လောကပါလတာအိုအင်မော်တယ်
Vol. 76 Ch. 1059
လက်ရှိ တောင်ပင်လယ်လောကတွင် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်မှာ ပါရာဂွန်အဆင့်ဖြစ်သည်။ အကြော ၁၂၃ကြောကို ဖွင့်၍ ကောင်းကင် ၃၃ခု ကို ဖော်ဆောင်ပြီးနောက် လူတစ်ယောက်သည် အင်မော်တယ်နယ်ပယ်၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်၏။ ယင်းက မျက်မှောက်ခေတ်၏ အမြင့်ဆုံးနေရာပင်။
မန်ဟိုသည် လောလောဆယ်တွင် ယင်းအဆင့်သို့ ရောက်ရှိခဲ့သည့် တစ်ယောက်တည်းသောသူ ဖြစ်၏။ သူက တောင်ပင်လယ်သခင်များအနက် အစွမ်းထက်ဆုံးဖြစ်သော စတုတ္ထတောင်ပင်လယ်၏ ခိတိဂဗ္ဗထက်ပင် ကျော်လွန်သွားခဲ့လေပြီ။
အမျိုးမျိုးသော သိုင်းကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်တို့၏ အကူအညီဖြင့် မျိုးဆက်သစ်ကျင့်ကြံသူများသည် ထိုစွမ်းအားမျိုးကို ရသည်ဆိုရုံတော့ ရကောင်းရနိုင်လိမ့်မည်။ သို့သော် မန်ဟိုက သူ၏တာအိုကို သူ့နည်းသူ့ဟန်အတိုင်း ခိုင်မာစေခြင်းဖြင့် ထိုအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းက ဘယ်သူမှ မယှဉ်နိုင်သော၊ ပို၍မြင့်မားသော အဆင့်တစ်ဆင့်ပင်။
အင်မော်တယ်နယ်ပယ်ပါရာဂွန်သည် မျက်မှောက်ခေတ်တွင် အမြင့်ဆုံးအဆင့်ဖြစ်သော်လည်း ရှေးခေတ်တုန်းက အင်မော်တယ်လောက၏ ကြယ်တာရာကောင်းကင်အတွင်း၌ တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း မတည်ရှိခဲ့သည့်အချိန်တွင် အဆိုပါပါရာဂွန်အဆင့်ထက် တစ်ဆင့်မြင့်သော အဆင့်ရှိသည်။ ယင်းက အင်မော်တယ်ဧကရာဇ်အဆင့်ဖြစ်သည်။
အင်မော်တယ်ဧကရာဇ်ဟူသော အသုံးမှာ ဘွဲ့တစ်ဘွဲ့မဟုတ်ဘဲ အဆင့်တစ်ခုဖြစ်သည်။ ယခင်က မန်ဟိုသည် နိဗ္ဗာနသစ်သီးတစ်လုံးဖြင့် ထိုအဆင့်သို့ ယာယီ၀င်ရောက်နိုင်ခဲ့၏။ ယခုတွင် သူက နိဗ္ဗာနသစ်သီးကို စုပ်ယူလိုက်ပြီဖြစ်၍ ထိုအဆင့်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် အမြဲတစေ နေနိုင်သွားလေပြီ။
သို့သော် အင်မော်တယ်ဧကရာဇ်အဆင့်က တကယ်တမ်း ထိပ်ဆုံးအဆင့်မဟုတ်သေးပေ။ ထိုအဆင့်အထက်တွင် နောက်ထပ် ဒဏ္ဍာရီလာအဆင့်နှစ်ဆင့် ရှိသည်။ ထိုအဆင့်များသို့ ရောက်ရှိခဲ့သည့် လူအရေအတွက်မှာ မြူမှုန်တမျှ သေးငယ်နည်းပါး၏။ အင်မော်တယ်လောက၏ ရွှေသရဖူဆောင်းခဲ့သောနေ့ရက်များတွင်ပင် ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးကို ရှာတွေ့ဖို့ရန်မှာ ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုများကို ရှာရသည်ထက် ပိုမိုခက်ခဲပေလိမ့်မည်။
