← Chapters

ခြိမ်းခြောက်မှုများ

Vol. 76 Ch. 1060

ခြိမ်းခြောက်မှုများ

Vol. 76 Ch. 1060

"စစ်လက်နက်" မန်ဟိုက ချီတုံချတုံ မေးလိုက်သည်။

"စစ်ပွဲမှာသုံးရတဲ့ လက်နက်လေကွာ မင်းကလည်း" ကြက်တူရွေးက ဖြေးညှင်းစွာ ပြန်ဖြေသည်။ "မှော်သိုင်းကွက်တွေမပါဘဲ မိုးကောင်းကင်တွေကို သိမ်းပိုက်နိုင်တဲ့ လက်နက်ပေါ့" ကြက်တူရွေးသည် စကားပြောနေစဉ် အလွန်တရာ တည်ငြိမ်လေးနက်နေ၏။ သို့သော် ၎င်း၏ နောက်ဆက်တွဲစကားက ၎င်း၏ရည်ရွယ်ချက်အစစ်ကို ဖော်ပြလိုက်တော့သည်။

"သိသိသာသာပဲ စစ်လက်နက်ဖြစ်လာမှာက သခင်ငါးပေါ့။ ကြိုးစားထား ဟိုဟိုလေး။ သခင်ငါး စစ်လက်နက်ဖြစ်ဖို့ အခွင့်အရေးမရခဲ့တာ တော်တော့်ကို ကြာခဲ့ပြီ။ ရှိသမျှအပေါက်တွေကို ထိုးဖောက်နိုင်တဲ့ ခံစားချက်မျိုးကို တကယ်ကို လွမ်းနေပြီ" ထို့နောက် ၎င်း၏ မျက်လုံးများမှာ တောက်ပလာပြီး ၎င်းမှာ အလွန်တရာ စိတ်လှုပ်ရှားတုန်ရီနေသဖြင့် တောင်ပံခတ်ရန်ပင် မေ့ပြီး လေပေါ်မှ ဘုတ်ခနဲ ပြုတ်ကျလာ၏။

မန်ဟိုက ချောင်းဟန့်ပြီး မာန်တက်နေသောကြက်တူရွေးကို လျစ်လျူရှုလိုက်၏။ သူက စိတ်အားထက်သန်မှုတို့ဖြင့် မျက်လုံးများ ၀င်းလဲ့လျက် ရပ်နေသော အသားဂျယ်လီကို လှမ်းကြည့်လိုက်သည်။ ၎င်း ထူးထူးခြားခြား တိတ်ဆိတ်နေသည်ကို မြင်ရသည့်အတွက် မန်ဟိုမှာ အကျိုးအကြောင်းမမေးဘဲ မနေနိုင်တော့ပေ။

"နောက်ဆုံးတော့ မေးပြီပေါ့" အသားဂျယ်လီက ပြန်ဖြေသည်။ "မင်းကို လောကပါလအင်မော်တယ်အဖြစ် မြင်ရတာက အတိတ်ကိုတောင် သတိရမိတယ်။ ဟိုးရှေးရှေးတုန်းက ကိစ္စဆိုတော့ သေချာနားထောင် ငါရှင်းပြမယ်။

"ပထမဦးဆုံး ငါတို့ မနှစ်ကအဖြစ်အပျက်တွေကို ရှင်းဖို့ လိုတယ်။ မပူနဲ့ အကုန်လုံး ရှင်းသွားမှာပါ။ အဟမ်း ဟေ့ကောင် စိုးရိမ်စရာမလိုဘူးနော်။ ငါတို့ ဖြေးဖြေးပဲ သွားကြမယ်။ ငါ တွက်ချက်ကြည့်ရသေယာက် မင်းကို သုံးရက်အတွင်း ရှင်းပြပေးနိုင်တယ်" ၎င်းက ချောင်းဟန့်လိုက်ပြီး စကားပြောရန် ပြင်သည်။

ထူးဆန်းသောအမူအရာတစ်ခုအား မန်ဟို့မျက်နှာပေါ်တွင် မြင်ရနိုင်၏။ သူသည် အသားဂျယ်လီ သုံးအထိသာ ရေနိုင်ကြောင်း ကောင်းကောင်းသိ၏။ ထိုမျှသာမက ၎င်းအတွက် နံပါတ်သုံးမှာ အကန့်အသတ်မရှိပေ။

