန်လာရှာပြန်တယ်။ မသိရင် ကျုပ်က ရွေးချယ်ခံအတိုင်းပဲ”
“ကံဆိုးစွာနဲ့ ဒီကစားနည်းမှာ ကျွန်မကို အနိုင်ယူနိုင်တဲ့သူတစ်ယောက်မှ မတွေ့ခဲ့ဖူးလေ။ အစ်ကိုချန်ကပဲ အက်ရှလွန်စာရင်းဝင်တွေကြားမှာ အကြာဆုံးကစားပေးနိုင်တဲ့သူ။ အဲဒီလိုဆိုမှတော့....” မိန်းကလေးက တခဏ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြီး ဆက်ပြောတော့မည့်အချိန် ရုတ်တရက် မျက်နှာအမူအရာရိပ်ခနဲ ဖြစ်သွားသည်။
တစ်ဆက်တည်းမှာ သူမ စကားပြောနေသော သန့်သန့်ပြန့်ပြန့် လူငယ်မှာလည်း အံ့အားသင့်သွားဟန်တူသည်။ အက်ရှလွန်အမှတ်တစ်ခုက သူ့နဖူးပေါ်တွင် ပေါ်လာပြီး သူသည် နဝမတောင်ပင်လယ်ရှိ မန်ဟို့ထံမှ အခိုးအငွေ့များကို ခံစားလိုက်ရ၏။
“စာရင်းဝင်အသစ်။ အားနည်းတာ ဆိုးလွန်းတာပဲ” တခဏကြာသော် ထိုလူက မန်ဟို့ကို အာရုံမစိုက်တော့ဘဲ သူ့အရှေ့ရှိ မိန်းကလေးကို ကြည့်လိုက်သည်။ သူ့အမူအရာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် သူ့မှာ စိုးရိမ်နေလေသည်။
မိန်းကလေးက ဘာမှပြန်မပြော။ သူမက ကျားစေ့ခုံကို တခဏ ငုံ့ကြည့်ပြီးနောက် လူငယ်ကို ပြန်ကြည့်သည်။ နောက်ဆုံးတွင် သူမသည် ထရပ်၍ လက်ကို ဝှေ့ယမ်းကာ ကျားစေ့ခုံကို ပျောက်ကွယ်သွားစေ၏။
“အက်ရှလွန်စာရင်းဝင်အသစ်တစ်ယောက် ပေါ်လာပြီဆိုတော့ သွားနှုတ်ဆက်ဦးမှပဲ။ သူနဲ့ ကျွန်မမှာ ရေစက်ပါလား သွားကြည့်ချင်တယ်။ အစ်ကိုချန်.... သူနဲ့ ကျွန်မမှာ ရေစက်မပါရင်တော့ တာအိုအကြောင်း ဆွေးနွေးဖို့ အစ်ကို့ကို လာရှာပါ့မယ်”
“အဲဒီတစ်ယောက်က အားနည်းတယ်.... မိန်းကလေးရွှယ်အာရဲ့ အချိန်ကို ဖြုန်းရာမကျဘူးလား” တတိယမျက်လုံးနှင့်လူက ဖြေးညင်းစွာ ပြောသည်။
“ကျွန်မ အစ်ကို့ကို ပထမဆုံးတွေ့တုန်းက အစ်ကို့မှာလည်း အခုလိုကျင့်ကြံခြင်းအခြေခံ မရှိသေးဘူးနော်” မိန်းကလေးက ပြုံးပြီးနောက် လှည့်ထွက်သွားတော့သည်။
အစ်ကိုချန်ဟု ခေါ်သော လူမှာ အတန်ကြာတိတ်ဆိတ်စွာ ထိုင်နေပြီးနောက်ဆုံး မျက်လုံးများအတွင်း၌ ယုံကြည်ချက်တို့ တောက်ပလာပြီး သူက ၎င်းတို့ကို ပိတ်လိုက်၏။
မန်ဟို အက်ရှလွန်ထဲသို့ ဝင်လာခြင်းက ကျန်စာရင်းဝင်များအကြား တုံ့ပြန်မှုအသီးသီးဖြစ်ပေါ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ကျန်တောင်ရှစ်လုံးနှင့် ပင်လယ်ရှစ်စင်းရှိ တာအိုဆရာအစည်းအရုံးများတွင် အက်ရှလွန်စာရင်းဝင်အသစ်တစ်ယောက် တိုးလာသည်ကို သိရှိသွားကြ၏။
အစစ်အမှန်အက်ရှလွန်စာရင်းဝင်တစ်ယောက်အား မွေးထုတ်ပေးရန် ခက်ခဲသည်။ အက်ရှလွန်ထဲ ဝင်ရောက်ရန် အရည်အချင်းမပြည့်မှီသည့်တိုင် အက်ရှလွန်အမှတ်အသားကို ရရှိခဲ့သော လူသည် ကြိုဆိုလက်ခံခံရမည် မဟုတ်ပေ။ မန်ဟိုသည် ပထမဆုံးနိဗ္ဗာနသစ်သီးကို အောင်အောင်မြင်မြင် စုပ်ယူပြီးနောက်မှ အက်ရှလွန်စာရင်းဝင်စစ်စစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရ၏။ ထို့အပြင် ... သူသည် ယခုတွင် ကျန်စာရင်းဝင်များ၏ စိတ်နှလုံးထဲတွင် နေရာယူသွားလေပြီ။
လောလောဆယ်တွင် နဝမတောင်ပင်လယ်ရှိ ကိုးပင်လယ်နတ်လောကထဲ၌ မန်ဟို၏မျက်လုံးများသည် လင်းလက်နေပြီး သူက တစ်ယောက်တည်း ပွစိပွစိပြောနေသည်။ နောက်ဆုံးတော့ သူသည် အက်ရှလွန်ကိစ္စကို ဘေးချိတ်၍ သူ့ကိုယ်သူ အာရံစိုက်လိုက်တော့၏။
“မီးငြိမ်းဝိညာဉ်ငါးလုံးအောက်က ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ယောက်က ငါ့အတွက် ပြိုင်ဘက်မဟုတ်တော့ဘူး” သူက လက်ထဲရှိ နိဗ္ဗာနသစ်သီးကို ငုံ့ကြည့်ရငး် မျက်လုံးများ တောက်ပလာသည်။
“ဒုတိယနိဗ္ဗာနသစ်သီးကို ဆက်စုပ်ယူလို့ ရလောက်မလားမသိဘူး။ ငါသာ အင်မော်တယ်ဧကရာဇ်စွမ်းအားထက် သာလွန်သွားရင် ... ဘယ်အဆင့်ဖြစ်သွားလောက်မလဲ” အတွေးလေးကပင် မန်ဟို့ကို စိတ်လှုပ်ရှားလာစေသည်။ သူသည် နိဗ္ဗာနသစ်သီးကို မြှောက်၍ နဖူးထဲ ဖိချလိုက်တော့၏။
ဂျိန်း
***