အင်မော်တယ်ဧကရာဇ်အထက်တွင် လောကပါလဧကရာဇ်အင်မော်တယ် ရှိသည်။ လောကပါလဧကရာဇ်အင်မော်တယ် အထက်တွင်တော့ လောကပါလတာအိုအင်မော်တယ် ရှိသည်။
လောကပါလဧကရာဇ်အင်မော်တယ်ဖြစ်လာရန် ခက်ခဲပြီး လောကပါလတာအိုအင်မော်တယ်ဖြစ်လာရန်မှာတော့ အင်မတန်မှ ခက်ခဲလေ၏။
လောကပါလတာအိုအင်မော်တယ်သည် အင်မော်တယ်နယ်ပယ်၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ ၎င်းက ရှေးဟောင်းနယ်ပယ်အထွတ်အထိပ်ပညာရှင်များကို ခါထုတ်ပစ်နိုင်ပြီး တာအိုနယ်ပယ်အစွမ်းထက်ပညာရှင်များကိုပင် တုန်လှုပ်စေနိုင်သော အဆင့်တစ်ဆင့် ဖြစ်၏။
နယ်ပယ်တစ်ခုလုံးထက် သာလွန်သွားသော အဆိုပါပုဂ္ဂိုလ်မျိုးသည် မည်သည့်နေရာတွင် နေထိုင်ပါစေ၊ မည်သည့်ခေတ်တွင် တည်ရှိပါစေ အများ၏ အာရုံအစိုက်ခံရာ စွမ်းအားမဏ္ဍိုင်တစ်ရပ် ဖြစ်လာလိမ့်မည်။
ကံဆိုးစွာနှင့် လောကပါလဧကရာဇ်အင်မော်တယ်များမှာ အတိုင်းထက်အလွန် ရှားပါး၏။ တာအိုနယ်ပယ်ပညာရှင်များထက်ပင်လျှင် ရှားပါးလေသည်။ လောကပါလတာအိုအင်မော်တယ်များမှာတော့ ပို၍ပင် ရှားပါးသေး၏။ အမှန်တွင် အင်မော်တယ်လောက၏ သမိုင်းရာဇ၀င်တစ်လျှောက်လုံး၊ ရှေးခေတ်မှ ယနေ့ထက်ထိတိုင် စုစုပေါင်းမှ ကိုးယောက်သာ ရှိခဲ့ဖူးသည်။ ထိုကိုးယောက်ကိုမူ အကြီးမြတ်ဆုံးပါရာဂွန်သုံးပါးပင်လျှင် လေးလေးစားစား ဆက်ဆံကြလေသည်။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်လောက၏ ရှေးရာဇ၀င်များအရ လောကပါလတာအိုအင်မော်တယ်များသည် လောကတစ်ခုလုံး၏ အရင်းအမြစ်ဖြစ်သည့်အတွက်ကြောင့်ပင်။ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်သာ အစစ်အမှန်ပါရာဂွန်တစ်ဦးဖြစ်လာခဲ့လျင် ကြယ်တာရာကောင်းကင်၏ အခေါင်အချုပ်ဖြစ်လာလိမ့်မည်။
အမှန်တွင် ပါရာဂွန်ကိုးတံဆိပ်သည် ယခင်က လောကပါလဧကရာဇ်အင်မော်တယ် ဖြစ်ခဲ့သည့်အတွက် နောက်ဆုံးတွင် ပါရာဂွန်များအကြား၌ ခေါင်းဆောင်ဖြစ်လာခဲ့ခြင်းပင်။
အကယ်၍ လောကပါလတာအိုအင်မော်တယ်လမ်းစဉ်မှတစ်ဆင့်သာ ပါရာဂွန်တစ်ဦး ဖြစ်လာလျှင်တော့ .... ယင်းက ရှေးခေတ်မှ ယနေ့ခေတ်ထက်ထိ တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသောအရာ ဖြစ်လာမည်။ သို့ပင်ငြား အင်မတန်မှ ခက်ခဲလွန်း၏။