မန်ဟို၏ တွက်ချက်မှုအပေါ် အခြေခံ၍ အသားဂျယ်လီ၏ သုံးရက်ဆိုသည်မှာ သုံးရက်ပေါင်း အဆတစ်ရာ၊ တစ်ထောင် သို့မဟုတ် သန်းနှင့်ပင်ချီနိုင်သည်။

မန်ဟိုက ချောင်းတစ်ချက်ဆိုးပြီး မြန်မြန် နောက်ဆုတ်သွားတော့သည်။ သူက ကျောက်ကမ်းပါးတစ်ခုထံ ဦးတည်၍ မှော်အစွမ်းဖြင့် လက်ဝှေ့ယမ်းကာ ကျင့်ကြံဂူအသစ်တစ်လုံး ထွင်းလိုက်သည်။ ၎င်းက ယခင်ကဲ့သို့ အိမ်တစ်လုံးနှင့် မတူသော်လည်း အထဲတွင် ကျောက်ဂူရှစ်ဂူကျော် ပါရှိ၏။

သူက လှစ်ခနဲ အထဲ၀င်သွားတော့သည်။ အသားဂျယ်လီ၏ နှုတ်ခမ်းများမှာ မဆိုစလောက် တုန်ရီနေတော့သည်။ ၎င်းက နာကျင်နေသော မျက်နှာထားဖြင့် မိစ္ဆာကျင့်ကြံသူများနှင့် စုရန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် မျက်လုံးများ တောက်ပလာတော့သည်။ ထို့နောက် ၎င်းသည် အပြစ်ကင်းစင်စွာ ကြောင်တောင်တောင်လေး စိုက်ကြည့်နေသော စုရန်ထံသို့ ခုန်သွား၏။

"ဟေ့ ဟိုက တာအိုရောင်ရင်း ငါ့ဇာတ်လမ်းကို ကြားချင်လား"

"ဟင်" စုယန်မှာ မန်ဟိုနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည်။ သူမစိတ်မှာ ချာချာလည်နေသည့်အတွက် အသားဂျယ်လီကို မတုံ့ပြန်နိုင်ခင် စဉ်းပင်မစဉ်းစားနိုင်လိုက်ပေ။ အသားဂျယ်လီမှာ ရုတ်ခြည်းပင် အလွန်တရာ စိတ်လှုပ်ရှားသွားတော့သည်။ ၎င်းက ဖောက်ခနဲ ခေါင်းလောင်းပုံစံကလစ်တစ်ခု အသွင်ပြောင်း၍ စုရန်၏ခေါင်းပေါ် ပျံတက်သွားပြီး သူမ၏ နားဘေးနားတွင် ချိတ်နေ၏။

၎င်းက သက်ပြင်းချပြီး စကားစပြောတော့သည်။ "ဟိုးနှစ်တုန်းက မိုးသက်မုန်တိုင်းကြီးအကြောင်းကနေ စပြောကြတာပေါ့။ အဲ့နှစ်တုန်းက မိုးနဲ့ ပက်သက်ပြီး သခင်သုံး သေသေချာချာကို မှတ်မိနေတယ်။ သူက မိုးစက်ဘယ်နှစ်စက် ကျနေလဲဆိုတာ သိချင်ခဲ့တာလေ။ ဆိုတော့ သခင်သုံး စပြီး ရေတွက်ခဲ့တယ်။ တစ် နှစ် သုံး... တစ် နှစ် သုံး"

တဖြည်းဖြည်း စုယန်မှာ တုန်ရီလာပြီး မျက်နှာအမူအရာပြောင်းလဲလာတော့သည်။ အသားဂျယ်လီက တစ် နှစ် သုံး၊ တစ် နှစ် သုံး ဟုသာ ထပ်တလဲလဲ ရေတွက်နေသဖြင့် မကြာမီ သူမနဖူးပေါ်တွင် သွေးကြောပြာကြီးများ ထောင်လာတော့သည်။

"ချီးထဲမှပဲ ဖယ်စမ်း" သူမက အသားဂျယ်လီကို ဖယ်၍ မြေကြီးပေါ်သို့ ပစ်ပေါက်ရင်း အော်လိုက်သည်။ ကံဆိုးစွာနှင့် သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ ချိတ်ပိတ်ခံထားရသည့်အတွက် အသားဂျယ်လီနှင့် မယှဉ်နိုင်ပေ။ အသားဂျယ်လီအတွက်မူ ကြောက်သည့်အရာတစ်ခုသာ ရှိသည်။ ၎င်းက လျစ်လျူရှုခံရခြင်းပင်။ စုယန် ရုတ်တရက် ဒေါသတကြီး အော်ဟစ်နေသည်ကို မြင်လျှင် ၎င်းမှာ အလွန်စိတ်လှုပ်ရှားလာတော့သည်။ ၎င်းသည် ချက်ချင်းလက်ငင်း နေရာအသစ်ပြောင်းပြီး စကားဆက်ပြောတော့သည်။

ကြက်တူရွေးက မျက်လုံးကစားလိုက်သည်။ ၎င်းအမြင်အရ အသားဂျယ်လီသည် ရည်မှန်းချက်ကို မြင့်မြင့်မထားတတ်ပေ။ ဤသို့ဖြင့် ကြက်တူရွေးသည် လေပါ်ပျံတက်သွားပြီး မိစ္ဆာကျင့်ကြံသူများကို လှည့်ပတ်ပျံသန်းကာ သီချင်းစသင်တော့သည်။

တခဏကြာသော် သီချင်းသံသည် တောင်ကြားတွင် ပျံလွင့်လာသည်။

"ငါက ငယ်ငယ်တုန်းက ကလေးဆိုးလေး ... ပင်လယ်စာသေးသေးလေး လာလာလာလာ... ပင်လယ်စာသေးသေးလေး ဒိုဘီဒိုဘီဒိုဘီဒိုးးးး ပင်လယ်စာသေးသေးလေး....."

ကြက်တူရွေးနှင့် အသားဂျယ်လီတို့နှစ်ကောင်လုံးမှာ အင်မတန်မှ ပျော်ရွှင်နေတော့သည်။ သို့နှင့် နှစ်ရက်ကြာသွားသည်။ မန်ဟိုသည် ယခုတွင် ကိုးပင်လယ်နတ်လောက၌ နှစ်လကျော်ရှိခဲ့လေပြီ။ လေဟုန်ခွင်းလောကသို့ ၀င်ရောက်ရန် သတ်မှတ်ထားနေသော နေ့ရောက်ဖို့ ရက်နှစ်ဆယ်သာ လိုတော့၏။

လွန်ခဲ့သော လေးရက်က ကျောက်စိမ်းပြားနှစ်ပြား တစ်ပြိုင်တည်း ရောက်ရှိလာခဲ့သည်။ ၎င်းတို့က မယုံကြည်နိုင်ဖွယ်စွမ်းအားအပြည့်ဖြင့် စူးရှတောက်ပသော အရောင်အဝါများကို ထုတ်လွှတ်လျက် သူ၏ ကျင့်ကြံခြင်းဂူနံရံများကို တိုက်ရိုက်ဖြတ်ကာ သူ့အရှေ့တွင် ရပ်လိုက်ကြသည်။

ကျောက်စိမ်းပြားများ သူ့လက်ဖဝါးအပေါ် ဆင်းသက်လာပြီးနောက်တွင် သူက တစ်ချက်သာကြည့်ပြီး အဖက်မလုပ်ဘဲ ဆက်လက်တရားထိုင်နေသည်။ သူသည် ပါရာဂွန်သွေးကို မပွားဘဲ သူ၏ ကျင့်ကြံခြင်းအခြေခံအသစ်နှင့် သူ၏ နတ်ဘုရားစွမ်းရည်များနှင့် အသားကျရန် အချိန်ယူနေ၏။

တစ်ချိန်တည်းမှာပင် သူသည် ပတ်ပတ်လည်ရှိ ကျောက်ဂူများထဲသို့ သရဲမျက်လုံးချေးပိုးထိုးများကို လွှတ်ပြီး သစ်စေ့နက်မှင်စာအသွင်ပြောင်းသည်အထိ စောင့်နေလေသည်။