လောကပါလတာအိုအင်မော်တယ်တစ်ဦး ရှေးဟောင်းနယ်ပယ်သို့ ၀င်ရောက်ပါက ဝိညာဥ်မီးအိမ်ငြှိမ်းရာတွင် ကျရှုံးနိုင်ခြေသည် ကျန်ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများထက် အဆများစွာ မြင့်မားပေလိမ့်မည်။ အမှန်တွင် သေချာသည်ဟုပင် ပြောနိုင်၏။ အောင်မြင်နိုင်မည့် မျှော်လင့်ချက်မရှိသလောက်ပင်။ ထို့ကြောင့် ... ရှေးဟောင်းနယ်ပယ်သို့ ၀င်ရောက်ရန် သို့မဟုတ် တာအိုနယ်ပယ်သို့ ၀င်ရောက်ရန် မဖြစ်နိုင်ပေ။
သမိုင်းတွင် တည်ရှိခဲ့သော လောကပါလတာအိုအင်မော်တယ်ကိုးဦးအနက် ငါးဦးသည် ဝိညာဉ်မီးအိမ်များကို ငြှိမ်းရန် ကျရှုံးခဲ့သဖြင့် ရှေးဟောင်းနယ်ပယ်တွင် သေဆုံးခဲ့ကြရ၏။ ကျန်လေးယောက်မှာမူ မဟာကပ်ဘေးကြီးအတွင်း သေသူကသေ၊ ပျောက်သူက ပျောက်ကုန်ကြသည်။
အတိတ်တုန်းက ပါရာဂွန်တစ်ဦးသည် အင်မော်တယ်လောကတွင် လောကပါလအင်မော်တယ်များ မည်ကဲ့သို့ပေါ်လာသည်လဲ သိရှိရန် ကြိုးစားခဲ့သော်လည်း သဲလွန်စတစ်စုံတစ်ရာ မတွေ့ခဲ့ပေ။ သေချာသည့် တစ်ခုတည်းသော အရာမှာတော့ လူတစ်ယောက်တွင် လောကပါလအင်မော်တယ်ဖြစ်ခဲ့သော ဘိုးဘေးတစ်ယောက် ရှိခဲ့လျှင်၊ လောကပါလဧကရာဇ်အင်မော်တယ်သာ ဖြစ်ခဲ့လျှင်တောင်မှ ထိုလူ့အတွက်လည်း ဖြစ်နိုင်ခြေက အတိုင်းထက်အလွန် မြင့်မားပေလိမ့်မည်။
ထိုနည်းတူစွာပင် လောကပါလတာအိုအင်မော်တယ် ဖြစ်ခဲ့သော ဘိုးဘေးရှိလျှင်တော့ ထိုအဆင့်သို့ ရောက်နိုင်ခြေက ပို၍ပင် မြင့်မားသေး၏။
ယင်းက အမွေဆက်ခံရသော သွေးဆက်တစ်ဆက်ပမာဖြစ်သည်။ အမှန်တွင် ရှေးအကျဆုံးသောသမိုင်းများကို မွှေနှောက်ကြည့်ပါက မူရင်းဇစ်မြစ်အဖြစ် မျိုးရိုးနာမည်ကိုးခုရှိကြောင်း တွေ့ရပေမည်။ (စာဖတ်သူတွေ မှတ်မိသေးလား မသိပေမယ့် မိသားစုကိုးစုထဲမှာ မန်မျိုးရိုးမရှိဘူးလို့ ဟန်ပေ့ပြောခဲ့ဖူးပါတယ် - အပိုင်း ၁၆၀)
ဟိုးရှေးခေတ်တုန်းက ထိုကိစ္စကို စုံစမ်းခဲ့သောပါရာဂွန်သည် အဆိုပါအချက်ကို ရှာတွေ့ခဲ့ပြီး ချက်ချင်းပင် ကြောက်လန့်တုန်လှုပ်ခဲ့၍ ဆက်မစုံစမ်းတော့ပေ။ အမှန်တရား မပေါ်ပေါက်အောင် ကြောက်စရာကောင်းသော အသိစိတ်တစ်ခုက ဟန့်တားနေသည့်အလားပင်။
ယခုတွင် အင်မော်တယ်လောက ပျက်သုဉ်းခဲ့သည့်အချိန်မှ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ မန်ဟို့မတိုင်ခင် အင်မော်တယ်ဧကရာဇ်တစ်ပါးမှ ပေါ်မလာခဲ့ဖူးပေ။ လောကပါလအင်မော်တယ်များမှာမူ ဒဏ္ဍာရီများအဖြစ်သာ တည်ရှိခဲ့သည်။ ၎င်းအကြောင်း အများစုပင် မေ့လျော့နေကြပြီဖြစ်သည်။
သို့သော် ယခုတွင်....
နိဗ္ဗာနသစ်သီး မန်ဟို့နဖူးကို ထိသွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့တစ်ကိုယ်လုံး တုန်ဆင်းသွားသည်။ လေမုန်တိုင်းကြီးတစ်လုံးက သူ့ကို အချိန်မရွေးပေါက်ကွဲစေတော့မည့်အလား တဝေါဝေါမြည်ရင်း သူ့စိတ်ထဲတွင် သောင်းကျန်းလာသည်။
သူ၏ အပြင်အားကိုယ်မှာ ပို၍ ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်း သူက ၉ မီတာမြင့်သွားလေသည်။ သို့သော် ထိုမျှနှင့်မရပ်။ သူသည် ၁၅ မီတာ မြင့်သည့်တိုင်အောင် ဆက်လက်ကြီးထွားလာ၏။
ကြီးထွားလာသည့်အချိန်မှာပင် သူ့မှာ သူ၏ အသွေးအသားတို့ တစ်စစီ ဆုတ်ဖြဲခံနေရကြောင်း ခံစားလိုက်ရသည်။ သူ့မှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး သူ၏ စိတ်မာ၍သာ မဟုတ်လျှင် အော်ဟစ်နေရလောက်သည်။ အေးစိမ့်နေသော ချွေးစေးတို့က သူ့ခန္ဓာကိုယ်အနှံ့အပြားမှ ထွက်လာပြီး သွေးများက သူ၏ မွေးညှင်းပေါက်တို့မှ စီးကျလာသည်။
သွေးနှင့်ချွေးတို့သည် နောက်ဆုံးတွင် မန်ဟို သွေးသံရဲရဲ ဖြစ်နေသည့်တိုင်အောင် အတူတကွ ပေါင်းစည်းသွား၏။
နာကျင်နေရသည့်တိုင် အံ့မခန်းလိလိအပြင်အားကိုယ်ခွန်အားက သူ့ကိုယ်တွင်းမှ ပေါ်ထွက်လာသည်။ သူသည် အတားအဆီးများကို ချိုးဖျက်ရင်း အကန့်အသတ်များကို ကျော်လွန်နေပြီဖြစ်ကြောင်း ခံစားနေရ၏။ မယုံကြည်နိုင်ဖွယ်စွမ်းအားတစ်ရပ် သူ့ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းနေစဉ် သူ့နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။
ထိုအရာများက သူ၏ အပြင်အားကိုယ်၏ ပြောင်းလဲမှုများသာ ဖြစ်လေသည်။ တခဏကြာသော် သူ့ခန္ဓာကိုယ်အတွင်းရှိ လေမုန်တိုင်းကြီးသည် အပြင်သို့ ဖြာထွက်သွားရင်း ကြီးထွားလာသဖြင့် သူ့အား နောက်သို့ ယိမ်းယိုင်သွားစေ၏။ ပြင်းထန်သော လေမုန်တိုင်းကြီးက သူ၏ အင်မော်တယ်စွမ်းအားများကို ဆူပွက်သွားစေရာ သူ့ပါးစပ်မှ သွေးများစီးကျလာသည်။ သူသည် ရုတ်တရက် ဤသို့အပြင်ပိုင်းထွားကြိုင်းလာမှုက အစသာရှိသေးကြောင်း သဘောပေါက်လိုက်၏။ စစ်မှန်သော ပြောင်းလဲမှုက သူ၏ ကျင့်ကြံခြင်းအခြေခံတွင် ဖြစ်ပွားနေလေပြီ။
ဂျိန်းးးးးးးးးးးးးးးးးးး
သူ့မှာ သွေးတစ်လုတ်ပြီးတစ်လုတ် အန်ရင်း နောက်သို့ ယိမ်းယိုင်သွားသည်။ သူသည် သွေးထုကြီးပမာ ဖြစ်နေပြီး လေမုန်တိုင်းကြီးက သူ့ကို တစစီစုတ်ဖြဲရင်း သူ့ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေသည်။ သူ၏ ချီစုစည်းမှုလမ်းကြောင်းအကုန်လုံး ပြတ်ထွက်သွားတော့မည့်အလားပင်။