ခုနစ်ရက်ပြည့်သောနေ့တွင် သူ့တွင် သစ်စေ့နက်မှင်စာရှစ်ကောင် ထပ်တိုးလာရာ စုစုပေါင်း ဆယ်ကောင်ကို ထိန်းချုပ်နိုင်သွားသည်။

"ငါ ချေးပိုးထိုးအကုန်လုံးကို အသွင်ပြောင်းလိုက်ရင် သစ်စေ့နက်အစေ့ငါးဆယ်လောက် ရှိလိမ့်မယ်။ နည်းတော့နည်းပေမယ့် စစ်တပ်လေးတစ်တပ် ဖြစ်နိုင်နေသေးတယ်" သူက အနက်ရောင်သစ်စေ့များကို သိမ်းပြီးနောက် နောက်ထပ်ကျောက်ဂူတစ်ချို့ အလျင်အမြန် ထွင်းကာ အနက်ရောင်ချေးပိုးထိုးများအား အသွင်ကူးပြောင်းခြင်းစတင်ဖို့ ထည့်လိုက်သည်။ နောက်ဆုံးတော့ သူသည် ခုနစ်ရက်တိုင်တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်၏။

"ငါ အင်မော်တယ်ဧကရာဇ်အဆင့်နဲ့ ပိုပြီးတော့ အကျွမ်း၀င်လာပြီ" သူက တွေးလိုက်သည်။ "မှော်သိုင်းကွက်နဲ့ နတ်ဘုရားစွမ်းရည်တစ်ချို့ကို လေ့ကျင့်ဖို့ဘဲ လိုတော့တယ်" သူ၏ ကျင့်ကြံခြင်းအခြေခံတိုးတက်မှုက အဆမတန်အောင်ပင်။ ၎င်းသည် စိတ်ဝိညာဉ်နယ်ပယ်မှ အင်မော်တယ်နယ်ပယ်သို့ တက်သွားခြင်းနှင့် မတူသော်လည်း အတော်လေးမြင့်မားသွားခဲ့၏။ ခုနစ်ရက်က သူ့အတွက် အဆင့်အသစ်နှင့် အကျွမ်း၀င်ဖို့ မလုံလောက်သေးပေ။ သူ့အနေဖြင့် ခြားနားချက်များကို သုံးသပ်နိုင်ဖို့အတွက် တိုက်ခိုက်ရန် လိုအပ်၏။

နောက်ဆုံးတော့ သူ့အကြည့်သည် မကြာသေးမီက ရောက်လာခဲ့သော ကျောက်စိမ်းပြားနှစ်ပြားအပေါ် ကျရောက်သွား၏။ ၎င်းတို့ကို ကောက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက်တွင် သူ၏မျက်လုံးများသည် အေးစက်မှုတို့ဖြင့် တောက်ပလာပြီး သူက တဟားဟား ရယ်လိုက်သည်။

ပထမကျောက်စိမ်းပြားက ကိုးပင်လယ်နတ်လောက၌ လုပ်ငန်းတာဝန်ဌာနမှ လာသည်။ လုပ်ငန်းတာ၀န်ဌာနက ဂိုဏ်းသားများကို တာ၀န်အသီးသီး ပေးအပ်ရသည့် ဂိုဏ်းခွဲတစ်ခု ဖြစ်သည်။ တာ၀န်များကို အဆင့်အလိုက် စီထားပြီး အဆင့်အမြင့်ဆုံးတာ၀န်များကို ငြင်းဆို၍ မရပေ။

မှန်ပါသည်။ ထိုကဲ့သို့ တာ၀န်အများစုမှာ နတ်မီးလျှံစမ်းသပ်မှုအဖြစ် ပေးအပ်ခြင်းခံရသည်။ ၎င်းတို့သည် အန္တရာယ်များသော်လည်း ပေးအပ်ခံရသော ဂိုဏ်းသားများ၏ စွမ်းဆောင်ရည်ထက် ဘယ်တော့မှ မကျော်လွန်ပေ။ ဂိုဏ်းသားများအနေဖြင့် တကယ့်တိုက်ပွဲများတွင် ဝင်ရောက်ပါ၀င်ရမည်ဖြစ်သလို၊ ဘေးကင်းလုံခြုံမှုကိုလည်း ပဓာနဦးစားပေး၏။