စွမ်းအားက ပြင်းထန်လွန်းသည့်အတွက် မန်ဟိုမှာ ကြက်သေသေနေသည်။ ဤသည်ကား နိဗ္ဗာနသစ်သီး၏စွမ်းအားမဟုတ်ဘဲ သူ၏ သွေးဆက်မှ စွမ်းအားဖြစ်သည်။ နိဗ္ဗာနသစ်သီးက သူ့သွေးအတွင်း၌ ချိတ်ပိတ်ခံထားရသော ကြောက်ခမန်းလိလိ ဖိအားကြိးကို ဖြေလွှတ်ပေးလိုက်သည့် သော့တစ်ခုသာ။
"ဒါက..." သူက အလန့်တကြား ရေရွတ်လိုက်သည်။ ထစ်ချုန်းသံများက သူ့ကိုယ်ထဲတွင် ပြည့်နှက်နေသည်။ အပြင်လူတစ်ယောက်မှ ကြားရမည်မဟုတ်သော်လည်း မန်ဟို့အတွက်တော့ ထိုအသံများက နားကွဲလုမတတ် ကျယ်လောင်၏။ ထို့နောက် သူသည် ရုတ်တရက် .... သူ၏ အင်မော်တယ်အကြောအကုန်လုံး တစ်ကြောတည်းအဖြစ် ပေါင်းစည်းသွားသည်ကို ခံစားလိုက်ရ၏။
ထိုတစ်ခုတည်းသော အင်မော်တယ်အကြောက သူ၏ ခန္ဓာကိုယ်ထဲတွင် ပြီးပြည့်စုံသော စက်၀န်းတစ်ခုကို ဖြစ်ပေါ်သွားစေသည်။
စက်ဝန်းဖြစ်ပေါ်လာသည့်အခါ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံသည် တစ်ခါမှ မဖြစ်ခဲ့ဖူးသော ပုံံစံဖြင့် အသည်းအသန် ထိုးတက်လာ၏။ မျက်စိတစ်မှိတ်အတွင်း အင်မော်တယ်ဧကရာဇ်အဆင့်ထက် အဆများစွာ ကျော်လွန်သွားခဲ့လေပြီ။ သူ၏ တရိပ်ရိပ် ထိုးတက်နေသော စွမ်းအားနှင့် ကြောက်ခမန်းလိလိ အရှိန်အဝါက အမြင့်အသစ်တစ်ခုသို့ ရောက်ရှိသွားသည်။
ထစ်ချုန်းသံများသည် မန်ဟို ဆက်လက်သည်းမခံနိုင်တော့သော အဆင့်သို့ ရောက်လာ၏။ သူက ခေါင်းနောက်လှန်၍ ချောက်ချားစရာကောင်းသော အော်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။ အော်သံကြီးက သူ့ကိုယ်ထဲရှိ လေမုန်တိုင်းကို လွှတ်ပေးလိုက်ရာ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရိုက်ခံခြင်းခံလိုက်ရသည်။ သူ၏ အိမ်အပျက်အစီးပုံမှာ ပြာကျသွားပြီး ကျောက်ဂူများလည်း ပျောက်ကွယ်သွားတော့သည်။ ကြက်တူရွေးက မယုံနိုင်ဖြစ်သော မျက်လုံးပြူးကြီးများဖြင့် ကြည့်နေသည်။
"လောကပါလအင်မော်တယ်။ မင်းက တကယ်လဲ လောကပါလအင်မော်တယ်ပါလား။ သေစမ်း။ မင်းမှာ အဲ့ဒီသွေးဆက်ရှိနေတာ ငါ မယုံဘူး မန်ဟိုရေ။ ဘယ်သူက မင်းရဲ့ ဘိုးဘေးတုန်း။ ဖန်မျိုးနွယ်စု ဖန်မျိုးနွယ်စု။ သေစမ်း။ ငါ ဘာလို့ ဒါကို အရင်က မတွေးခဲ့မိတာပါလိမ့်" ကြက်တူရွေးက စိုးရိမ်တကြီးအော်ရင်း တောင်ပံတဖျတ်ဖျတ်ခတ်ကာ မှင်သက်နေသော မိစ္ဆာကျင့်ကြံသူများကို ကာကွယ်ရန် ဒိုင်းတစ်ခုအား ဖော်ဆောင်လိုက်သည်။
အသားဂျယ်လီမှာလည်း တုန်ရီနေပြီး မန်ဟို့ကို ထိုင်ရှိခိုးလိုစိတ်များ ကောက်ကာငင်ကာ ပေါ်လာတော့သည်။
စုရန်မှာ စိတ်နှလုံး ချာချာလည်လျက် စိုက်ကြည့်နေပြီး သူမ၏ အမူအရာမှာ အလွန်အမင်း အံ့အားသင့်နေသောပုံစံဖြစ်သည်။
ဤအခိုက်အတန့်တွင် မန်ဟိုက ထပ်မံဟိန်းဟောက်လိုက်ကာ မိုးပြာရောင် အရောင်တစ်ရောင်အား သူ့ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာစေသည်။
မိုးပြာရောင်သည် အမြင့်မြတ်ဆုံးအရောင်ဖြစ်ပြီး အင်မော်တယ်လောကတွင် အလေးစားခံရဆုံး အရောင်တစ်ရောင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် မိုးပြာရောင်က လောကခပ်သိမ်း/လောကပါလကို ကိုယ်စားပြုသည့်အတွက်ကြောင့်ပင်။
ထို့အပြင် လောကခပ်သိမ်းသည် .... အနန္တကို ကိုယ်စားပြု၏။
ဤအခိုက်အတန့်တွင် မန်ဟိုသည် ထည်ဝါခံညားသော မိုးပြာရောင်အလင်းနှင့်အတူ အင်မော်တယ်ဧကရာဇ်၏ အင်ပါယာစိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။ မနှိုင်းယှဉ်နိုင်လောက်အောင် ဩဇာကြီးမားသော အငွေ့အသက်တို့က သူ့ထံမှ ဖြာထွက်လာသည်။
အင်မော်တယ်ဧကရာဇ်၏ စိတ်ဆန္ဒကို အင်ပါယာနိုင်ငံတစ်နိုင်ငံ၏ ဧကရာဇ်တစ်ပါးနှင့် ဥပမာပြရလျှင် မန်ဟို့ထံမှ ဖြာထွက်နေသော ကြောက်ခမန်းလိလိစွမ်းအားက သူ့အား ဂြိုလ်တစ်ဂြိုလ်လုံးကို သူ၏ နိုင်ငံတော်သဖွယ် အုပ်ချုပ်နိုင်လောက်အောင် ဩဇာကြီးမားနေစေသည်။
တခဏအတွင်း အင်မော်တယ်စိတ်ဆန္ဒက တဖွေးဖွေး လှုပ်နေသည်။ ထို့နောက်တွင် မန်ဟို့မျက်လုံးများမှာ မှောင်မိုက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ပိန်ရှုံ့သွား၏။ စောစောက စွမ်းအားအရ သူ့အနေဖြင့် နောက်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်လျှင် လောကပါလဧကရာဇ်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့သော် ထိုစွမ်းအားအားလုံး ရုတ်ခြည်းပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။
ဒုတိယနိဗ္ဗာနသစ်သီးက သူ့နဖူးမှ ထွက်လာပြီး မြေကြီးပေါ် ဘုတ်ခနဲ ပြုတ်ကျလာ၏ည်။ မန်ဟို၏ခန္ဓာကိုယ်မှာ မီတာ ၃၀ ခန့်အမြင့်မှ ပုံမှန်အရပ်သို့ ပြန်ကျုံ့သွား၏။ သူ၏ အင်မော်တယ်အကြောများလည်း ကွဲထွက်သွားပြီး ထပ်မံ၍ သီးသန့်အကြော ၁၂၃ ကြော ပြန်ဖြစ်လာသည်။
မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မန်ဟိုမှာ သွေးတစ်ပွက်အန်လိုက်ရပြီး ပုံရက်သား လဲကျသွား၏။ သူ၏ အမြင်အာရုံတို့ မှောင်မိုက်သွားပြီး သူ့မှာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။
သူက သတိလစ်နေစဉ် ခါးသီးစွာ ရယ်ခဲ့လေသည်။ စောစောက လုပ်ခဲ့သောအရာမှာ အတန်ငယ် စိတ်စောရာကျခဲ့၏။ သို့သော်လည်း သူသည် ဒုတိယနိဗ္ဗာနသစ်သီးကို စုပ်ယူပြီးနောက်တွင် ရရှိနိုင်သောအဆင့်ကို ခံစားလိုက်ရပြီဖြစ်၏။ ထိုအဆင့်၏ စွမ်းအားက သူ့ကို စိတ်လှုပ်ရှားမှု၊ ရူးမိုက်မှုနှင့် လိုချင်တပ်မက်မှုတို့ဖြင့် ပြည့်နှက်သွားစေသည်။