ပထမကျောက်စိမ်းပြားက ငြင်းဆို၍မရသော တာ၀န်မျိုးဖြစ်လေသည်။

"သွေးဆာနေတဲ့ ကျင့်ကြံသူတစ်ယောက် ပင်လယ်ခြုံကျွန်းမှာ ပေါ်လာခဲ့တယ်" မန်ဟိုက ဖတ်ကြည့်လိုက်သည်။ "သူက အခြားကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ ပင်လယ်သားရဲတွေကို သုတ်သင်ခဲ့တယ်။ စစ်ဆေးကြည့်ရသလောက် သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက ရှေးဟောင်းနယ်ပယ်မဟုတ်ဘဲ အင်မော်တယ်နယ်ပယ်အထွတ်အထိပ်မှာ။ ဒါပေမယ့် သူ ဘယ်ကလာတယ်၊ ဘယ်သူဘယ်ဝါလဲဆိုတာ မသိရတဲ့အတွက် ခြေရာခံဖို့ခက်တယ်။ သူတို့သိတာဆိုလို့ သူရှိတဲ့နေရာက ပင်လယ်ခြုံကျွန်းဆိုတာပဲ" သူ၏ အပြုံးက ပို၍ အေးစက်လာသည်။

မှန်ပါသည်။ သူသည် ပင်လယ်နယ်မိစ္ဆာကိုးဦးနှင့် သဘောတူညီမှုကို မမေ့ခဲ့ပေ။

အထူးသဖြင့် မန်ဟိုသည် လောင်းကြေးအရာ၌ အသာစီးရထား၏။ သူ့အနေဖြင့် သူ၏ အက်ရှလွန်အဆင့်အတန်းကို ပေးချင်လျှင်တောင်မှ ပေးမရပေ။ သူ့နေရာကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းက သူ့ကို နှစ်ကြိမ်သတ်ရန် ဖြစ်သည်။ သတ်လိုသူများအနေဖြင့် ထိုသို့ လုပ်ချင်ပါက ဂိုဏ်းအပြင်၌သာ လုပ်နိုင်မည်။ မိစ္ဆာကျင့်ကြံသူအုပ်သည် အက်ရှလွန်နှင့်ပက်သက်၍ စေ့စေ့စပ်စပ် နားလည်ထားပုံရသော်လည်း အမှန်အားဖြင့် သေသေချာချာမသိကြပေ။ အက်ရှလွန်နေရာဆိုသည်မှာ လောင်းကြေးအဖြစ် ပေး၍ရသည့်အရာမဟုတ်။ သေမှရယူနိုင်သည့်အရာ ဖြစ်သည်။

ကံဆိုးစွာနှင့် မိစ္ဆာကျင့်ကြံသူအုပ်မှာ ထိုအကြောင်းကို မသိပေ။ နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာပြီးနောက်မှ မန်ဟိုက န၀မတောင်ပင်လယ်တွင် အက်ရှလွန်ထဲ ၀င်ရောက်သွားသည့် ဒုတိယလူသာ ဖြစ်နေသေးသည်မဟုတ်ပါလော။

သူ့အနေဖြင့် အရှုံးမရှိသော လောင်းကစားပွဲကို သဘောတူမည်မှာ ပုံမှန်ပင်။ အဖြေကို တစ်လအတွင်းပေးမည်ဟု ပြောခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းကလည်း အခြေအနေကို ယုတ္တိရှိစေရန်သာ ဖြစ်သည်။

ချိန်းဆိုထားသည့်အချိန် ကျော်လွန်သွားပြီး သူ အကြောင်းမပြန်ခဲ့သည့်အတွက် ဤကျောက်စိမ်းပြားက ရောက်လာခဲ့ခြင်းဖြစ်သည် .... ဤသည်မှာ မိစ္ဆာကျင့်ကြံသူအုပ်၏ ဗျူဟာဖြစ်ကြောင်း ဗေဒင်မေးစရာမလိုပေ။