သူ ပြန်နိုးလာသောအခါ အချိန်မည်မျှကြာခဲ့သည်လဲ မသိပေ။ သူ့မှာ မျက်လုံးများ ဖွင့်လိုက်လျှင်ချင်း သူ့ကို ပြူးကြည့်နေသော ကြက်တူရွေးနှင့် အသားဂျယ်လီကို မြင်လိုက်ရ၏။ ၎င်းတို့က သူ၏အရာရာတိုင်းကို ထိုးဖောက်မြင်နိုင်သည့်အလား မျက်လုံးများ စူးရှတောက်ပနေသည်။ နှစ်ကောင်သားမှာ သူ့ကို တွေ့ခဲ့ရသည့်အတွက် ပျော်ရွှင်နေသည့်ပုံပေါ်နေ၏။
"ဘာကြည့်နေတာတုန်း" သူက ပါးစပ်အဟောင်းသားဖြင့် မေးလိုက်သည်။ အသားဂျယ်လီ၏ အကြည့်က လူယုတ်မာများကို မြင်လျှင် ပေါ်လာတတ်သော အကြည့်နှင့် တူနေသည်။ ကြက်တူရွေးမှာတော့ အမွှေးဖွားဖွားသတ္တဝါများကို ကြည့်နေသည့်အကြည့်နှင့် တူ၏။
မန်ဟိုမှာ ခေါင်းနပန်းကြီးသွားပြီး မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ အ၀တ်အစားများမှာ စုတ်ပြဲနေသော်လည်း သူ့ကို ဖုံးတော့ ဖုံးနေသေး၏။ သူ့မှာ ခန္ဓာကိုယ်ပေါ်တွင် ထူးထူးဆန်းဆန်း မည်သည့်အရာကိုမှ မခံစားရသည့်နောက်မှ ဟင်းခနဲ သက်ပြင်းချနိုင်တော့သည်။ သူသည် ကြက်တူရွေး၏ သူမတူသော ဝါသနာနှင့်ပက်သက်၍ ဘာမှမပြောခဲ့သော်လည်း စိတ်ထဲတွင်တော့ ၎င်းတို့အကြောင်း ကောင်းကောင်းသိ၍ အမြဲ အသိနှင့်သတိ ကပ်နေခဲ့ရ၏။
"လောကပါလအင်မော်တယ်" ကြက်တူရွေးက စိတ်လှုပ်တရှား ပြောသည်။ "ဝါးဟားဟား .... မင်း လောကပါလအင်မော်တယ်ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး"
"လောကပါလအင်မော်တယ်တဲ့လား" မန်ဟိုက တအံ့တဩဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။ ထို့နောက် သူသည် ဒုတိယနိဗ္ဗာနသစ်သီးကို စုပ်ယူခံရစဉ် မည်သို့ ခံစားခဲ့ရသည်ကို ပြန်တွေးကြည့်ရင်း ပြုံးလိုက်၏။
“နာမည်က မဆိုးဘူးပဲ" ထို့နောက် သူက ထရပ်လိုက်သည်။ သူ၏ ထာ၀ရအလွှာက သူ့ကို ပုံမှန်အခြေအနေရောက်အောင် လျင်မြန်စွာ ကုစားပေးနေသဖြင့် တဂျွတ်ဂျွတ် မြည်သံများ အရပ်လေးမျက်နှာတခွင် ပဲ့တင်ထပ်သွားလေသည်။
"မန်ဟို" ကြက်တူရွေးက တည်ကြည်လေးနက်စွာ ပြောသည်။ "သခင်ငါးက မင်းကို ကြေးမုံရဲ့ အရင်သခင်တွေနဲ့ မကွာဘူးလို့ ထင်ခဲ့တာ။ ငါ့မှာ ရှိခဲ့ဖူးတဲ့ သခင်တွေအကုန်လုံးက ကြေးမုံကို ပထမအဆင့်ထက်လွန်တဲ့ ဒုတိယအဆင့်ကို တစ်ခါမှ ခေါ်မသွားနိုင်ခဲ့ဖူးဘူး
"ဒါပေမယ့် အခု ... မင်း လောကပါလာတာအိုအင်မော်တယ် ဖြစ်လာရင်တော့ ကြေးမုံကို ဒုတိယအဆင့်ဆီ ခေါ်သွားနိုင်ပြီ။ အဲ့ဒါက ... စစ်လက်နက်တစ်လက်ဖြစ်လာလိမ့်မယ်"
***