နောက်ကျောက်စိမ်းပြားက လင်းယွင်ကျစ်ထံမှ လာသည်။ သူက မန်ဟို့ကို မိစ္ဆာကျင့်ကြံသူအုပ် အတင်းဖိအားပေးခဲ့သော တာ၀န်နှင့်ပတ်သက်၍ သတိပေးခြင်းဖြစ်သည်။ လေဟုန်ခွင်းလောကကို ဖွင့်ဖို့အတွက် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ရာ ငြင်းဆိုရန် မဖြစ်နိုင်ပေ။

ဂိုဏ်း၏ ဂိုဏ်းသားအဖြစ် မန်ဟိုသည် တာ၀န်များကို ထမ်းဆောင်ဖို့ လိုအပ်သည်။ ၎င်းက ဂုဏ်ယူစရာဖြစ်သလို၊ ငြင်းဆိုရန်လည်း မသင့်တော်ပေ။

မိစ္ဆာကျင့်ကြံသူအုပ်က ဤတာ၀န်ကို ရည်ရွယ်ချက်ရှိရှိ ဖိအားပေးခဲ့ကြောင်း သိသာလျှင်တောင်မှ လင်းယွင်ကျစ်အနေဖြင့် တာအိုနယ်ပယ်ပယ်ပညာရှင်များနှင့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများ ဝင်မပါအောင်သာ ထိန်းပေးနိုင်သည်။ သူက မန်ဟို့ကို ဂိုဏ်းမှ ထွက်မသွားဘဲ အပြင်သို့ ခြေတစ်လှမ်းသာချ၍ ပြန်လာပြီး တာ၀န်မအောင်မြင်ခဲ့ကြောင်း တင်ပြခိုင်းသည်။

ထို့ကြောင့် အပြစ်ပေးခံရမည်ဆိုလျှင် ဘွားဘွားကိုးနှင့် အခြားသူများက ကိုင်တွယ်ပေးလိမ့်မည်။

အကယ်လို့ မန်ဟိုသာ တာ၀န်ကို လက်ခံရန် သက်တောင့်သက်သာ မရှိလျှင် ငြင်းဆိုနိုင်သည်။ သူတို့ ထိုပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်းရှာပေးမည်။ သို့သော် လေဟုန်ခွင်းလောကကို ဖွင့်ဖို့ကိစ္စကတော့ အချိန်အကန့်အသတ်မရှိ နှောင့်နှေးသွားလိမ့်မည်။

မန်ဟို့အမူအရာက ပြောင်းလဲခြင်းမရှိပေ။ တခဏတွေးပြီးနောက် သူသည် တာ၀န်ကို အမှန်တကယ် မထမ်းဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် ဂိုဏ်းအပြင်သို့ ထွက်ပြီး ချက်ချင်း ပြန်လာမည်။ ထို့နောက် ဆင်ခြေအနည်းငယ်ပေးရင်း ပြဿနာကို ဖြေရှင်းလိုက်မည်။

သူ အမှန်တကယ် လုပ်လိုသည်က န၀မမြောက်ရွှေဂိတ်ကျောက်တိုင်ကို ထပ်မံ စိန်ခေါ်ပြီး သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံက ထိုကိုယ်ကာယကျင့်ကြံသူ၏ တတိယမြောက်လက်သီးကို ခံနိုင်ရည်ရှိမည်လား ကြည့်ရန်ဖြစ်သည်။

"ဒါပေမယ့် မိစ္ဆာကျင့်ကြံသူအုပ်က တာ၀န်ကို လက်မခံမချင်း ငါ့ကို ဖိအားပေးလောက်တယ်။ သူတို့ ဘာလုပ်မလဲတော့ မသိဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါမသွားချင်ရင် သူတို့ ငါ့ကို ထိန်းချုပ်လို့မရပါဘူး"

ထို့နောက် သူက ကျင့်ကြံခြင်းဂူထဲမှ ထွက်၍ ရေလွှာကို ဖြတ်သန်းကာ လေထဲတွင် ပေါ်လာသည်။ သူသည် တခဏလေးပင်မရပ်ဘဲ ကိုးပင်လယ်နတ်လောက၏ ပင်မဂိတ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

သူ အမြင့်ဆုံးအရှိန်ဖြင့် လေကို ခွင်းလာနေစဉ် မရေမတွက်နိုင်သော ကျင့်ကြံသူများ သူ့ကို မြင်သွားကြသည်။ မသတီသောအမူအရာများကို သူတို့၏ မျက်နှာပေါ်တွင် မြင်ရနိုင်၏။ အထူးသဖြင့် သူ့ကို ရွံရှာစက်ဆုပ်ပြီး သေစေချင်နေသော မိစ္ဆာကျင့်ကြံသူများပင်။

မန်ဟိုနှင့် ပင်လယ်နယ်မိစ္ဆာကိုးဦးက လောင်းကစားပွဲက ဂိုဏ်းတစ်ဝန်း ပျံ့နှံ့နေခဲ့သည်မှာ ကြာခဲ့လေပြီ။ ထိုမျှသာမက သူသည် တစ်လအတွင်း အဖြေပေးမည်ပြောခဲ့သော်လည်း ဘာအကြောင်းမှမပြန်ခဲ့ခြင်းက ပင်လယ်နယ်မိစ္ဆာကိုးယောက်ကို ဒေါသထွက်စေခဲ့သည်။ ရလဒ်အနေဖြင့် သူတို့က သွားပုပ်လေလွင့် ကောလဟာလများဖြန့်ခဲ့ပြီး ဂိုဏ်းသားတော်တော်များများက ယုံသွားကြခဲ့သည်။

တစ်နာရီကြာသော် မန်ဟိုသည် ကိုးပင်လယ်နတ်လောက၏ ပင်မဂိတ်သို့ ရောက်သွား၏။ ၎င်း၏အလွန်တွင် မှောင်ပိန်းနေသော ပင်လယ်ကမ္ဘာကြီးက ဆီးကြိုနေသည်။ သူ ထိုဂိတ်မှ ဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် န၀မပင်လယ်ရေထဲ ရောက်ရှိသွားလိမ့်မည်။

သူက တခဏလေးပင် မရပ်ပေ။ သူသည် ဂိတ်မှထွက်၍ ရေထဲသို့ ၀င်လိုက်ရာ အေးစက်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

သူသည် ပင်မဂိတ်မှထွက်ပြီးလျှင်ချင်း ဂိုဏ်းထဲပြန်၀င်ရန် ပြင်လိုက်သည်။ သို့သော် သူက ရပ်လိုက်သောအခိုက်အတန့်တွင် အရှေ့သို့ မော့ကြည့်လိုက်၏။

ထိုနေရာ ... မှောင်ပိန်းနေသော ပင်လယ်ရေထဲတွင် ရင်းနှီးသည့် လူရိပ်တစ်ခုအား မြင်လိုက်ရသည် .... ချန်ဖန်း။

မန်ဟို၏ အစ်ကိုကြီး ချန်ဖန်း။

တခဏကြာသော် ချန်ဖန်းပုံရိပ်က ပြောင်းလဲသွားပြီး ယခုတွင် ဖက်တီး‌ဖြစ်နေ‌လေပြီ။ ထို့နောက် ခဏကြာသော် ၎င်းက ချူယွီယန်ဖြစ်သွားသည်။

သူ အသိမိတ်ဆွေသုံးယောက်က တစ်ဆက်တည်းဆိုသလို သူ့အရှေ့တွင် ပေါ်လာခဲ့၏။ ထို့နောက် လူရိပ်က ပြောင်းလဲသွားပြီ ယခု သူ မျက်နှာချင်းဆိုင်နေသူမှာတော့ .... ပင်လယ်နယ်မိစ္ဆာကိုးဦး၏ ခေါင်းဆောင် လောင်တန်းဟိုက်။

လောင်တန်းဟိုက်က မန်ဟို့ကို ပြုံးကြည့်ရင်း ရပ်နေပြီးနောက် ပါးစပ်ဟ၍ စကားပြောလိုက်သည်။ စကားသံကို မကြားရသော်လည်း မန်ဟိုသည် လှုပ်သွားသော သူ၏နှုတ်ခမ်းများကို သေသေချာချာ ဖတ်နိုင်၏။

"ငါ သူတို့ သုံးယောက်လုံးကို ခြေရာခံနိုင်တယ်"

၎င်းက စကားလုံးလေးလုံးသာ ဖြစ်သော်လည်း ပြင်းထန်သောခြိမ်းခြောက်မှုဖြစ်လေသည်။

***

All Chapters